လင်းရီ အခန်းတွင်း အခြေအနေကို လေ့လာအကဲခတ်နေစဉ်မှာပဲ သူ့ဘေးနား ထိုင်နေသည့် လူမည်းတစ်ဦးက စကားပြောလာသည်။
လင်းရီ ထွေထူး တုံ့ပြန်ခြင်း မပြုဘဲ သာမန်လျှံကာမျှ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ ဟွာရှကလား …” လူမည်းက မျက်ဝန်းထဲတွင် အထင်သေးသည့် အမူအရာဖြင့် ထပ်မေးလာသည်။
“ ဘာလဲ … ဟွာရှသားဆို ဒီပြိုင်ပွဲမှာ ဝင်ပြိုင်လို့ မရလို့လား ….”
“ ဒါပေါ့ … ရတာပေါ့ … ဒါပေမယ့် ဆုကြေးက ဒေါ်လာ တစ်သန်း ပေးမှာဆိုတော့ ပြိုင်ဆိုင်မှုက သိပ်ပြင်းထန်တယ် … မင်းတို့ဟွာရှတွေက ဒီလို ရက်စက်တဲ့ ပွဲတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ … တစ်ချို့ ငွေတွေက မင်းတို့လို ပျော့တီးပျော့ဖတ် တို့ဖူးတွေ ရှာနိုင်တဲ့ အရာမဟုတ်ဘူး ….”
“ ဟေ့ကောင် .. ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ …. လူတိုင်းက ဒီပွဲမှာ ဝင်ပြိုင်ခွင့် ရှိတယ် … ဒီတော့ မြောင်းပုပ်စော်နံတဲ့ မင်း စောက်ပါးစပ်ကို ပိတ်ထားလိုက် ….”
ပြောလိုက်သူက လင်းရီ ဘေးဘက်ခြမ်းတွင် ထိုင်နေသည့် အခြား လူမည်း အမျိုးသား တစ်ဦးပင်။ သို့ပေမယ့် သေချာကြည့်လိုက်တော့မှ သူ့အသားက နည်းနည်းမည်းသည်။
မည်းသည်ဆိုသော်လည်း ညအချိန် ဓာတ်မီးထိုးကြည့်လျှင် သွားကလွဲ၍ အခြား မည်သည်ကိုမျှ မမြင်ရသည်မျိုးတော့ မဟုတ်ပေ။
“ ဟောနက် … မင်းလည်း စောက်ပါးစပ်ကို ပိတ်ထားလိုက် … မင်းဘာတွေ တွေးနေလဲ ငါ မသိဘူးများ ထင်နေလား … မင်းက ဒီလိုကောင်စားမျိုးတွေကို ပွဲမှာ အမြှောက်စာ လုပ်ချင်နေတာ … ပြိုင်ပွဲတွေ တိုးပြီး ပြိုင်ဖို့အတွက် မင်းရဲ့ အခွင့်အရေးကို မြင့်တင်ဖို့အတွက်ပေါ့ .. ငါပြောတာ မှန်တယ်မလား … လူကောင်းယောင်ဆောင်နေတာကြီး ရပ်လိုက်စမ်းပါ …”
သူ့ ရည်ရွယ်ချက် ပေါ်ပေါက်သွားတာကို မြင်လိုက်ရတော့ ဟောနက်ဆိုသူက အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့သည်။
“ မင်းတို့လို ကောင်စားမျိုးတွေကို ကြည့်လို့ကို မရဘူး ….”
“ ငါ လုပ်တာ မှားလို့လား … အရှေ့ လေးယောက်တုန်းကလည်း အကုန် မှောက်သွားခဲ့ပြီ … သူ့ကို ချန်ထားနေလို့လည်း ထူးမှာ မဟုတ်ဘူး… ဒီတော့ ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတာ ငါမှားလား … ဒါနည်းဗျူဟာလို့ ခေါ်တယ်ကွ သောက်ငမည်းရ ….”
