လင်ဟယ့်ရွာ သင်္ချိုင်းမြေ၌
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် နန်းပါးထျန်း၊ ချင်းယင်နှင့် ထန်ဇီယွဲ့တို့ကို ဝန်းရံလျက် အစီအရင်ပုံစံ ဖော်ဆောင်ထားကြသည်။ ခုခံရေးအစီအရင်ပုံစံဖြစ်၏။
မုလန်လူမျိုးများသည် ထိုငါးဖမ်းကုန်သည်အဖွဲ့သားအားလုံးကို ဝိုင်းထားကာ နှုတ်မှလည်း စော်ကားဆဲရေးသည့်စကားများကို ပြောဆိုနေခဲ့သည်။ တစ်နည်းကြည့်သော် ထိုမြင်ကွင်းသည် အတော်လေး ရယ်ဖွယ်ဖြစ်နေပါ၏။
မုလန်လူမျိုးများသည် ငါးဖမ်းကုန်သည်အဖွဲ့မှာ သူတို့အနေဖြင့် ပြဿနာရှာခြင်းငှာ မသင့်ကြောင်း နားလည်သဖြင့် တကယ်တမ်း မလှုပ်ရှားရဲပါချေ။ ငါးဖမ်းကုန်သည်အဖွဲ့အား ချောင်ပိတ်ရိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေကြ၏၊
နန်ပါးထျန်းနှင့်လက်အောက်ငယ်သားများသည်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်ထားကြသည်။ သူတို့သည်လည်း မုလန်လူမျိုးများကို ကိုယ်ထိလက်ရောက် အပြစ်မပြုရဲပါချေ။ ထိုသို့ပြုမူလိုက်ခြင်းသည် မုလန်လူမျိုးများကို ဒေါသပေါက်ကွဲသွားစေပြီး ပဋိပက္ခများ ဖြစ်ပွားသွားမည်ကို စိုးရိမ်နေခဲ့သည်။
နှစ်ဖက်စလုံးသည် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားကြလျက် မုလန်လူမျိုးများသည်တော့ လက်မပါဘဲ စကားလုံးများဖြင့် တိုက်ခိုက်နေခဲ့သည်။ နန်ပါးထျန်းသည်တော့ အရူးများ၏ကျမ်းစာကို နားထောင်နေရသည်ဟု သဘောထားကာ နားထိုင်းတစ်ဦးအဖြစ်နေထိုင်ခြင်း နည်းဗျူဟာကို အသုံးပြုနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ငါးဖမ်းကုန်သည်အဖွဲ့သားငယ်လေးများသည် နန်ပါးထျန်းကို မုလန်လူမျိုးများမှ မျက်နှာချင်းဆိုင်၍ ဆဲရေးတိုင်းထွာခြင်းမပြုနိုင်အောင် ဝန်းရံကာကွယ်ပေးထားသည် မဟုတ်ပါလော။
ဤဟာသပြကွက်ကြီး အထွတ်အထိပ်သို့ ရောက်လုချိန်၌ ယဲ့လုဖုန်းမှ မြင်းကို အပြေးနှင်လျက် ရောက်ရှိလာခဲ့သည်။
ယဲ့လုဖုန်းသည် အခြေအနေတစ်ရပ်လုံးကို အကဲခတ်ကြည့်ရှုလိုက်သည်။ အဝိုင်းခံထားရသည့် နန်ပါးထျန်း၊ အဖွင့်ခံထားရကာ မြေပြင်ထက် ပြန့်ကျဲနေသည့် ခေါင်းတလားများ… လုံးဝ ပရမ်းပတာ အခြေအနေပင်။
ထိုပရမ်းပတာအခြေအနေကို မြင်တွေ့လိုက်ရသည်တွင် ချီမုကောသည် အတွင်းအားကို အစွမ်းကုန် အသုံးပြု၍ အော်ပြောလိုက်သည်။
“အားလုံးပဲ ရပ်ကြစမ်း၊ သခင်ကြီးယဲ့လု ရောက်လာပြီ”
ထိုအခါ အားလုံးသည် ရပ်တန့်သွားကြ၏။ မုလန်လူမျိုးများသည် ယဲ့လုဖုန်းရောက်လာသည်ကို မြင်သောအခါ အားအာထိုက်၏ ဦးဆောင်မှုဖြင့် ယဲ့လုဖုန်းထံ အပြေးချဉ်းကပ်လာကြသည်။
