ကိုလ်ဆန်၏ စကားကို ကြားတော့ ဧည့်ပရိသတ်ကြီးမှာ ငြိမ်ကျသွာခဲ့ပြီး သူ ဘာကို ပြောချင်နေလဲဆိုတာ နားစွင့်လာခဲ့ကြ၏။
“ မစ္စတာကိုလ်ဆန် … မင်းက ဘယ် ကိုယ်ရေးကိုယ်တာ ပြဿနာကို ရည်ညွှန်းနေတာလဲ မသိဘူး ….”
ကိုလ်ဆန် ပြုံးလိုက်ပြီး သူ့ အကြည့်က လင်းရီအပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ဒီ ဟွာရှက မိတ်ဆွေလေးနဲ့ ငါနဲ့ကြားမှာ ကိုယ်ရေးကိုယ်တာ ရန်ငြှိုး နည်းနည်းရှိတယ် … တိုက်ပွဲ မစတင်ခင်မှာပဲ ကြိုးဝိုင်းထဲမှာ အပြီးဖြတ်ဖို့အတွက် စီစဉ်ထားတယ် … တကယ်လို့ မင်းတို့ဘက်ကနေပြီး ပွဲအချိန်ကို နည်းနည်းလောက် ကြန့်ကြာပေးနိုင်မယ်ဆိုရင် ငါ့ဘက်က ဝမ်းသာမိမှာပဲ ….”
ထိုစကားမျိုး ပြောလိုက်သည်နှင့် လူအုပ်ကြီးမှာ အံ့ဩဘနန်း ဖြစ်သွားခဲ့လေသည်။
“ ငါ ဒီဘဲကြီးကို သိတယ် … အတော်လေး ကြမ်းတဲ့ ဘဲပဲ … အရင်က မရိမ်းတပ်ဖွဲ့မှာလည်း အချိန်တစ်ခုအထိ နေခဲ့ဖူးတယ် … နိုင်ငံခြားအထိတောင် ထွက်ခဲ့ဖူးသေတးယ် … အတော်လေး အရည်အချင်းမြင့်တဲ့ ဖိုက်တာ တစ်ယောက်ပဲ … ကမ္ဘာ့အဆင့် ပြိုင်ပွဲ တော်တော်များများမှာလည်း ဝင်ပြိုင်ပြီး ချန်ပီယံ တံဆိပ်တွေ သိမ်းပိုက်ထားတဲ့လူ … ဒီတစ်ခေါက် ပြိုင်ပွဲမှာ ပထမရမယ်ဆိုပြီး နာမည်ကြီးနေတဲ့လူလေ … အခု သူက ဟွာရှန့်ကောင်နဲ့ ရွေးပြီး ဖိုက်ချင်နေတယ်ဆိုတော့ ငါ့အထင် … ဒါ နည်းနည်းလေး အနိုင်ကျင့်ရာ ရောက်မလားလို့လေ ….”
…..
“ ငါ့အထင်တော့ အဲ့ဒီ ဟွာရှန့်ကောင်က ကိုလ်ဆန်ကို သွားဆွလိုက်လို့ ဖြစ်လိမ့်မယ် .. မဟုတ်ရင် ကိုလ်ဆန်က ဒီလိုတွေ လုပ်မယ့် လူစားမျိုး မဟုတ်ဘူး ….”
“ အဲ့တာတွေ ဘာလို့ ဂရုစိုက်နေမှာ … ငါ့အတွက်ကတော့ အတူတူပဲ … ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကောင်တွေ အကုန်လုံးက ဒီကို ပွဲကြည့်ဖို့အတွက် ရောက်လာကြတဲ့ ကောင်တွေပဲ မဟုတ်ဘူးလား ….”
ထိုအချိန်မှာပဲ ဒိုင်လူကြီးက စကားပြောလာခဲ့၏။ “ မစ္စတာကိုလ်ဆန် … မင်းတို့နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးတွေကို ကြိုးဝိုင်းထဲမှာ ဖြေရှင်းလိုတာ ငါ့ဘက်က စိတ်မရှိပါဘူး .. ဒါပေမယ့် ဒီခုက ပွဲကျင်းပနေပြီဆိုတော့ ငါတို့ဘက်က တခြား ဖိုက်တာတွေဘက်ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့က လိုသေးတယ် ….”