လင်းရီကို စကားစပြောလာသည့် လူမည်းက သူ့စကားကို လျစ်လျူရှုထားပြီး “ ဘရို … ဒီဂိမ်းက ငါတို့လို လူကြမ်းကြီးတွေ အတွက်ပဲ …. မင်းတို့လို ကောင်စားမျိုးတွေနဲ့ မကိုက်ဘူး …. ထွက်လို့ရတုန်း ထွက်ထား … ပြိုင်ပွဲက စသေးတာ မဟုတ်ဘူး .. မဟုတ်ရင် ဒီမှာ အမြှောက်စာ ဖြစ်သွားလိမ့်မယ် …”
“ ငါတို့အားလုံးက ဆုကြေးလိုချင်လို့ လာပြိုင်တာချင်း အတူတူ တကယ်လို့ အခုချိန်ကျတော့မှ ထွက်သွားမယ်ဆိုရင် လေယာဉ်လက်မှတ်ဖိုးက အလသဿ ဖြစ်သွားမှာပေါ့ ….”
“ ဟားဟား ….”
လူမည်းက ဖြူဖွေးနေသည့် သွား ၃၂ ချောင်းလုံး ပေါ်အောင် ရယ်မောလိုက်ပြီး “ ကိုယ့်လူ … မင်းရဲ့ အကြောင်းပြချက်ကြီးကလည်း စောက်ကျိုးနည်း ရယ်ရလွန်းတယ် … ဒါပေမယ့် တစ်ခုတော့ ပြောပြလိုက်မယ် … မင်း အခုချိန် ထွက်သွားမယ်ဆို လေယာဉ်လက်မှတ်ဖိုးပဲ ကုန်မှာ …. တကယ်လို့ မင်း ပြိုင်ပွဲထဲ ဝင်ပါမယ်ဆိုရင်တော့ ဆေးဖိုးတွေပါ ပိုကုန်မှာနော်… မတန်ပါဘူး ….”
“ ငါ ရှုံးမယ်လို့ ဘာကြောင့် အဲ့လောက်တောင် သေချာနိုင်နေရတာ …”
“ သေချာတာပေါ့ ….” လူမည်းက ဖြစ်သင့်သည့် ကိစ္စရပ် တစ်ခုနှယ် ပခုံးတွန့်ပြလိုက်ပြီး “ မင်း ဒီ အခန်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်စမ်း .. ဒီထဲ ဟွာရှသားတစ်ယောက်တစ်လေများ ပါလား …. မင်းတို့ရဲ့ ဖြစ်တည်မှုကိုက ငါတို့အတွက် သဲအိတ်လိုပဲ … သည့်မတိုင်ခင်တုန်းက ဟွာရှတွေ အကုန်လုံးကို သွားချိုးပစ်မယ်ဆိုပြီး ငါတို့အကုန်လုံးက တိုင်ပင်ထားပြီးသား … မထွက်သွားဘဲ ကံဆိုးချင်တယ်ဆိုရင်တော့ မင်းက ငါးယောက်မြောက် ဖြစ်သွားလိမ့်မယ်….”
အခန်းထဲရှိ လူတိုင်းက လင်းရီကို ကြည့်နေကြပြီး သူတို့၏ နှုတ်ခမ်းထာင့်စွန်းတို့က ကော့ညွှတ်တက်နေကြကာ ဖြစ်ပေါ်လာတော့မည့် မြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြ၏။
“ ဖီးလစ် … မင်း ဒီကောင်ကို သုံးကွက်အတွင်း အမှောက်မသိပ်နိုင်ဘူးဆိုတာ ငါလောင်းရဲတယ် …”
အခြားတစ်ယောက်၏ စကားသံကို ကြားတော့ လင်းရီ မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်မိသည်။
ပြောလိုက်သူက အနောက်တိုင်းသား တစ်ဦးဖြစ်၏။ မာဆယ်ကြီးများ ပြိုင်းထမနေဘဲ ခန္ဓာကိုယ်အချိုးအစားက လင်းရီနှင့် မတိမ်းမယိမ်း ရှိလေသည်။ ဒေါင်ကတော့ အတော်လေး ကောင်း၏။ တစ်ချက် ကြည့်လိုက်သည်နှင့် ကပ္ပတိန် အမေရိက ဟုတောင် ထင်မှတ်သွားနိုင်စရာ ရှိသည်။
ထို့အပြင် လင်းရီ အခြား အရာတစ်ခုကိုလည်း သတိပြုမိလိုက်၏။
သူက အဖွဲ့သေးသေးလေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး သူ့အသင်းရှိ ကျန်သူများကလည်း သူ့နည်းတူ ထူးမခြားနားသည့် သွင်ပြင်နှင့် ရှိနေသည်။
“ ကိုလ်ဆန် … မင်းကတော့ မင်းလုပ်နိုင်တယ်လို့ ပြောချင်နေတာလား ….”
