အခန်း 589
*
ထို့နောက် ချင်းယင်မှ ပြောသည်။
“အမြန် ခေါင်းတလားတွေကို ပြန်မြှုပ်လိုက်”
ထိုအခါ နန်ပါးထျန်းမှလည်း ပြောသည်။
“ဟုတ်တယ်။ မြန်မြန် ခေါင်းတလားတွေကို ပြန်မြှုပ်လိုက်ကြ”
သို့သော် ထိုအခိုက်အတန့်၌ ထန်ဇီယွဲ့သည် မျက်နှာကြီး မည်းမှောင်သွားလျက် ပြောသည်။
“နောက်ကျသွားပြီ”
ထိုစကားအဆုံး၌ နန်ပါးထျန်း၏ နားရွက်များ အနည်းငယ် လှုပ်ခတ်သွား၏။ ထို့နောက် မျက်နှာအမူအရာ ပျက်ယွင်းသွားလျက် အော်ပြောလိုက်သည်။
“ပြေးကြတော့”
သို့သော် အယောက်၇၀၀ပါဝင်သည့် လူအုပ်ကြီးဖြင့် လွတ်မြောက်အောင် ထွက်ပြေးရန်မှာ ခက်ခဲလှသည်။ ထို့နောက်တွင် အားအာထိုက်ဦးဆောင်သည့် မုလန်လူမျိုးများသည် တောအုပ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့သည်။
အားအာထိုက်သည် တောအုပ်မှ ထွက်လျှင်ထွက်ချင်း ထာရာမိသားစု၏အုတ်ဂူများအားလုံး တူးဖော်ခံထားရသည်ကို မြင်လိုက်ရ၏။ ခေါင်းတလားအဖုံးများလည်း အဖွင့်ခံထားရကာ ရုပ်အလောင်းများကိုလည်း အပြင်ထုတ်ထားပေသည်။
အားအာထိုက်သည် ရုတ်ချည်း ဒေါသပေါက်ကွဲတော့သည်— ဟန့်လူမျိုးတွေက လွန်လွန်းသွားပြီ။ ဟန့်လူမျိုးတွေက ဒီလိုနည်းနဲ့ လူကိုအနိုင်ကျင့်တာလား။
ဟန့်လူမျိုးတွေက ငါတို့ကို လူလို့ မသတ်မှတ်ကြဘူးပဲ။
ထိုသို့တွေးနေရင်း အားအာထိုက်သည် နန်ပါးထျန်းထံ အကြည့်ရောက်သွားခဲ့သည်။ ဤသို့ အမည်ကျော်ကြားသူတစ်ဦးကို အားအာထိုက် မမှတ်မိဘဲ မနေပါချေ။ ထို့နောက် အားအာထိုက်မှ ပြောသည်။
“နန်ပါးထျန်း မင်းက မုလန်လူမျိုးတွေရဲ့ အုတ်ဂူကို တူးရဲတဲ့အထိ အတော်ကို သတ္တိကောင်းတာပါပဲလား။ အဲဒီမှာ ရပ်နေစမ်း”
“ငါ မင်းကိုပြောလိုက်မယ်။ မင်း ဘုန်းတော်ကြီးလက်ကနေ လွတ်အောင် ပြေးနိုင်ရင်တောင် ဘုရားကျောင်းကနေတော့ လွတ်မြောက်အောင် မပြေးနိုင်ဘူး။ ငါ မင်းဘယ်သူဆိုတာ သိနေပြီးသားပဲ။ နန်ပါးထျန်း မင်းစောင့်နေလိုက်။ မင်းနဲ့ မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့က လူတွေကို နိုင်ထက်စီးနင်းလုပ်လွန်းတယ်။ ငါ ဒီကိစ္စကို စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတိုင်ကြားပြီး မင်းနဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပေးခိုင်းမယ်”
…
ထိုဒေါသစကားသံအဆုံး၌ နန်ပါးထျန်း ရပ်တန့်သွား၏။
ငါဘယ်သူဆိုတာ တစ်ဖက်လူက သိနေမှတော့ ထွက်ပြေးတာက ငါ့ကို ပိုအရှက်ရစေလိမ့်မယ်။
နန်ပါးထျန်းနောက်မှ ပြေးနေသည့် ချင်းယင်မှ ပြောသည်။
“အခု ဘယ်လိုလုပ်ကြမလဲ ခေါင်းဆောင်။ သူတို့အားလုံးကို သတ်ပစ်ရမလား”
