မသိလိုက်ခင် အချိန်အတွင်းမှာပဲ နောက်ထပ် မိနစ် နှစ်ဆယ်ကျော် ကုန်ဆုံးသွားခဲ့ပြီး Scarlett ဘက်ခြမ်းရှိ တိုက်ပွဲသည်လည်း အကောင်အထည် ပေါ်လာသည်။ လူ အယောက် သုံးဆယ်နီးပါးက ဖယ်ရှားခြင်းကို ခံလိုက်ရ၏။ ထိုအချိန်အခိုက်အတန့်၌ လူ နှစ်ဆယ် အတိအကျကသာလျှင် စင်မြင့်ထက်၌ ကျန်ရစ်နေခဲ့သည်။
လင်းရီက အကောင်းဆုံး အနေအထားတွင်ရှိနေပြီး Scarlett နှင့် ကျန်သူများတွင်တော့ အသေးစား ထိခိုက်ဒဏ်ရာ ကိုယ်စီ ရှိနေကြလေသည်။ သို့ပေမယ့် သေးသေးမွှားမွှား ပြဿနာမျှသာ ဖြစ်၏။
သို့သော်လည်းပဲ အခြားကျန်ရစ်သည့် ပြိုင်ပွဲဝင်များကတော့ အနေအထားက သိပ် ကောင်းမွန်လို့ မနေချေ။
အချို့ဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းတို့ ကင်းမဲ့ကုန်ကြပြီး ကြိုးဝိုင်းထဲ၌ ရပ်တန့်နိုင်ရုံမျှသာ ရပ်တန့်နိုင်ကြတော့သည်။
အခြား နောက်တစ်ချီ တိုက်ခိုက်မည်ဆိုလျှင်တော့ … သာမန် မိန်းမငယ်လေး တစ်ယောက်ပင်လျှင် ၎င်းတို့အား အလွယ်တကူ ကန်ထုတ်လိုက်နိုင်သည်။
အကယ်၍ ထိုကဲ့သို့ လူစားမျိုးနှင့် နောက်တစ်ချီတွင် တွေ့ခွင့်ရမည်ဆိုပါက ဖရီး အဆင့်တက်ခွင့်ရတာပဲ ဖြစ်၏။
ထိုအချိန်တွင် ပွဲကြေညာသူက ကြိုးဝိုင်းထဲသို့ ဝင်ရောက်လာပြီး ပွဲရလဒ်များကို စတင်ကြေညာပေးသည်။ ထို့နောက် ၎င်းတို့အား ခေတ္တ အနားပေးပြီး နောက်တစ်ချီကို ဆက်ကျင်းပ၏။
ကြိုးဝိုင်းအထက်၌ ဖြစ်ပျက်နေသမျှကို ကျိုးဖန်နှင့် ဘားနဒ့်တို့က ရှင်းလင်း ပြတ်သားစွာ မြင်တွေ့နေရ၏။
“ မစ္စတာကျိုး … စောနကပွဲကို မင်း ဘယ်လို သဘောရလဲ ….” ဘားနဒ် မေးလိုက်သည်။
“ တကယ်လို့ ထင်မှတ်မထားတာတွေ ဖြစ်ပျက်မလာခဲ့ဘူးဆိုရင်တော့ ထိပ်တန်း ဆယ်ယောက်က စောနက ကိုးယောက် တစ်ဖွဲ့ ဖွဲ့ထားတဲ့လူနဲ့ ဟွာရှက အဲ့ဒီ အမျိုးသားပဲ ဖြစ်ရမယ် ….”
“ အင်း … အမှန်ပဲ ….” ကျိုးဖန်က အားရကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ အဲ့ ကိုးယောက်က တကယ်လည်း ဉာဏ်ကောင်းတယ် … ကြိုးဝိုင်းထဲမှာ ၂၄ ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ အသန်မာဆုံးလူကို စုပေါင်းပြီးတော့ ဖြုတ်ချတယ် … သူတို့အတွက် ခြိမ်းခြောက်မှု မရှိအော်လို့ပေါ့ … ပြီးတာနဲ့ တခြားလူတွေ အပေါ်မှာ လိုက်ပြီး အာရုံစိုက်တယ် … အတော်လေး မဆိုးဘူး ….”
