“ ဘယ်သူက အရင်လဲကျသွားမလဲဆိုတာ ကြည့်ကြတာပေါ့ …”
လင်းရီ ထူးမခြားနားသည့် ဟန်အမူအရာနှင့် တစ်ချက် ခွန်းတုံ့ပြန်လိုက်ပြီး ထွေထူးစကားပြန်ပြောနေခြင်း မရှိပေ။ သူ့ အတွေးများက မလှမ်းမကမ်းရှိ ဖန်ပြတင်းပေါက်သို့ အာရုံစူးစိုက်နေသည်။
တကယ်လည်း လူအများကြီးက ၎င်းဖန်သားပြင် နောက်ကွယ်တွင် ရှိနေကြပြီး ဘာ့နဒ်ကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ကျိုးဖန်နှင့် ကေဒီက အခြားလူများ ထွက်ပေါ်လာခဲ့ဦးမလားဆိုတာကတော့ မရေရာသေးပေ။
လင်းရီ၏ မျက်လုံးအိမ်တို့ အနည်းငယ် တင်းကြုတ်သွားခဲ့ပြီး သူ့အမူအရာကလည်း သဘာဝမကျ ဖြစ်လာသည်။
သူ၏ အစီအစဉ်တွင် ကျိုးဖန်က မရှိမဖြစ်ကို လိုအပ်နေပြီး အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့မည်ဆိုပါက နောက်ဆုံး ရလဒ်အပေါ်ကို အကျိုးသက်ရောက်မှုတို့ ရှိလာနိုင်သည်။ ထို့ကြောင့် ကျိုးဖန်ကို ရှာလို့ တွေ့ကိုတွေ့ဖို့ လိုအပ်၏။
လူအုပ်အတိုင်း လိုက်ပါလာရင်း လင်းရီနှင့် လူ အယောက်တစ်ရာကျော်က ဧရာမ ကြီးမားသည့် ကြိုးဝိုင်းကြီး အတွင်းသို့ ရောက်ရှိလာခဲ့သည်။
လူက အတော်လေး များပြားနေသည်ဆိုသော်လည်း ပြည့်ညှပ်ကြပ်နေသည်ဟူ၍တော့ မခံစားရပေ။
စင်အထက်တွင် လူများ ရောက်ရှိလာနေပြီကို မြင်တော့ အောက်ရှိ ဧည့်ပရိသတ်တို့က အရူးအမူး ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြသည်။ အချို့ကလည်း သူတို့၏ ပစ္စည်းများကို လေပေါ်သို့ မြှောက်ပြီး ဝှေ့ယမ်းလျက် နောက်လာမည့် ပွဲစဉ်အား စောင့်ကြိုနေလေသည်။
ထိုအချိန်မှာပဲ အဖြူရောင်ရှပ်နှင့် ပွဲကြေညာသူ ဖြစ်ဟန်တူသူက စင်ပေါ်သို့ လက်လာခဲ့၏။ သူ့လက်ထဲတွင် မိုက်ခရိုဖုန်းကို ကိုင်ထားပြီး လူအုပ်ကြီးအား ကြည့်၍ …
“ ဒီနေ့ ပွဲစဉ်ကို လာရောက်အားပေးကြတဲ့ လူတိုင်းကို ကြိုဆိုပါတယ် … ဒီနေ့ ကျွန်တော်တို့ မြင်တွေ့ရမှာကတော့ လုံးဝကို လွတ်လပ်ပြီး ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ လွတ်လပ်တဲ့ တိုက်ပွဲကွင်းပြင်ကြီးကိုပါပဲ ဖြစ်ပါတယ် … ဒီနေ့ ဒီကြိုးဝိုင်းထက်မှာ ရှင်သန်ကျန်ရစ်နိုင်မယ့်လူကတော့ … ၊ လူအယောက် တစ်ရာကျော်ထဲကမှ လူနှစ်ဆယ်ပါပဲ .... ဒီနေ့ ပွဲစဉ်က လူတိုင်းအတွက် မေ့လို့မရနိုင်အောင် ကြည့်လို့ကောင်းမယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျ ….”
