ချန်ကျဲ့ ဟွမ်ဝမ်အာကိုကြည့်၍ မေးလိုက်သည်။
“အဲဒါက အဲ့လောက်အရေးကြီးလို့လား”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်ချန် ကျွန်မ ရှင့်ရဲ့ကျွန်လည်း ဖြစ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ဝန်ထုပ်ဝန်ပိုးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ ရှင့်မှာ ကျွန်မရှိနေတာက ရှင့်အတွက် ပိုကောင်းလာတာပဲဖြစ်စေချင်တာပါ၊ ပိုဆိုးရွားစေချင်တာ မဟုတ်ဘူး။ ရှင်နားလည်ရဲ့လား”
ချန်ကျဲ့သည် ဟွမ်ဝမ်အာကိုကြည့်လျက် ဤအမျိုးသမီးသည် တစ်ခါတလေတွင် လုပ်ချင်ရာလုပ်တတ်သော်ငြား တစ်ခါတလေတွင် အလွန် အတွေးလွန်တတ်သည်ဟု တွေးမိလိုက်သည်။
ဟွမ်ဝမ်အာ၏တချို့စကားများသည် အံ့သြထိတ်လန့်ဖွယ်ကောင်းပြီး ပုံမှန်မဟုတ်သောကြောင့် သူမ၏နှုတ်မှ ထွက်လာနိုင်သည့်စကားများ မဟုတ်ပေ။
ချန်ကျဲ့၏အတွေးအခေါ်များသည် မျက်မှောက်ခတ်၏ အတွေးအမြင်များ လွှမ်းမိုးနေသောကြောင့် မဟုတ်ခဲ့လျှင် ချန်ကျဲ့အနေဖြင့် ဟွမ်ဝမ်အာ၏စကားများကို နားမလည်နိုင်မည်စိုးရ၏။
ချန်ကျဲ့ ခဏမျှ တွေးလိုက်ပြီးနောက် ပြောသည်။
“မြို့မြောက်ပိုင်းမှာ ဘယ်သူမှမသိတဲ့ အိမ်တစ်အိမ်ရှိတယ်။ မင်း လောလောဆယ် အဲဒီမှာ သွားနေလိုက်။ ငါ နန်ပါးထျန်းကို ရှင်းပြီး အခြေအနေတွေ တည်ငြိမ်သွားတော့မှ မင်းလည်း ကျားဖြူခန်းမကို လာခဲ့ပေါ့။ ဘယ်လိုလဲ”
“တကယ်လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“တကယ်ပါ”
ဟွမ်ဝမ်အာမှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ”
ချန်ကျဲ့မှ ပြောသည်။
“အင်း မင်းမှာ ရွှေငွေတို့ တခြားတန်ဖိုးကြီးပစ္စည်းတွေ ယူစရာရှိသေးလား။ အဝတ်အစားနဲ့ အိပ်ရာတော့ သယ်မနေနဲ့တော့။ ငါ အိမ်မှာ ပြင်ဆင်ထားခိုင်းလိုက်မယ်”
ထိုအခါ ဟွမ်ဝမ်အာမှ ပြောသည်။
“အင်း တခြားဘာမှမရှိပါဘူး။ ငွေလက်မှတ်တချို့ပဲရှိတယ်”
ထို့နောက် ဟွမ်ဝမ်အာမှ ဆက်ပြောသည်။
“ငွေလက်မှတ်တွေလည်း မယူတော့ဘူး။ ထားခဲ့လိုက်ရင် နန်ပါးထျန်းလည်း အခြေအနေကို မရေမရာဖြစ်သွားလိမ့်မယ်”
ချန်ကျဲ့ သဘောတူသည်။
“ကောင်းပြီ”
ထို့နောက် ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို ကြည့်ပြီး ပြောသည်။
“သခင်ကြီးချန် ရှင်လည်း နောက်ပိုင်းကျ နန်ပါးထျန်းလိုလူမျိုးအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”
“ဟင်”
ချန်ကျဲ့ သူမ၏မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွား၏။
ငါနဲ့ နန်ပါးထျန်းမှာ နှိုင်းယှဉ်စရာရှိလို့လား။
ထို့နောက် ဟွမ်ဝမ်အာ ခေါင်းခါရမ်းလိုက်သည်။
“အင်း ကျွန်မ အတွေးလွန်မိတာပါ။ သခင်ကြီးချန် အခုအချိန်ကစပြီးတော့ ကျွန်မကိုယ်တိုင်နဲ့ ဒီကလေးကို ရှင့်ဆီ အပ်နှံလိုက်ပါပြီ”