“ ငါတို့တော့ စပြီး ပြင်ဆင်လို့ရပြီထင်တယ် ….”
ကျိုးဖန် ခေါင်းညိတ်လိုက်၏။ “ ပွဲတိုက်ပေးမယ်လူကို ပြောထားလိုက် … အဲ့ဒီ ဆယ်ယောက်က လွဲပြီး ကျန်တဲ့လူကို အကုန် ဖယ်ရှားပစ်မယ် …. “
“ နားလည်ပြီ … ငါလည်း အဲ့လိုလုပ်ဖို့ စဉ်းစားနေတာ ….”
“ ဟုတ်သား … ကေဒီရဲ့ လူတွေကရော ပြင်ဆင်ထားပြီးပြီလား … ဒီ အချီက ခပ်မြန်မြန်ပဲ အဆုံးသတ်သွားမှာဆိုတော့ သူတို့တွေ အဆင်သင့် လုပ်ထားသင့်ပြီ ….”
“ အင်း ….”
ပထမ အချီ ပြီးဆုံးသွားတော့ လူတိုင်းက နားနေခန်းထဲသို့ တစ်ဖန် ပြန်ရောက်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အခန်းက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ မည်သူက နောက်တစ်ဆင့်ကို တက်လှမ်းသွားမလဲဆိုတာကို သူတို့အားလုံး၏ စိတ်ထဲတွင် ရှင်းလင်း ပြတ်သားစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။
အနားယူချိန် မိနစ် နှစ်ဆယ်က ခဏလေး အတွင်း ကုန်ဆုံးသွားခဲ့ပြီး အနားယူ၍ ခန္ဓကိုယ် အခြေအနေကို ချိန်ညှိပြီးနောက် လူတိုင်းက စင်မြင့်ထက်သို့ တစ်ဖန် ရောက်ရှိလာခဲ့ကြည်။
မဲနှိုက်ရမည့် အပိုင်းကိုတော့ လင်းရီ အထူးတလှယ် အာရုံစိုက်မနေချေ။ ဘားနဒ်ဘက်က ထိန်းချုပ်ထားပြီး ဖြစ်နေမှာကို ခန့်မှန်းပြီးသားကြောင့်ပင်။
သို့ပေမယ့်လည်း မဲနှိုက်သည့် ရလဒ်များက သူ့အား အနည်းငယ်တော့ အံ့အားသင့်သွားစေခဲ့၏။
သူ့အမြင်တွင် တစ်ဖက်သူက ပြိုင်ပွဲကို ထိန်းချုပ်ပြီး လောင်းကြေးစားကြေးများနှင့် အကျိုးအမြတ်များအတွက် ခွန်အားချင်း မတိမ်းမယိမ်း ဖြစ်မည့်လူကို ရွေးချယ်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။
သို့သော် တကယ့်လက်တွေ့ရလဒ် ထွက်လာသည့် အချိန်၌ သန်မာသည့် ယှဉ်ပြိုင်သူများနှင့် အားနည်းသည့် ယှဉ်ပြိုင်သူတို့ ဖြစ်နေသည်။
သူနှင့် Scarlett တို့ ကိုးဦးလုံးက အားနည်းသည့် ပြိုင်ဘက် အသီးသီးဖြင့် တွဲပေးခြင်း ခံထားရသည်။
ဤ စီစဉ်မှုကို မြင်တော့ ပွဲကြည့်ပရိသတ်များပင် ပြိုင်ပွဲ နောက်ဆုံး ရလဒ်အား ကြိုမြင်ထားပြီး ဖြစ်၏။ ၎င်းတို့လည်း အရူးမဟုတ်ကြပေ။
လင်းရီ ထင်မှတ်ထားသည့်အတိုင်းပဲ ဘားနဒ်က ဒုတိယပွဲစဉ်၌ လောင်းကြေးဖွင့်ပေးဖို့ကို စိတ်ကူးရှိထားပုံ မပေါ်ပေ။
သူက အားနည်းတဲ့ ယှဉ်ပြိုင်သူတွေကို ဖယ်ထုတ်ပြီးတော့ နောက်ပွဲကျမှ လောင်းကြေးဖွင့်ဖို့ စီစဉ်နေတာများလား …
