ကိုလ်ဆန်ဘက်က လှုပ်ရှားလာသည်ကို မြင်တော့ သူနှင့်အတူ ပါလာသည့် အဖော်၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ဒီငနဲကတော့ တကယ်ရဲတာပဲ … ကိုလ်ဆန်ရဲ့ မျက်နှာတည့်တည့်ကိုမှ လက်သီးနဲ့ သွားထိုးနေတယ် … အထိုးခံရတဲ့ကောင်ကတော့ ဘယ်လောက်တောင် ရှက်သွားလိုက်လဲမလဲ ….” ကတုံးနှင့် သန်မာသည့် အမျိုးသားက ဆိုလိုက်သည်။ “ အခု ကိုလ်ဆန်ဖြစ်နေတဲ့ပုံစံကို ကြည့်လိုက်စမ်း … တကယ့်ကို အမျက်ချောင်းချောင်း ထွက်နေတဲ့ ကျားရိုင်း တစ်ကောင်လိုပဲ … ဒီည ပွဲကတော့ ကြည့်လို့လှပြီ ….”
လင်းရီ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး နှေးကွေးဟန်ဆောင်နေစဉ် ကိုလ်ဆန်၏ ထပ်မံကန်ကျောက်ခြင်းကို ခံလိုက်ရသည်။ သူ့အတွက်ကတော့ ထိုကန်ချက်က သိမ်မွေ့ညင်သာလှ၏။ နာကျင်မှုဟူ၍ တစိုးတစိမျှပင် ခံစားရခြင်း မရှိပေ။
ထိုအချိန်မှာပဲ စင်အောက်ရှိ ဧည့်ပရိသတ်များထံမှ တစ်ခဲနက် အားပေးသံတို့ ထွက်ပေါ်လာသည်။
…
ကိုလ်ဆန်က အတည်ပေါက် လေးနက်လာပြီ ဖြစ်သဖြင့် မြင်ကွင်းက သူတို့ စိတ်ကူးထားသည်ထက်ပင် ပို၍ ကြည့်ကောင်းနေခဲ့သည်။
သူ့ဘက်က အသာစီးရနေသည်ကို မြင်တော့ ကိုလ်ဆန်ဘက်က တိုက်ခိုက်မှုများကို တရစပ် ပြုလုပ်လာသည်။ သို့သော် လင်းရီဘက်က သူ့ကို အခွင့်အရေးများများ မပေးဘဲ လွယ်လင့်တကူ ရှောင်တိမ်းနေခဲ့၏။
ထို့နောက် တစ်ချက်လှည့်လိုက်ပြီး ကိုလ်ဆန်၏ အောက်ပိုင်းသို့ ကန်ကျောက်လိုက်သည်။
ကိုလ်ဆန် ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့၏။ သို့ပေမယ့် လျင်မြန်စွာ ဟန်ချက် ထိန်းနိုင်လိုက်ပြီး သူ၏ အမာခံ အင်အားကို အသုံးပြုကာ ခန္ဓာကိုယ်ကို လိမ်တွန့်လိုက်ပြီး လင်းရီ၏ တိုက်ခိုက်မှု လှိုင်းလုံးများအား ပြန်လည် ရှောင်တိမ်းလိုက်သည်။
လင်းရီသည်လည်း ချုပ်ထိန်းထားခြင်း မရှိပေ။ နှစ်ဘက်လုံးက လက်ရည်ညီနေပြီး မည်သူကမျှ မည်သူ့ကို အကျောမခံလိုကြပေ။
ဘေးတွင် မတ်တပ်ရပ်နေသည့် Scarlett က မျက်မှောင်ကြုတ်မိသွားခဲ့၏။ ဤတိုက်ပွဲက တစ်နည်းနည်းနှင့် မူမမှန်ဟု ခံစားနေရသော်လည်း တိတိကျကျ ညွှန်ပြနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။
ဤအတောအတွင်း လင်းရီ ပြသခဲ့သည့် တိုက်ခိုက်ရေး စွမ်းအားတို့က လူတိုင်းကို အံ့အားသင့်မှုတို့ ချန်ရစ်ထားစေခဲ့သည်။
