အခြားသော ပါဝင်ယှဉ်ပြိုင်သူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သို့သော် စကားများများစားစားတော့ မဆိုကြပေ။
ထိုအချိန်၌ ရူဆယ်လ်ကနေပြီး စကားစပြောလာခဲ့၏။
“ ဒါဆိုလည်း ခင်များ စီစဉ်တဲ့အတိုင်းပဲပေါ့ … ကျုပ်တို့လည်း ဟိုတယ်ပြန်သွားရမှာ ပျင်းနေတာနဲ့ အတော်ပြ ….”
ဘားနဒ်က ပြုံးလိုက်ပြီး ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။ ထုိ့နောက် လူတိုင်းက အပြင်သို့ ထွက်ခွာဖို့ လုပ်ဆောင်လိုက်ကြ၏။
အပြင်ဘက်တွင် ဘက်စ်ကားတစ်စီး ပါကင်ထိုးထားပြီး ဒါဇင်ကျော်သည့် လူများက ကားပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်ကာ နေရာရှာ၍ ထိုင်ကြလိုက်သည်။
ဘားနဒ်လည်း သူတို့ကြားထဲ ဝင်ထိုင်လိုက်ပြီး အရမ်း ဝေးဝေးကွာကွာကြီး မနေပေ။
ဘက်စ်ကားက ဖြည်းညင်းစွာ စက်နှိုးလိုက်ပြီး မြို့ပြင်ဘက်သို့ ဖြည်းညင်းစွာ ဦးတည်လာခဲ့သည်။
ဇူးရစ်မြို့ကား သိပ်မကြီးမားသည့် မြို့ငယ်လေး တစ်မြို့ ဖြစ်၏။ မိနစ် နှစ်ဆယ်အတွင်းမှာပဲ မြို့တွင်း ဧရိယာထဲမှ မောင်းထွက်လာပြီး ဖြစ်နေသည်။
သူတို့ စိတ်ထဲတွင်တော့ အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ထားပြီးပြီဟု ဆိုလာသဖြင့် ဟိုတယ်တစ်ခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လက်ရှိ လမ်းကြောင်း အခြေအနေက တစ်ခုခုတော့ မှားယွင်းနေဟန်ပင်။
“ မပူနဲ့ … မင်းတို့ အားလုံးအတွက် အံ့အားသင့်ဖို့ကောင်းမယ့် နေရာလေး တစ်ခု စီစဉ်ထားပြီးသား … စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ် …”
လင်းရီကတော့ အနောက်ဘက်ခုံတွင် အမူအရာကင်းမဲ့သည့် မျက်နှာအမူအရာနှင့် ရှိနေသည်။
သူ ဘားနဒ်ကို ကြည့်လေလေ၊ စိတ်ထဲ တစ်ခုခုတော့ လွဲချော်နေပြီဟူသည့် ခံစားချက်တို့က ပို၍ လေးပင်လာလေလေပင်။
သူ့မျက်လုံးထဲ၌ လင်းရီတို့ လူဆယ်ယောက်က သူ့အတွက် အသုံးချခံ ကိရိယာများထက် မပိုပေ။ ထိုကဲ့သို့ ကောင်းမွန်သည့် အလေးပေး ဆက်ဆံမှုမျိုး ပေးလာစရာ အကြောင်း မရှိပေ။
ဤသည်က အတော်လေးကို ထူးဆန်းနေခဲ့၏။
နောက်ထပ် မိနစ် ငါးဆယ်ခန့်ကြာပြီးနောက် ဘက်စ်ကားက မြို့ပြင်ဘက် တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။
မလှမ်းမကမ်း တစ်နေရာတွင် တောက်ပသည့် ရွှေဝါရောင် မီးအလင်းရောင်များ လင်းထိန်နေသည့် သုံးထပ် ဗီလာတစ်လုံးကို မြင်တွေ့နေရ၏။
ဗိသုကာက အင်မတန် အနုစိတ်ပြီး မြောက်ဥရောပဘက်ခြမ်းရှိ ရဲတိုက်များနှင့် အငွေ့အသက်ချင်း တူညီနေသည်။ ရေကူးကန် အကြီးကြီး တစ်ခုလည်း ရှိနေပြီး ကြီးမားလှပသည့် ရုပ်ထုကြီး တစ်ခုကိုလည်း ထုဆစ်ထားသေးကာ ရုပ်ရှင်ဇာတ်ကားထဲမှာပဲ မြင်ရလေ့ရှိသည့် မြင်ကွင်းမျိုးပင်။
“ ကဲ … ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေတို့ … ဒီနေရာက မင်းတို့ နားနားနေနေ နေရမယ့် နေရာလေးပဲ … ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ကြပါ ….”
