နန်ပါးထျန်းသည် ငါးဖမ်းကုန်သည်အဖွဲ့အင်အား အားလုံးနီးပါးကို ချန်ကျဲ့အား ဖမ်းဆီးရန်အတွက် ခေါ်ဆောင်လာခဲ့ပြီး နေရာဒေသအသီးသီးမှာ ငါးဖမ်းကုန်သည်အဖွဲ့သားများကိုသာလျှင် ချန်ထားခဲ့သည်။ အိမ်တော်အဆောင်များကို စောင့်ကြည့်ခြင်း၊ ခြံဝင်းများကို ကာကွယ်ခြင်းတို့ကို တာဝန်ယူထားသည့် လှုပ်ရှားနိုင်သည့် အဖွဲ့သားအားလုံးနီးပါးကို စေလွှတ်ခဲ့ပြီးဖြစ်သည်။ ယခုတွင် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌ အစောင့်အရေအတွက် တစ်ရာပင် မပြည့်တော့ချေ။
ထိုမျှအစောင့်အရေအတွက်သည် သာမန်အလုပ်တာဝန်များကို လုပ်ဆောင်နိုင်သော်ငြား ချန်ကျဲ့ကို တန်ပြန်ခုခံရန်မှာမူ မဖြစ်နိုင်ချေ။
ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်ရာ အစောင့်နည်းပါးနေသည့် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှာ အလွန်လွယ်ကူပေသည်။
ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ရောက်ရှိပြီးနောက် ခေါင်မိုးထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ခေါင်မိုးတစ်ခုမှ တစ်ခုသို့ ခုန်ကူး၍ အတွင်းခြံဝင်းထဲသို့ သွားခဲ့သည်။ ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲသို့ အကြိမ်ရေအနည်းငယ် ရောက်ဖူးသည်ဖြစ်ရာ ကုန်သည်အဖွဲ့ခေါင်းဆောင်၏ ဇနီးဖြစ်သူ၏အခန်းသည် အနောက်ဥယျာဉ်ထဲတွင်ရှိကြောင်း သိထားသည်။
အနောက်ဘက်ရှိ ခြံဝင်းငယ်လေး၏ အပြင်ဘက်တွင် အစောင့်လေးဦး စောင့်ကြပ်နေသည်။
အစောင့်များသည် ခြံဝင်းဝင်ပေါက်တွင် ရပ်ကာ အချင်းချင်း စကားပြောနေကြ၏။ သူတို့သည် အလုပ်တာဝန်ကို အလွန်အလေးအနက်မထားနေပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ် မဟုတ်ပါလော— ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်တွင် မည်သူက ပြဿနာလာရှာရဲပါမည်နည်း။
ချန်ကျဲ့ ခြံဝင်းအနီးသို့ ချဉ်းကပ်လာသည်တွင် အစောင့်တပ်သားများမှ နန်ပါးထျန်းသည် ဤတစ်ကြိမ်တွင် ချန်ကျိုစစ်ကို ကျိန်းသေပေါက် ဆွဲချနိုင်လိမ့်မည်ဟူ၍ ပြောဆိုနေသည်အား ကြားလိုက်ရသည်။
ထိုစဉ် အနောက်ဥယျာဉ်ထဲ၌ ဟွမ်ဝမ်အာသည် ပြတင်းပေါက်ရှေ့တွင် ထိုင်နေကာ သုကျွမ်းသည်တော့ စိုးရိမ်ပူပန်လျက် ရှေ့လျှောက်နောက်လျှောက်လုပ်နေသည်။
