နှစ်ယောက်က သူတို့၏ အမြန်နှုန်းကို ရုတ်ချည်း မြင့်တင်လိုက်ကြသည့်အတွက် စက္ကန့်ပိုင်း အတွင်းမှာပဲ ဘားနဒ်တို့ကို လိုက်မီသွားခဲ့လေသည်။
သူ့ပခုံးကို အနောက်မှ တစ်စုံတစ်ဦးက လာပုတ်သည်ကို ခံစားမိတော့ ဘားနဒ် နောက်လိုက်ကြည့်ရာ မရင်းနှီးသည့် အာရှသား နှစ်ဦးကို မြင်တွေ့လိုက်ရသည်။
“ မင်းတို့က ဘယ်သူတွေလဲ ….”
“ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ … ခင်များကို မေးစရာ ရှိတယ် ….”
“ ဟာသပဲ …. ဝေးဝေးသွားစမ်းပါကွာ ….”
ဘားနဒ် ထို နှစ်ယောက်ကို ရွံရှာ စက်ဆုပ်စွာ ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အထင်သေးမှုတို့ ပြည့်နှက်နေသည်။
“ ခင်များက မပူးပေါင်းပေးချင်ဘူးဆိုမှတော့ ကျုပ်တို့ဘက်ကလည်း စိတ်မကောင်းပါဘူးလို့ ပြောရတော့မှာပဲ ….”
ဂျပန်နှစ်ယောက်က စကား လေကုန်ခံမနေတော့ဘဲ ဘားနဒ်၏ လက်မောင်းကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ကာ အတင်းအကြပ် ခေါ်သွားဖို့ ဟန်ပြင်သည်။
“ ခွေးမသား ….”
ဘားနဒ် ကျိန်ဆဲလိုက်၏။ ထိုအချိန်မှာပဲ အနက်ရောင် မာစီးဒီး တစ်စင်းက သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။
ကားတံခါး ပွင့်ဟလာခဲ့ပြီး အမျိုးသား လေးယောက်က မြန်မြန်ဆန်ဆန် ထွက်လာခဲ့ကာ ဘားနဒ်ရှေ့တွင် မားမားမတ်မတ် ရပ်တည်လာခဲ့ကြသည်။
လင်းရီနှင့် ချိုးယွီလော့တို့က မလှမ်းမကမ်းတွင် ရောက်ရှိနေရင်း ထိုမြင်ကွင်းကို မြင်တော့ သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြသည်။ ဘားနဒ်၏ ဘော်ဒီဂတ်များ ရုတ်ချည်း ရောက်ချလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
နိုင်ငံအသေးစားလေး ဆိုသော်လည်းငြားလည်း ပေါ့သေးသေးတော့ သွားတွက်၍ မရပေ။
ဂျပန်တစ်ယောက်က ဘားနဒ်၏ လက်ကို လွှတ်ပေးလိုက်ပြီး သူ့အမူအရာကလည်း လေးနက်လာသည်။
သူ့ အဖော်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ချက်ချင်းပဲ စတင် လှုပ်ရှားတော့သည်။
လင်းရီ၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤသည်က အတော်လေး သဘာဝကျသည့် တုံ့ပြန်မှု ဖြစ်၏။ လက်ရှိ အခြေအနေတွင် ရှင်းပြချက်တို့က သိပ်ကို အားနည်းလွန်း၏။
ဘားနဒ်ကတော့ လူကြီးလူကောင်း ဆန်စွာဖြင့် ကျောက်ဟိုင်ကို ဘေးဘက်ခြမ်းသို့ ပို့လိုက်ပြီး ရှေ့ရှိ မြင်ကွင်းကို အထင်သေးသည့် ဟန်အမူအရာ မပျက်ဘဲ ကြည့်ရှုနေသည်။
သူ့ဘော်ဒီဂတ်များ၏ အရည်အချင်းဖြင့် ဆိုပါက အဆိုပါ အာရှသား နှစ်ကောင်ကို ကိုင်တွယ်ဖို့က အလွယ်လေးပင်။
သို့သော် မကြာမီမှာပဲ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိပြုမိသွားခဲ့သည်။
ဂျပန် နှစ်ယောက်က သူ ထင်ထားသည်ထက်ပင် ကြမ်းတမ်းနေခဲ့၏။
၎င်းတို့က အမှောက်သိပ်ခံလိုက်ရခြင်း မရှိရုံမျှ မကဘဲ ၊ သူ့ ဘော်ဒီဂတ်လေးယောက်ကိုပင် ဆိုးဆိုးရွားရွား ရိုက်နှက်နေလေသည်။
လင်းရီ အမှောင်ထဲတွင် ရပ်နေရင်း ရေရွတ်လိုက်၏။
“ သူတို့နှစ်ယောက်ကြည့်ရတာ E အဆင့်တွေ ဖြစ်လောက်တယ် … ထောက်လှမ်းဖို့ လွှတ်လိုက်တာ နေမှာ …..”