မီးအလင်းရောင်များနှင့် တောက်ပနေသည့် ဗီလာကို မြင်တော့ လင်းရီတို့ ဆယ်ယောက်လည်း တစ်ယောက်ပြီး တစ်ယောက် ကားပေါ်က ဆင်းလာခဲ့ကြသည်။ လူတိုင်းက သူတို့ အနားယူရမည့် နေရာအပေါ် စိတ်ကျေနပ်မှု ဖြစ်နေကြသည်မှာ မြင်သာသည်။
လင်းရီကလွဲ၍ မည်သူကမျှ အထူးတလှယ် သံသယ ဝင်မိခြင်းမျိုး မဖြစ်မိကြပေ။
ဘားနဒ်၏ ဦးဆောင်မှုအောက်မှာပဲ လူတိုင်းက ဗီလာအတွင်းပိုင်းသို့ ရောက်လာခဲ့ကြသည်။
အတွင်းပိုင်းက တောက်ပပြီး ခေတ်မီသည်။ ထမင်းစားသည့် ဧရိယာခန်းထဲတွင် ကြီးမားသည့် စားပွဲဝိုင်းကြီး တစ်လုံးရှိနေပြီး ဒေသခံ စားသောက်ဖွယ်ရာများကို စုံလင်စွာ ခင်းကျင်းထားသည်။
“ ကိုယ့်လူတို့လည်း အဝေးက လာခဲ့ကြရတာဆိုတော့ မင်းတို့အတွက် အဝစားလို့ရမယ့် ညနေစာလေး တစ်ခု ပြင်ပေးထားတယ် … အခု စားလို့ရပြီ … ပြီးရင် အပေါ်ထပ်မှာ အိပ်ခန်း ၁၂ ခန်းရှိတယ်… ကြိုက်တဲ့အခန်းထဲ ဝင်အိပ်လို့ရတယ် … မင်းတို့ စိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ် ….”
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး ဘားနဒ်ကို သူ၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ယဉ်ကျေးစွာ ကျေးဇူတင်လိုက်ကြသည်။ ထို့နောက် ထိုင်ခုံနေရာကိုယ်စီတွင် ဝင်ထိုင်၍ စတင်စားသောက်ကြလေသည်။
ဘားနဒ်လည်း သူတို့ အုပ်စုနှင့်အတူ ရောပြီး စားသောက်၏။
လင်းရီလည်း သူ့ကိုယ်သူ ပေါ်လွင်ယောင် မဆောင်ချင်သဖြင့် အနည်းငယ် စားသောက်ပြလိုက်သည်။
သူ့အတွေ့အကြုံများနှင့် ဘားနဒ်၏ စားသောက်နေပုံအရ အစားအသောက်များတွင် ပြဿနာ မရှိနေသည်ကတော့ သေချာသည်။
အဆာပြေရုံမျှ စားသောက်ပြီးနောက် လင်းရီ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အောက်ထပ်၌ လူအနည်းငယ်ကသာလျှင် သောက်စားရင်း ကျန်နေရစ်ခဲ့ကြ၏။ ထိုသူများကိုတော့ လင်းရီ အာရုံစိုက်မနေချေ။
ဗီလာ ဒုတိယထပ်ကို ရောက်တော့ လင်းရီ ကြုံရာ အခန်းတစ်ခုထဲသို့ ဝ၍်လိုက်ပြီး ပြတင်းပေါက်ကို မှီလျက် အပြင်ဘက်သို့ အကဲခတ်နေလိုက်သည်။
သူ အပေါ်ထပ်သို့ ရောက်လာပြီး မကြာခင်မှာပဲ ဘားနဒ်က သူ့ကားထဲသို့ ဝင်သွားခဲ့ကာ လူတိုင်းကို ချန်ရစ်ထားခဲ့လေသည်။ သို့ပေမယ့် ယခုထိတိုင် ဘားနဒ် ဘာလုပ်ချင်နေလဲဆိုတာကို လင်းရီ မခန့်မှန်းနိုင်သေးပေ။
သူ ဖုန်းထုတ်၍ ချိုးယွီလော့ထံသို့ ဆက်သွယ်လိုက်၏။
“ မင်းဘက်ခြမ်းက အခြေအနေ ဘယ်လိုရှိလဲ …..”