“သခင်မ ကျွန်မတို့ ဒီတစ်ကြိမ်မအောင်မြင်ရင် လုံးဝ အဆုံးသတ်ပြီပဲ။ ခေါင်းဆောင်နန် ထွက်သွားတုန်းက ခန်းမအရှင်သခင်ချန်ကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်လို့ ကြွေးကြော်သွားတယ်။ ခန်းမအရှင်သခင်ချန် ဒီဘေးဒုက္ခကို မကျော်လွှားနိုင်လောက်ဘူးလို့ ကျွန်မထင်နေတယ်”
ဟွမ်ဝမ်အာသည် ဘာမျှမပြောဘဲ စိုးရိမ်ပူပန်နေသော မျက်လုံးအစုံဖြင့်သာ ပြတင်းပေါက်အပြင်ဘက်ကို တိတ်တဆိတ် ငေးစိုက်ကြည့်နေခဲ့သည်။
“သခင်မ တစ်ခုခုပြောပါဦး။ ခန်းမအရှင်သခင်ချန်သာ တစ်ခုခုဖြစ်သွားရင် သခင်မ ဗိုက်ထဲက ကလေးကို ဘယ်လိုလုပ်မလဲ… နောက်နှစ်လနေရင် သခင်မရဲ့ဗိုက်က သိသာလာတော့မှာ။ အဲဒီအခါကျ သခင်မကို ကူညီပေးမယ့်သူ မရှိနိုင်တော့ဘူး။ ခေါင်းဆောင်နန်က သခင်မကို သတ်လိမ့်မယ်”
သုကျွမ်းမှ စိုးရိမ်တကြီးဖြင့် ပြောနေသည့်တိုင် ဟွမ်ဝမ်အာသည်တော့ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ပြောသည်။
“သုကျွမ်း မင်းသွားသင့်ပြီ”
“အာ သခင်မ၊ ကျွန်မပြောတာ အဲဒီလိုသဘောမဟုတ်ပါဘူး။ ကျွန်မ…”
သုကျွမ်းသည် ရှင်းပြရန် ကြိုးပမ်း၏။ သို့သော် ဟွမ်ဝမ်အာမှ ကြားဖြတ်ပြောသည်။
“ငါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်။ ဟိုနားက ဗီရိုအံဆွဲထဲမှာ ငွေတုံးနှစ်ထောင်ရှိတယ်။ အဲဒီငွေတွေယူပြီးတော့ မျန့်ရွှေက ထွက်သွားတော့။ ဟွမ်ကျိုးပြည်နယ်အထိ သွားနိုင်ရင် အကောင်းဆုံးပဲ။ မင်းဘဝနဲ့မင်း ရှင်သန်ပါတော့”
ထိုအခါ သုကျွမ်းမှ ပြောသည်။
“သခင်မ ဘာလို့ အဲဒီလိုစကားတွေ ပြောပြန်တာပါလဲ။ ကျွန်မ ကျွန်မ သခင်မကို ထားမသွားပါဘူး”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“မင်းပြောသလိုပဲ ခန်းမအရှင်သခင်ချန်သာ သေသွားခဲ့ရင် ငါက အမြစ်မရှိတော့တဲ့ သစ်ပင်တစ်ပင်ပဲ။ နှစ်လအတွင်းမှာ ငါ သေရလိမ့်မယ်။ မင်းအနေနဲ့ ငါနဲ့အတူလိုက်ပြီး သေပေးဖို့ မလိုအပ်ပါဘူး”
“သခင်မ ကလေးဖျက်ချဖို့နည်းလမ်းသာ ရှာလိုက်ပါ။ အဲဒါဆို သခင်မ မသေရတော့ဘူးလေ”
သုကျွမ်းသည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူမ၏အတွေးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ ဟွမ်ဝမ်အာသည် ခဏမျှတိတ်ဆိတ်သွားပြီး ပြောသည်။
“ငါလည်း အသက်ရှင်ချင်ပါတယ်… ဒါပေမဲ့ ကလေးကို အသက်ရှင်စေချင်တဲ့စိတ်က ပိုပြင်းထန်နေတယ်”
ထိုစကားတွင် သုကျွမ်း မင်သက်သွားလျက် ဟွမ်ဝမ်အာကို ကြည့်နေခဲ့သည်။
သခင်မ၏ စိတ်နေသဘောထားကို သူမ ကောင်းကောင်းသိပါ၏။
သခင်မက ဘယ်တုန်းကများ သေရမှာကို ကြောက်ရွံ့ဖူးလို့လဲ။ သခင်မက အရင်ကဆို သေခြင်းတရားကျရောက်လာမှာကို အမြဲတောင့်တနေခဲ့တာ မဟုတ်လား။
