ဤသည်မှာ ချန်ကျဲ့သည် ဝူကျုံးကို ထောက်ပံ့ပေးရန်အတွက် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။
နန်ပါးထျန်းသည် ယဲ့လုဖုန်း၏အမိန့်အောက်၌ အဖွဲ့သားခုနစ်ရာကို ရှန်းထောင်ကူးတို့ဆိပ်သို့ ဦးဆောင်လာခဲ့သည်။
ထိုအချိန်အတွင်း၌ နန်ပါးထျန်းသည် ငါးဖမ်းကုန်သည်အဖွဲ့မှ အမိန့်နှစ်ခုကို ထုတ်ပြန်ခဲ့သည်။
(၁။ ဒီနေ့ဒီအချိန်မှ စတင်၍ မျန့်ရွှေမြစ်တွင် မည်သည့် ကုန်တင်သင်္ဘောမျှ မသွားလာရ။ အမိန့်ကို ချိုးဖောက်သူများသည် အပြင်းအထန် အပြစ်ပေးခံရမည်)
(၂။ ဆုကြေးချီးမြှင့်ခြင်းအမိန့်– လတ်တလော မျန့်ရွှေမြစ်ထဲမှာ ပုံမှန်ထက် ကုန်ပစ္စည်းများနေတဲ့သင်္ဘော သို့မဟုတ် သံသယဖြစ်ဖွယ် သင်္ဘောမျိုး တွေ့ရှိခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့ကို သတင်းပို့ရမည်။ သတင်းပို့ရာတွင် တိကျခိုင်မာသည့် သက်သေရှိရမည်။ သတင်းပို့သူကို ငွေဆယ်တုံး ဆုချီးမြှင့်မည်)
ငွေဆယ်တုံး၏ အင်အားကို အထင်မသေးသင့်ပါချေ။ ဆင်းရဲနွမ်းပါးသည့် ခေတ်အခါဖြစ်ရာ ငွေဆယ်တုံး၏ ပစ္စည်းပစ္စယများ ဝယ်ယူနိုင်သည့် ပမာဏကို နားလည်သင့်ပေသည်။ ၎င်းငွေဆယ်တုံးသည် မိသားစုတစ်စုအတွက် ၂နှစ်၊ ၃နှစ်စာ ရိက္ခာဖူလုံစေနိုင်ပေသည်။
သို့ဖြစ်ရာ နန်ပါးထျန်းသည် ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် ဆုလာဘ်လာယူသူများ ကျိန်းသေပေါက် များပြားလိမ့်မည်ဟု ထင်ထားခဲ့သည်။
မကြာမီတွင် နန်ပါးထျန်းတို့သည် ရှန်းထောင်ကူးတို့ဆိပ်သို့ ရောက်ရှိခဲ့သည်။ ဝူကျုံးသည်လည်း သတင်းစကား လက်ခံရရှိပြီးနောက် အပြေးရောက်လာသည်။ နန်ပါးထျန်းကို မြင်သောအခါ ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
“ခေါင်းဆောင်က ဘာကိစ္စကြောင့်များ ဒီကိုရောက်လာတာပါလဲ”
ထိုအခါ နန်ပါးထျန်းသည် ဝူကျုံးကို ကြည့်၍ ပြောသည်။
“ဝူကျုံး မင်းက ကျားဖြူခန်းမရဲ့သင်္ဘောတွေကို စီမံခန့်ခွဲဖို့ တာဝန်ယူထားတာလား”
ဝူကျုံးမှ ပြန်ပြောသည်။
“ဟုတ်ပါတယ်”
နန်ပါးထျန်းမှ ပြောသည်။
“အင်း ကောင်းပြီ။ မင်းတို့အဖွဲ့သားတွေ သင်္ဘောပြန်ကပ်ပြီးကြပြီလား။ ကုန်ပစ္စည်းတွေကို မထိကြနဲ့ဦး။ ငါတို့ စစ်ဆေးမလို့။ ပြီးတော့ သင်္ဘောထွက်တဲ့မှတ်တမ်းတွေကိုလည်း ငါ့ကို လွှဲပေးပါ။ ကွာဟချက်တစ်ခုခုရှိနေခဲ့ရင်တော့ ဝူကျုံး.. မင်းတော့ ဒုက္ခရောက်ပြီပဲ”
“အမ်းး ခေါင်းဆောင် ဘာကိစ္စများဖြစ်လို့ပါလဲ။ ကျွန်တော်တို့ကူးတို့ဆိပ်ကို ပိတ်ထားမလို့ပါလား”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ဟုတ်တယ် ပြဿနာရှိလို့လား”
ဝူကျုံးမှ ပြောသည်။