“ ငါတို့ကတော့ ကိစ္စ မရှိဘူး … သူတို့နှစ်ယောက်ကို အရင်ဖိုက်ခိုင်းလိုက် … ဘေးကနေ ခဏလောက် ပွဲကြည့်ရမယ်ဆိုလည်း မဆိုးပါဘူး …” ဝင်ရောက် ယှဉ်ပြိုင်သူ ဖိုက်တာတစ်ယောက်က ဆိုလိုက်သည်။
“ အဲ့ဒီ ဟွာရှန့်ကောင်က အတော်လေး မောက်မာတဲ့ကောင် … အခုလေးတင်ပဲ နားနေခန်းထဲမှာ ကိုလ်ဆန်ကို ဆက်တိုက် စော်ကားနေတာ … အဲ့တာကြောင့်မို့လည်း သူတို့ရဲ့ ရန်ငြှိုးတွေကို ကြိုးဝိုင်းထဲမှာ ရှင်းဖို့ လုပ်နေကြတာ …. ဒီတော့ ဖိုက်ခိုင်းလိုက် … ဒီအမှိုက်ကို ကန်ထုတ်ပစ်တာက ပွဲကို ပိုပြီးတောင် စိတ်လှုပ်ရှားဖို့ကောင်းစေဦးမယ် ….”
လူအုပ်ကြီးထံမှ မည်သည့် ကန့်ကွက်မှုကို မကြားရတော့ ဒိုင်လူကြီး၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့ပြီး ဖိုက်တာနှစ်ယောက်အား ပွဲတည်ပေးလိုက်တော့သည်။
“ လူတိုင်းကလည်း သဘောတူနေပြီ ဆိုမှတော့ ပြိုင်ပွဲမစတင်ခင် မင်းတို့နှစ်ယောက် တရားဝင် ယှဉ်ပြိုင်လို့ရတယ် … ပြီးတော့ မင်းတို့ထဲက တစ်ယောက် ကြိုးဝိုင်း အပြင်ဘက် မရောက်မချင်း ပွဲမပြီးဘူး ….”
ကိုလ်ဆန်က လည်ပင်းကို ဘယ်ညာလှည့်၍ ၊ လက်ဆစ်များကို ချိုးလိုက်ကာ ကြိုးဝိုင်း အလယ်သို့ ရောက်ရှိလာသည်။ လင်းရီကို လက်ညှိုးကွေးပြီး စိန်ခေါ်လိုက်၏။
“ ဟွာရှက လာတဲ့ကောင် … မင်းက အခုလေးတင် ဖီးလစ်ကို အမှောက်သိပ်ပြီး ငါ့ကိုတောင် မျက်လုံးထဲ မထည့်ဘူးမလား … အခု မင်းရှေ့မှာ အခွင့်အရေး ရောက်လာပြီ … မင်းရဲ့ မောက်မာမှုတွေကို ဘယ်အရာက ယုံကြည်မှု ပေးလိုက်လဲဆိုတာ ငါ့ပြစမ်းဟျောင့် ပြစမ်း ….”
လင်းရီ မျက်ခုံးပင့်လျက် သူ့အား တစ်ချက်ကြည့်လိုက်၏။
“ ငါ့ကို အရင်စစေချင်တာ သေချာလား …”
ကိုလ်ဆန်က မောက်မာဝင့်ကြွားသည့် အမူအရာဖြင့် ပခုံးတွန့်ပြလိုက်၏။ “ ဒါပေါ့ … ဘာလို့ဆို မင်း ငါ့ကို ထိအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးမလို့ပဲ … အဲ့တော့ တန်ဖိုးထားလိုက် ….”
“ဟက် ….”
“ မင်းက အဲ့လို ဖြစ်စေချင်တယ်ဆိုတော့လည်း … ဒီလိုဆိုတော့ ငါ အားမနာတော့ဘူးနော်….”
ခြေတစ်လှမ်းချင်းတစ်လှမ်း ၊ ကိုလ်ဆန်အနားသို့ လင်းရီ ချဉ်းကပ်လာခဲ့သည်။ ကိုလ်ဆန်ကတော့ နေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး မတုန်မလှုပ် ရှိနေသည်။
“ ကိုလ်ဆန်က သန်မာမှန်းတော့ ငါသိပါတယ် … ဒါပေမယ့် ကာဖို့တောင် မလုပ်တော့ဘူးလားဟ ….”