ဒါပေမဲ့ ဒီနေ့တော့ သခင်မက တကယ်ကြီး အသက်ရှင်ချင်နေခဲ့တယ်။
အဲဒါ ကလေးကြောင့်လား။ ကလေးကြောင့် သခင်မ ပြောင်းလဲသွားတာလား။
သုကျွမ်းသည် ဘာမှမပြောဘဲ နေရောင်ခြည်အောက်တွင် ထိုင်နေသည့် ဟွမ်ဝမ်အာကို ကြည့်နေခဲ့သည်။ ဟွမ်ဝမ်အာသည် ကောင်းကင်ပြာနှင့် တိမ်တိုက်များကို ငေးမောကြည့်နေရင်း ခပ်ဖွဖွပြုံးလျက် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်နေသည်။
သခင်မ တောင့်တတာက လွတ်လပ်မှုနဲ့ ဒီကလေးကိုပဲ။
“သခင်မ ကျွန်မတို့ထွက်ပြေးကြရအောင်”
သုကျွမ်းသည် ဟွမ်ဝမ်အာကို စူးစိုက်ကြည့်၍ စိတ်အားထက်သန်စွာ ပြောသည်။ ဟွမ်ဝမ်အာသည် အံ့အားသင့်လျက် သုကျွမ်းကို လှည့်ကြည့်လာ၏။
သုကျွမ်းမှ ခေါင်းညိတ်သည်။
“ကျွန်မတို့ထွက်ပြေးရအောင်။ ဒီနေရာက ထွက်ပြေးကြမယ်။ မျန့်ရွှေကနေ ထွက်ပြေးကြမယ်။ ပြီးရင် ဒီကလေးကို မွေးဖွားကြမယ်”
ဟွမ်ဝမ်အာ၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်လေး ယှက်သန်းသွား၏။ သို့သော် ထိုအရိပ်အယောင်လေးသည် တမဟုတ်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့ကာ ခေါင်းခါသည်။
“မဖြစ်နိုင်ဘူး။ နန်ပါးထျန်းက လူတွေအများကြီးခေါ်သွားပေမဲ့ အိမ်တော်ထဲမှာ လူတစ်ရာလောက် ကျန်နေသေးတုန်းပဲ။ ငါတို့လို အားနည်းတဲ့အမျိုးသမီးနှစ်ယောက်တည်းနဲ့ အမျိုးသားနှစ်ယောက်ကိုတောင် အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ချည်းပဲ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ပြီးတော့ ငါတို့ထွက်ပြေးနိုင်ခဲ့တယ်ပဲထားဦး၊ ငါတို့က ဘယ်ကိုသွားနိုင်မှာတဲ့လဲ။ မျန့်ရွှေစီရင်စုကနေ ငါတို့ ဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ အဖမ်းခံလိုက်ရရင် ငါက အသက်ရှင်နိုင်ခြေရှိသေးတယ်။ ဒါပေမဲ့ သုကျွမ်း မင်းကတော့ သေချာပေါက် သေရလိမ့်မယ်”
ဟွမ်ဝမ်အာ သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့”
သုကျွမ်းမှ ပြန်ပြောသည်။
“သခင်မ ကျွန်မ မကြောက်ပါဘူး။ ကျွန်မမှာ မြို့ထဲမှာ နေထိုင်တဲ့ သွေးဝေးတဲ့ ဆွေးမျိုးသားချင်းတစ်ယောက် ရှိပါတယ်။ ကျွန်မတို့ သူတို့အိမ်မှာ ခဏတည်းခိုလို့ရတယ်။ အဲဒီမှာတည်းခိုပြီး ထွက်ပြေးဖို့အခွင့်အရေးရှာကြတာပေါ့။ သခင်မက ကျွန်မတို့နှစ်ယောက်တည်း ထွက်မပြေးချင်ဘူးဆိုရင်လည်း ကျားဖြူခန်းမကလူတွေကို အကူအညီတောင်းလို့ရတယ်လေ”