“ ဒါပေါ့ …” ကိုလ်ဆန် အမည်ရသည့် အနောက်တိုင်းသားက ပခုံးတွန့်လိုက်ပြီး “ ပြီးတော့ ငါ့အတွက် သုံးကွက်တောင် လိုမယ်မထင်ဘူး … တစ်ကွက်နဲ့တင် ပွဲသိမ်းတယ် ….”
အနောက်တိုင်းသား၏ ခွန်အားကို အသိအမှတ်ပြုဟန်ဖြင့် ဖီးလစ် အမည်ရသည့် လူမည်းက များများစားစား ခွန်းတုံ့ပြန်ခြင်း မပြုပေ။ ထိုအစား မကျေမချမ်း ဖြစ်သွားသည့် အမူအရာနှင့် “ တကယ်လို့ ငါ ဒီကောင့်ကို သုံးကွက်အတွင်း အမှောက်သိပ်နိုင်ခဲ့မယ်ဆိုရင်ကော …”
“ လုပ်လိုက်လေ … အဲ့တာဆို ငါမင်းကို ဒေါ်လာ ၅၀၀ ပေးမယ် … ဒီမှာ စောက်ဟွာရှကကောင်တွေကို မမြင်ချင်ဘူး ….”
ကိုလ်ဆန်က ဒေါ်လာ ငါးရာကို အိတ်ထောင်ထဲက ထုတ်လိုက်သည်။
“ ဒီမှာ …၊ တကယ်လို့ မင်း သူ့ကို သုံးကွက်အတွင်း အမှောက်သိပ်ရင်ရင် ဒီရဲ့ ဒေါ်လာ ၅၀၀ က မင်းအပိုင်ပဲ … တကယ်လို့ သူ့ခြေထောက်ကို ချိုးနိုင်မယ်ဆိုရင်တော့ ငါ နောက်ထပ် ဒေါ်လာ တစ်ထောင် အပို ထပ်ပေးမယ် … ဘယ်လိုလဲ ….”
ကိုလ်ဆန် လက်ထဲရှိ ပိုက်ဆံကို မြင်တော့ အခန်းထဲရှိ ကျန်သူများက ကြိုးစားချင်စိတ်တို့ ပြင်းပြလာခဲ့ကြသည်။
သူတို့ကိုယ်သူတို့ ထိပ်တန်း ဆယ်ယောက်အတွင်းသို့ ဝင်နိုင်မည့် အစွမ်းအစ ယုံကြည်ချက်မျိုး သူတို့တွင် မရှိကြပေ။ ယင်းက ဘုရားသခင်၏ အလိုတော်ပေါ်တွင် မူတည်နေသည်။
အကယ်၍ သူတို့သာ ပြိုင်ပွဲ မစတင်မီ ဒေါ်လာတစ်ထောင်ကို အလွယ်လေး ရနိုင်မည်ဆိုပါက ဆွစ်ဇာလန်သို့ လာရသည့် ခရီးစဉ်သည် အလဟဿ ဖြစ်သွားလိမ့်မှာ မဟုတ်ချေ။
ဖီးလစ် အမည်ရသည့် လူမည်းလည်း ထပ်တူညီစွာ ခံစားနေရသည်။ ဆင်းဆင်းရဲရဲ နေနေရသည့် သူ့အတွက် ဒေါ်လာ တစ်ထောင်ဆိုသည့် ပမာဏက နည်းပါးသည့် ပမာဏ မဟုတ်ချေ။
“ အေး မင်းပြောတာနော်… ငါ ခြေထောက်ချိုးပြီးလို့မှ မင်း စကားကို ပြန်မပြင်နဲ့ …”
“ မပူနဲ့ … ငါ ကိုလ်ဆန်က အဲ့လို လူစားမျိုး မဟုတ်ဘူး … တကယ်လို့ မင်းက မယုံဘူးဆိုရင် ငါ တခြားတစ်ယောက်ကိုပဲ ရှာလိုက်တော့မယ် ….”