“ ငါ နင်ချဲ့နဲ့ အတူ ရှိနေတာ … ငါတို့တွေ ကျိုးဖန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ် … အမိန့်တာပေးလိုက် … သူ့ကို ငါးစက္ကန့်အတွင်း အမှောက်သိပ်ဖို့အတွက် ယုံကြည်ချက် အပြည့်ရှိတယ် …”
“ ကောင်းတယ် … ပြီးတော့ ဘားနဒ်နဲ့ လန်ဘာ့ရဲ့ ညီမကိုလည်း အနီးကပ် စောင့်ကြည့်ထားဦး … ဒီအပိုင်းမှာ ဘာမှားယွင်းမှုမှ ဖြစ်လာလို့ မရဘူး ….”
“ စိတ်ချ … ဘာအမှားမှ မဖြစ်စေရဘူး …” ချိုးယွီလော့ ပြောလိုက်သည်။ “ နင့်ဘက်ခြမ်းကရော ဘယ်လိုလဲ … နင်တို့တွေ အစောပိုင်းက ဘက်စ်ကား တစ်စင်းနဲ့ ထွက်သွားခဲ့တာ မြင်လိုက်ပါတယ် … နင်တို့ ဘယ်လဲ ထွက်သွားကြတာ ….”
“ ငါတို့အခု မြို့ပြင်ဘက်က ဗီလာ အသေးလေး တစ်လုံးမှာ … ခဏနေ လိပ်စာပို့ပေးလိုက်မယ် ….” လင်းရီ ပြောလိုက်သည်။ “ ဘားနဒ် သူ ဘာလုပ်ချင်နေမှန်း ငါ အခုချိန်ထိ ခန့်မှန်းလို့ မရသေးဘူး … ဒါပေမယ့် ကောင်းတာ မဟုတ်မှန်းတော့ သေချာတယ် ….”
“ အဲ့တာကတော့ ပြောနေစရာ လိုသေးလို့လား .. ဒါပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ နင့်ဘာနင် ကြံဆဖို့လိုတယ် … တကယ်လို့ တစ်ခုခုဆိုရင် ငါတို့ကို ချက်ချင်း ဆက်သွယ်လိုက် …”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီသည် ပြတင်းပေါက်အပြင်ဘက်သို့ နောက်တစ်ကြိမ် ထပ်ချောင်းကြည့်လိုက်သည်။ သို့သော် သံသယ ဖြစ်ဖွယ်ရာ မည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။
သူ တစ်ချိန်လုံး အခန်းထဲမှာပဲ ရှိနေဖို့ မစီစဉ်ထားပေ။ ထို့ကြောင့် မည်သူမျှ သတိမပြုမိခင်မှာပဲ ပြတင်းပေါက်မှ ခုန်ဆင်းကာ ဗီလာအပြင်ဘက်ရှိ သစ်ပင် တစ်ပင်ပေါ်သို့ တက်ပုန်းနေလိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားလို မျက်လုံးမျိုးဖြင့် ဗီလာတစ်ခုလုံးကို ဆန်းစစ် အကဲခတ်ကြည့်နေသည်။
မည်သည့် လွဲချော်နေမှုကိုမျှ မမြင်တွေ့ခဲ့ရချေ။
နှစ်နာရီဝန်းကျင်လောက် ရောက်တော့ အပြင်ဘက်ရှိ လမ်းမီးတိုင်များကလွဲ၍ နေရာတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်နေခဲ့ပြီး ည အချိန် ထွက်ပေါ်လာတတ်သည့် အင်းစက်များနှင့် ငှက်များ၏ အသံကသာလျှင် ကြီးဆိုးနေသည်။