ပွဲကြေညာသူ၏ တက်ကြွကျယ်လောင်သည့် စကားလေသံကို ကြားတော့ နောက်ထပ် အားပေးချီးမြှောက်သံ လှိုင်းတစ်လှိုင်းက ပွဲကျင်းပရာ နေရာတစ်လျှောက် ပျံ့နှံ့သွားခဲ့ြန်သည်။
အမျိုးသား၊ အမျိုးသမီးများအားလုံး ယခုအခိုက်အတန့်တွင် အန်ဒီနလင်းတို့ ထိုးတက်နေပြီ ဖြစ်၏။
အောက်ရှိ လူအုပ်ကြီးထံမှ အော်ဟစ် အားပေးသံများကို ကြားလိုက်ရတော့ ကြိုးဝိုင်းထဲရှိ ယှဉ်ပြိုင်သူများသည်လည်း သက်ရောက်ခြင်း ခံလိုက်ရကာ သူတို့၏ ကံတရားကို စမ်းသပ်ကြည့်ဖို့ ကြိုးပမ်းလာကြတော့သည်။
လင်းရီတစ်ဦးတည်းကသာ ဣန္ဒြေမပျက် တည်ငြိမ်နေသည်။ ယခုလို ပြိုင်ပွဲများတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေမည်ကို သူကြိုတင် မျှော်လင့်ထားပြီး ဖြစ်၏။
ထိုအခိုက် ဘော်ဒီဂတ်နှစ်ယောက်နှင့်အတူ အထဲသို့ လမ်းလျှောက်ဝင်လာသည့် အသက် သုံးဆယ် အစောပိုင်းအရွယ် အမျိုးသား တစ်ယောက်ကို မြင်တွေ့လိုက်ရတော့ လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
အထဲသို့ ဝင်ရောက်လာပြီးနောက် အမျိုးသားက အခန်း၏ ဗဟိုကို ကြည့်ရှုလိုက်ပြီး များများစားစား အာရုံစိုက်ခြင်း မရှိပါဘဲ ဖန်သားအခန်းထဲသို့ ဦးတည်သွားလေသည်။
ဤမြင်ကွင်းကို မြင်တော့ လင်းရီ၏ မျက်လုံးသူငယ်အိမ်တို့က အတွေးနက်သွားသည့်နှယ် အနည်းငယ် ကျုံ့ဝင်သွားခဲ့၏။ ယခုလေးတင် အထဲသို့ ဝင်ရောက်လာသူက သူ အသည်းအသန် ရှာဖို့ ကြိုးစားနေသည့် ကျိုးဖန်ဖြစ်ကြောင်း သေချာလေသည်။
ဓာတ်ပုံမျှသာ မြင်တွေ့ဖူးသော်လည်း ၎င်း၏ သွင်ပြင်က ထင်ရှားသည်။ မှားယွင်းလိမ့်မည် မဟုတ်ကြောင်း သူ့မျက်စိသူ လင်းရီ ယုံသည်။
တိတ်ဆိတ်စွာဖြင့် လင်းရီ လက်ချာင်းရှိ လက်စွပ်လေးကို လှည့်လိုက်ပြီး ကြားနိုင်ရုံမျှ အသံလောက်ဖြင့် “ ကျိုးဖန် ပေါ်လာပြီ … အပြင်ကလူတွေ သတိကပ်ထားကြ ….”
အနှီ သိမ်မွေ့သည့် လှုပ်ရှားမှုလေးကို မည်သူကမျှ သတိမပြုမိလိုက်ကြချေ။
တွေ့ခဲ့လျှင်လည်း လင်းရီက သေသည်အထိ ရိုက်နှက်မခံရစေဖို့ ဆုတောင်းနေသည်ဟုသာ တွေးထင်သွားနိုင်ကြသည်။
မကြာမီ ကျိုးဖန်က ဖန်သားအခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
အတွင်း၌ ဘားနဒ်နှင့် သူ့ယောက်ျားလေး အဖော်တို့ အပါအဝင် ဘော်ဒီဂတ် နှစ်ဦးလည်း ရှိနေပြီး စုစုပေါင်း လူလေးယောက် ဖြစ်၏.
