“ဖုန်းရွှေလား”
ယဲ့လုဖုန်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ဆက်ပြောသည်။
“ကျိုးယိက ထူးခြားဆန်းကြယ်ပြီး ရှုပ်ထွေးပါတယ်။ ငါ့ရဲ့နားလည်နိုင်စွမ်းက အကန့်အသတ်ရှိတော့… မင်းက ငါနဲ့ ဖုန်းရွှေအကြောင်း ဆွေးနွေးပြောဆိုချင်လို့လား”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်လည်း ဟုတ်သလို မဟုတ်လည်း မဟုတ်ပါဘူး။ သခင်ကြီး ကျေးဇူးပြုပြီး ဒီကိုတစ်ချက်ကြည့်ပေးပါ။ ဒီနေရာရဲ့ဖုန်းရွှေကို သခင်ကြီး ဘယ်လိုထင်ပါသလဲ”
ယဲ့လုဖုန်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ အရှေ့တွင် သစ်ပင်များရှိပြီး အနောက်တွင် မြစ်ရှိသည်။ ယဲ့လုဖုန်း မျက်မှောင်ကြုတ်မိလိုက်၏— ဒီနေရာက သိပ်ပြီး နိမိတ်မကောင်းဘူးပဲ။
“သခင်ကြီးလည်း ပြဿနာကို ရှာတွေ့လောက်မယ် ထင်ပါတယ်။ အမှန်ပါပဲ။ ပထဝီမြေပြင်အနေအထားအရ တောင်တွေရှိရာဟာ ရတနာမြေပါပဲ။ တောင်အနီးမှာ မြှုပ်နှံတာက နောင်လာနောက်သားမျိုးဆက်တွေကို ကောင်းချီးပေးပေမဲ့ ရေအနီးမှာ မြှုပ်နှံတာကတော့ ကျိန်စာတိုက်လိုက်သလိုပါပဲ”
“အထူးသဖြင့် ဒီနေရာပါ”
ထန်ဇီယွဲ့သည် ပတ်ဝန်းကျင်ကို ညွှန်ပြလျက် ပြောသည်။
“သခင်ကြီး ကျေးဇူးပြုပြီး ကြည့်ပါ။ ဒီနေရာက မြစ်နဲ့ အရမ်းနီးပါတယ်။ ရေကြီးရေလျှံတဲ့ရာသီရောက်တာနဲ့ ရေတွေက ဒီနေရာကို သေချာပေါက် ဖုံးလွှမ်းတိုက်စားသွားမှာပါ။ အဲဒီအခါကျ ခေါင်းတလားတွေက ရေထဲ မျောပါကုန်နိုင်ပါတယ်။ ရေလွှမ်းခံရတဲ့ ရတနာလိုဏ်ဂူဆိုတာ အလွန်တရာမှ ကြီးလေးတဲ့ ကျိန်စာကြီးပါပဲ”
ထိုအခါ ယဲ့လုဖုန်းသည် မြစ်ကိုတစ်လှည့် ခေါင်းတလားများကိုတစ်လှည့် အပြန်အလှန်ကြည့်လိုက်သည်။ ထို့နောက် မေးသည်။
“မင်း တကယ်ပဲ ဘာပြောချင်နေတာလဲ”
“သခင်ကြီးလည်း ထူးဆန်းတယ်လို့ တွေးမိတယ်မလား။ ကွယ်လွန်သူကိုမြှုပ်နှံတဲ့အခါ ဘယ်သူကများ နောင်လာနောက်သားတွေရဲ့ကောင်းချီးကို ထည့်မတွက်ဘဲ မြှုပ်နှံမှာတဲ့လဲ။ အဲဒါတောင်မှ ဒီနေရာလို ကျိန်စာသင့်သင်္ချိုင်းမြေကို ဖန်တီးခဲ့သေးတယ်။ ဒီလိုလုပ်ရတာက ထာရာမိသားစု တိုးတက်ကြီးပွားမှာကို စိုးရိမ်လို့များလား။ ဒီလိုက လုံးဝ ကျိုးကြောင်းမဆီလျော်ဘူးလေ”
ချီမုကောမှ ကြားဖြတ်ပြောသည်။
“ထာရာမိသားစုက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတာ။ နောင်လာနောက်သား မရှိတော့ဘူး”
ထန်ဇီယွဲ့ ဆွံ့အသွားရသည်။
“အဲဒါက ပိုလို့တောင် ထူးဆန်းသေးတယ်။ ဖုန်းရွှေဆရာက ဘာလို့ ဒီလို အရမ်းမင်္ဂလာမရှိတဲ့နေရာကို သင်္ချိုင်းနေရာအဖြစ် ရွေးချယ်လိုက်ရတာလဲ။ အရမ်းထူးဆန်းမနေဘူးလား။
ယဲ့လုဖုန်းမှ ပြောသည်။
“ဆက်ပြောပါ”