“ခေါင်းဆောင် မဖြစ်ပါဘူး။ ကျွန်တော်တို့ကျားဖြူခန်းမရဲ့ သင်္ဘောစီမံခန့်ခွဲမှုပုံစံက ဌာနချုပ်နဲ့ မတူပါဘူး။ ခေါင်းဆောင်ဆိုရင်တောင်မှ ကျွန်တော်တို့သင်္ဘောတွေကို မထွက်ဖို့ ဟန့်တားခွင့်မရှိပါဘူး။ အဲဒါက စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်ပါဘူး”
ထိုအခါ နန်ပါးထျန်းသည် ဝူကျုံးကို စေ့စေ့ကြည့်လျက် ပြောသည်။
“စည်းမျဉ်းစည်းကမ်းနဲ့မညီညွတ်ဘူးတဲ့လား။ ဒါဆို ငါမင်းကို ပြောပြပါရစေ။ အခုကစပြီးတော့ ငါချမှတ်တဲ့စည်းကမ်းကသာ စည်းမျဉ်းစည်းကမ်းပဲ”
“ရို့ ဒါက ဘာသဘောလဲ ဝူကျုံး။ မင်းက လက်မခံဘူးလား”
“မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး။ ခေါင်းဆောင်က ကုန်သည်အဖွဲ့ခေါင်းဆောင်ပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး မနာခံဘဲ နေရဲမှာပါလဲ”
ဝူကျုံးသည် ရယ်သွမ်းသွေးလျက် ပြန်ပြောခဲ့သည်။ ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ။ လက်မခံသေးဘူးပေါ့လေ။ ငါက ခေါင်းဆောင်ဆိုတဲ့အဆင့်အတန်းနဲ့ မင်းတို့ကို လာဖိနှိပ်နေတာလို့ ထင်နေတယ်မလား။ မစိုးရိမ်နဲ့။ ငါ နန်ပါးထျန်းက ကိုယ့်အဆင့်အတန်းကိုသုံးပြီး တစ်ပါးသူကို ဖိနှိပ်တတ်တဲ့သူမျိုး မဟုတ်ဘူး။ ဒီကိုကြည့်၊ ဒါဘာလဲ”
နန်ပါးထျန်းသည် ယဲ့လုဖုန်း၏ တံဆိပ်ပြားကို ဝူကျုံး၏ရှေ့တွင် ဝှေ့ယမ်းပြ၏။
ဝူကျုံး ကြည့်လိုက်ရာ တံဆိပ်ပြားထက်ရှိ စီရင်စုအုပ်ချုပ်ရေးမှူးဟူသည့် စာလုံးကို မြင်လိုက်ရသည်။
စီရင်စုအုပ်ချုပ်ရေးမှူး… သခင်ကြီးယဲ့လုက ငါတို့ကူးတို့ဆိပ်ကို ပိတ်ဆို့ချင်တာလား။
နန်ပါးထျန်းသည် ထိုသို့အရာမျိုးကို လိမ်လည်လိမ့်မည်ဟု ဝူကျုံး မထင်ပါချေ။ နန်ပါးထျန်းမှ အဆင်အခြင်မဲ့ပြုမူပြီး ခေါင်းဆောင်ဟူသည့် အဆင့်အတန်းဖြင့် ဖိနှိပ်လာခဲ့ပါကလည်း ဝူကျုံးမှာ နာခံရမည်သာ ဖြစ်ပေသည်။ သို့ဖြစ်ရာ စီရင်စုအုပ်ချုပ်ရေးမှူး တံဆိပ်ပြားဖြင့် လှည့်ဖြားနေရန် မလိုအပ်ချေ။
နန်ပါးထျန်းသည် ဝူကျုံး၏အမူအရာကို စောင့်ကြည့်နေရင်းမှ ပြောသည်။
“မြင်လား။ အခုလက်ခံပြီလား။ သင်္ဘောထွက်မှတ်တမ်းနဲ့ ကုန်တင်သင်္ဘောစာရင်းတွေ အကုန် မြန်မြန်ယူလာခဲ့စမ်း။ မဟုတ်ရင်တော့ သခင်ကြီးယဲ့လုကို ဘယ်လိုရှင်းပြမလဲဆိုတာသာ စဉ်းစားထားလိုက်တော့”
ဝူကျုံးသည် ထိုစကားများတွင် ထိတ်ပျာသွားခြင်း မရှိပေ။ ဖိတ်ခေါ်သည့် လက်ဟန်အမူအရာဖြင့် နန်ပါးထျန်းကို ဖိတ်ခေါ်လိုက်သည်။
ထို့နောက် သင်္ဘောဆိပ်ကမ်းထဲသို့ ဝင်ရောက်ခဲ့ပြီး ဝူကျုံးမှ ပြောသည်။
“ဒီမှာပါ၊ ကျွန်တော်တို့မှာ ကုန်တင်သင်္ဘောစုစုပေါင်း ၈စင်းရှိပါတယ်။ ဒီနေ့ ၈စင်းလုံး ဒီမှာကမ်းကပ်ပါတယ်”