“ E အဆင့်လို့ ပြောတာကတောင် သူတို့ကို အတော်လေး ချီးကျူးရာ ကျနေပြီ …”
မကြာမီ ဘားနဒ်၏ ဘော်ဒီဂတ်လေးဦးလုံး အမှောက်သိပ်ခံလိုက်ရပြီး တစ်ယောက်မျှ ပြန်မထနိုင်တော့ချေ။
ဤမြင်ကွင်းက ဘားနဒ်ကို ရှော့ခ်ရသွားစေခဲ့၏။ သူ စိတ်ကူးထားခဲ့သည်က ယခုလို မဟုတ်ပေ။
“ မင်းရဲ့ ဘော်ဒီဂတ်တွေက ငါတို့ ပြိုင်ဘက်တွေ မဟုတ်ဘူး … ရုန်းကန်မနေစမ်းနဲ့ … ငါတို့နောက်ကို အသာတကြည် လိုက်ခဲ့ ….”
“ ဒါ … ဒါက …..”
ဘားနဒ် ဆက်တိုက် နောက်ဆုတ်မိနေပြီး ရုတ်ချည်း ဖြစ်ပွားလာသည့် ဤသို့သော အခြေအနေကို မည်သို့ ကိုင်တွယ်ရကောင်းနိုးနိုး ဖြစ်နေသည်။
“ ကယ်ကြပါဦး ….”
သူ ကြံရာမရ ဖြစ်နေစဉ်မှာပဲ ကျောက်ဟန်က အော်ဟစ်လိုက်ပြီး လင်းရီနှင့် ချိုးယွီလော့တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“ ဒါ ငါတို့ လှုပ်ရှားဖို့ အခွင့်အရေးကောင်းပဲ … အသင့်ပြင်ထားတော့ ….”
ပြောဆိုပြီးနောက် နှစ်ယောက်မှာ တုံ့ဆိုင်းခြင်း မရှိဘဲ ကျောက်ဟန်နှင့် ဘားနဒ်တို့ထံ ပြေးဝင်လာသည်။
“ ငါတို့ လှုပ်ရှားတဲ့ အချိန် ဘားနဒ်ကို ငါတို့ရဲ့ အရည်အချင်း အစစ်အမှန်တွေ မသိသွားစေနဲ့ … လျှော့ပေါ့ပြီး လုပ်ဦး …”
“ မပူနဲ့ .. ငါ နားလည်ပါတယ် …”
ဂျပန် နှစ်ယောက်ကလည်း လင်းရီနှင့် ချိုးယွီလော့တို့ကို သတိပြုမိသွားခဲ့ပြီး သူတို့ကို လှည့်ကြည့်လာခဲ့ကာ ၎င်းတို့ မျက်လုံးများထဲ၌ ရန်လိုမှုတို့ ပြည့်နှက်နေသည်။
“ ဒါ ငါတို့ကြားက ကိစ္စပဲ … မင်းတို့ အပူမပါဘဲ .. ဝင် မပတ်သက်ချင်စမ်းနဲ့……”
ဂျပန်တစ်ယောက်က စံမီသည့် အင်္ဂလိပ်စကားဖြင့် ပြောဆိုလာခဲ့သည်။ သို့ပေမယ့် လေသံ အသံထွက်ကတော့ နားထဲ ထူးဆန်းနေလျက်ရှိ၏။
“ မင်းက ညခင်းကြောင်တောင်ကြီး မျက်စိရှေ့မှာ လူကို အနိုင်ကျင့်နေတာကို ထွက်သွားဖို့ ပြောနေတယ်ပေါ့ … သိပ်မဟုတ်သေးဘူး ထင်တယ်နော် ကိုယ့်လူ ….”
