ဖီးလစ်၏ အော်ဟစ်သံက စင်္ကြံလမ်းတစ်လျှောက် ပျံ့နှံ့သွားခဲ့၏။
သူ့အမူအရာမှာ ရှော့ခ်ရသွားခဲ့ပြီး အံကို တင်းတင်းကြိတ်နေရလေသည်။ ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။
ဖီးလစ်၏ စကေးတို့က အင်မတန် ကောင်းမွန်မနေသော်လည်း ဤလူစုထဲက တစ်ဦးပဲ ဖြစ်၏။ ထို့ပြင် လူမည်းတစ်ဦးလည်း ဖြစ်ပြီး သူ၏ ခွန်အား ဗလက ဟွာရှန့်လူမျိုးများထက် အပုံကြီးလည်း သာသည်။ ထင်မှတ်မထားစွာဖြင့် ယခုလို အနိုင်ယူခြင်း ခံလိုက်ရ၏။
လင်းရီက သူ့လက်ကို သာမန်လျှံကာ မြှောက်ပြီး များများစားစား လှုပ်ရှားခြင်း မရှိပါဘဲ နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
မည်သို့ပင်ဆိုစေ သူက ဤနေရာသို့ အရေးကြီး ကိစ္စများ ပြုလုပ်ရန် ရောက်လာသဖြင့် ဆူဆူညံညံ အသံများ မပြုလုပ်ချင်ပေ။ ထို့ကြောင့် ခွန်အားကို လျှော့ပြီး အသုံးပြုထားလိုက်သည်။
သို့ပေမယ့် ဖီးလစ်ကတော့ အရှုံးမပေးသေး။ ကြမ်းပြင်ပေါ်က တစ်ဖန် ပြန်ထလာပြီးနောက် သူ၏ အမူအရာက ရက်စက်ကြမ်းကြုတ်သွားခဲ့ကာ လင်းရီကို ကမ္ဘာမကျေ ရန်ဘက် တစ်ဦးနှယ် သဘောထားနေတော့သည်။
“ ဟွာရှန့်ကောင် … မင်း ဒီနေ့တော့ အသေပဲ ….”
ဒေါသတကြီးနှင့် ကျိန်ဆဲပြီးနောက် ဖီးလစ်က အနီးနားရှိ ကုလားထိုင်ကို မကာ လင်းရီ၏ ဦးခေါင်းထံသို့ ရက်ရက်စက်စက် လွှဲရိုက်ပစ်လိုက်၏။
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် လူသတ်ချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာသည်။
လက်ကို ဆန့်တန်းလိုက်ပြီး ကုလားထိုင် ခြေထောက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ချက်ချင်းဆိုသလို ဖီးလစ်၏ အင်အားတို့ အရှိန်သေသွားခဲ့၏။ ဘေးသို့ ကြမ်းတမ်းစွာ ဆွဲလွင့်ပစ်လိုက်ပြီး ဖီးလစ်ကို ဟန်ချက်ပျက်စေလိုက်သည်။
ဟန်ချက်ပျက်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လင်းရီ မတ်တပ်ရပ်ပြီး ၎င်း၏ ရင်ဘက်ကို ကန်ကျောက်လိုက်လေသည်။
ဖူး …
လတ်ဆတ်သည့် သွေးတစ်လုတ်က ဖီးလစ်၏ နှုတ်ခမ်းဝမှ ပန်းထွက်လာခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့၏။ ထိုမျှနှင့် မပြီးသေးဘဲ နှစ်ကြိမ်ခန့်မျှ ဆက်တိုက် သွေးအန်လာကာ ပြန်ထဖို့ ကြိုးစားပါသော်လည်း အတော်လေး ရုန်းကန်နေရ၏။
လင်းရီ ၎င်း၏ ဦးခေါင်းအား တက်နင်းလိုက်ပြီး ရှိနေသည့် လူများထံသို့ သိမ်းကျုံးကြည့်လိုက်သည်။
“ တက်လာချင်တဲ့လူ ရှိသေးလား ….”