“သခင်ကြီးယဲ့လု နောက်ဆုံးတော့ ရောက်လာပြီပဲ။ သခင်ကြီး မုလန်လူမျိုးတွေအတွက် ရပ်တည်ပေးရပါမယ်။ ဒီဟန့်လူမျိုးတွေက သူတို့ သူတို့က ကျုပ်တို့ကို ခေါင်းပေါ်တက်စော်ကားနေပြီဗျ”
“ဒီမှာကြည့်ပါဦး သခင်ကြီးယဲ့လု၊ သူတို့ ကျုပ်တို့လူမျိုးတွေရဲ့ အုတ်ဂူတွေကို တူးထားတယ်။ သူတို့က ကျုပ်တို့မုလန်လူမျိုးတွေကို ဘယ်တုန်းကမှ လေးစားသမှုရှိခဲ့တာ မဟုတ်ဘူး။ သူတို့ သူတို့က ကျုပ်တို့မုလန်လူမျိုးတွေကို သေစေချင်နေတာ”
“သခင်ကြီးယဲ့လု သခင်ကြီးက ကျုပ်တို့မုလန်လူမျိုးတွေကို ကိုယ်စားပြုသူပါ။ သခင်ကြီး ဒီကိစ္စကို လျစ်လျူရှုလိုက်လို့ မရပါဘူး။ အရင်တစ်ခေါက် ချန်ကျိုစစ်ရဲ့အမှုတုန်းက သက်သေမလုံလောက်လို့ သခင်ကြီးက ကျုပ်တို့ဘက်မှာ ရပ်တည်မပေးနိုင်ခဲ့ဘူး။ ကျုပ်တို့လည်း အဲဒါကို လက်ခံပေးခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သခင်ကြီးယဲ့လု.. သခင်ကြီး ဒီမြေပြင်ပေါ် ပြန့်ကျဲနေတဲ့ ခေါင်းတလားတွေကို ကြည့်ပါ။ ဒါတွေက သက်သေပဲ မဟုတ်လား”
“သခင်ကြီးယဲ့လု ကျေးဇူးပြုပြီး ကျုပ်တို့မုလန်လူမျိုးတွေအတွက် ရပ်တည်ပေးပါ။ ဒီတစ်ကြိမ်လည်း သခင်ကြီးက ကျုပ်တို့အတွက် တရားမျှတမှု ရယူမပေးဘူးဆိုရင် အနာဂတ်မှာ ဟန့်လူမျိုးတွေက ကျုပ်တို့ကို အဆုံးစွန်အထိ အနိုင်ကျင့်ကြလိမ့်မယ်။ သခင်ကြီး… ဝူး ဝူး…”
အားအာထိုက်သည် ထိုအထိပြောပြီးနောက် ဝမ်းနည်းပူဆွေးမှုများ လှိုက်တက်လာကာ စတင်၍ ငိုကြွေးတော့သည်။ ထိုအသံကြောင့် ယဲ့လုဖုန်းမှာ ပို၍ မျက်မှောင်ကြုတ်သွားရသည်။
စီရင်စုအုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် ယဲ့လုဖုန်းသည် ထိုဒေသခံမုလန်လူမျိုးများကို များများစားစား အရေးမစိုက်သော်ငြား လုံးဝကြီး လျစ်လျူရှုထားရန်လည်း မတတ်နိုင်ချေ။ ဒေသခံမုလန်လူမျိုးများကို ကာကွယ်ပေးရန်မှာလည်း စီရင်စုအုပ်ချုပ်ရေးမှူးတစ်ယောက်၏ တာဝန်ဖြစ်ပေသည်။
ယဲ့လုဖုန်းမှ ပြောသည်။
“ဦးလေးအားအာထိုက် ပြီးတော့ အားလုံး.. ခင်ဗျားတို့ စိတ်ချပါ။ ကျုပ်တို့မုလန်လူမျိုးတွေက ကောင်းကင်ဘုံရဲ့မျိုးဆက်တွေပါ။ တစ်ပါးသူ အနိုင်ကျင့်တာကို ခံနေမှာ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားတို့အတွက် တရားမျှတမှု ရယူပေးမှာပါ”
“နန်ပါးထျန်း”
ယဲ့လုဖုန်း ဒေါသတကြီး အော်လိုက်သည်။ ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ဘေးဖယ်၍ နန်ပါးထျန်းအတွက် လမ်းလုပ်ပေးလိုက်ကြသည်။