ကျောက်ဟန်ကတော့ ထိုနေရာ၌ ရှိမနေခဲ့ချေ။ အကြောင်းမူကား ကျိုးဖန် ထွက်ပေါ်လာမှာကို မျှော်လင့်ထားသောကြောင့် အကြောင်းပြချက်ပေး၍ အလစ် ထွက်လာခဲ့ခြ်း ဖြစ်၏။
ဘားနဒ်ကို မြင်တော့ ကျိုးဖန်၏ အမူအရာက အနည်းငယ် ရွံရှာသည့် သွင်ပြင် ဖြစ်သွားခဲ့သည်။
သူ့ ကိုယ်ကျင့်စရိုက်က စွေ့ချန်နှင့် အလားသဏ္ဌာန်တူသည်။ အဖြောင့်စစ်စစ် တစ်ဦးအတွက် ဘားနဒ်ကဲ့သို့သော လူစားမျိုးအပေါ် အနည်းငယ် ကသိကအောက် ဖြစ်သည်က ပုံမှန်မျှ ဖြစ်၏။
သို့ပေမယ့်လည်း ကျိုးဖန်မှာ အပေါ်ယံတွင်တော့ အင်မတန် နှစ်လိုဖွယ်ကောင်းသည့် အသွင်မျိုးကို ဆောင်ထားပြီး မလိုလားအပ်သည့် ပြဿနာများကို မဖြစ်ပေါ်စေခဲ့ပေ။
ကျိုးဖန်ကို မြင်တွေ့ပြီးနောက် ဘားနဒ်က လူတိုင်းကို အခန်းပြင်သို့ ထွက်ခိုင်းလိုက်ပြီး သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။
ဘားနဒ်နှင့် နှစ်ဦးတည်းအတူ ရှိနေရသည်က ကျိုးဖန်ကို ပို၍ပင် မသက်မသာ ဖြစ်လာစေခဲ့ပြီး သူ့စိတ်ခံစားချက်များကို အနိုင်နိုင် ထိန်းချုပ်နေရသည်။
“ ဒီနေ့ ဘောက်ဆင်ပွဲက အတော်လေး ခမ်းနားတယ်နော် ကိုယ့်လူ … “ ကျိုးဖန်က ပြုံးလျက် ဆိုလိုက်၏။
“ ဒါပေါ့… ဒါကလည်း ငါတို့ အစီအစဉ် ရွေးချယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ … သေချာပေါက် အလေးအနက် ထားရမှာပေါ့ ….” ဘားနဒ်က ခွန်းတုံ့ပြန်လိုက်၏။ “ ဒါပေမယ့် ဒီလိုမျိုးတိုက်ပွဲကြီး ကျင်းပလို့ ရွေးချယ်တာက တကယ်ပဲ အဆင်ပြေပါ့မလား … ငါ့အထင် တစ်ဦးတစ်ယောက်ချင်း တိုက်ခိုက်တာက သူတို့ရဲ့ အားသာချက်တွေကို သေချာလေး မီးမောင်းထိုးပြနိုင်မလားလို့လေ ….”
“ မင်း ပြောတာ မှန်တယ် … ဒါပေမယ့် ငါတို့ နောင်မှာ လိုအပ်တဲ့ ဖိုက်တာတွေက တစ်ကိုယ်တော် ဖိုက်တာတွေ မဟုတ်ဘူး ….” ကျိုးဖန် ပြောလိုက်ပြီး “ တကယ့် စစ်မြေပြင်မှာ အခြေအနေက မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားနိုင်တယ် … တစ်ကိုယ်တော် အင်အားနဲ့ တိုက်ပွဲ ဒီရေကို ပြောင်းလဲပစ်ဖို့ဆိုတာ အတော်လေး ခက်တယ် …. ဒါကြောင့်မို့ ရွေးချယ်တဲ့အခါကျရင် ငါတို့ဘက်က တကယ့်အစစ်အမှန် ပါရမီရှိတဲ့လူတွေကိုမှ ရွေးချယ်သင့်တယ် ….”
“ ဆိုတော့ …. နည်းလမ်းက ဒိလိုမျိုးပေါ့ ….”