ထန်ဇီယွဲ့မှ အလျင်စလို ကြားဖြတ်ပြောသည်။
“လုံးဝ မဖြစ်ပါဘူး”
ချင်းယင်မှ ထန်ဇီယွဲ့ကို ပြောသည်။
“ငါတို့ သူတို့ကို မသတ်ရင် စီရင်စုအုပ်ချုပ်ရေးမှူးကို ဘယ်လိုရှင်းပြမလဲ”
“သူတို့ဘက်က လူတစ်ရာကျော်လေးပဲရှိတာ။ ခေါင်းဆောင်ကိုယ်တိုင် လှုပ်ရှားဖို့တောင် မလိုအပ်ဘူး။ အသက်ရှင်ကျန်သူ မရှိစေရဘူးလို့ ကျွန်ေတာ်အာမခံတယ်။ အခုအဖြစ်အပျက်ကို ဘယ်သူမှ မသိစေရဘူး”
ချင်းယင်၏မျက်လုံးအစုံမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့ပြင် နန်ပါးထျန်းသည် အနည်းငယ် စိတ်ယိမ်းယိုင်သွား၏။
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ချင်းယင် မင်းရူးသွားပြီလား။ ငါတို့ မုလန်လူမျိုးတွေရဲ့အုတ်ဂူကို တူးခဲ့တာကိုက အပြစ်ကြီးဖြစ်နေပြီဆိုပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးအနေနဲ့ ငါတို့ကို လျှော့လျှော့ပေါ့ပေါ့ အပြစ်ပေးနိုင်သေးတယ်။ ဒါပေမဲ့ မျန့်ရွှေရဲ့ ဒေသခံမုလန်လူမျိုးတစ်ရာကျော်ကို သတ်လိုက်ရင် အထူးသဖြင့် စိစစ်ရေးတမန်တော် ရောက်လာလုနီးအချိန်မှာ သတ်လိုက်ရင် ဒါက စီရင်စုအုပ်ချုပ်ရေးမှူးကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်လိုက်တာပဲ။ အဲဒီအခါကျ စီရင်စုအုပ်ချုပ်ရေးမှူးအနေနဲ့ ငါတို့ကို ကွပ်မျက်ဖို့အပြင် ရွေးချယ်စရာ မရှိနိုင်တော့ဘူး”
ချင်းယင်မှ မကျေမနပ်ဖြင့် နှာမှုတ်သည်။
“သူတို့အကုန်လုံးကို သတ်ပစ်လိုက်ရင် တရားခံက ငါတို့ဆိုတာ သခင်ကြီးယဲ့လုက သိနိုင်ဦးမှာတဲ့လား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“မင်းအခု ငါတို့ရဲ့အဖွဲ့သားညီနောင်၇၀၀ကိုပါ အတူသတ်ပစ်ဖို့ လုပ်နေတာလား”
“ဘာ”
ချင်းယင် ထန်ဇီယွဲ့ကို စူးစိုက်ကြည့်သည်။ ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“မုလန်လူမျိုးတစ်ရာကို သတ်တယ်ဆိုတာ ကြီးလေးတဲ့ကိစ္စကြီးပဲ။ သခင်ကြီးယဲ့လုက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ဘာမဆို အကုန်လုပ်လိမ့်မယ်။ ငါတို့အဖွဲ့သားညီနောင်၇၀၀လုံးက ဒီကိစ္စကို နှုတ်လုံပါမယ်လို့ မင်းအာမခံနိုင်လား။ ဒါမှမဟုတ် မင်း သူတို့ကိုပါ သတ်ပစ်ဖို့ တွေးနေတာလား”
“ဒီအဖွဲ့သား၇၀၀ကို သတ်ပစ်လိုက်ရင် ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က ဒုတိယအဆင့်ကုန်သည်အဖွဲ့အဖြစ် အဆင့်အတန်းကျဆင်းသွားလိမ့်မယ်။ ဒီလိုလုပ်ဖို့ မထိုက်တန်ဘူး”