နန်ပါးထျန်းနှင့်အတူ ထန်ဇီယွဲ့နှင့် ချင်းယင်တို့လည်း ယဲ့လုဖုန်းအနီးသို့ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်သည်။
“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”
ယဲ့လုဖုန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ရှင်းပြစမ်းပါဦး”
နန်ပါးထျန်းသည် ကသိကအောက်နိုင်လှစွာ ပြုံးလိုက်ပြီး ပြောသည်။
“သခင်ကြီးယဲ့လု ဒီလိုပါ.. ကျွန်တော်တို့ ဒီနေ့ ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေထဲမှာ ဘာမှရှာမတွေ့ခဲ့ဘူး မဟုတ်ပါလား။ ပြီးတော့ ကျွန်တော်က တုံးတုံးအအနဲ့ အရှေ့မြို့ဂိတ်တံခါးက အစောင့်တွေအားလုံးကိုပါ နေရာရွှေ့ပြောင်းခိုင်းမိပြီးတော့ စွင်းထျဲချွေ့နဲ့ မိန်ဂိုဏ်းသားတစ်အုပ်ကို မြို့ပြင်ထွက်ဖို့ အခွင့်အရေးရသွားစေခဲ့တယ်။ ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော့်တို့ရဲ့ စိစစ်သုံးသပ်မှုအရ စစ်လက်နက်ပစ္စည်းတွေလည်း မြို့ပြင်ရောက်သွားပြီလို့ သုံးသပ်မိပါတယ်။ ပြီးတော့ အဲဒီလက်နက်တွေကို မြို့ပြင်သယ်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းက အထက်တန်းလွှာမုလန်လူမျိုးတွေရဲ့ ခေါင်းတလား၃၆လုံးကို အသုံးချသယ်ထုတ်ဖို့ပါပဲ…”
“အဲဒါကြောင့် စစ်လက်နက်ပစ္စည်းတွေကို ရှာဖွေဖို့အတွက် ကျွန်တော်တို့က မုလန်လူမျိုးအထက်တန်းလွှာတွေရဲ့ ခေါင်းတလားတွေကို ပြန်တူးခဲ့တာပါ”
“သောက်အဓိပ္ပာယ်မရှိတာတွေ”
နန်ပါးထျန်း၏စကားတွင် မုလန်လူမျိုးများသည် အလွန်တရာ ဒေါသထွက်ကုန်ကြလေသည်။ နန်ပါးထျန်းသည် သူတို့မုလန်လူမျိုးများ၏ အုတ်ဂူများကို တူးဖော်ခဲ့သည့်အပြင် သူတို့ကိုပါ မိန်ဂိုဏ်းသားများအတွက် လက်နက်သယ်ထုတ်ဖို့ ကူညီပေးခဲ့သည်ဟု စွပ်စွဲနေပြန်သည်။
ဒီလူက အရှက်လုံးဝမရှိဘူးလား။ ငါတို့က မိန်ဂိုဏ်းနဲ့ ကမ္ဘာမကျေရန်သူတွေပဲ။ ငါတို့က ငါတို့ကိုပြန်တိုက်ခိုက်မယ့် ရန်သူတွေအတွက် လက်နက်တွေကို သယ်ထုတ်ပေးတယ်တဲ့လား။
အဓိပ္ပာယ်မရှိလိုက်တာ။ ငါ့အထင်တော့ ဒီလူတွေက ဆင်းရဲနွမ်းပါးမှုကြောင့် ရူးသွပ်သွားကြပြီပဲ။ ငါတို့မုလန်လူမျိုးတွေက ငွေကြေးကြွယ်ဝတာကိုမြင်တော့ ငါတို့မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေကို ဖွင့်ပြီး ရွှေတွေ၊ငွေတွေ ခိုးယူချင်နေတာပဲ။ ဒီသိုင်းလောကအဖွဲ့အစည်းတွေဆိုတာက တကယ်တော့ သူခိုးဓားပြကောင်တွေသက်သက်ပဲ။
နန်ပါးထျန်း၏စကားများကြောင့် မုလန်လူမျိုးများသည် ဒေါသပေါက်ကွဲကာ နန်ပါးထျန်းကို ဆဲရေးတိုင်းထွာကြတော့သည်။ နန်ပါးထျန်းအား အနိမ့်ပါးဆုံးသော အောက်တန်းကျသူ၊ သင်္ချိုင်းဖောက်သမား၊ မျိုးဆက်မပြန့်ပွားနိုင်သည့် ဂူဖောက်သူခိုး စသဖြင့် ဆဲရေးကြသည်မှာ တစ်ခွန်းတစ်ပါဒမျှ နားထောင်မကောင်းနေပါချေ။