“ လက်ရှိ အခြေအနေမှာတော့ ဒါက အကောင်းဆုံး နည်းလမ်းပဲ….” ကျိုးဖန် ဆက်ပြောလိုက်ပြီး “ အားလုံး အချင်းချင်းတိုက်ခိုက်တဲ့ ပွဲမှာ လူတစ်ယောက်ရဲ့ အစွမ်းအစတွေ အကုန်လုံးကို သေချာရှင်းရှင်းလင်းလင်း မြင်နိုင်တယ် … ဉာဏ်ထက်တဲ့လူတွေ … မဟုတ်လည်း ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာအရပါ သန်မာအားကောင်းတဲ့ လူတွေကပဲ ထိပ်တန်း အယောက်နှစ်ဆယ်အတွင်းကို ဝင်နိုင်လိမ့်မယ် … အဲ့လို အစွမ်းအစမျိုးက စစ်မြေပြင်မှာ တကယ့်ကို အရေးပါတယ် …”
“ ကောင်းပြီလေ .. မင်းပြောတာကို နားထောင်လိုက်မယ် … ဘာပဲဆိုဆို မင်းက ကျွမ်းကျင်သူပဲဟာ ….”
“ ဒါနဲ့ မင်း မနေ့တုန်းက ပြောခဲ့တာ ဂျပန်နှစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံရတုန်းက ဟွာရှက လူတစ်ချို့ လာပြီး ကယ်တင်ပေးသွားခဲ့တယ်ဆို … မင်းအဲ့လူတွေကို ဖိတ်စာပေးလိုက်သေးလား …”
“ အင်း … ငါ တစ်ချက် ကြည့်စမ်းဦးမယ် …” ဘားနာဒ်က အောက်ကွင်းပြင်ထဲရှိ လူအားလုံးကို တစ်ချက် သိမ်းကျုံးကြည့်လိုက်သည်။ သို့ပေမယ့် လင်းရီကိုတော့ မမြင်တွေ့ဘဲ ဖြစ်နေသည်။
“ ဟမ် .. ထူးဆန်းလိုက်တာ … သူ ပေါ်မလာဘူးပဲ … ဖိတ်စာတစ်စောင်တော့ အလဟဿ ဖြစ်သွားခဲ့ပြီ ….”
“ သူ မလာဘူးဆိုတာ မင်း သေချာလို့လား ….”
ပြောရင်းဖြင့် ကျိုးဖန်လည်း စင်မြင့်ထက်သို့ ကြည့်လိုက်၏။ သို့ပေမယ့် သံသယ ဖြစ်စရာ မည်သည်ကိုမျှ မတွေ့ခဲ့ရချေ။
နှစ်ယောက်က ယခင်ညကတည်းက ဖုန်းဖြင့် စကားပြောခဲ့ပြီး ဖြစ်၏။
ဂျပန်က နှစ်ယောက်၏ အထောက်အထားနှင့် ပတ်သက်၍ကတော့ … ၎င်းတို့မှာ ဂျပန်ဘက်က သတင်းအချက်အလက် ရယူဖို့အတွက် စေလွှတ်ခြင်းခံရသူများ ဖြစ်မည်ဟု ထင်ကြေးပေးလိုက်သည်။
သို့ပေမယ့်လည်း ဘားနဒ်ကို ကယ်တင်ဖို့ရာအတွက် ဟွာရှလူမျိုး နှစ်ယောက် ထွက်ပေါ်လာသည့် ဖြစ်စဉ်ကလည်း အတော်လေး သံသယ ဝင်ဖို့ ကောင်းနေလေသည်။
ထိုလူများက ကျုံးဝေ့တပ်ဖွဲ့ဝင်များ ဖြစ်နေမှာကို ကျိုးဖန် အတော်လေး စိုးရိမ်ပူပန်နေမိသည်။
“ သူ မလာတာ တကယ် နှမြောဖို့ ကောင်းတယ် …” ဘားနဒ်က ညည်းညူလိုက်ပြီး “ အဲ့ကောင်ရဲ့ စကေးတွေက တကယ်မဆိုးဘူး … တကယ်လို့ ဒီပြိုင်ပွဲကိုသာ လာမယ်ဆိုရင် ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲတောင် .. ဒါပေမယ့် ထိပ်တန်း ဆယ်ယောက်ထဲကတော့ ငါလည်း မပြောတတ်ဘူး ….”