ဤ ဖြေရှင်းချက်က ယုတ္တိရှိသော်လည်းပဲ အမှန်တကယ်တော့ ထိုသို့ မဟုတ်ပေ။
အကြောင်းမူကား လောင်းကြေးကို ယခု ပွဲစဉ်မှစပြီး ဖွင့်၍ရ၏။ ဤမျှ ငွေရှာလို့ကောင်းမည့် အခွင့်အရေးကို လက်လွှတ်ခံစရာ မရှိချေ။
ဤအချင်းအရာကို လင်းရီ နားမလည်နိုင်တော့ဘဲ ဖန်သားအခန်းရှိရာဘက်သို့ မသိစိတ်အလျောက် အကြည့်ပို့မိလိုက်၏။
ထိုအခန်းထဲ ထိုင်နေသူများသာ ဤမေးခွန်း၏ အဖြေကို ဖြေပေးနိုင်ပေလိမ့်မည်။
မကြာမီ မဲနှိုက်သည့် ဖြစ်စဉ်လည်း ပြီးဆုံးသွားခဲ့ပြီး ပထမပွဲစဉ်၏ ဒုတိယ အချီသည်လည်း တရားဝင် စတင်လေပြီ။
ပထမဦးဆုံး ယှဉ်ပြိုင်ရမည့်လူက လင်းရီကို နောက်ပြောင်ခဲ့သည့် ကတုံးနှင့် အမျိုးသားပင်။ တိုက်ပွဲ ရလဒ်ကတော့ သံသယ ဖြစ်နေစရာ မလိုချေ။ သူ့ပြိုင်ဘက်ကို လက်သီးတစ်ချက်နှင့် အဆုံးသတ်ပေးလိုက်၏။
ကျန်သည့် နောက်ဆက်တွဲ ပွဲစဉ်များသည်လည်း ထိုနည်းလည်းကောင်းပင်။
အချို့သော ပြိုင်ပွဲဝင်များက အခြေအနေကို နားလည် သဘောပေါက်စွာဖြင့် မိမိဘက်က လက်လျှော့ အရှုံးပေးလိုက်ကြပြီး ဒိုင်လူကြီးကိုပင် အနည်းငယ် ရှက်ရွံ့လာစေသည်။
တစ်နာရီ မပြည့်မီ အချိန်အတွင်းမှာပဲ ဒုတိယအချီ၏ ဆယ်ပွဲလည်း ယှဉ်ပြိုင် ပြီးသွားခဲ့သည်။
နောက်ပွဲစဉ်သို့ တက်ရောက်သွားနိုင်သူများကတော့ လင်းရီနှင့် Scarlett တို့ အပါအဝင် ကျန်ကိုးယောက် ဖြစ်လေသည်။
ပွဲပြီးဆုံးတော့ စင်အောက်ရှိ ကြည့်ရှုသူများမှာ စိတ်အားထက်သန်မှုတို့ ပျောက်ဆုံးနေခဲ့ကြပြီး အချို့ဆို စောဒကတက်ရင်း ကျိန်ဆဲနေကြတော့၏။
ပထမ အချီ၏ လွတ်လပ်သည့် တိုက်ပွဲက ကြက်သီးမွေးညှင်းထစရာ ကောင်းသလောက် ဒုတိယ အချီ တစ်ဦးချင်း တိုက်ပွဲကတော့ လုံးဝ လုံးဝကို အထင်ကြီးစရာ မကောင်းပေ။
သို့တိုင် လူများကတော့ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြဆဲဖြစ်၏။ အကြောင်းမူကား မနက်ဖြန်တွင် ထိပ်တန်းဆယ်ဦး၏ တစ်ဦးချင်း တိုက်ပွဲ ရှိနေသေးသောကြောင့်ပင်။ အရည်အချင်း မြင့်မားသူချင်း ဖြစ်သဖြင့် ပွဲက ကြည့်လို့လှမည်မှာ ကျိန်းသေသည်။
ဧည့်ပရိသတ်များ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီနှင့် ကျန်ကိုးယောက်က နောက်တွင် ချန်နေရစ်သည်။
“ ပြောစရာ စကား ရှိသေးလို့လား ….” ရူဆယ်က တည်ကြည်လေးနက်သည့် အမူအရာဖြင့် မေးလိုက်ပြီး “ ဆုကြေးပေးမယ့် အချိန်မဟုတ်သေးဘူးမလား ….”