သူတို့၏ နဂို အမြင်၌ လင်းရီအဖို့ … ကိုလ်ဆန်ကို ဤမျှ အတိုင်းအတာအထိ တိုက်ခိုက်နိုင်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော် ယခုလက်ရှိ သူတို့ မျက်စိရှေ့မှောက်၌ ထိုသို့သော မြင်ကွင်းမျိုးက အမှန်တကယ် ဖြစ်ပေါ်လာနေခဲ့သည်။
လူအုပ်ကြီး သတိမထားမိလိုက်ခင် အချိန်အတွင်းမှာပဲ လင်းရီက ကိုလ်ဆန်ကို ထောင့်ကပ်နိုင်သွားခဲ့၏။
ထို့နောက် ကိုယ်တွင်းက အတွင်းအားချီကို ရုတ်တရက် ထုတ်လွှတ်ကာ ကိုလ်ဆန်အား ကန်ကျောက်လိုက်ပြီး ကြိုးဝိုင်း အပြင်ဘက်သို့ လွင့်ထွက်သွားစေခဲ့သည်။
ဘုတ် …
ကိုလ်ဆန် ကြိုးဝိုင်း အပြင်ဘက်သို့ ကျရောက်သွားချိန်၌ ပွဲကျင်းပရာ နေရာတစ်ခုလုံး သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ကိုလ်ဆန်လို နာမည်ကြီး ဖိုက်တာတစ်ယောက်က ကြိုးဝိုင်းထဲကနေ ဘာမဟုတ်တဲ့ ဟွာရှန့်တစ်ယောက်ရဲ့ လွင့်ပစ်တာကို ခံလိုက်ရတယ် …
ဤမြင်ကွင်းကို မည်သူကမျှ စိတ်ကူးမယဉ်ဝံ့ခဲ့ကြပေ။
နေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ်နေခဲ့၏။ သောင်းနှင့်ချီသည့် မျက်လုံးတို့က ကိုလ်ဆန်အပေါ်တွင် အာရုံစိုက်နေပြီး ထိုသူတို့၏ မျက်လုံးထဲ၌ ကိုလ်ဆန်အပေါ် အထင်သေးမှုတို့ ပြည့်နှက်နေခဲ့သည်.
ထိုအချင်းအရာကို ကြိုးဝိုင်းထဲ ရပ်တန့်နေသည့် သူ့အသင်းသားများကပင် ခံစားမိနိုင်ကြ၏။
တစ်ချိန်တည်းတွင် ယှဉ်ပြိုင်သူများက လင်းရီ၏ ခွန်အားအပေါ် ရှုထောင့်အသစ် တစ်ခုမှ ပြန်လည် အကဲဖြတ်သွားခဲ့ကြသည်။ ဟွာရှန့်ကောင်၏ သွင်ပြင်က အထင်ကြီးဖို့ မကောင်းသော်ငြားလည်း အစွမ်းသတ္တိကတော့ သူတို့ စိတ်ကူးထားသည်ထက်ကို ပိုသည်။
နှစ်ဦးချင်း တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ဒိုင်လူကြီးက ထူးဆန်းသည့် မျက်နှာအမူအရာကို ဆင်မြန်းလျက် ကြိုးဝိုင်းပေါ်သို့ တက်လာခဲ့သည်။
ကိုလ်ဆန် အနိုင်ယူခြင်း ခံလိုက်ရသည်ကလည်း သူ့အတွက် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။
တကယ့်ကို မျက်စိပွင့် နားပွင့် ဖြစ်သည့် နေ့လေးတစ်နေ့ပင်။
ထိုအချိန်အခိုက်အတန့်၌ ကိုလ်ဆန်အပေါ် ပြုမူသည့် သူ၏ စကားအသုံးအနှုန်းနှင့် လေသံတို့မှာ ယခင်ကကဲ့သို့ ယဉ်ကျေးနေခြင်း မရှိတော့ဘဲ အေးစက်သည့် အမူအရာဖြင့် “ ကိုလ်ဆန် မင်းရှုံးသွားပြီ … ပြိုင်ပွဲ စည်းမျဉ်းတွေအတိုင်း မင်း အခု ထွက်သွားလိုက်တော့ ….”