ဟွမ်ဝမ်အာသည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်နေ၏။
ချန်ကျဲ့သည် ဟွမ်ဝမ်အာအား မင်းသမီးတစ်ပါးကို ပွေ့ချီသကဲ့သို့ ပွေ့ချီလိုက်ရင်း သူမ စိတ်ချစေရန် ပြောဆိုသည်။
“မင်းမစိုးရိမ်ပါနဲ့။ ငါ မင်းကို အနာဂတ်မှာ သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပါ”
သို့ဖြင့် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို ထိုအတိုင်း တံခါးအပြင်သို့ ပွေ့ချီသွားခဲ့သည်။ သုကျွမ်းနှင့် ရှောင်ဟူသည် ခြံဝင်းထဲတွင် ရပ်စောင့်နေ၏။ ဟွမ်ဝမ်အာကို ပွေ့ချီလာသည့် ချန်ကျဲ့ကို မြင်သောအခါ သုကျွမ်းမှာ မျက်လုံးများပြူးကျယ်သွားတော့သည်။
သုကျွမ်းသည် အံ့ဩလွန်းသဖြင့် အသံပင် မထွက်တော့ချေ။
ချန်ကျဲ့ ရှောင်ဟူကို ခေါင်းညိတ်ပြလိုက်သည်။
“ငါတို့သွားကြမယ်”
စကားအဆုံး၌ ချန်ကျဲ့သည် လျှပ်စီးကိုယ်ဖော့သိုင်းကို အသုံးပြု၍ ခေါင်မိုးပေါ်သို့ ခုန်တက်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ရှောင်ဟူမှ သုကျွမ်းကို ပြောသည်။
“မိန်းကလေး အပြစ်ပြုမိပါပြီ”
ရှောင်ဟူလည်း သုကျွမ်းကို ပွေ့ချီလိုက်သည်။ သုကျွမ်းသည် ထိတ်လန့်မှုကြောင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားရသည်။ ယောက်ျားတစ်ယောက်မှ သူမအား ပွေ့ချီခြင်းမှာ သုကျွမ်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ဤသို့ ခံစားချက်သည် သူမအား ကိုယ်တွင်းအပူချိန်မြင့်တက်လာစေ၍ မျက်နှာနီမြန်းလာစေခဲ့ကာ အော်ဟစ်ပစ်ချင်စိတ် ဖြစ်စေလေသည်။
သို့သော် ရှောင်ဟူသည်တော့ ထိုအခြေအနေကို သတိမထားမိပေ။ ရှောင်ဟူသည် ယောကျ်ားနှင့်မိန်းမကြား အရေးကိစ္စများကို အရေးမထားတတ်ပေ။ သို့မဟုတ်ပါက ထိုအပိုင်းတွင် အလွန်အရည်အချင်းရှိသည့် ချွေ့ကျူကို အရေးမစိုက်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။
ရှောင်ဟူသည် ကျင့်ကြံရေးတစ်ခုတည်းကိုသာ စိတ်ပါဝင်စားမှုရှိပြီး ချစ်ရေးချစ်ရာကိစ္စများကို လုံးဝ စိတ်မဝင်စားပေ။
သုကျွမ်းသည်တော့ မတူပေ။ သူမသည် အရွယ်ရောက်ကာစ ငယ်ရွယ်လှပမှုတို့ ပွင့်လန်းကာစ အသက်ဖြစ်လေရာ ရှောင်ဟူမှ သူမကို ပွေ့ချီလိုက်ချိန်တွင် သူမကိုယ်သူမ အလွန်အားနည်းနုနယ်သူတစ်ဦးအလား ခံစားလိုက်ရပေသည်။
သူမသည် မျက်နှာနီမြန်းလျက် စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။ ရှောင်ဟူသည်တော့ ဘာကိုမှ သတိမထားမိပါဘဲ အတွင်းအားကို အသုံးပြု၍ ခေါင်မိုးထက် ခုန်တက်သွားခဲ့သည်။ အကြိမ်ရေများစွာ အမြန်လှုပ်ရှားပြီးနောက်တွင်မူ ထိုနေရာမှ အလုံးစုံ ကွယ်ပျောက်သွားတော့သ့သည်။ စကားဝိုင်းဖွဲ့ပြောနေသည့် အစောင့်များမှာ ခြံဝင်းထဲမှ လူထွက်ခွာသွားသည်ကို သတိမထားမိလိုက်ကြပါချေ။