ဖီးလစ်က ခွေးသေတစ်ကောင်နှယ် တက်နင်းခံထားရတာကို မြင်တော့ အခန်းမှာ အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့၏။
ထိုကဲ့သို့ ထင်မှတ်မထားသည့် မြင်ကွင်းက လူတိုင်းကို လင်းရီ၏ အစွမ်းအစအပေါ် မတူကွဲပြားသည့် နားလည်မှု အသစ်တို့ ပေးစွမ်းလိုက်သည့်နှယ် ဖြစ်သွားခဲ့၏။
ဤ ဟွာရှန့်ကောင်က မရိုးရှင်းပေ။ သူတို့ ထင်ထားသည်ထက် အများကြီး ဖြုံဖို့ကောင်း၏။
တစ်ရာကျော်သည့် ဤလူအုပ်ထဲတွင် သူ့အဆင့်က အပေါ်ပိုင်း၌ ရှိနိုင်လောက်၏။
Scarlett ကလည်း လင်းရီကို သေချာလေး လေ့လာအကဲခတ်နေပြီး သူမစိတ်ထဲတွင် အနှီအမျိုးသားက ထွင်းဖောက်ပြီး မမြင်နိုင်သည့် ခံစားချက်တို့ ပေါက်ဖွားလာရသည်။
အထူးသဖြင့် ယခုလောလောလတ်လတ်လေးမှာပဲ သူ့မျက်ဝန်းထဲ၌ လူသတ်လိုစိတ်တို့ ဖျတ်ခနဲ လက်ပြေးသွားခဲ့သည်က သာမန်လူတို့ မပိုင်ဆိုင်နိုင်သည့် အရာပင်။
လူတိုင်း၏ အကြည့်အာရုံက ကိုလ်ဆန်ထံသို့ ပြန်လည် ကျရောက်သွားခဲ့သည်။
ဖီးလစ်က အမှောက်သိပ်ခံလိုက်ရပြီ ဖြစ်၏။ လူတိုင်းကလည်း သူ နောက်ထပ် ဘယ်ခြေလှမ်းမျိုး ရွေ့လျားလာမလဲဆိုတာကို အတော်လေး စိတ်ဝင်စားနေကြသည်။
ကိုလ်ဆန်၏ အမူအရာမှာ သဘာဝမကျ ဖြစ်လာခဲ့ပြီး မျက်နှာကြီး မည်းပုပ်လာသည်။
“ ငါ့ကို အဲ့လိုလေသံနဲ့ ပြောဝံ့နေတာ မဆန်းတော့ပါဘူး … မင်းကြည့်ရတာလည်း အရည်အချင်း နည်းနည်းတော့ ရှိသားပဲ ….”
ကိုလ်ဆန်က ခြေထောက်ချိတ်လိုက်ပြီး လက်တစ်ဖက်က ခေါင်းထောက်ထားကာ လင်းရီအား လှောင်ပြောင်နေသည့် အထက်စီးက အမူအရာဖြင့် ကြည့်နေသည်။
“ ဒီမှာ မင်းဖို့ သတင်းဆိုး တစ်ခုရှိတယ် … မင်းငါ့ကို ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ … ငါ့ပေါင်ကြားထဲက တွားသွား သွားနိုင်မယ်ဆိုရင် ဒီခု ကိစ္စကို ငါ မဖြစ်ခဲ့သလို သဘောထားပေးမယ် ….”