လင်းရီ လေးနက်စွာ ပြောဆိုလိုက်ပြီး သူ့အမူအရာကလည်း အနည်းငယ် ချဲ့ကားနေခဲ့သည်။ မသိလျှင် သူကိုယ်၌က တရားမျှတမှုကို လိုလားသည့် ဖြတ်သွားဖြတ်လာ တစ်ဦးနှယ်ပင်။
“ မင်းမျက်လုံးက မြေပေါ်မှောက်နေတဲ့ကောင်တွေကို မြင်လား …. သူ့ ဘော်ဒီဂတ်တွေ အကုန်လုံးတောင် ဒီလိုမျိုးမှောက်နေတာကို မင်းတို့နှစ်ယောက်လာလို့လည်း သေရုံ ရှိမှာပဲ … ထွက်သွားစမ်း ….”
“ အခု အကူအညီ တောင်းလိုက်တာ ငါတို့ ဟွာရှ လူမျိုးပဲ… နိုင်ငံရပ်ခြား ရောက်နေချိန်မှာ ငါတို့ လူမျိုး အချင်းချင်း ရိုင်းပင်း ကူညီရမယ် … သူက အကူအညီတောင်းလာမှတော့ ငါတို့ဘက်ကလည်း ကျိန်းသေပေါက် ကူညီပေးရမှာပေါ့ …” လင်းရီ စိတ်အားတက်ကြွမှု အပြည့်ဖြင့် ဆိုလိုက်၏။
“ ပြီးတော့ ငါတို့ကို အထင်လာ မသေးနဲ့ … ငါတို့နှစ်ယောက်လည်း ကွန်ဖူးတတ်တယ် … မင်းတို့နှစ်ယောက်ကို ကိုင်တွယ်ဖို့ကတော့ အသာလေးပဲ …..”
ဂျပန်သား၏ နှုတ်ခမ်းက အပေါ်သို့ တွန့်ကွေးတက်သွားခဲ့ပြီး ထေ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့အမူအရာက ရယ်စရာ ပြက်လုံး တစ်ခုကို ကြားလိုက်ရသည်နှင့် ဆင်တူနေပြီး
“ ဒါဆိုလည်း ပေါက်ကရ ပြောနေတာတွေ တော်လိုက်တော့ …. အကောင်းပြောလို့ ထွက်မသွားချင်ဘူးဆိုလည်း မင်း လုပ်ရပ်ရဲ့ တန်ကြေးကို ပေးဖို့သာ ပြင်ထားလိုက် ….”