“ပြီးတော့ ငါးဖမ်းလှေက ၅၂စင်းရှိပါတယ်။ ခေါင်းဆောင်မြင်တဲ့အတိုင်း ငါးဖမ်းလှေတွေကလည်း ဒီမှာပါပဲ။ ဒီနေ့က ကျွန်တော်တို့ အနားယူတဲ့နေ့မလို့ တစ်စီးမှ မြစ်ထဲ မထွက်ပါဘူး”
စာရင်းမှာ ရှင်းလင်း၏။ သင်္ဘောတစ်စင်းသော်မျှ မြစ်ထဲ မထွက်နေပေ။
နားရက်တဲ့လား။
ဘယ်သူ့ကို လာလိမ်နေတာလဲ။
နန်ပါးထျန်း ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ထန်ဇီယွဲ့သည်လည်း မျက်နှာအမူအရာ မှုန်မှိုင်းနေသည်ကို မြင်လိုက်ရ၏။
ကြည့်ရတာ ရန်သူက အသင့်ပြင်ဆင်ထားပြီးသားပဲ။ ချန်ကျိုစစ် ချန်ကျိုစစ်က ငါတို့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထိန်းချုပ်မယ်ဆိုတာကိုပါ ကြိုခန့်မှန်းမိထားပြီးသားလား။ ဒီကောင်ကွာ…
နန်ပါးထျန်းသည် ပြဿနာရှာနိုင်မည့်အရာ တစ်ခုတစ်လေသော်မျှ ရှာမတွေ့နိုင်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ဒေါသအပြည့်ကို မျိုသိပ်လျက် ထွက်ခွာသွားရုံသာ တတ်နိုင်ခဲ့လေသည်။
နန်ပါးထျန်းမှ ဒေါသတကြီးဖြင့် ပြောသည်။
“အခြေအနေမကောင်းဘူး။ ဒီနေ့ ချန်ကျိုစစ်ရဲ့သင်္ဘောတွေ တစ်စီးမှ မထွက်ဘူး”
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင်လျိုဘက်ကရော ဘယ်လိုလဲ”
ထို့နောက်တွင် နန်ပါးထျန်းနှင့် ထန်ဇီယွဲ့သည် အဖွဲ့သားများနှင့်အတူ လျိုလောင်ကွေ့အပိုင် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် လျိုလောင်ကွေ့၏သင်္ဘောဆိပ်ကို ပိတ်ဆို့ခဲ့သော်ငြား မည်သည့် သံသယဖြစ်ဖွယ် သင်္ဘောကိုမျှ ရှာမတွေ့ခဲ့ပေ။ နန်ပါးထျန်းနှင့် ထန်ဇီယွဲ့တို့ လုံးဝ စိတ်ရှုပ်ထွေးသွား၏။
ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ခန့်မှန်းချက် မှားယွင်းသွားတာလား။ အစကတည်းက ရန်သူက မြစ်ကြောင်းကို အသုံးမပြုခဲ့တာလား။
ဒါပေမဲ့ အဲဒီလိုက မဖြစ်နိုင်ဘူးလေ။
နှစ်ဦးသည် အလွန်စိတ်ရှုပ်ထွေးနေကြ၏။ ထန်ဇီယွဲ့သည် မိမိ၏ဦးခေါင်းခွံကို အရှင်လတ်လတ် ကုတ်ခြစ်ထုတ်မိလုနီးပါးပင်။ ထန်ဇီယွဲ့သည် နန်ပါးထျန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ခေါင်းဆောင် ကျွန်တော် ထပ်ပြီး မှားခန့်မှန်းမိတာတော့ မဟုတ်ပါဘူးနော်။ ကျွန်တော်မှားသွားပြန်ပြီလား”
နန်ပါးထျန်းသည်လည်း အချိန်တစ်ခုကြာ မင်သက်ဆွံ့အနေခဲ့သည်။ ထို့နောက် ခက်ထန်စွာ ပြော၏။
“ဒီတစ်ကြိမ်တော့ ဘာမှမမှားနိုင်ဘူး။ သေချာပေါက် မမှားနိုင်ဘူး။ ငါတို့မှာ ဒီအခွင့်အရေးတစ်ကြိမ်ပဲရှိတော့တာ”
နန်ပါးထျန်းသည် ထိုသို့ပြောဆိုရင်း မျက်လုံးများ နီရဲနေခဲ့သည်မှာ ဆက်တိုက်ရှုံးနေသဖြင့် ကူကယ်ရာမဲ့နေသည့် လောင်းကစားသမားအလားပင်။