လူတိုင်း၏ အကြည့်က လင်းရီထံသို့ တစ်ဖန် ရောက်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ လူတိုင်းက ခွန်အားရော အရည်အချင်းပါ အသိအမှတ်ပြုထားသည့် ကိုလ်ဆန်နှင့် သူ ရင်ဆိုင်ရတော့မည်။ ဖီးလစ်ကို အနိုင်ယူနိုင်လျှင်ပင် ကိုလ်ဆန်၏ ပြိုင်ဘက်တော့ မဖြစ်နိုင်ပေ။
အဲ့တော့ သူ နောက်ဘာဆက်လုပ်မလဲ …
လင်းရီ ဆွံ့အစွာ ပြန်ထိုင်ချလိုက်၏။ သို့တိုင် ပိုင်နိုင်သည့် အင်္ဂလိပ်လေသံဖြင့် “ တကယ့်ကို စောက်ရူးအကြီးစားပဲ …”
ဤစကားကြားတော့ ကိုလ်ဆန်၏ မျက်နှာမှာ စိမ်းယောင်သမ်းသွားခဲ့ပြီး သူ့ ထိုင်ခုံကနေ ထလာသည်။
“ ဟွာရှန့်ကောင် … မင်းက ငါ့ကို ဖီးလစ်လို လွယ်တဲ့ကောင်လို့ ထင်နေတာလား ….”
“ လွယ်တာ မလွယ်တာ ငါ မသိဘူး … ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းတို့နှစ်ယောက်က မတိမ်းမယိမ်းတွေပဲ ….”
အခန်းထဲရှိ လေထုက အတော်လေး ပြင်းထန်လာသည်။
ကိုလ်ဆန်၏ ခွန်အားက ရှိနေသည့် လူအားလုံးထဲတွင် ထိပ်တန်းဆယ်ယောက်အတွင်းဝင်သူ ဖြစ်သည်။ ထို့ပြင် သူ အရင်က လုပ်ခဲ့သည့် လုပ်ရပ်များကလည်း သူ့ ဂုဏ်သတင်းကို ကိုယ်စားပြုနေသည်။
သူ့ကို စော်ကားလိုက်သည်က အတော်လေး ကြောက်ရွံ့ဖို့ ကောင်းလှ၏။ ခြေထောက်ကျိုးရုံမျှနှင့်တော့ ပြီးသွားမည့် ကိစ္စ မဟုတ်ချေ။
“ ထားလိုက်တော့ ကိုလ်ဆန် ….” Scarlett က ပြောလိုက်ပြီး “ ပြိုင်ပွဲက စတော့မှာ … အခုချိန် ခွန်အား အများကြီး သုံးထားတာက မကောင်းဘူး …”
ကိုလ်ဆန်က Scarlett ကို ဒေါသတကြီး အမူအရာနှင့် ကြည့်လိုက်သည်။
“ ငါက သူ့ကို အနိုင်မယူနိုင်ဘူးလို့ မင်း ပြောချင်နေတာလား ….”
Scarlett ဘာမျှ မဆိုခဲ့ချေ။ ဘာကြောင့်ဆိုတော့ သူမ ဘာပြောရမှန်း မသိသောကြောင် ဖြစ်၏။
သူမ စိတ်ထဲတွင်တော့ ကိုလ်ဆန်နှင့် ရင်ဆိုင်၍ လင်းရီတွင် အနိုင်ယူနိုင်သည့် အခွင့်အရေး မရှိပေ။
သို့ပေမယ့်လည်း စောန အခိုက်အတန့်တွင်တုန်းက လင်းရီ မျက်ဝန်းထဲတွင် ပြင်းထန်သည့် လူသတ်ရိပ်ကို သူမ မြင်တွေ့ခဲ့ရလေသည်။ အနှီ ခံစားချက်များမျိုးက တကယ့်ကို မြင်ရခဲ၏။ ယင်းက လင်းရီသည် မမြင်နိုင်လောက်အောင် နက်ရှိုင်းနေသည်ဟု သူမအား ခံစားမိစေပြီး ထို့ကြောင့်လည်းပဲ ကိုလ်ဆန်ကို လင်းရီအား မစမ်းသပ်လိုစေခဲ့ခြင်းပင်။