“ဒါပေမဲ့ သခင်ကြီး၊ ကျွန်တော် ခုနကပဲ အနီးကပ် သေချာကြည့်လိုက်ပါတယ်။ ကျွန်တော်တို့ ဒီနေရာကို ဖုန်းရွှေပညာရပ်ရှုထောင့်ကနေ မကြည့်ဘူးဆိုရင် သူတို့ရွေးချယ်ထားတဲ့ ဒီနေရာက အရမ်းကောင်းမွန်ပါတယ်။ ဒီနေရာက သယ်ယူပို့ဆောင်ရေးအတွက် ရတနာတစ်ပါးလိုနေရာမို့လို့ပါ”
“မျန့်ရွှေမြစ်မှာ သင်္ဘောတချို့ စောင့်ခိုင်းထားပြီး ခေါင်းတလားတွေရောက်တာနဲ့ လက်နက်တွေကို သင်္ဘောပေါ် ချက်ချင်းတင်ပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားလို့ရပါတယ်။ နှစ်နာရီမပြည့်တဲ့ အချိန်အတွင်းမှာပဲ မျန့်ရွှေမြစ်ရဲ့ အဓိကမြစ်ကြောင်းဆီ ရောက်ပြီးတော့ မြောက်ပိုင်းကို ဆက်သွားလိုက်မယ်ဆိုရင် မြောက်ပိုင်းဒေသက မိန်ဂိုဏ်းဆီကို လက်နက်တွေ ပို့ဆောင်နိုင်ပါတယ်”
“ပြီးတော့လည်း သခင်ကြီး ခုနက မြားခေါင်းကို သခင်ကြီး ကြည့်လိုက်တယ်မဟုတ်လား။ အဲဒီမြားခေါင်းက ထာရာအသက်ရှင်စဉ်က ပိုင်ဆိုင်ခဲ့တဲ့မြားခေါင်းလို့ သူတို့ပြောသွားပေမဲ့ မြားခေါင်းကို သေချာကြည့်လိုက်ရင် မြားခေါင်းကို သွန်းလုပ်ထားတာ အချိန်မကြာသေးတာကို သတိထားမိနိုင်ပါလိမ့်မယ်။ ဒီမြားခေါင်းကို သွန်းလုပ်ထားတာ ငါးရက်တောင် မကြာလောက်သေးပါဘူး။ ဒီမြားခေါင်းအသစ်ရဲ့ အထစ်နေရာက မြားတံမှာ မတပ်ဆင်ရသေးတာကို ပြသနေပါတယ်။ မုလန်လူမျိုးတွေက သီးသန့်ပြုလုပ်ထားတဲ့ မြားတံတွေကို အသုံးပြုတာ မဟုတ်ပါလား”
“အဲဒါကြောင့် ဒီမြားခေါင်းက မိန်ဂိုဏ်းသားတွေ လက်နက်ရွှေ့ပြောင်းသယ်ယူစဉ်မှာ အမှုမဲ့အမှတ်မဲ့ ကျကျန်ခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ သံသယက ကျိုးကြောင်းဆီလျော်ပါတယ်”
ယဲ့လုဖုန်းသည် အချိန်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ပြောသည်။
“ဒါတွေအားလုံးက မင်းရဲ့ တစ်ဖက်သတ် သုံးသပ်ချက်တွေပဲလေ။ ငါက မင်းကို ဘယ်လိုယုံကြည်ရမှာလဲ။ မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့သူက မင်းတို့မဟုတ်ပါဘူးလို့ ငါဘယ်လိုယုံကြည်ရမှာလဲ”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“သခင်ကြီး သံသယဝင်တာ ဖြစ်သင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်သူ့ကိုမှ လုံးလုံးလျားလျား အပြစ်ကင်းစင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ သခင်ကြီး၊ ကျွန်တော်တို့ကို သခင်ကြီးက လက်ပူးလက်ကြပ် ဖမ်းမိထားခဲ့ပါပြီ။ ကျွန်တော်တို့ကို ပေးအပ်တဲ့ အပြစ်ဒဏ်ကိုလည်း ခံယူပြီးပါပြီ။ ကျွန်တော်တို့မှာ အတိတ်ကို ပြန်မွှေနှောက်ပြီး သခင်ကြီးရဲ့ အာရုံစိုက်မှုကို ရယူဖို့ အကြောင်းပြချက်မရှိတော့ပါဘူး”