ဤစကားကြားတော့ ကျိုးဖန် စိတ်သက်သာ ရသွားခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ဝင်များ၏ ခွန်အားနှင့် ယခုလို အဆင့် ပြိုင်ပွဲမျိုးကို ဝင်ပြိုင်မည်ဆိုလျှင် ပထမဆု ရရှိဖို့က လုံးဝ အသာလေး ဖြစ်၏။
“ မလာတော့လည်း မလာဘူးပေါ့ကွာ … ထွေထူးမှ မဟုတ်တာ ….”
ထိုသို့ ပြောပြီးနောက် ကျိုးဖန်က ကြိုးဝိုင်းဘက်သို့ ကြည့်လိုက်ရာ ဝဖိုင်ပြီး ထင်ရှားသည့် မေးရိုးကြီးများနှင့် ဟွာရှန့်လူမျိုး တစ်ဦးတည်းကိုသာ မြင်တွေ့လိုက်ရလေသည်။ သွင်ပြင်က အတော်လေး သာမန်ဆန်သည့် သွင်ပြင်မျိုး ဖြစ်၏။
သူ့ဘက်က အတွေးလွန်နေသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျိုးမိသားစုနှင့် ကျုံးဝေ့တပ်ဖွဲ့ကြားရှိ ရန်ငြှိုးရန်စတို့က နက်ရှိုင်းမနေသဖြင့် ၎င်းတို့ဘက်က သူ့အား အားသွန်ခွန်စိုက်၍ ပစ်မှတ်ထားလာဖို့ရာ မဖြစ်နိုင်လောက်ပေ။
မည်သို့ပင်ဆိုစေ သူ့ဘက်ကတော့ လုံခြုံနေသည်။
နှစ်ယောက် စကားပြောနေစဉ်မှာပဲ ဒိုင်လူကြီး၏ အသံက ကြိုးဝိုင်းစင်မြင့်ထက်ကနေ ထွက်ပေါ်လာခဲ့သည်။
“ ကြွရောက်လာကြတဲ့ အမျိုးကောင်းသမီးများနဲ့ လူကြီးမင်းတို့ … ကျေးဇူးပြုပြီး တိတ်ပေးကြပါ … အချိန်အခါကတော့ ကျရောက်လို့ လာပါပြီ … ဒီညရဲ့ လွတ်လပ်တဲ့ တိုက်ပွဲကြီးက တရားဝင် စတင်ပါပြီ ခင်ဗျာ ….”
“ ခဏလေး …”
ပြောလိုက်သူက ကိုလ်ဆန် ဖြစ်ပြီး ပွဲကြေညာသူက ပြိုင်ပွဲစတင်ကြောင်း ကြေညာသည်နှင့် သူက ရှေ့သို့ ထွက်လာပြီး မိုက်ကို လုယူလိုက်သည်။
ပြောဆိုလာသူက ကိုလ်ဆန်ဖြစ်ကြောင်း သတိပြုမိလိုက်တော့ ပွဲကြေညာသူ၏ အမူအရာမှာ ယဉ်ကျေးသွားခဲ့၏။
ဘောက်ဆင် နယ်ပယ်တွင် နာမည်ကြီး ကစားသမား တစ်ဦးဖြစ်သည့်အပြင် ယခုပွဲစဉ်သို့ တက်ရောက်ယှဉ်ပြိုင်ရန်အတွက် ပထမဦးဆုံး ဖိတ်စာကို ရရှိခဲ့သူလည်း ဖြစ်၏။
“ မစ္စတာကိုလ်ဆန် … ဘာများ ပြောစရာရှိလို့လဲ ခင်မျာ …”
“ ထွေထူးတော့ မဟုတ်ပါဘူး … “ ကိုလ်ဆန်က ပြောလိုက်ပြီး လက်ဆစ်များချိုး၍ အထင်သေးသည့် အပြုံးကို ချိတ်ဆွဲလိုက်ပြီး “ မတိုက်ခိုက်ခင် ကိုယ်ရေးကိုယ်တာ ပြဿနာလေး တစ်ချို့ ဖြေရှင်းချင်ရုံလေးပါပဲ …”
***