ဂျပန်သားက အချိန်ဖြုန်းမနေတော့ဘဲ လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။
လင်းရီ ခုခံကာကွယ်လိုက်ပြီး အထိုက်အလျောက် ပြန်လည်တိုက်ခိုက်လိုက်၏။ နှစ်ယောက်က လက်သီးချင်း ယှဉ်ထိုးနေပြီး အချိန် တစ်ခုလောက်အထိတော့ မည်သူက အနိုင်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့ မလွယ်ကူလှပေ။
ထိုမြင်ကွင်းက အနားတွင် ရှိနေသည့် ဂျပန်ကို ကြီးစွာ အံ့အားသင့်သွားစေခဲ့လေသည်။
တိုနိုဟီရိုရှီ၏ စကေးဖြင့် ဆိုပါက ဤဟွာရှ အမျိုးသားကို အနိုင်ယူဖို့ အလွယ်လေး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း ဤမျှ အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးသည့်တိုင် အနိုင်ရသူကား ပေါ်ထွက်မလာသေးချေ။
တကယ့်လက်တွေ့တွင်မူကား လင်းရီမှာ အတော်လေး ပင်ပန်းနေခဲ့၏။
သူ၏ ခွန်အားကို တောက်လျှောက် ထိန်းချုပ်ထားဖို့ လိုပြီး ပြိုင်ဘက်ကို တိုက်ခိုက်ရန် အခွင့်ကောင်း တစ်ခုဟု တွေးထင်သွားစေဖို့အတွက် ဟာကွက်များကိုပင် ရည်ရွယ်ချက်ရှိရှိ ဖော်ပြပေးနေရသည်။
မဟုတ်ဘူးဆိုပါက ခွန်အားလေး အနည်းငယ် သုံးလိုက်ရုံမျှဖြင့် တစ်ဖက်သူအား အမှောက်သိပ်လိုက်နိုင်သည်။
ဘားနဒ်က ရူးကြောင်ကြောင် နိုင်သည့်ပုံပေါ်ပေမယ့် သူ့အား အလေးအနက် ထားဖို့တော့ လိုအပ်နေဆဲပင်။
အခြေအနေ မဟန်သည်ကို မြင်တော့ ရပ်ကြည့်နေသည့်ဂျပန်ကလည်း တိုက်ပွဲအတွင်းသို့ ပူးပေါင်းဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။
သို့သော် ထိုအချိန်မှာပဲ ချိုးယွီလော့ကလည်း ပါဝင်လာပြီး ထိုလူအား တိုက်ခိုက်လိုက်၏။
နှစ်ဖက်လုံး မိနစ် အတော်ကြာ တိုက်ခိုက်နေခဲ့ကြပြီး ချိုးယွီလော့နှင့် လင်းရီတို့နှစ်ဦးလုံး ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားခဲ့သည့် သရုပ်ကို အပီအပြင် ဖော်ကာ နောက်ဆုံး၌ ဂျပန်နှစ်ယောက်အား ကိုယ်စီ အနိုင်ယူလိုက်ကြ၏။
ဂျပန် နှစ်ယောက်က လမ်းမထက်သို့ လဲကျသွားခဲ့ပြီး သူ့ရင်ဘက်ကို ဖိနှိပ်ထား၏။ နှစ်ဦးလုံး၏ မျက်လုံးများထဲ အံ့အားသင့်မှုတို့ ပြည့်နှက်နေသည်။
သူတို့အမြင်တွင် သာမန်လူများက သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ချေ။
သို့ပေမယ့် တကယ့်လက်တွေ့၌ သူတို့နှစ်ဦးလုံး ဤနှစ်ယောက်ထံ ရှုံးနိမ့်သွားခဲ့ကြလေသည်။
စစ်ဆင်ရေး မအောင်မြင်တော့ နှစ်ယောက်လုံး အရေးတကြီး ထပြီး ကြည့်မကောင်း ၊ ရှုမကောင်းသည့် အမူအရာများဖြင့် လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။
ကျောက်ဟန်က အလျဉ်ဦးစွာ ရှေ့သို့ တက်လာခဲ့ပြီး ကျေးဇူးတင်သည့် ဟန်အမူအရာအား ပြသလိုက်၏။
“ ကျေးဇူးတင်ပါတယ် … နှစ်ယောက်လုံးကို ကျေးဇူးအများကြီး တင်ပါတယ် … မင်းတို့နှစ်ယောက်သာ မကူညီပေးဘူးဆိုရင် ဒီနေ့တော့ ဘာတွေ ဖြစ်မယ်မှန်းကို မစဉ်းစားတတ်တော့တာ ….”
“ မလိုပါဘူး … ဒီလို မြင်ကွင်းမျိုးကို ဘယ်သူမဆို တွေ့ရင် ဝင်ကူညီပေးမိကြမှာပဲလေ …..”
ဘားနဒ်က လင်းရီတို့နှစ်ဦးကို တစ်ချက် အကဲခတ်လိုက်၏။
“ မင်းတို့နှစ်ယောက်က တိုက်ရည်ခိုက်ရည် အတော်ကောင်းကြတာပဲ … မင်းတို့လည်း ပြိုင်ပွဲဝင်ဖို့ ရောက်လာကြတာပဲလား ….”