ထန်ဇီယွဲ့ကြောင့် ဒေါသထွက်သွားသည့် ချင်းယင်သည် ခတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် မေး၏။
“အဲဒီတော့ မင်းမှာ ဘာနည်းလမ်းရှိလို့လဲ”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဘာမှမလုပ်နဲ့။ သခင်ကြီးယဲ့လုရဲ့ ဆုံးဖြတ်ချက်ကို စောင့်မယ်။ အခုအချိန်မှာ ငါတို့က ပင့်ကူအိမ်မှာ မိနေတဲ့ ပိုးမွှားကောင်တွေနဲ့ အတူတူပဲ။ ရုန်းကန်လေလေ ပိုဆိုးရွားလေလေပဲ ဖြစ်မှာ။ အခုအချိန်မှာ အကောင်းဆုံးရွေးချယ်မှုက ငြိမ်ငြိမ်လေးနေဖို့ပဲ။ လုပ်ဆောင်ချက်ကို ဘာမှမလုပ်ဆောင်ခြင်းနဲ့ ထိန်းချုပ်မယ်။ အဲဒီလိုဆို ဒီပြဿနာတွေကို နည်းနည်းဖြေရှင်းနိုင်လောက်တယ်”
ထိုအခါ ချင်းယင်သည် နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
“ကောင်းပြီ၊ ဒါဆိုလည်း ခန်းမအရှင်သခင်ထန်ရဲ့ အကြံဥာဏ်အတိုင်း လုပ်ကြတာပေါ့”
ချင်းယင် ကျိန်ဆဲလိုက်သည်။
“ချီးပဲ…”
နန်ပါးထျန်းတို့အုပ်စုသည် မုလန်လူများ၏ အဝိုင်းခံလိုက်ရသည်။ မုလန်လူမျိုးများသည် လူတစ်ရာကျော်ခန့်သာရှိသော်ငြား ငါးဖမ်းကုန်သည်အဖွဲ့သား၇၀၀ကို ရင်ဆိုင်ရာ၌ ကြောက်ရွံ့မှုမရှိပေ။ နန်ပါးထျန်းကို လက်ညှိုးထိုး၍ အော်ဟစ်ကြိမ်းမောင်းခြင်းများပင် ပြုလုပ်ရဲလေသည်။
နန်ပါးထျန်းသည် မျက်နှာကြီးမည်းမှောင်လျက် မနီးမဝေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ အားအာထိုက်မှ ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ဒီကောင်က ဥာဏ်များတယ်။ အခုချက်ချင်း စီရင်စုအုပ်ချုပ်ရေးကို သွားရှာဖို့ လူလွှတ်လိုက်။ တရားမျှတမှုကို ဆုံးဖြတ်ပေးဖို့ စီရင်စုအုပ်ချုပ်ရေးမှူးကို သွားဆင့်ခေါ်ချည်”
“ဟုတ်ကဲ့”
ထိုအခါ မုလန်လူမျိုးတစ်ဦး ပြေးထွက်သွားသည်။ ကျန်မုလန်လူမျိုးများသည်တော့ နန်ပါးထျန်းကို ဆက်၍ ဝိုင်းဝန်းပိတ်ဆို့ထားကြသည်။
“ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။ ငါတို့မုလန်လူမျိုးတွေရဲ့အုတ်ဂူကို တူးရဲတာ။ မင်းတို့က သားရဲတိရစ္ဆာန်ကောင်တွေပဲ”
“တကယ့်ကိုပဲ မင်းတို့က အရမ်းရွံဖို့ကောင်းတယ်။ အောက်တန်းစား ဟန့်လူမျိုးခွေးကောင်တွေ”
“ဟန့်လူမျိုးခွေးတွေ ဒီကိစ္စ ဒီမှာမပြီးဘူး။ ငါတို့ မုလန်လူမျိုးတွေက ဒီလိုစော်ကားမှုမျိုးကို သည်းခံနေမှာ မဟုတ်ဘူး”
…
စော်ကားပြောဆိုသံများ ဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ နန်ပါးထျန်းနှင့် ချင်းယင်၏ မျက်နှာအမူအရာများသည် ပို၍ မည်းမှောင်ပျက်ယွင်းလာတော့သည်။ ထန်ဇီယွဲ့သည် ခဏမျှ စောင့်ကြည့်နေပြီးနောက် လက်သီးယှက်အရိုအသေပြုလျက် ချဉ်းကပ်သွားပြီး မေးလိုက်သည်။