“ကျွန်တော်တို့သာ မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာမှန်ရင် ပုန်းကွယ်ပြီး ဆိတ်ဆိတ်နေခဲ့မှာပေါ့။ သခင်ကြီးရှေ့မှာ ဒီလိုတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လူမိအောင် လုပ်မှာ မဟုတ်ပါဘူး။ သခင်ကြီးရဲ့ဥာဏ်အမြော်အမြင်နဲ့ဆို ကျွန်တော်တို့ဘက်က ပိုပြီးလုပ်ဆောင်လေလေ ပြစ်ချက်တွေပဲ ပိုပိုပြီး ထွက်ပေါ်လာမှာပါ။ သခင်ကြီးအနေနဲ့လည်း ကျိုးကြောင်းမဆီလျော်မှုတွေကို ပိုပြီး လွယ်လွယ်နဲ့ သတိထားမိသွားမှာပါ။ အဲဒီလိုဆိုမှတော့ ကျွန်တော်က ဘာလို့များ ဒီလိုရဲရဲတင်းတင်း ပြောနေဦးမှာပါလဲ”
ယဲ့လုဖုန်းသည် ထန်ဇီယွဲ့ကို ကြည့်နေခဲ့သည်။ ယဲ့လုဖုန်းသည် အမှန်တကယ်ပင် စိတ်ယိမ်းယိုင်သွားခဲ့ပါ၏။ ထန်ဇီယွဲ့၏ စကားများသည် အမှန်တကယ်ပင် အစီအစဉ်ကျနပြီး ဖြစ်နိုင်ခြေမြင့်မားပေသည်။ သူကိုယ်တိုင်က မိန်ဂိုဏ်းသားဖြစ်ခဲ့လျှင်လည်း ထိုသို့နည်းပရိယာယ်မျိုးကို အသုံးပြုခဲ့လောက်ပေသည်။
မုလန်လူမျိုးများ၏ ခေါင်းတလားများကို အသုံးပြု၍ စစ်လက်နက်ပစ္စည်းများကို မြို့ပြင်ထုတ်ပြီး မြစ်ကမ်းဘေးကို သင်္ချိုင်းမြေအဖြစ် သတ်မှတ်ကာ လက်နက်များကို သင်္ဘောပေါ်တင်၍ မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းသွားကာ မျန့်ရွှေမြစ် အဓိကမြစ်ကြောင်းထဲသို့ ရောက်ရှိိပြီး မြောက်ပိုင်းဒေသသို့ လက်နက်များကို ပို့ဆောင်မည်။
မြောက်ပိုင်းဒေသသို့ ရောက်သော် ထိုလက်နက်များသည် မိန်ဂိုဏ်းသားမိစ္ဆာများ၏ မုလန်လူမျိုးစစ်သည်တော်များကို သတ်ဖြတ်ရန် လက်နက်ဖြစ်သွားလိမ့်မည်။
ထိုသို့ဖြစ်သွားပါက အားလုံးသည် သူ ယဲ့လုဖုန်း၏ အမှားကြောင့်ပင်။
ထိုသို့အတွေးတွင် ယဲ့လုဖုန်းသည် မျက်ခုံးနှစ်ခု ထိစပ်လုမတတ် တွန့်ချိုးသွားမိရသည်။ ထို့နောက် ပြောသည်။
“ထန်ဇီယွဲ့ မင်းဆိုလိုတာက စစ်လက်နက်ပစ္စည်းတွေက မြို့ပြင်ကို သယ်ထုတ်သွားခံရပြီးပြီ။ အဲဒီအပြင် မျ့န်ရွှေမြစ်ကြောင်းတစ်လျှောက် သယ်ထုတ်သွားခံလိုက်ရပြီဖြစ်နိုင်တယ်ပေါ့ ဟုတ်သလား”
“သခင်ကြီး စစ်လက်နက်ပစ္စည်းတွေ မြို့ပြင်ရောက်သွားပြီဆိုတာ ဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမဲ့ မျန့်ရွှေစီရင်စုထဲကနေတော့ သယ်မထုတ်ရသေးလောက်ပါဘူး”
“အို ပြောစမ်းပါဦး”
ထန်ဇီယွဲ့မှ ရှင်းပြသည်။
“မြောက်ပိုင်းဒေသကို စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ဖို့ဆိုရင် သာမန်သင်္ဘောတွေနဲ့ မရပါဘူး။ နည်းနည်းပိုကြီးတဲ့ ကုန်တင်သင်္ဘောတွေကို အသုံးပြုဖို့လိုပါတယ်။ လက်ရှိ မျန့်ရွှေမှာ အဲဒီလိုသင်္ဘောတွေကို အသုံးပြုနိုင်တာက ကုန်သည်အဖွဲ့သုံးခုပဲ ရှိပါတယ်”
ယဲ့လုဖုန်း မျက်လုံးမှေးကျုံ့လိုက်သည်။
“ချောင်ကုန်သည်အဖွဲ့၊ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ကျားဖြူခန်းမပဲ”
ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ဟုတ်ပါတယ်။ ဒီကုန်သည်အဖွဲ့သုံးခုက မျန့်ရွှေရဲ့ သင်္ဘာလုပ်ငန်းအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားတာပါ။ ဒီအထဲမှာမှ ချောင်ကုန်သည်အဖွဲ့က သင်္ဘောအများဆုံးပိုင်ဆိုင်ပြီး အဲဒီနောက် ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ကျားဖြူခန်းမအဖွဲ့တို့က ဒုတိယ၊ တတိယ အများဆုံး ပိုင်ဆိုင်ထားပါတယ်”
“အို အဲဒီတော့ လက်နက်တွေကို စီရင်စုအပြင်ဘက်ကို သယ်ထုတ်ဖို့ဆိုရင် ဒီကုန်သည်အဖွဲ့သုံးခုရဲ့ သင်္ဘောတွေကို မလွဲမသွေ အသုံးပြုရမယ်လို့ ဆိုလိုတာလား။ ဒါဆို ဒီကုန်သည်အဖွဲ့သုံးခုရဲ့ သင်္ဘောတွေကို ရပ်နားခိုင်းလိုက်ရင် မျန့်ရွှေကနေ လက်နက်တွေ သယ်ထုတ်ဖို့အတွက် ခက်ခဲသွားလိမ့်မယ်၊ အိုးတစ်လုံးထဲမှာ ပိတ်မိနေတဲ့ လိပ်တွေလို ဖြစ်သွားလိမ့်မယ်ပေါ့ ဟုတ်သလား”
ထန်ဇီယွဲ့ ရယ်မောလိုက်သည်။
“အမှန်ပါပဲ”
ယဲ့လုဖုန်း ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်ပြီး မှတ်ချက်ပြုသည်။
“အင်း မင်းက အတော်ထက်မြက်တာပဲ”
“ကျေးဇူးတင်ပါတယ် သခင်ကြီး။ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါပဲ”
“ကိစ္စတွေက တကယ်ပဲ မင်းပြောသလိုဖြစ်နေခဲ့ရင် ငါ မင်းကို ထိုက်ထိုက်တန်တန် ချီးမြှင့်မယ်”
“သခင်ကြီး ကျွန်တော် ဆုလာဘ်ချီးမြှင့်ခံရတာကို မလိုချင်ပါဘူး။ သခင်ကြီးအနေနဲ့ ခေါင်းဆောင်ကို အခွင့်အရေးတစ်ခေါက်လောက် ပေးနိုင်ဖို့ပဲ မျှော်လင့်တာပါ။ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ခေါင်းဆောင်က တကယ် ထောင်ချောက်ဆင်ခံရတာပါ။ ကျေးဇူးပြုပြီး အခြေအနေကို ပြန်လည်သုံးသပ်ပေးတော်မူပါ သခင်ကြီး”
ထန်ဇီယွဲ့မှ အရိုအသေပြုလျက် တောင်းဆိုခဲ့သည်။ ယဲ့လုဖုန်းမှ ထန်ဇီယွဲ့ကို မေးသည်။
“မင်းက ဒီအကြံပြုချက်ကို ခေါင်းဆောင်နန်ရဲ့အနာဂတ်နဲ့ လဲလှယ်ဖို့ကြိုးစားနေတာလား”
“မဟုတ်ပါဘူး။ ကျွန်တော်က ဒီတိုင်း သခင်ကြီးအနေနဲ့ ခေါင်းဆောင်ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးနိုင်ဖို့ မျှော်လင့်ရုံပါ။ ခြုံငုံကြည့်လိုက်ရင် ကုန်တင်သင်္ဘောတွေကို စစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ ရေကြောင်းတစ်လျှောက်က သံသယဖြစ်ဖွယ် သင်္ဘောငယ်လေးတွေကို စစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ အဲဒီလိုတာဝန်တွေက ကျွန်တော်တို့ခေါင်းဆောင် အထူးကျွမ်းကျင်တဲ့အပိုင်းတွေပါ။ ကျေးဇူးပြုပြီး သခင်ကြီးအနေနဲ့ ကျွန်တော်တို့ခေါင်းဆောင်ကို မတရားစွပ်စွဲခံရတာကို ပြန်ချေဖျက်ဖို့ အခွင့်အရေးတစ်ကြိမ်လောက် ပေးနိုင်မလား”
***