“ ထွက်သွားစမ်း အမှိုက် … မင်း စောက်ခွက်ကြီးကို ငါ မမြင်ချင်ဘူး … မင်းကို ယုံကြည်လို့ တစ်ရာကြေး လောင်းထားတာ ချီးပဲ မင်းက စောက်အမှိုက်ပဲ ….”
ပြိုင်ပွဲမစတင်မီ လူတော်တော်များများက ကိုလ်ဆန်အပေါ် လောင်းကြေးထပ်ထားခဲ့ကြပြီး လင်းရီအား လွယ်လင့်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားခဲ့ကြ၏။
သို့သော် ထွက်ပေါ်လာသည့် ရလဒ်က ထင်မှတ်ထားသည်နှင့် တပ်တပ်စင်အောင် ဆန့်ကျင်ဘက် ဖြစ်လို့နေသည်။
လူအုပ်ကြီး၏ ဆဲရေးကြိမ်းမောင်းမှုနှင့် ရင်ဆိုင်လိုက်ရတော့ ယခင်က မောက်မာပြီး မာနကြီးပါသည်ဆိုသည့် ကိုလ်ဆန်သည် ထွက်ခွာမသွားခဲ့ပေ။ ထိုအစား သူ၏ ဒေါသတို့ အဟုန်ပြင်းစွာ တောက်လောင်လာခဲ့ရ၏။
“ ငိုးပဲ ….”
ကိုလ်ဆန် ယမ်းပုံမီးကျ ဒေါသထွက်နေပြီး သူ့ ရှပ်အင်္ကျီကို လှန်ကာ ကျောနောက်တွင် ဆောင်ထားသည့် ဓားကို ထုတ်ယူပြီး ကြိုးဝိုင်းပေါ်သို့ ရုတ်ချည်း တက်ရောက်လာသည်။
ဤသည်ကို မြင်တော့ ရှိနေကြသည့် လူတိုင်း ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။ ကြိုးဝိုင်းအတွင်း ရှိနေသည့် ဒိုင်လူကြီးပင် ဝင်ရောက်ဟန့်တားဝံ့ခြင်း မရှိဘဲ ကမန်းကတမ်း ရှောင်တိမ်းလိုက်ရ၏။
“ မင်းတော့ ဒီနေ့ အသေပဲ ဟွာရှန့် ….”
ကျယ်လောင်စွာ ဟစ်ကြွေးလျက် … ဓားကို ဝင့်ပြီး လင်းရီထံသို့ ပြေးဝင်လာသည်။
လင်းရီ ထိတ်လန့်တုန်လှုပ်သွားဟန် ဆောင်လိုက်ပြီး ကြိုးဝိုင်းထဲ၌ ပတ်ပြေးနေလိုက်၏။
ဒါဇင်ချီသည့် တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီးနောက် လင်းရီလည်း သရုပ်ဆောင်မှုက လုံလောက်သည်ထက် ပိုနေပြီဟု ခံစားမိလာသဖြင့် ကိုလ်ဆန်၏ လက်ကောက်ဝတ်ကို ဆွဲပြီး အထက်သို့ ပြင်းပြင်းထန်ထန် ဆွဲလိမ်ပစ်လိုက်သည်။
ကိုလ်ဆန်၏ နာကျင်စွာ ညည်းညူသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဓားကို လွှတ်ချမိလိုက်၏။ ကျလာသည့် ဓားကို လင်းရီက အမိအရ ဖမ်းဆုပ်၍ ၎င်း၏ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်လေသည်။
“ အားးးးးး ….”