“မုလန်သခင်ကြီးတို့ ဒီမှာ တာဝန်ရှိသူက ဘယ်သူပါလဲ”
အားအာထိုက်မှ ရှေ့တိုးလာသည်။
“ကျုပ်က တာဝန်ရှိသူပဲ။ ဘာကိစ္စလဲ”
“လူကြီးမင်းတို့ ကျွန်တော့်အထင် တစ်ခုခုကို နားလည်မှုလွဲနေတယ်ထင်ပါတယ်”
“ချီးကို နားလည်မှုလွဲတာ။ မင်းတို့က ငါတို့မုလန်လူမျိုးတွေရဲ့အုတ်ဂူကို တူးထားပြီးတော့မှ ဒါက နားလည်မှုလွဲတာပါလို့ လာပြောနေတာလား။ ငါတို့ စီရင်စုအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ထားပြီးပြီ။ စီရင်စုအုပ်ချုပ်ရေးမှူးရောက်လာတဲ့အထိ ငြိမ်ငြိမ်နေကြ။ ဘယ်သူမှ ဒီကထွက်မသွားရဘူး”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ကောင်းပြီ၊ ကျွန်တော်တို့ သခင်ကြီးယဲ့လုရောက်လာတာကို စောင့်နေပါ့မယ်။ ဒါပေမဲ့ အဲဒီအချိန်အတောအတွင်းမှာ လူကြီးမင်းတို့အနေနဲ့ စော်ကားပြစ်တင်တဲ့စကားတွေကို ထိန်းသိမ်းပေးစေလိုပါတယ်”
“ငါတို့က ဘာလို့လဲ။ မင်းတို့လုပ်ရဲမှတော့ ခံရဲရမှာပေါ့။ ဆဲတော့ဘာဖြစ်လဲ အရှက်မရှိတဲ့ ဟန့်လူမျိုးခွေးတွေ…”
…
ထန်ဇီယွဲ့သည် ကျိန်ဆဲခံလိုက်ရရာ မျက်နှာကို ယပ်တောင်ဖြင့် ကာလိုက်ပြီး လူအုပ်ကြားထဲ ဝင်ပုန်းနေလိုက်တော့သည်။ နန်ပါးထျန်းမှ ပြောသည်။
“မုလန်လူမျိုးတွေက ကျိုးကြောင်းမဆီလျော်တဲ့သူတွေပဲ။ မင်းက သူတို့နဲ့ စကားကောင်းကောင်းပြောနိုင်မှာတဲ့လား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ခေါင်းဆောင် စိတ်ရှည်ရှည်ထားပါ။ သခင်ကြီးယဲ့လုရောက်လာတာနဲ့ အရာအားလုံး ဖြေရှင်းပြီးသွားမှာပါ”
…
တောင်မြို့၌ ချန်ကျဲ့သည် မြို့ထဲသို့ မြင်းစီးဝင်ခဲ့သည်။ ရှောင်ဟူသည် အရင်ရောက်နှင့်နေ၏။ မြို့ဂိတ်တံခါးဝမှ ကင်းထောက်တပ်သားသည် သတင်းနှစ်ခု ယူလာပေးခဲ့သည်။
နန်ပါးထျန်းက အနောက်မြို့ လင်ဟယ့်ရွာကို သွားပါတယ်။
ပြီးတော့ သခင်ကြီးယဲ့လုက အရှေ့မြို့ဂိတ်တံခါးကနေ သူပုန်တွေကို ခြေရာခံလိုက်သွားပါတယ်။
အခု မျန့်ရွှေမြို့ထဲမှာ အင်အားကြီးပုဂ္ဂိုလ်ကြီးတွေ မရှိသလောက်ပါပဲ။
ထိုအခါ ချန်ကျဲ့ ခပ်သာသာ ခေါင်းညိတ်လိုက်ပြီး မြို့ထဲသို့ မြင်းစီးဝင်လိုက်သည်။ ထို့နောက် အဝတ်အစားအသစ်တစ်စုံ လဲလှယ်ဝတ်ဆင်လိုက်ပြီး နန်ပါးထျန်း၏ အင်အားစုတည်ရှိရာ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ဦးတည်သွားခဲ့သည်။
ဟုတ်ပါသည်။ ချန်ကျဲ့သည် အလစ်စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ပါ၏။
***