“ ကာနေစရာ မလိုဘူး .. သူ့ လယ်ဗယ်နဲ့ဆို ပြိုင်ဘက်က စတိုက်ခိုက်ပြီဆိုတာနဲ့ ချက်ချင်း တန်ပြန် တိုက်ခိုက်လို့ရတယ် … မင်းတို့ကောင်တွေက ဒီတိုင်း ပွဲပဲ ကြည့်စမ်းပါ … ကိုလ်ဆန်က စောက်ရမ်း သန်မာတာ … ဒီ ဟွာရှန့်ကောင် သူ့ ကော်လံတောင် မထိနိုင်ဘူးလို့ လောင်းတယ်ကွာ … မင်း မယုံဘူးဆို ငါနဲ့ ဒေါ်လာ တစ်ရာကြေး တင်လိုက် ….”
“ အိုကေ … ကြိုက်တယ်ဗျာ … တကယ်လို့ အဲ့ဟွာရှန့်ကောင် ကိုလ်ဆန်ကို ထိနိုင်ရင် မင်းငါ့ကို တစ်ရာပေးရမှာနော်….”
“ ပြဿနာ မရှိဘူး …”
ထိုအချိန်အခိုက်အတန့်၌ ကြိုးဝိုင်း စင်မြင့်ထက်သို့ ရောက်ရှိနေသည့် ဖိုက်တာများကလည်း စိတ်ဝင်တစားနှင့် ဆွေးနွေးနေကြသည်။
“ ကိုလ်ဆန် အဲ့ငနဲကို ဘာလုပ်မယ်လို့ မင်း ထင်လဲ ….” ယခင် အစောပိုင်း ကိုလ်ဆန်ဘေးနားတွင် ထိုင်နေခဲ့သည့် လူကောင်ကြီးကြီးနှင့် အမျိုးသားက မေးလိုက်သည်။
“ အနည်းဆုံးတော့ ခြေထောက်တွေ အကျိုးပဲ …” အသားညိုညို ကတုံးနှင့်တစ်ယောက်က မှတ်ချက် ပြုလိုက်၏။
“ ကိုလ်ဆန်ရဲ့ လူကောင်းရုပ်က မင်းကို အရူးမလုပ်စေနဲ့ … အဲ့ကောင်က သိပ်ရက်စက်တဲကောင် … အငြှိုးအတေးလည်း ကြီးသလား မမေးနဲ့ …. အပေါ်ယံသာ မျက်နှာက ပြုံးနေတာ သူ့ ပစ်မှတ်ထားတာ ခံလိုက်ရလို့ကတော့ အဆုံးသတ်ကောင်းလိမ့်မယ် မထင်နဲ့ ….”
“ ဟားမက်စ် … မင်းလည်း အဲ့လို ထင်တယ်မလား ….”
“ ဒါပေါ့ … ငါတို့ အရင်က အလုပ်အတူ လုပ်ခဲ့ဖူးတယ် … ငါ ဒီကောင့်အကြောင်း ကောင်းကောင်းကြီးသိတယ် ….” ဟားမက်စ်က လက်မောင်းပိုက်လျက် ပြုံးနေသည်။
“ ငါ့အထင် ကိုလ်ဆန်ရဲ့ အစီအစဉ်က ကြိုးဝိုင်းထဲမှာပဲ ဒီကောင့်ကို ရိုက်ဖို့ မဟုတ်လောက်ဘူး … ပွဲပြီးသွားခဲ့ရင်တောင် သူ့နောက်က တိတ်တိတ်လေး လိုက်သွားပြီး သင်ခန်းစာပေးရင် ပေးဦးမှာ ….”