“ ပြိုင်ပွဲဝင်ဖို့ ဟုတ်လား ….”
ဤသတင်းက လင်းရီနှင့် ချိုးယွီလော့ကို အံ့အားသင့်သွားစေခဲ့လေသည်။
“ ခင်များက ဘာ ပြိုင်ပွဲအကြောင်းကို ပြောနေတာ …”
“ မနက်ဖြန်ညကျရင် ဆုကြေး ဒေါ်လာတစ်သန်းပေးမယ့် လက်ဝှေ့ပွဲ ရှိတယ် … တကယ်လို့ မင်းတို့ စိတ်ဝင်စားတယ်ဆိုရင် ငါ့ဘက်က ဖိတ်စာပေးမယ် … မနက်ဖြန် ဝင်ပြိုင်လို့ ရတာပေါ့ …”
“ တစ်သန်း ဟုတ်လား ….”
လင်းရီ အံ့အားသင့်သည့် သွင်ပြင်ဖြင့် “ ဆုကြေးက အတော် များတာပဲ …. စကေးကြမ်းတဲ့ ဝင်ပြိုင်သူတွေ အတော်ပေါလောက်တယ် … ကျုပ်တို့ ဝင်ပြိုင်လို့လည်း နိုင်မယ် မထင်ပါဘူးဗျာ …. ထားလိုက်ပါတော့ …”
လင်းရီက ရည်ရွယ်ချက် ရှိရှိနှင့် ပြောဆိုလိုက်ပြီး တမင် မျှားခေါ်နေသည်။
“ ကိုယ့်ကိုယ်ကို အဲ့လောက်ထိလည်း အထင်မသေးစမ်းပါနဲ့ကွာ ….” ဘားနဒ်က အပြုံးဖြင့် ပြောလိုက်ပြီး “ မင်းတို့က ထိပ်တန်း ဆယ်ယောက်ထဲ ဝင်သရွေ့ ဆုကြေးရနိုင်တယ် … ကြိုးစားကြည့်ပါလား ….”
“ တကယ်လို့ အဲ့လိုသာ တကယ်ပဲဆိုရင်တော့ ကျုပ်တို့လည်း အားနာမနေတော့ဘူး ….”
ဘားနဒ်က လင်းရီကို ကြည့်လိုက်၏။
“ မင်းရဲ့ ဖုန်းနံပါတ် ငါ့ကို ပေးလေ … အသေးစိတ်ကို သီးသန့်ပြောကြတာပေါ့ …”
လင်းရီ၏ အမူအရာမှာ ထူးဆန်းသွားခဲ့သည်။ သို့ပေမယ့် အပြုံးဖြင့် ဖုံးကွယ်ထားရင်း သူ့ ဖုန်းနံပါတ်ကို ဘားနဒ်ထံ ချန်ပေးလိုက်၏။
ချိုးယွီလော့ကတော့ ဘေးတွင် သာမန်လျှံကာ သွားရပ်နေသည်။ အမှန်တကယ်တော့ သူမ ခိုးရယ်နေတာကို မည်သူမျှ မမြင်တွေ့မိစေရန် ကြိုးပမ်းနေခြင်းပင်။
“ အိုကေ … အခု နံပါတ်လည်း ရှိပြီဆိုတော့ နောက်ကျရင် အသေးစိတ် ပြောပြပေးမယ် ….”
“ အိုကေ ….”
လင်းရီစိတ်ထဲ အတော်လေး မသက်မသာ ခံစားလာရ၍ ဘာမျှပြောဆိုမနေတော့ဘဲ နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာလာခဲ့လိုက်သည်။
“ တကယ်ပါပဲ … ရုပ်ချောတဲ့လူတွေက လူမျိုးမရွေး ဆွဲဆောင်နိုင်တယ်ဆိုတာ တကယ်မှန်နေတာပဲ … တော်တယ် ခေါင်းဆောင်လင်း ….” ချိုးယွီလော့က အရွှန်းဖောက်လိုက်၏။
စာစဉ် (၁၅၇) ပြီး၏။
***