အကယ်၍ သူ့ဘက်က ချက်ချင်းလက်ငင်း အနိုင်ယူနိုင်မည်ဆိုပါက ကောင်းမွန်မည် ဆိုသော်လည်းပဲ ထိုသို့ မဟုတ်ဘူးဆိုပါက သူမတို့ဘက်ခြမ်းက လူတစ်ယောက် လျှော့နည်းသွားလိမ့်မည်။
ကိုလ်ဆန် မတ်တပ်ထရပ်လိုက်ပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မုန်တီးမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းဖြင့် လင်းရီကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
အခန်းထဲရှိ အခြားသူများကလည်း အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ဖြစ်နေသည်။
မြင်ကွင်းက အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် ပုံစံ ဖြစ်နေခဲ့၏။
ထိုအချိန်မှာပဲ အနက်ရောင် အဝတ်အစားများနှင့် ဝန်ထမ်း တစ်ဦးက အထဲသို့ ရောက်လာပြီး …
“ ဟဲလို အားလုံးပဲ … ကျေးဇူးပြုပြီး ခဏလောက် စိတ်ငြိမ်ငြိမ်ထားပေးကြပါ … ငါ့ဘက်က ပြိုင်ပွဲ စည်းမျဉ်းတွေအကြောင်းကို နည်းနည်းလေး ပြောပြချင်တယ် …”
“ ခဏလေး နေဦး … ငါ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ဖြေရှင်းဖို့ ကျန်နေသေးတယ် …” ကိုလ်ဆန်က အေးတိအေးစက် လေသံဖြင့် ပြောလိုက်၏။
“ ဒါက ….” ဝန်ထမ်းက တုံ့ဆိုင်းသွားခဲ့၏။ “ မစ္စတာကိုလ်ဆန် … မင်းက ငါတို့ ပထမဦးဆုံး ဖိတ်ကြားထားတဲ့လူ ဖြစ်သလို အင်အားကိုလည်း အသိအမှတ်ပြုတယ် … ရှင်းစရာ ရှိတာတွေကို ကြိုးဝိုင်းထဲမှာ ရှင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ် … အဲ့လိုဆို မင်းရဲ့ အဆင့်အတန်းကိုလည်း ထိန်းသိမ်းထားပြီး ဖြစ်မယ်လေ ….”
ကိုလ်ဆန် ခေတ္တ တိတ်ဆိတ်သွားခဲ့ပြီး “ မင်းမှန်တယ် .. ငါ ဒီကောင့်ကို ခဏလောက်တော့ အသက်ရှင်ခိုင်းထားလိုက်ဦးမယ် … ပြီးမှ ကြိုးဝိုင်းထဲမှာ ရှင်းကြတာပေါ့ ….”
ကိုလ်ဆန်က လင်းရီကို အေးစက်စွာ တစ်ချက်ကြည့်ပြီး သူ့နေရာသို့ ပြန်လာခဲ့၏။
“ ပြိုင်ပွဲ စည်းကမ်းတွေ အကြောင်း ငါတို့ သိထားပြီးသား … စကားတွေ ပြောပြီး လေကုန်ခံမနေနဲ့ … ပွဲကိုသာ အမြန်စီစဉ်ပေးစမ်းပါ ….”
“ ခင်များတို့တွေ အကုန်လုံး စည်းကမ်းတွေ သိထားပြီဆိုတာ သိတယ် .. ဒါပေမယ့် မသိသေးတဲ့ ဖိုက်တာ အသစ်တွေလည်း ပါတယ် … ငါ့ဘက်က ရှင်းပြစရာရှိတာတော့ ရှင်းပြရမှာပဲ ….”