“ တကယ့်အရူးပဲ … သူ့ အသင်းသားဖြစ်သွားခဲ့တာ ကံကောင်းလို့ပေါ့ … မဟုတ်လို့ကတော့ သစ်ကြားသီး အခွံခွဲသလိုကို တီးခံလိုက်ရမှာပဲ …”
နှစ်ယောက်က တစ်ပြိုင်နက် ရယ်မောလိုက်ရင်း ဘေးတွင် စကားပြောနေခဲ့ကြသည်။ ထိုစဉ် Scarlett ကတော့ နှုတ်ဆိတ်နေသည်။
အမျိုးအမည်မသိ ခံစားချက်တစ်ခုကြောင့် အနှီ ဟွာရှန့် အမျိုးသားတွင် အင်မတန် ထူးကဲသည့် ခွန်အားမျိုး ပိုင်ဆိုင်ထားကြောင်း အာရုံရနေခဲ့သည်။
ကိုလ်ဆန်က သန်မာတာ မှန်သည်။ သို့ပေမယ့် တစ်ဖက်သူကို အပြတ်သတ် အနိုင်ယူနိုင်မည်လောဆိုတာကိုတော့ …
လက်ငင်း ဆုံးဖြတ်၍ မရသေးသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားပြီ ဖြစ်၏။
အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ခန်းမအတွင်းရှိ လေထုကလည်း ဖြည်းဖြည်းချင်း ဆိတ်ငြိမ်လာသည်။
လူတိုင်းက စင်မြင့်ထက်တွင် နေရာယူထားသည့် လင်းရီနှင့် ကိုလ်ဆန်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေခဲ့ကြသည်။
ထိုအချိန်မှာပဲ လင်းရီဘက်က လက်သီးတစ်လုံး ထိုးသွင်းလာခဲ့ပြီး ကိုလ်ဆန်၏ မျက်နှာထက်သို့ ထောင့်အချိုးကျကျ ကျရောက်သွားခဲ့၏။
ဘန်း …
ခိုင်မာသည့် လက်သီးတစ်ချက်က ကိုလ်ဆန်ကို အငိုက်မိသွားစေခဲ့ပြီး လေးလံသည့် တူကြီး တစ်လက်နှင့် မျက်နှာကို ထုနှက်ခံလိုက်ရသည့်နှယ် အမြင်တို့ မူးဝေသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ ထိန်းချုပ်မရနိုင်စွာ လဲကျသွားခဲ့သည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
မြင်ကွင်းက ရှိနေကြသည့် လူတိုင်းကို ရှော့ခ်ရသွားစေခဲ့လေသည်။
တိတ်ဆိတ်မှု။
လုံးဝ လုံးဝ တိတ်ဆိတ်မှု။
အသံအတိ ကင်းမဲ့သွားခဲ့သည်။
ပွဲကျင်းပရာ ခန်းမထဲ၌ လူပေါင်း ထောင်နှင့်ချီ ရှိနေသော်ငြားလည်း ထိုအခိုက်အတန့်၌ ဆူညံသံ တစ်သံလေးပင် ထွက်ပေါ်လို့ မလာခဲ့ချေ။
သာမန်ရုပ်ရည်နှင့် ဟွာရှန့်ကောင်က ကိုလ်ဆန်လို နာမည်ကြီးကို တစ်ချက်တည်းနှင့် အမှောက်သိပ်ပစ်လိုက်မည်ဟု မည်သူကမျှ ထင်မှတ်မထားကြပါချေ။
ယင်းက လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။
ကိုလ်ဆန်မှာ ကြမ်းပြင်တွင် လဲလျောင်းနေရင်း ခေါင်းကို ဆက်တိုက် ခါယမ်းနေသည်။ သူ့အမြင်တို့ မူးဝေနေဆဲ ဖြစ်၏။
ထို လက်သီးချက်ထဲတွင် လင်းရီ ခွန်အားအပြည့် အသုံးမပြုထားချေ။ မဟုတ်ဘူးဆိုပါက သူ၏ လက်သီးအားဖြင့် ကိုလ်ဆန် နေရာမှာတင် ပွဲချင်းပြီးသွားနိုင်သည်။
ကျိုးဖန်ကလည်း ဤနေရာ၌ ရှိနေသဖြင့် အကယ်၍ လင်းရီသာ သူ၏ စစ်မှန်သည့် ခွန်အားကို ထုတ်ဖော်ပြလိုက်မည်ဆိုပါက တစ်ဖက်သူ သတိပြုမိသွားမှာ ကျိန်းသေသည်။ သူ့ဘက်က ဝှက်ထားဖို့ရာ လိုအပ်။