နန်ပါးထျန်းသည် မျက်နှာအရေထူသူဖြစ်ရာ မျိုးဆက်မပြန့်ပွားနိုင်သည့် ဂူဖောက်သူခိုးဟု ပြောလာသူကို တစ်ချက်ကြည့်လိုက်ရုံမှအပ အခြားတုံ့ပြန်မှု အလျဉ်းမရှိပေ။
ယဲ့လုဖုန်းသည်လည်း လူအုပ်ကြီး၏ ဆဲဆိုသံများကို နားထောင်နေခဲ့သည်။ အားလုံးဆဲဆိုပြီးစီးလုနီးကာ အရှိန်ကျသွားပါမှ ယဲ့လုဖုန်းသည် လက်တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ပြောသည်။
“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျုပ်ကို စကားဆုံးအောင် ပြောခွင့်ပြုပါဦး”
ထိုအခါ မုလန်လူမျိုးများသည် တိတ်ဆိတ်သွားကြကာ ယဲ့လုဖုန်းအား မေးခွန်းဆက်ထုတ်စေသည်။ အနည်းငယ်မျှ ဒုက္ခခံပြီးနောက်၌ မုလန်လူမျိုးများသည် အမှန်စင်စစ် အင်အားအာဏာရှိသူမှာ မည်သူဖြစ်ကြောင်း စတင်၍ နားလည်လာခဲ့လေပြီ။ ယဲ့လုဖုန်းတွင် စစ်တပ်အင်အားရှိ၏။ သို့ဖြစ်ရာ ယဲ့လုဖုန်းသာလျှင် အမှန်စင်စစ် အင်အားအာဏာရှိသူ ဖြစ်သည်။
ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ကြည့်၍ မေးသည်။
“မိန်ဂိုဏ်းသားတွေက ငါတို့မုလန်လူမျိုးတွေရဲ့ ခေါင်းတလားတွေကို အသုံးချပြီး စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်သယ်ထုတ်ခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်”
“သခင်ကြီး ကျွန်တော်ရှာတွေ့ထားတဲ့ ဒီမြားခေါင်းကို ကြည့်ပါဦး”
နန်ပါးထျန်းသည် ပြောရင်းဖြင့် သူပြင်ဆင်ထားသည့် မြားခေါင်းအား ယဲ့လုဖုန်းကို ပြလိုက်သည်။
ယဲ့လုဖုန်းသည် မြားခေါင်းကို ယူ၍ စစ်ဆေးကြည့်ရှုရင်း ပြောသည်။
“လေးတစ်လက်အတွက် မြားခေါင်းတစ်ခု၊ ဒါက ဘယ်လိုလုပ်ပြီး သက်သေဖြစ်နိုင်မှာလဲ”
“သခင်ကြီး ဒါက မိန်ဂိုဏ်းသားတွေ ပို့ဆောင်နေတဲ့ စစ်လက်နက်ပစ္စည်းပါ။ ဒီမြားခေါင်းက အခင်းနေရာမှာ ကျကျန်ခဲ့တာဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီမြားခေါင်းကို ထာရာရဲ့ခေါင်းတလားထဲမှာ ရှာတွေ့ခဲ့တာပါ”
ထိုအခါ ယဲ့လုဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အနားတွင် ရပ်နေသည့် အားအာထိုက်သည်လည်း အံ့အားသင့်သွား၏။
ဒီလိုပစ္စည်းက ဘယ်လိုလုပ်ပြီး ခေါင်းတလားထဲမှာ ရှိနေနိုင်မှာလဲ။ ဒါပေမဲ့ ငါတို့က တကယ်ပဲ မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်သယ်ထုတ်မိခဲ့ရင်တောင်မှ ဒီအချိန်မှာ ငါတို့ ဝန်ခံလိုက်လို့ မဖြစ်ဘူး။
***