“ မလိုဘူး … ငါက ဘာလို့ မယုံပေးနိုင်ရမှာ ….”
ဖီးလစ်က တစ်ချက် ရယ်မောရင်း ပြောလိုက်ပြီး “ ငါ ဒီကောင့်ကို သုံးကွက်အတွင်း အနိုင်ယူပြမယ် … မင်းတို့ကောင်တွေ ပွဲကောင်းကောင်း ကြည့်ဖို့သာ ပြင်ထားလိုက်တော့ …”
“ အဲ့လောက်ထိ ယုံကြည်ချက် ပြည့်ဝမနေစမ်းနဲ့ …”
ကိုလ်ဆန်က လင်းရီကို ကြည့်လိုက်ပြီး “ ဟွာရှန့် … မင်းမှာလည်း အခွင့်အရေး ရှိတယ် … တကယ်လို့ မင်းက သူ့ဆီကနေ သုံးကွက်တောင့်ခံနိုင်ရင် ဒီပိုက်ဆံက မင်းအပိုင်ပဲ …”
လင်းရီ မျက်လုံးလှိမ့်ပြပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အင်္ဂလိပ်လေသံဖြင့် “ စောက်ရူး …”
သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် အခန်းတွင်း အပူချိန်မှာရုတ်ချည်း ထိုးကျသွားသယောင် အေးစိမ့်လာခဲ့သည်။
လူတော်တော်များများက အသက်ကို ပြင်းရှစွာ ရှူသွင်းနေကြပြီး လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ ထို တို့ဖူးကောင်က ကိုလ်ဆန်ကို ဤစကားမျိုး ပြောလာခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သူ့ အရည်အချင်းကို မသိဘူးဆိုလျှင်ပင် ယခုလို ပတ်ဝန်းကျင်၌ တစ်စုံတစ်ရာကိုတော့ သတိပြုမိသင့်လောက်၏။
“ကိုလ်ဆန် … ဟားဟား … မင်းတော့ လှောင်ခံနေရပြီ … ဒီဟွာရှန့်ကောင်က မင်း လုပ်ရပ်ကို သဘောမတွေ့တဲ့ပုံပဲကွ ….”
ပြောလိုက်သူက ကိုလ်ဆန်နှင့် ဘေးချင်းကပ်တွင် ထိုင်နေသူ တစ်ဦးဖြစ်ပြီး အရွယ်အမောင်းကလည်း အများကြီး၏။
“ နင်တို့ကောင်တွေက သူ့ကို အဲ့လိုမျိုး အထင်သေးပြီး ဝိုင်းကစားနေကြမှတော့ ဟိုကောင်ကလည်း ဒေါသမဖြစ်ဘဲ နေမလား … ငါတော့ နင်တို့ကောင်တွေ စောက်ရေးမပါတဲ့ ဂိမ်းကစားနေမယ့်အစား နောက်လာမယ့် ပွဲအတွက် ကြိုပြီး ပြင်ဆင်ထားတာက ပိုကောင်းမယ်လို့ အကြံပေးချင်တယ် …"
ပြောလိုက်သူက ဆံပင်ရွှေအိုရောင်နှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး အပြာရောင် ဂျင်းကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင်တော့ အနက်ရောင် ဂျက်ကတ် တစ်ထည်ကို ဝတ်ဆင်ထားပြီး သေသပ်သည့် ကောက်ကြောင်းနှင့် နီစွေးသည့် နှုတ်ခမ်းကလည်း အတော်လေး ဆက်စီဆန်လှသည်။ ဤမြင်ကွင်းက အခန်းထဲရှိ လူများအတွက်တော့ မျက်စိအစာကျွေးလို့ အတော်လေးကောင်းသည့် မြင်ကွင်းမျိုးပင်။
“ Scarlett … မင်းက အဲ့ကောင်ဘက်မှာ နေပေးနေတာလား … မင်းသူ့ကို စိတ်ဝင်စားနေတယ်လို့တော့ လာမပြောနဲ့ …”
“ ဒီတိုင်း … နင်တို့ ဂိမ်းက ပျင်းဖို့ကောင်းတယ် ထင်လို့ပါ ….”