သို့သော် အံ့ဩစရာလည်း မဟုတ်ပါချေ။ ထိုအစောင့်လေးဦးမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာ ဖြစ်ကြရာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှစ်ယောက်ကို သတိထားမိပါကလည်း ဟန့်တားခြင်းငှာ မဖြစ်နိုင်ပေ။ ဟန့်တားရန်ကြိုးပမ်းခြင်းမှာ ဟာသသက်သက်သာ ဖြစ်ပါလိမ့်မည်။
…
အရှေ့မြို့ဂိတ်တံခါး၌
ယဲ့လုဖုန်းနှင့် ချီမုကောတို့သည် အရှေ့မြို့သို့ အပြေးနှင်လာခဲ့ကြပြီး အရှေ့မြို့ဂိတ်တံခါးကို ပိတ်ဆို့ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ တစ်ပြိုင်နက်တည်းပင် စွင်းထျဲချွေ့တို့ကို လိုက်လံဖမ်းဆီးရန် စစ်သည်များ စေလွှတ်ခဲ့သည်။ သို့သော် စွင်းထျဲချွေ့တို့လူအုပ်စုမှာ အားလုံးသည် သိုင်းပညာကျွမ်းကျင်သူများဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ခြေရာလက်ရန်မကျန်အောင် တောတောင်များထဲသို့ ဝင်ရောက်ကွယ်ပျောက်သွားနိုင်ကြ၏။
ယဲ့လုဖုန်း၏မြင်းတပ်ပင်လျှင် သူတို့ကို မဖမ်းဆီးနိုင်ပေ။ အားစိုက်ထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
ယဲ့လုဖုန်းသည် တပ်ဖွဲ့အသီးသီးမှ အစီရင်ခံချက်များကို နားထောင်ရင်း မျက်နှာမှာ ဒေါသအငွေ့အသက်များ ဖုံးလွှမ်းလာခဲ့သည်။ ချီမုကောသည်တော့ အရှေ့မြို့ဂိတ်တံခါးအနီးရှိ ပြည်သူများကို အခြေအနေအား မေးမြန်းစုံစမ်းနေသည်။
အရှေ့မြို့ဂိတ်က ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် ချိုးဖျက်ခံလိုက်ရတာလဲ။ လုံးဝ ခုခံမှု မလုပ်ခဲ့တဲ့အတိုင်းပဲ ချိုးဖျက်ခံလိုက်ရတာ…
နန်ပါးထျန်းသည် ချန်ကျဲ့တို့အုပ်စု တောင်မြို့ဂိတ်တံခါးသို့ လမ်းကြောင်းပြောင်းလိုက်သည်ဟု ကြားသိရသည်တွင် အလွန်ဒေါသထွက်သွားလျက် သူ၏အဖွဲ့သားများကို လိုက်လံဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။ ကနဦးတွင် အရှေ့မြို့ဂိတ်တံခါးသည် လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်၏။ ချင်းယင်တို့ လင်းယုန်ညီနောင်သုံးဦးအပြင် လူခုနစ်ရာခန့် စောင့်ကြပ်နေခြင်းဖြစ်ရာ အရှေ့ဂိတ်တံခါးမှ ဖောက်ထွက်ဖို့ရာ မဖြစ်နိုင်သလောက်ပင်။
သို့သော် နန်ပါးထျန်းမှ အရှေ့မြို့ဂိတ်တံခါးရှိ သူ၏အဖွဲ့သားများကို နေရာရွှေ့ပြောင်းရန် အမိန့်ပေးလိုက်သည်တွင် မြို့ဂိတ်တံခါးခံတပ်မှာ ဗလာဖြစ်သွားခဲ့သည်။ ထိုစဉ် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့် စွင်းထျဲချွေ့သည် သိုင်းပညာရှင်တစ်ရာကျော်ခန့်ကို ဦးဆောင်၍ အရှေ့မြို့ဂိတ်တံခါးကို အလစ်ဝင်တိုက်ခိုက်ခဲ့သည်။