“ မဟုတ်ပါဘူး မဟုတ်ပါဘူး မစ္စတာရူဆယ် … ခင်များ အထင်လွဲနေပြီ ….” ပွဲကြေညာသူက အပြုံးဖြင့် ပြောလိုက်ပြီး “ ပွဲရဲ့ orgaziner မစ္စတာဘားနဒ်က လူကြီးမင်းတို့ကို တစ်ခုခု ပြောချင်နေလို့ပါ ….”
ပွဲစီစဉ်သူ ဖြစ်နေသည်ကို မြင်တော့ လူတိုင်း စကားတို့ ရပ်တန့်သွားခဲ့ကြသည်။
ထိုအချိန်မှာပဲ လင်းရီသည် ဘားနဒ်နှင့် ကျိုးဖန်တို့ ဖန်သားအခန်းထဲက ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ သို့ပေမယ့် အတူ လှမ်းလာနေခြင်းတော့မဟုတ်။ ကျိုးဖန်က အပြင်ဘက်သို့ တစ်ဦးတည်း ထွက်သွားစဉ်တွင် ဘားနဒ်က သူတို့ ရှိရာဘက်သို့ လျှောက်လှမ်းလာနေခဲသည်။
ဤသည်ကို မြင်တော့ လင်းရီက သူ၏ လက်စွပ်ကို နှုတ်ခမ်းနားသို့ တေ့၍ တီးတိုးရေရွတ်လိုက်၏။
“ ပစ်မှတ် ထွက်ခွာနေပြီ … အနောက်ကနေ နီးနီးကပ်ကပ် လိုက်ထား …”
လက်စွပ်မှ တုန်ခါမှု တစ်ခု ထုတ်လွှတ်လာခဲ့ပြီး တစ်ဖက်က လက်ခံရရှိကြောင်း အချက်ပြလာခဲ့သည်။
ဘားနဒ် ချဉ်းကပ်လာသည်ကို မြင်တော့ လင်းရီသည် လူအုပ်ကြီးထဲတွင် သာမန်လျှံကာ မတ်တပ်ရပ်ချင်နေယောင် ဆောင်လိုက်ပြီး …
ဘားနဒ်က ညင်သာစွာ ပြုံးလျက် “ ထိပ်တန်း ဆယ်ဦးထဲကို ဝင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် … ဒါကလည်း အခုဆို မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ဒေါ်လာ တစ်သိန်း ဆုကြေးရမယ်လို့ အာမခံပြီးသား ဖြစ်သွားပြီ ….”