တဒင်္ဂမျှ တိတ်ဆိတ်သွားပြီး နောက်တွင် ကိုလ်ဆန်က မတ်တပ်ပြန်ရပ်လာပြီး မူးဝေဝေ ဆက်ဖြစ်မနေတော့ပေ။ သို့သော် သူ့မျက်လုံးတို့က ပြူးကျယ်နေပြီး အံကိုလည်း တင်းတင်းကြိတ်ထားကာ ရက်စက်ကြမ်းကြုတ်သည့် သားရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
“ မင်းကတော့ အသေပဲ …”
ကျယ်လောင်စွာ မာန်ပြုပြီးနောက် ကိုလ်ဆန်က လင်းရီထံသို့ ရက်စက်မှုအပြည့်နှင့် တိုးဝင်လာခဲ့ကာ ပြိုင်ဘက်ဖြစ်သူအား ပြန်လည်တိုက်ခိုက်နိုင်မည့် မည်သည့် အခွင့်အရေးကိုမျှ မပေးချေ။
လင်းရီ မရှောင်တိမ်းနိုင်သည့်နှယ် ဟန်ဆောင်၍ ကိုလ်ဆန်၏ တိုက်ခိုက်မှုကို သူ့ရင်ဘက်နှင့် ခံယူလိုက်သည်။ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့၏။ ပို၍ ပီပြင်စေရန်အတွက် လက်ကိုလည်း ရင်ဘက်ပေါ်သို့ တင်ထားကာ အဆိုပါ တိုက်ခိုက်ချက်ကြောင့် သူ့ဘက်က အတော်လေး အထိနာသွားသည့်ဟန် ဆောင်လိုက်သည်။ ဘေးလူအမြင်မှ ကြည့်မည်ဆိုပါက သူ၏ သွင်ပြင်မှာ တကယ်လို့ ထိုသို့ ဖြစ်နေသည့်ပုံပေါ်သည်။
ချို့ယွင်းချက်ကို ထောက်ပြပါဆိုလျှင်တော့ သွေးမအန်သွားခြင်းပင်။ အကယ်၍ သွေးလေးများသာ အန်ထွက်လိုက်မည်ဆိုပါက တစ်ခါတည်း အော်စကာ တန်းပေးလိုက်၍ရသည်။
သို့ပေမယ့်လည်း လင်းရီကတော့ အကြိမ်ရေ အနည်းငယ်မျှ ချောင်းဟွတ်ပြလိုက်၏။ ဇာတ်ရုပ်ကို သူ့အတိုင်းအတာနှင့်သူ အသက်ဝင်သွားစေခဲ့လေသည်။
တစ်ချိန်တည်းမှာပဲ လင်းရီသည် စနစ်၏ ဆုလဒ်က သူစိတ်ကူးထားသည်ထက်ပင် အကျိုးသက်ရောက်မှုက ပိုမိုကောင်းမွန်နေကြောင်း သတိထားမိလိုက်သည်။ သူ့ဆဲလ်များ ပေါင်းစည်းနိုင်စွမ်း အင်အား တိုးမြင့်လာသည့်အတွက်ကြောင့် ခုခံကာကွယ်နိုင်စွမ်းသည်လည်း သိသိသာသာ တိုးမြင့်လာခဲ့ကာ အနှီ ကန်ချက်က အနည်းငယ် ယားယံသွားသည်ကလွဲ၍ အခြား မည်သည်ကိုမျှ မခံစားရပေ။
ဖန်သားပြင် နောက်ကွယ်မှ ကြည့်နေသည့် ကျိုးဖန်မှာ ဤအချင်းအရာကိုမြင်တော့ စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။
လင်းရီ၏ အထောက်အထားကို သူ အစကတည်းက သံသယ ရှိနေခဲ့တာ ဖြစ်၏။ သို့သော် ကိုလ်ဆန်၏ ခြေကန်ချက်ကြောင့် နောက်သို့ လွင့်သွားသည်ကို မြင်လျှင် စိုးရိမ်ပူပန်မှုများအားလုံး တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုမျှပျော့သည့်ကောင်က ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့အပြင် သူ၏ တိုက်ခိုက်ရေး နည်းလမ်းတို့က ရုံချွမ်းနှင့် ဆင်တူပြီး ကျုံးဝေ့တပ်ဖွဲ့၏ ပုံစံ မဟုတ်ပေ။ သူ့ အထောက်အထားနှင့် ပတ်သက်၍ကတော့ ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။ မည်သည့် ပြဿနာတို့မျှ မရှိချေ။
“ ချီးပဲ … သေလိုက်တော့ ….”
တစ်ဖန် အော်ဟစ်ရင်း ကိုလ်ဆန် ကြမ်းတမ်းမှုအပြည့်နှင့် နောက်တစ်ကြိမ် ထပ်မံ၍ ပြေးဝင်လာခဲ့ကာ လင်းရီအား မည်သည့် အခွင့်အရေးမျှ မပေးဖို့ရာ ဆုံးဖြတ်ထား၏။
***