“ကျားဖြူခန်းမလား။ ဟား ခန်းမအရှင်သခင်ချန် အသက်ရှင်နေသေးဖို့တောင် မသေချာတာကို ငါတို့က ဘာလို့ ကျားဖြူခန်းမကို သွားနေဦးမှာလဲ။ ပြီးတော့လည်း ငါ့ကြောင့်နဲ့ သူတို့ကို ဒုက္ခမပေးချင်ဘူး”
“ခန်းမအရှင်သခင်ချန် တစ်ခုခုဖြစ်သွားခဲ့ရင်တောင်မှ ကျားဖြူခန်းမမှာ အိမ်တော်သခင်မ ရှိသေးတယ်မဟုတ်လား။ ကျားဖြူခန်းမရဲ့ သခင်မကို အကူအညီတောင်းကြမယ်လေ။ ကျွန်မတို့ အရင်တစ်ခေါက်က သခင်မစူးယွင်ကျင်းကိုတွေ့ခဲ့တာတော့ သူ့ကြည့်ရတာ နားလည်ပေးနိုင်ပုံပါပဲ။ သခင်မက ချန်မိသားစုရဲ့မျိုးဆက်ကို ကိုယ်ဝန်လွယ်ထားရတာဆိုတော့ ကျွန်မတို့ နန်ပါးထျန်းရဲ့ အဖမ်းခံရမှာကို သူထိုင်ကြည့်မနေလောက်ပါဘူး”
သုကျွမ်းမှ ပြောသည်။
ထိုအခါ ဟွမ်ဝမ်အာ တိတ်ဆိတ်သွား၏။ ထို့နောက် ပြောသည်။
“ငါ့ကလေးက တခြားသူရဲ့ သနားညှာတာမှုနဲ့မှ အသက်ရှင်နိုင်မယ်ဆိုရင် သူ ဒီလောကကြီးထဲ ရောက်မလာတာပဲ ကောင်းလိမ့်မယ်”
“ငါ ဘယ်သူ့ကိုမှ အသနားခံမှာ မဟုတ်ဘူး။ ခန်းမအရှင်သခင်ချန်သာ တစ်ခုခုဖြစ်သွားရင် သူလည်း သူ့ကိုယ်သူကယ်တင်နိုင်ဖို့ဆိုတာ မသေချာနိုင်တော့ဘူး။ ငါတို့ပြဿနာတွေကို ထမ်းပိုးနိုင်ဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်။ ထားလိုက်ပါတော့ သုကျွမ်း၊ မင်း ငွေတွေယူပြီး ထွက်ပြေးဖို့ပြင်တော့”
“သခင်မ ကျွန်မ မသွားဘူး”
သုကျွမ်းသည် အံတင်းတင်းကြိတ်ထား၏။
“သေချာပေါက် တခြားနည်းလမ်းရှိဦးမှာပါ”
ဟွမ်ဝမ်အာသည် ဘာမှထပ်မပြောတော့ပေ။ ခပ်ဖွဖွပြုံးလိုက်ပြီး ပြောသည်။
“တခြားဘာနည်းလမ်းရှိနိုင်ဦးမှာလဲ။ ဒါက ဘဝပဲ။ သိုင်းလောကလိုပေါ့.. နှစ်အနည်းငယ်ကြာပြီးတိုင်းမှာ ပါရမီရှင်အသစ်တစ်ဦး ထွက်ပေါ်လာစမြဲပဲ။ နှစ်အနည်းငယ်ကြာပြီးတိုင်း တစ်ယောက်ကျရှုံးပြီး တစ်ယောက်အောင်မြင်လာတယ်။ ပင်လယ်ရေလှိုင်းတွေက သဲသောင်ပြင်ကို တိုက်စားသွားတယ်။ လူတွေပြောကြတာတော့ အဲဒီရေလှိုင်းတွေက ကမ်းစပ်ကို ထိန်းချုပ်ပေးတာပါတဲ့။ ဒါပေမဲ့ အဆုံးမှာ ကျန်ရစ်ခဲ့တာကတော့ ယိုယွင်းပျက်စီးမှုတွေပဲ”
“သခင်မ…”
“ငါ့ကို ထပ်ပြီး ဖျောင်းဖျမနေနဲ့တော့။ ငါ ကံကြမ္မာကို လက်ခံလိုက်ပြီ။ ငါ ဒီကျန်ရှိတဲ့အချိန်နည်းနည်းလေးကို ဗိုက်ထဲက သူ့ရဲ့တည်ရှိမှုလေးကို ခံစားရင်း သူနဲ့အတူ ကုန်ဆုံးချင်ရုံပါပဲ။ အဲဒါဆို လုံလောက်ပါပြီ။ အနည်းဆုံးတော့ သူရှိနေခဲ့တယ်ဆိုတာကို ခံစားမိနေနိုင်တယ်မလား။ ငါ့မှာ သူရှိနေခဲ့တယ်ဆိုတာကိုလေ”
***