လူတိုင်းက တုံ့ပြန်မှုတို့ သိပ်မပြဘဲ ငြိမ်သက်စွာဖြင့် နားထောင်နေခဲ့ကြ၏။
ဘားနဒ်ကဲ့သို့ လူစားမျိုးကို Scarlett ပင် သည်းမခံနိုင်လေရာ ဤ ယောက်ျား စစ်စစ်များအတွက်ကတော့ ပြောနေစရာပင် မလိုတော့ချေ
သို့ပေမယ့် ဘားနဒ်က စိတ်ထဲရှိပုံ မပေါ်ဘဲ သူ့စကားကိုသာ ဆက်ပြောနေခဲ့၏။
“ ပွဲရဲ့ ပုံမှန် စည်းမျဉ်းတွေအတိုင်းဆိုရင် လူတိုင်းက အခု အိမ်ပြန်ပြီး မနက်ဖြန် ပြိုင်ပွဲအတွက် ပြင်ဆင်ရမယ် … ဒါပေမယ့် ဒီနေ့ပွဲက တခြား ပွဲတွေနဲ့ နည်းနည်းလေး မတူဘူး … အခုကစပြီး ငါတို့ဘက်က နေဖို့ထိုင်ဖို့ကို စီစဉ်ပေးမယ် … ဒီ ကာလအတွင်း မင်းတို့ကို အနှောင့်အယှက် မရှိအောင်လည်း လုပ်ပေးမယ် … ပြိုင်ပွဲအပေါ်မှာပဲ သီးသန့် အာရုံစိုက်နိုင်ဖို့အတွက်ပေါ့ ….”
ထိုကဲ့သို့ စည်းမျဉ်းကို ကြားလိုက်ရတော့ ရှိနေကြသည့် လူတိုင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
ထိုကဲ့သို့သော စီစဉ်မှုများက အဆင့်ပိုမြင့်သည့် ပြိုင်ပွဲများ၌ပင် မရှိသည့် အချင်းအရာမျိုး ဖြစ်လေည်။
“ ဒါ ဘယ်လို စည်းမျဉ်းကြီးလဲ အဲ့တာ ….” ဟားမက်စ်က လက်သင့်မခံနိုင်စွာဖြင့် မေးခွန်းထုတ်လိုက်၏။
“ စိတ်အေးအေးထားပါ … ဒီ စည်းမျဉ်းကို ထုတ်လိုက်ရတယ်ဆိုတာကလည်း လုံခြုံရေးအတွက်ပါပဲ ….” ဘားနဒ်က ခွန်းတုံ့ပြန်လိုက်၏။
“ ဘာပဲဆိုဆို ဆုကြေးက ဒေါ်လာတစ်သန်းလေ … နည်းနည်းနောနော ပမာဏမှ မဟုတ်တာ … တကယ်လို့ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဒီက ထူးချွန်တဲ့ ပြိုင်ပွဲဝင်တွေကို သတ်ပစ်လိုက်မယ်ဆိုရင် ငါ့အတွက်လည်း မကောင်းဘူးလေ …”
သူ့ စကားဆုံးအောင် ပြောပြီးနောက် ဘားနဒ်က ရယ်မောလျက် ဆက်ပြော၏.
“ ဒါကြာင့်မို့ ငါ့ အကျိုးစီးပွားအတွက် ဒီလို စည်းကမ်းမျိုး ထုတ်လိုက်ရတာပဲ …”
ဤစကားကြားတော့ လင်းရီ သူ့ မျက်ခုံးကို အနည်းငယ် ကြုတ်မိသွားခဲ့သ်။
အကယ်၍ ဘားနဒ်က ဤပွဲကို ငွေတစ်ခုတည်း သပ်သပ်အတွက်နှင့် စီစဉ်ခဲ့သည်ဆိုပါက ဒုတိယပွဲရလဒ်သည် အဓိပ္ပာယ် လုံးဝ ရှိမနေပေ။
ထို့ပြင် … ကွင်းထဲ၌ မည်သည့် စပွန်ဆာကိုမျှ မမြင်တွေ့ရချေ။ ပွဲ တစ်ခုလုံးတွင် စီးပွားရေး သဘောတရားဟူသော အရာဟူ၍ မည်သည့် တစ်ခုလေးမျှပင် မြင်တွေ့ရခြင်း မရှိပေ။
ဆိုတော့ … ဘားနဒ်က ဘာဖြစ်ချင်နေတာလဲ …
***