“ ဒါဆိုလည်း မြန်မြန်လုပ်စမ်းကွာ … အချိန်မဖြုန်းစမ်းနဲ့ ….” ကိုလ်ဆန်က အတော်လေးကို စိတ်မရှည်နိုင် ဖြစ်နေသည်။
ဝန်ထမ်းလည်း ကူကယ်ရာမဲ့စွာဖြင့် လင်းရီကို လှမ်းကြည့်လိုက်မိသည်။
ခန္ဓာကိုယ် အချိုးအစားကလည်း သာမန်မျှသာ ရှိပြီး ထူးမခြားနားသည့် သွင်ပြင်နှင့် ဟွာရှန့်တစ်ယောက်က ယခုလို ပြိုင်ပွဲမျိုးနှင့် မအပ်စပ်သည်မှာတော့ အမှန်ပင်။
“ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို တစ်ချက် ရှင်းပြပေးမယ် … ဖိုက်တာတွေ အကုန်လုံးက ကနေဦး လူစစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ် … နောက်ဆုံး ကျန်ရစ်တဲ့ အယောက်နှစ်ဆယ်ကပဲ နောက်တစ်ချီကို ဆက်လက် ယှဉ်ပြိုင်ခွင့်ရှိတယ် … အဲ့မှာ တစ်ယောက်ချင်း ပြန်ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့ ဆယ်ယောက်ကပဲ ဆုပေးတဲ့အချီကို တက်ရောက်ခွင့်ရှိမယ် … ဖိုင်နယ်ပွဲကိုတော့ မနက်ဖြန်ညမှာ ကျင်းပသွားမယ် … မင်းတို့အကုန်လုံး ဒီညကို ကျော်ဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ် …”
အဆိုပါ စည်းမျဉ်းများကို ကြားတော့ လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့၏။
အကယ်၍ တစ်ဦးတစ်ယောက်တည်း တိုက်ခိုက်နိုင်စွမ်း သပ်သပ်ဆိုပါက ထိုသို့သော စည်းမျဉ်းများတွင် ချို့ယွင်းချက်က ကျိန်းသေပေါက်ကို ရျိသည်။ သို့ပေမယ့် ၎င်းတို့က အတော်လေးလည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဤစည်းမျဉ်းများက လင်းရီကို တစ်စုံတစ်ရာလည်း သတိပြုမိသွားစေခဲ့သည်။
ကိုလ်ဆန်နှင့် သူ့အုပ်စုက စည်းမျဉ်းကို ကြိုသိထား၍ ယခုလို ကြိုတင် စုဖွဲ့ပြီး နေခြင်း ဖြစ်လောက်၏။
၎င်းတို့က လူဆယ်ယောက် အတူပူးပေါင်းပြီး ဆုရရှိမည့် ပြိုင်ပွဲကို တက်လှမ်းဖို့ ပြင်ဆင်နေသည်မှာ အတော်လေးကို ဉာဏ်များသည့် လှည့်ကွက်ပင်။
“ ပြိုင်ပွဲစည်းကမ်းတွေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ … အခု လူတိုင်းလည်း နားလည်သွားကြလောက်ပြီလို့ ထင်တယ် .. တကယ်လို့ ကန့်ကွက်ချင်တာ မရှိဘူးဆိုရင် အခု သွားလို့ရပြီ .. ပြိုင်ပွဲ စတင်ပြီ …”
ပြိုင်ပွဲဝင်များက တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်၍ ဝန်ထမ်းများ၏ ဦးဆောင်မှုအောက်တွင်ပဲ စင်္ကြံလမ်းဘက်သို့ ထွက်လာခဲ့လေသည်။
ထိုအခိုက် ကြိုးဝိုင်း ဧရိယာ အနီးနားတစ်ဝိုက်တွင် ကြည့်ရှုသူတို့ ပြည့်နှက်နေပြီး … ယှဉ်ပြိုင်သူများ ထွက်ပေါ်လာသည်နှင့် မရပ်တမ်း တခဲနက် အားပေးနေကြတော့သည်။
ကိုလ်ဆန်က လင်းရီ ဘေးနားသို့ ရည်ရွယ်ချက် ရှိရှိ ရောက်လာခဲ့ပြီး အေးစက်သည့် လေသံဖြင့် “ ဟွာရှန့်ကောင် … မင်း ကြိုပြီး ဆုတောင်းထားလိုက်တော့ … ဘာလို့ဆို ကြိုးဝိုင်းထဲ ရောက်တာနဲ့ မင်းကိုယ်မင်း ဘယ်လို သေလို့သေသွားမှန်းတောင် မသိလိုက်မှာမလို့ပဲ …”
***