*
“ရေကြောင်းတစ်လျှောက်ကို ရှာဖွေမယ်တဲ့လား”
ယဲ့လုဖုန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ထန်ဇီယွဲ့ကို ကြည့်နေခဲ့သည်။ ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်ပါတယ်။ ရေကြောင်းတစ်လျှောက်ကို ရှာဖွေရမှာပါ သခင်ကြီး။ မျန့်ရွှေမြစ်မှာ ပြေးဆွဲတဲ့ သင်္ဘောတွေကို ကုန်သည်အဖွဲ့နှစ်ခုကသာ ပိုင်ဆိုင်ပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ပါ။ ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့သားတွေ အကုန်လုံးကို မြို့အနှံ့လူဖြန့်ထားပါတယ်”
“စစ်လက်နက်ပစ္စည်းတွေကို သင်္ဘောနဲ့ သယ်ပို့မယ်ဆိုရင် ကျိန်းသေပေါက် လူမြင်ခံရမှာပါပဲ”
“လူမြင်ခံရမှာပဲတဲ့လား။ လူမြင်ခံရတော့ရော ဘာဖြစ်သလဲ။ သင်္ဘောထဲမှာ ရှိနေတာက စစ်လက်နက်ပစ္စည်း ဟုတ်၊မဟုတ် ဘယ်လိုအတည်ပြုနိုင်မှာလဲ”
ဘေးတွင် ရပ်နားထောင်နေသည့် ချီမုကောမှ မေးမြန်းရာ ထန်ဇီယွဲ့မှ အပြုံးဖြင့် ပြန်ဖြေသည်။
“တပ်မှူး သံထည်ပစ္စည်းက တခြားကုန်ပစ္စည်းတွေနဲ့ မတူပါဘူး။ လေးလံပါတယ်။ သင်္ဘောငယ်လေးနဲ့ စစ်လက်နက်ပစ္စည်းတွေကို သယ်ယူမယ်ဆိုရင် သင်္ဘောကိုယ်ထည်က ရေထဲမှာ အတိုင်းအတာတစ်ခုအထိ နစ်မြုပ်နေမှာပါ။ ဒီလုပ်သက်ရင့်တံငါသည်တွေက တစ်ချက်ကြည့်ရုံနဲ့ ခွဲခြားသိနိုင်ပါတယ်။ အဲဒါကြောင့် ဒီလူတွေကို မျန့်ရွှေမြစ်တစ်လျှောက် စေလွှတ်စစ်ဆေးစေမယ်ဆိုရင် မိန်ဂိုဏ်းသားတွေ ဘယ်လိုမှ ပုန်းကွယ်နိုင်တော့မှာ မဟုတ်ပါဘူး”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အို ငါးဖမ်းကုန်သည်အဖွဲ့က ဒီလောက်တောင် နည်းပရိယာယ်ကြွယ်ဝသလား”
ထိုစကားအဆုံး၌ နန်ပါးထျန်းသည် နောက်ဆုံးတွင်တော့ အသိစိတ်ပြန်ကပ်သွားခဲ့ကာ ပြောသည်။
“သခင်ကြီးယဲ့လု စိတ်ချပါ။ စစ်လက်နက်ပစ္စည်းတွေကို ရေကြောင်းကနေ သယ်ယူပို့ဆောင်တယ်ဆိုရင် သေချာပေါက် ခြေရာလက်ရာကျန်ရစ်ခဲ့မှာပါပဲ။ ကျွန်တော် အခုချက်ချင်းပြန်သွားပြီး ငါးဖမ်းကုန်သည်အဖွဲ့သားတွေကို မျန့်ရွှေမြစ်က သင်္ဘောတွေအားလုံးကို ရှာဖွေခိုင်းလိုက်ပါမယ်။ မိန်ဂိုဏ်းသားတွေ လုံးဝ မလွတ်မြောက်စေရပါဘူး”
ထန်ဇီယွဲ့မှ ထပ်ပြောသည်။
“ပြီးတော့ မြစ်ကြောင်းတစ်လျှောက်က မြစ်ကင်းလှည့်စစ်သည်တွေကို အတည်ပြုပြသနိုင်ဖို့အတွက် သခင်ကြီးယဲ့လုရဲ့ လက်ရေးအမိန့်စာ လိုအပ်ပါတယ်။ ပြီးတော့လည်း ခေါင်းဆောင်က မြစ်ကြောင်းတစ်လျှောက်က ငါးဖမ်းကုန်သည်အဖွဲ့ဌာနခွဲတွေနဲ့ ချောင်ကုန်သည်အဖွဲ့ဌာနခွဲတွေကို ကြားဖြတ်စစ်ဆေးဖို့အတွက် ပြောဆိုဆက်ဆံရဦးမှာပါ။ ကျွန်တော်တို့ စစ်လက်နက်ပစ္စည်းတွေကို မြောက်ပိုင်းဒေသဆီ လုံးဝ ရောက်သွားခွင့်ပြုလို့ မဖြစ်ပါဘူး”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော် မြစ်ကြောင်းတစ်လျှောက်က ကျွန်တော့်ရဲ့မိတ်ဆွေတွေကို ဆက်သွယ်လိုက်မယ်။ ကျွန်တော်တို့ စစ်လက်နက်ပစ္စည်းတွေကို သေချာပေါက် တွေ့အောင်ရှာပေးပါ့မယ်”