အရှေ့မြို့ဂိတ်တံခါး၌ အစိုးရရုံးတော်မှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မျှသော စစ်သည်တပ်သား နှစ်ဆယ်နီးပါးသာလျှင် ကျန်ရစ်ခဲ့သည်ဖြစ်ရာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်နှစ်ဦး(စွင်းထျဲချွေ့နဲ့ ဟန်လျန်)၏ ဦးဆောင်မှုနှင့်အတူ အနည်းဆုံး အရေပြားသန့်စင်ခြင်းအဆင့်ရှိ ဟန့်လူမျိုးသိုင်းပညာရှင်တစ်ရာကျော်၏ အလစ်ဝင်တိုက်ခိုက်ခံခဲ့ရသည်တွင် ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့သွားခဲ့သည်။
သူတို့အဘယ်သို့များ ခုခံနိုင်ပါမည်နည်း။
ရုံးတော်မှ တပ်သားများသည် သူတို့ မခုခံဝံ့ပါကြောင်း ဝန်ခံခဲ့သည်။ သူတို့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စားပွဲအောက် ဝင်ပုန်းနေရုံသာ တတ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် စွင်းထျဲချွေ့ဦးဆောင်သည့် မိန်ဂိုဏ်းသားများသည် သတ်ဖြတ်ဖို့ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် ခေါင်းမာနေသည့် တပ်သားနှစ်ယောက်ကိုသာ သတ်ဖြတ်ခဲ့ပြီး မြို့ဂိတ်တံခါးကို တွန်းဖွင့်ကာ ပေါ်ပေါ်ထင်ထင် မြို့ပြင်ထွက်သွားခဲ့သည်။
ယဲ့လုဖုန်းရှေ့သို့ ရုံးတော်တပ်သားတစ်ဦးကို ခေါ်ဆောင်လာသည်။ ယဲ့လုဖုန်းသည် သူ၏ရှေ့ရှိ တုန်လှုပ်နေသည့်အမျိုးသားကို မေးလိုက်သည်။
“အဲဒီတော့ မင်းက တာဝန်ရှိသူပေါ့”
“ကျွန်တော်က ဂုဏ်ပြုစောင့်တပ်ဖွဲ့ခေါင်းဆောင် ကျောင်းစုန့်ပါ သခင်ကြီး”
ဂုဏ်ပြုစောင့်တပ်ဖွဲ့သည် ဘာမျှ ထွေထွေထူးထူး တာဝန်မရှိပေ။ ဂုဏ်ပြုစောင့်တပ်ဖွဲ့ဟူသည် အစောင့်တာဝန်ဖြစ်သောကြောင့် ဂုဏ်ပြုစောင့်တပ်ဖွဲ့ခေါင်းဆောင်ရာထူးသည် အရာရောက်လှသည့် ရာထူးအဆင့်အတန်း မဟုတ်ပေ။ ရုံးတော်တပ်သားများထဲတွင် ဩဇာအာဏာရှိသည့် တစ်ဦးတည်းသောသူမှာ ခြေမြန်တော်တပ်ဖွဲ့ခေါင်းဆောင် ဝူဟုန်ဖြစ်သည်။
ချီမုကောမှ ပြောသည်။
“သခင်ကြီး ဒီလူက စွင်းထျဲချွေ့ထွက်ခွာသွားတာကို အစအဆုံးမြင်တွေ့ခဲ့ရသူပါ။ စွင်းထျဲချွေ့က သခင်ကြီးအတွက် စကားချန်ထားခဲ့တယ်လို့ ပြောပါတယ်”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“သူက ငါ့အတွက် စကားပါးခဲ့တယ်ပေါ့လေ။ ဟား ရဲတင်းလိုက်ပုံများ.. သူဘာပြောခဲ့သလဲ”
ထိုအခါ ကျောင်းစုန့်မှ တုန်တုန်ယင်ယင်ဖြင့် လျှောက်တင်၏။
“သ သခင်ကြီး၊ သူပြောခဲ့တာ ဒီနှစ်တွေအတွင်း စောင့်ရှောက်ပေးခဲ့တဲ့အတွက် သခင်ကြီးကို ကျေးဇူးတင်ပါတယ်တဲ့။ သခင်ကြီးကြောင့် မဟုတ်ခဲ့ရင် သူလည်း မိန်ဂိုဏ်းအတွက် လက်နက်ပစ္စည်းတွေကို အချိန်မီ ပို့ဆောင်နိုင်မှာ မဟုတ်ပါဘူးတဲ့”
***