“ ပျင်းဖို့ကောင်းတယ် ဟုတ်လား .. ငါတော့ မထင်ဘူး … အဲ့ကောင် ဘယ်လောက်တောင် မောက်မာနေလဲ မင်းမမြင်ဘူးလား … လူရှေ့သူရှေ့မှာ ငါ့ကိုတောင် စော်ကားဝံ့နေတယ် … ဒီလိုကောင်စားမျိုးကို ကောင်းကောင်းကြီး ပညာပေးလိုက်ချင်တာ ….”
ထိုသို့ပြောပြီးနောက် ကိုလ်ဆန်က ဖီးလစ်ကို လှမ်းကြည့်၍ “ ငါ စိတ်ပြောင်းသွားပြီ … မင်းသူ့ကို သုံးကွက်အတွင်း အနိုင်ယူဖို့ မလိုတော့ဘူး… သူ့ခြေထောက်တွေကို ချိုးနိုင်ရင် ဒေါ်လာ နှစ်ထောင်ပေးမယ် … ဂိမ်းတစ်ပွဲအတွက် အဲ့လောက်ဆို တန်တယ်မလား ….”
ဖီးလစ် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ တို့ဖူးကောင်၏ စကားလေးတစ်ခွန်းက သူ့အတွက် ဆုကြေးနှစ်ဆ တက်စေလိမ့်မည်လို့ မျှော်ပင် မျှော်လင့်မထားခဲ့ပါချေ။
လက်ဆစ်၊ လည်ဆစ်များ ချိုးပြီး အကြောအချဉ်များ ပြေလျော့အောင် လုပ်ပီဲးနောက် “ ဒေါ်လာ နှစ်ထောင် ပေးဖို့ အသင့်ပြင်ထားလိုက်တော့ … ခဏဆိုပြီးပြီ …”
ထိုစကားပြောပြီးနောက် ဖီးလစ်က လင်းရီကို လှည့်ကြည့်လိုက်သည်။
“ ကိုယ့်လူ … မင်း ကိုလ်ဆန်ကို အဲ့လို မပြောခဲ့သင့်ဘး … အခုတော့ မင်းခြေထောက်တွေကို ချိုးပေးဖို့ ငါ့ကို လာပြောနေပြီ … ပိုက်ဆံလည်း ပေးမှာဆိုတော့ကွာ … ငြိမ်ငြိမ်လေးနေပြီး အေးဆေး အချိုးခံလိုက် … ဒါဆိုငါ သနားသဖြင့် ဆေးဖိုးပေးမယ် …”
ပြောပြီးသည့်နောက် ဖီးလစ်၏ လက်သီးက လင်းရီထံသို့ တည့်မတ်စွာ တိုးဝင်လာသည်။
လင်းရီ အသာအယာလေးပဲ ခေါင်းငဲ့၍ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဖီးလစ်၏ လက်ကောက်ဝတ်ကို ဆွဲ၍ အပေါ်သို့ လှန်တင်လိုက်၏။
အရိုးကျိုးသွားသည့် အသံတို့က ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
***