ယဲ့လုဖုန်းသည် ခပ်ထေ့ထေ့ပြုံးလျက် တက်ကြွသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် နန်ပါးထျန်းကို ပြန်ပြောသည်။
“ဟားဟားဟား အရမ်းကောင်းတယ် အရမ်းကောင်းတယ်။ ခေါင်းဆောင်နန်က တကယ့်ကို သစ္စာစောင့်သိသူတစ်ယောက်ပါပဲ။ ဒီလိုဆိုမှတော့ စုံစမ်းစစ်ဆေးရေးတာဝန်ကို ခေါင်းဆောင်နန်ကိုပဲ အပ်နှံလိုက်တော့မယ်။ စစ်လက်နက်ပစ္စည်းတွေကို တွေ့အောင်ရှာနိုင်ခဲ့ရင် မျန့်ရွှေရဲ့ အင်အားအကြီးဆုံး ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာက မင်းအတွက်ပဲ ဆက်ဖြစ်နေမှာပါ”
“ကျွန်တော်တို့အပေါ် သဘောထားကြီးမြတ်ပေးတဲ့အတွက် သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”
နန်ပါးထျန်းသည် အလျင်အမြန် အရိုအသေပြု၍ ကျေးဇူးတင်စကားဆိုလိုက်သည်။ အင်အားအာဏာအားလုံး ဆုံးရှုံးရလုနီးသော ရှေ့တည့်တည့်ရှိ ကပ်ဘေးကြီးကို ရှောင်တိမ်းနိုင်ခဲ့လေပြီ။ ယခုတွင် အခြေအနေပြောင်းလဲသွားပြီဖြစ်ရာ နန်ပါးထျန်းသည် မိမိကိုယ်ကိုယ် ယခင်အတိုင်း အာဏာတည်မြဲသည့်ခံစားချက်ကို ပြန်လည်ခံစားလိုက်ရသည်။
ထို့နောက် နန်ပါးထျန်းမှ ပြောသည်။
“သခင်ကြီး ရေကြောင်းမှာ လျိုလောင်ကွေ့ရဲ့ ချောင်ကုန်သည်အဖွဲ့ကလည်း သွားလာနေပါတယ်။ ချောင်ကုန်သည်အဖွဲ့က ကုန်တင်သင်္ဘောအများဆုံးပါပဲ။ သူတို့ ပူးပေါင်းဆောင်ရွက်မပေးမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”
ထိုအခါ ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“အဲဒါက လွယ်ပါတယ်။ ငါ ခေါင်းဆောင်လျိုကို မင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခိုင်းလိုက်မယ်”
ထိုအခါ နန်ပါးထျန်းသည် ချက်ချင်း အရိုအသေပြု၍ ပြောလိုက်သည်။
“ဒါဆိုရင်တော့ လွဲချော်စရာမရှိတော့ပါဘူး။ သူတို့ ရေကြောင်းက သယ်ပို့ရဲရင် ကျွန်တော် သူတို့ကို သေချာပေါက် လွတ်မြောက်စေမှာ မဟုတ်ပါဘူး။ ကျွန်တော် မြစ်ကြောင်းတစ်လျှောက်က အဖွဲ့သားညီနောင်တွေအားလုံးကို လှုပ်ရှားခိုင်းလိုက်ပါမယ်။ မျန့်ရွှေမြစ်ပြင်ပေါ်ကနေ ငှက်တစ်ကောင်တောင် ဖြတ်ပျံပြေးမသွားနိုင်စေရပါဘူး။ သေချာပေါက် ဖမ်းဆီးပါ့မယ်”
ထိုစကားတွင် ယဲ့လုဖုန်း ရယ်မောလိုက်သည်။
“ဟားဟားဟား ကောင်းတယ် အရမ်းကောင်းတယ်”
“ခေါင်းဆောင်နန်က ဒီလောက် အသေအချာပြောနေမှတော့ ငါစိတ်ချပါပြီ။ ဒီကိစ္စကို ခေါင်းဆောင်နန်ကိုပဲ အပ်နှံလိုက်ပြီ။ စစ်လက်နက်ပစ္စည်းတွေကို ရှာတွေ့ခဲ့ရင် အတိတ်က အကြောင်းအရာအားလုံးကို ခွင့်လွှတ်ပေးမယ်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