နောက်ထပ် ညည်းညူသံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကိုလ်ဆန် သူ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း ဒယီးဒယိုင် နောက်ဆုတ်သွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သွေးများလည်း မရပ်မနား ယိုစီးကျနေပြီး ပြန်စရာ အိမ်မရှိတော့သည့် ခွေးကြီးတစ်ကောင်နှယ် သနားဖွယ်ရာ ဖြစ်နေခဲ့၏။
ယခု … သူ့တွင် ခုခံနိုင်သည့် အစွမ်းသတ္တိ မရှိတော့ပေ။
ထိုမြင်ကွင်းက အခြားဖိုက်တာများနှင့် ပွဲကြည့် ပရိသတ်တို့ကို အကြီးအကျယ် ရှော့ခ်ရသွားခဲ့စေသည်။ ဤကဲ့သို့ သွေးထွက်သံယို မြင်ကွင်းမျိုးကို သူတို့တွေ မျှော်လင့်မထားခဲ့ကြချေ။
သို့ပေမယ့်လည်း ယခုလို မြေအောက်ကြိုးဝိုင်းများ၌ ဤသို့သော မြင်ကွင်းများက လူတို့၏ သွေးကို ပွက်ပွက်ဆူလာစေသည်အထိ စိတ်လှုပ်ရှားဖို့ ကောင်းစေသည်။ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် လူတိုင်းက တစ်ခဲနက် ဟစ်ကြွေးလိုက်ကြ၏။
ဖန်သား အခန်းထဲတွင် ထိုင်နေသည့် ဘားနဒ်နှင့် ကျိုးဖန်တို့လည်း အနှီ မြင်ကွင်းကို မြင်တွေ့လိုက်ကြသည်။
“ မစ္စတာကျိုး … မင်း ဒီတစ်ယောက်ကို ဘယ်လိုထင်လဲ … သူက ကိုလ်ဆန်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ သူ့ အရည်အချင်းက အတော်လေး ကောင်းလာက်တယ် … ပြီးတော့ အတော်လေးလည်း ရက်စက်တယ် … ပြတ်သားတယ် … ငါတော့ သူ့လို လူစားမျိုးတွေကို သဘောကျတယ် ….”
ကျိုးဖန် ခြေတင်ချိတ်ထားလျက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “ သူက တကယ်လည်း မဆိုးပါဘူး… ငါတို့ နောက်ပိုင်းကျရင် သူ့အပေါ် သေချာလေး စောင့်ကြည့်သင့်တဲ့ထဲမှာ ပါတယ် ….”
“ ငါလည်း အဲ့လို ထင်တယ် ….” ဘားနဒ်က ပြုံးလျက် ဆိုလိုက်၏။
ထိုအချိန်၌ မျက်လုံးများအားလုံးက လင်းရီအပေါ်မှာပဲ ရှိနေသည်။
သူတို့စိတ်ထဲတွင် အာရှသားများအားလုံး … အထူးသဖြင့် ဟွာရှက လာသည့် ဟွာရှန့်လူမျိုးများသည် တို့ဖူးကဲ့သို့ ညင်သာပျော့ပျောင်းပြီး ယဉ်ကျေးကြသည့် လူစားမျိုးများပင်။
တစ်စုံတစ်ယောက်ကို ဓားနှင့် ထိုးဝံ့သည်အထိ သတ္တိကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ မင်းလိုကောင်ကို ရူးတယ်လို့ ပြောတာကတောင် ချီးကျူးရာ ကျလွန်းနေပြီ ….”