သူတို့သည် ဒီနေ့တစ်နေ့လုံး ဘာအကျိုးမှ မရှိပါဘဲ ပင်ပန်းလာကြသဖြင့် အရင်ဆုံး ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ပြန်သွားကာ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ နန်ပါးထျန်းသည် ရှန်းထောင်ကူးတို့ဆိပ်နှင့် ငါးဖမ်းကုန်သည်အဖွဲ့၏ ဆိပ်ကမ်းများကို စောင့်ကြည့်ရန်အတွက် အဖွဲ့သားတပ်ဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ မိန်ဂိုဏ်းနှင့် ဆက်နွယ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုဆိပ်ကမ်းနှစ်ခုကို စောင့်ကြည့်ထိန်းချုပ်ထားခြင်းသာလျှင် ပိုကောင်းပေလိမ့်မည်။
အနည်းဆုံးတော့ သင်္ဘောများ မထွက်ခွာနိုင်ရန် ပိတ်ဆို့ထားခြင်းဖြင့် ဝင်ငွေလျော့နည်းအောင် လုပ်နိုင်လိမ့်မည်။ ဝင်ငွေမရှိတော့ပါက ကျားဖြူခန်းမသည် ပြဿနာများနှင့် မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်။
သို့ဖြင့် နန်ပါးထျန်းနှင့် အဖွဲ့သားများသည် မြို့ထဲသို့ ပြန်လာခဲ့ကြသည်။
တစ်နေ့လုံး ပြေးလွှားနေခဲ့ရပြီး ပင်ပန်းခဲ့ရကာ တစ်နေ့လုံး လူအများ၏ လှောင်ပြောင်သရော်ခြင်း ခံခဲ့ရသဖြင့် နန်ပါးထျန်းသည် အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ထမင်းတစ်နပ်စားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် တစ်ယောက်တည်း စားသောက်ခြင်းမှာ ခြောက်ကပ်လွန်းသောကြောင့် နန်ပါးထျန်းသည် ဇနီးဖြစ်သူ၏ ခြံဝင်းဆီသို့ ထွက်ခွာလာခဲ့သည်။
သူသည် ဇနီးဖြစ်သူနှင့် ရက်အနည်းငယ်ကြာ မတွေ့ဖြစ်ခဲ့လေရာ ဒီနေ့တွင် ထမင်းတစ်နပ်မျှ အတူစားခြင်းမှာ သင့်လျော်ပေသည်။
ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် အနောက်ခြံဝင်းသို့ ဦးတည်လာခဲ့သည်။ ခြံဝင်းဝင်ပေါက်သို့ ရောက်သောအခါ အစောင့်များသည် တည့်မတ်စွာရပ်၍ နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ ခေါင်းဆောင်”
“အင်း ဒီနေ့ သခင်မမှာ ဘာကိစ္စမှ အထွေအထူးမရှိဘူးမလား”
အစောင့်များမှ ပြန်ပြောသည်။
“မရှိပါဘူး။ ခြံဝင်းထဲမှာပဲ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်နေပါတယ်”
“အင်း စားဖိုဆောင်ကိုသွားပြီး သခင်မ နှစ်ခြိုက်တဲ့အစားအသောက်တွေ ပြင်ဆင်ပေးဖို့ ပြောလိုက်။ ငါ ဒီနေ့ည သခင်မနဲ့အတူ ညစာစားမယ်”
“ဟုတ်ကဲ့”
အစောင့်မှ တုံ့ပြန်သည်။ နန်ပါးထျန်းသည် တံခါးတွန်းဖွင့်၍ အထဲဝင်သွားခဲ့သည်။ ထို့နောက်တွင်တော့ နန်ပါးထျန်း၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရလေသည်။
“ငါ့ဇနီးဘယ်ရောက်သွားလဲ။ ငါ့ဇနီး… သူဘယ်ရောက်သွားလဲ”