နန်ပါးထျန်း အရိုအသေပြုလိုက်သည်။ နန်ပါးထျန်းမှာ မျက်နှာမှ အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။
အင်အားအာဏာပြန်ရပြီ။ အရင်ကထက်တောင် ပိုသာလွန်တဲ့ အင်အားကို ပိုင်ဆိုင်လိုက်ရပြီ။
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“ကောင်းပြီ။ ကျန်တာ မင်းကိုပဲ လွှဲထားခဲ့ပြီ”
ထိုသို့ပြောရင်း ယဲ့လုဖုန်းမှ လက်ဆန့်ထုတ်လိုက်သည်။ ထိုအခါ ချီမုကောသည် သူ၏ခါးထက်မှ တံဆိပ်ပြားတစ်ခုကို ဆွဲထုတ်ကာ နန်ပါးထျန်းကို ကမ်းပေး၏ ။
“ဒါက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့တံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားကို ပြသလိုက်ရင် စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် ရောက်ရှိနေသလို ပြုမူလုပ်ဆောင်ကြလိမ့်မယ်”
ထိုအခါ နန်ပါးထျန်း၏မျက်လုံးများ ရုတ်ချည်း တောက်ပသွား၏။ နန်ပါးထျန်းသည် တံဆိပ်ပြားကို ချက်ချင်း လက်ခံယူလိုက်သည်။ နန်ပါးထျန်းသည် တံဆိပ်ပြား လက်ထဲသို့ ရောက်ရှိလာသည်နှင့် မိမိကိုယ်ကိုယ် အလွန်ကြီးမြတ်သည်ဟု ခံစားလိုက်ရပေသည်။
ဤတံဆိပ်ပြားမှာ မျန့်ရွှေစီရင်စု၏ တော်ဝင်ဓားတစ်လက်ဖြစ်သည်။
ယဲ့လုဖုန်းသည် တံဆိပ်ပြားကို ပေးပြီးနောက် နေရာမှ ထွက်ခွာလာခဲ့သည်။ သို့သော် နန်ပါးထျန်းသည် တံဆိပ်ပြားကို ဆုပ်ကိုင်ရင်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ထန်ဇီယွဲ့ကို ကြည့်နေခဲ့သည်။ သူ၏ အဖိုးအတန်ဆုံးသော ဗျူဟာရှင်မှ အရေးကြုံသည့်အချိန်တွင် ကူညီကယ်ဆယ်ပေးခဲ့ခြင်းအတွက် စိတ်ရင်းအမှန်ဖြင့် အသိအမှတ်ပြုကျေးဇူးတင်နေခဲ့သည်။
ထန်ဇီယွဲ့သည် စကားလေး အနည်းငယ်မျှ ပြောဆိုလိုက်ရုံဖြင့် သခင်ကြီးယဲ့လုအား စစ်လက်နက်ပစ္စည်းရှာဖွေခြင်းကဲ့သို့ အရေးကြီးသည့် အလုပ်တာဝန်ကြီးကို သူ့ထံ အပ်နှံလာအောင် ဆွဲဆောင်ဖျောင်းဖျနိုင်ခဲ့သည်။ စစ်လက်နက်ပစ္စည်းများကိုသာ တွေ့အောင်ရှာနိုင်ပါက သူ၏ အတိတ်အပြစ်များကို ကျေအေးစေနိုင်ပြီး အရင်အတိုင်း မျန့်ရွှေတွင် အင်အားအကြီးမားဆုံး ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေနိုင်မည် ဖြစ်သည်။
ထို့ပြင် နန်ပါးထျန်းသည် ဤသို့အာဏာမျိုး လက်ထဲရှိနေချိန်တွင် ချန်ကျိုစစ်အား သေချာလေး ကိုင်လှုပ်ပေးရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ဤအရာအားလုံးသည် ထန်ဇီယွဲ့၏ကျေးဇူးကြောင့် ရရှိလာခြင်းဖြစ်ရာ နန်ပါးထျန်းသည် မထိန်းချုပ်နိုင်စွာ ပြန်လည်သုံးသပ်မိရသည်။
“ဇီယွဲ့ ငါ့ဘေးမှာရှိနေတာ လျိုပန်းနဲ့ ကျန်းလျန်တို့ အနားမှာ ရှိနေသလိုပါပဲလား”