ကြိုးဝိုင်းထဲတွင် လင်းရီက ကိုလ်ဆန်၏ ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်ပြီး ကြိုးဝိုင်းအောက်သို့ ကျရောက်သွားစေလိုက်၏။ ထို့နောက် ဒိုင်လူကြီးဘက်သို့ လှည့်ပြီး “ သူ့ကို ဒီကနေ ထုတ်သွားလိုက်တော့ … အချိန်မဖြုန်းနဲ့ … တိုက်ပွဲ စကြမယ် …”
ဒိုင်လူကြီးလည်း အသိစိတ် ပြန်ဝင်လာခဲ့ကာ ဝန်ထမ်းများအား ခေါ်ယူပြီး ကိုလ်ဆန်ကို ခွေးသေ တစ်ကောင်နှယ် ဆွဲထုတ်သွားခိုင်းလိုက်သည်။
ထိုအခိုက်အတန့်၌ ကြိုးဝိုင်းထဲရှိ လူတစ်ရာကျော်မှာ လင်းရီအား သတိထားသည့် အကြည့်တို့ဖြင့် ကြည့်နေမိကြသည်။ သူတို့တွေ မစော်ကားမိခဲ့တာကပဲ ကံကောင်းသွားသည်ဟု ပြောရလိမ့်မည်။ မဟုတ်ဘူးဆိုပါက ဆွဲထုတ်ခံသွားရသည်မှာ မိမိတို့ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။
“ ရူဆယ်လ် …. ငါတို့ကောင်တွေ အခု ဘယ်လိုလုပ်ကြမှာ … ကိုလ်ဆန်ကတော့ လစ်သွားပြီ … ငါတို့ လက်စားချေသင့်လား … ဒါမှမဟုတ် အဲ့ကောင်ကို ငါတို့ အုပ်စုထဲ ခေါ်ဖို့ လုပ်သင့်လား ….” ကတုံးနှင့် အမျိုးသားက မေးလိုက်၏။
Scarlett ဘေးတွင် ရှိနေသည့် အမျိုးသား၏ နာမည်က ရူဆယ်လ် ဖြစ်ပြီး အရပ်အမောင်းက ကိုလ်ဆန်ထက်ကြီးကာ ရုပ်ကြမ်းကြီးနှင့် ဖြစ်၏။ တစ်ချက် ကြည့်လိုက်သည်နှင့် သူတို့ အုပ်စုထဲတွင် အသန်မာဆုံးဆိုသည်မှာ မြင်သာနို်သည်။ ထို့ကြောင့်လည်းပဲ ကိုလ်ဆန်နှင့် အခြားသူတို့က သူ့ဘေးနားတစ်ဝိုက်တွင် အသင်းငယ်လေး အဖြစ် စုဖွဲ့မိနေကြခြင်းပင်။
လက်ရှိ အခြအနေအရ လင်းရီအား မည်သို့ မည်ပုံ ဆုံးဖြတ်သင့်ကို ရူဆယ်လ်၏ လက်ထဲတွင်သာ ရှိသည်။
ရူဆယ်လ်၏ အမူအရာက တည်ငြိမ်နေပြီး လင်းရီအား မရည်ရွယ်ပါဘဲနှင့် ကြည့်လျက် တီးတိုးဆိုလိုက်၏။
“ ဒီတိုင်းပဲ ထားကြတာပေါ့ … တကယ်လို့ အဲ့ကောင်က ငါတို့ကို နှောင့်ယှက်မလာဘူးဆိုရင် ငါတို့ကလည်း သွားမနှောင့်ယှက်ဘူး … သူက သန်မာတယ် … သူ့ကို လက်စားချေချင်ရုံလောက်နဲ့တော့ အပင်ပန်းခံစရာ မလိုဘူး … ဆုကြေးရဖို့က အရေးကြီးဆုံးပဲ ….”
“ နားလည်ပြီ ….
တစ်ချိန်တည်းတွင် ပွဲကြေညာသူက မိုက်ခရိုင်ဖုန်းကို ကိုင်လျက် ကွင်းအလယ်တွင် ရပ်တန့်ပြီး လူတိုင်းအား ကြေညာလိုက်သည်။
“ အခု ဒီညရဲ့ တိုက်ပွဲကြီး တရားဝင်စတင်ပြီ ဖြစ်ကြောင်း ကြေညာအပ်ပါတယ် …”
***