နန်ပါးထျန်း ထိုသို့တွေးတောနေစဉ် ထန်ဇီယွဲ့မှ ရိုသေကျိုးနွံစွာ ပြောလာသည်။
“ခေါင်းဆောင် အခုက အတွေးများနေရမယ့်အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အရေးတကြီးလုပ်ဆောင်စရာတွေ အများကြီးရှိနေပါတယ်”
“အို အမြန်ပြောပါ ဇီယွဲ့”
နန်ပါးထျန်းမှ ထန်ဇီယွဲ့ကို အာရုံစိုက်လိုက်ေသာအခါ ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ချန်ကျိုစစ်နဲ့ လျိုလောင်ကွေ့အပိုင် ဆိပ်ကမ်းတွေကို ထိန်းချုပ်လိုက်ပါ။ ပြီးရင် သူတို့ရဲ့သင်္ဘောတွေကို စစ်ဆေးရပါမယ်။ အထူးသဖြင့် ချန်ကျိုစစ်ရဲ့သင်္ဘောတွေကို သေချာရှာဖွေစစ်ဆေးပါ။ သင်္ဘောတစ်စင်းပဲ လျော့နေရင်တောင် ကျွန်တော်တို့ ချန်ကျိုစစ်ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ပါဘူး။ အဲဒီအခါကျ ဟဟ…”
“တော်တယ် အရမ်းတော်တယ်ကွာ”
ထန်ဇီယွဲ့၏အစီအစဉ်ကို နားထောင်ပြီးနောက် နန်ပါးထျန်းသည် မထိန်းချုပ်နိုင်စွာ လက်ခုပ်တီးမိရသည်။
ဟုတ်တယ်။ ချန်ကျိုစစ်ရဲ့ဆိပ်ကမ်းတွေကို ထိန်းချုပ်ပြီး သူ့ရဲ့သင်္ဘောတွေကို ရှာဖွေစစ်ဆေးရမယ်။ သင်္ဘောတစ်စင်းဖြစ်ဖြစ် ပျောက်နေရင် ချန်ကျိုစစ်လည်း ဘာမှ ရှင်းပြနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအခါကျ ချန်ကျိုစစ်တော့ အဆုံးသတ်ပြီပဲ။
ထိုသို့အတွေးဖြင့် နန်ပါးထျန်းမှ စိတ်လှုပ်ရှားလျက် ပြောသည်။
“ကောင်းတယ် ကောင်းတယ်။ သွားကြစို့။ ချန်ကျိုစစ်ရဲ့ သားရဲဂူ ရှန်းထောင်ကူးတို့ဆိပ်ကနေ စလိုက်ကြတာပေါ့”
နန်ပါးထျန်းသည် အတွေးများဖြင့် သဘောတကျ ပြုံးရယ်နေခဲ့သည်။
“ဟားဟား ချန်ကျိုစစ် ငါ့ကို မင်းရဲ့လူနည်းနည်းလောက် ဆုံးရှုံးလိုက်ရတာလောက်နဲ့ သုံးကြိမ်ဦးညွှတ်တောင်းပန်ခိုင်းတယ်ပေါ့လေ။ ဒီတစ်ကြိမ်တော့ ငါက မင်းရဲ့အိမ်ကို တိုက်ရိုက် မွှေနှောက်ရှာဖွေပစ်မယ်။ မင်းအပိုင် ဆိပ်ကမ်းတွေ၊ သင်္ဘောတွေကို ချိတ်ပိတ်ပစ်မယ်။ မင်း ငါ့ကို ဘယ်လိုပြန်တိုက်ခိုက်မလဲ စောင့်ကြည့်ကြသေးတာပေါ့”
“မင်းကများ ငါ့ကို လှည့်ကွက်သုံးရဲတယ်ပေါ့လေ။ မင်းစောင့်နေလိုက်။ ငါ နန်ပါးထျန်းက ဘယ်လောက်တောင် အင်အားကြီးမားလဲဆိုတာ မင်းနားလည်သွားစေရမယ်”
ထိုသို့တွေးတောလျက် နန်ပါးထျန်းသည် လက်ဟန်ပြလိုက်သည်။
“လာကြ၊ ရှန်းထောင်ရွာကူးတို့ဆိပ်ကို သွားကြမယ်”
ထိုသို့ပြောလျက် နန်ပါးထျန်းတို့အုပ်စုသည် ရှန်းထောင်ရွာကူးတို့ဆိပ်သို့ ဦးတည်ချီတက်သွားကြသည်။
ရှန်းထောင်ရွာကူးတို့ဆိပ်သည် ချန်ကျဲ့ အသစ်တည်ထောင်ထားသည့် သင်္ဘောဆိပ်အသစ်တစ်ခုဖြစ်ပြီး ကုန်တင်သင်္ဘော အများဆုံးရှိသည့် ချန်ကျဲ့၏ အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်သည်။
ထို့ပြင် ထိုကူးတို့ဆိပ်၏ တာဝန်ရှိသူမှာ ဝူကျုံးဖြစ်သည်။
***