ထိုအချိန်မှာပဲ လမ်းကြမ်းမောင်းသည့် အစိမ်းရောင် စစ်ကားတစ်စင်းက လမ်းဘေးတစ်နေရာတွင် ထိုးရပ်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
အလုပ်ဝတ်ယူနီဖောင်းနှင့် လူအများအပြားက ကားပေါ်မှ ဆင်းလာသည်။ သူတို့လက်ထဲတွင် တစ်စုံတစ်ရာကို ကိုင်ထားထားကြပြီး ဗီလာအနားသို့ ဂရုတစိုက်နှင့် ချဉ်းကပ်လာခဲ့ကြကာ ပြီးသည့်နောက် သူတို့လက်ထဲ ကိုင်ထားသည်များအား လွင့်ပစ်လိုက်ကြ၏။
သစ်ပင်ထက်တွင် ပုန်းနေရင်း လင်းရီ နှုတ်ခမ်းကိုက်မိလိုက်သည်။ ပုံစံကြည့်ရသလောက်တော့ မေ့ဆေး တစ်မျိုးမျိုး ဖြစ်ပုံရ၏။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ထရပ်ကား တစ်စင်း ရောက်ရှိလာခဲ့ပြီး လူတစ်ဒါဇင်ခန့်လောက် ထွက်လာခဲ့ကာ ဗီလာဘက်သို့ ပြေးဝင်လာခဲ့ကြသည်။
၎င်းတို့၏ လှုပ်ရှားမှုကို အကဲခတ်ကြည့်ရသလောက်တော့ ဤလူများက အထူး လေ့ကျင့်ရေး ဆင်းထားသည့် စစ်သားများနှင့် တူညီနေသည်။
ဤလူများက ကေဒီ အဖွဲ့အစည်းက လူများ ဖြစ်လောက်မည်ဟု လင်းရီ ရေးတေးတေး ခန့်မှန်းမိလိုက်သည်။
များမကြာမီမှာပဲ အထဲသို့ ပြေးဝင်သွားသည့် လူတစ်စုက ရူဆယ်လ်နှင့် Scarlett တို့ကို သယ်လာခဲ့ကြလေသည်။
ထိုအချိန်၌ ၎င်းတို့အားလုံးက သတိလစ် မေ့မြောနေသည့် အနေအထား၌ ရှိနေပြီး အပြင်ဘက်တွင် ဘာတွေ ဖြစ်နေလဲဆိုတာကို သတိမမူမိကြပေ။
တိုက်ခိုက်လာသူများက ၎င်းတို့၏ စစ်ဆင်ရေးအတွက် ပြီးပြည့်စုံစွာ စီစဉ်ထားကြပုံပင်။ ထို့ပြင် ဘားနဒ်သည်လည်း ဤကိစ္စတွင် ကျိန်းသေပေါက်ကို ပါဝင်ပတ်သက်နေရမည်။
ထိုအချိန်မှာပဲ လင်းရီသည် ပါးစပ်တွင် ဆေးပြင်းလိပ်ကိုက်ထားပြီး ယာဉ်ဘေးတွင် မတ်တပ်ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးကို မြင်တွေ့လိုက်ရ၏။ ထိုလူက အခြားသူများ၏ လှုပ်ရှားမှုများကို ညွှန်ကြားနေလေသည်။
လင်းရီ ခေတ္တမျှ စဉ်းစားကြည့်လိုက်သည်။ အကယ်၍ သူ့ဘက်က လှုပ်ရှားမည်ဆိုပါက သက်လတ်ပိုင်း အမျိုးသားသည် ကျိန်းသေပေါက်ကို သင့်လျော်သည့် ပစ်မှတ်တစ်ခု ဖြစ်၏။
မကြာမီ လူကိုးဦးက အသီးသီး ခေါ်ဆောင်လာခြင်း ခံလိုက်ရလေသည်။
လူအရေအတွက်က ကိုးဦးပဲ ရှိနေတာကို မြင်တော့ သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ တင်းမာသွားခဲ့ပြီး “ မြန်မြန် ရှာကြစမ်း .. လူဆယ်ယောက်လုံးက အရေးကြီးတယ် … ဒီကောင်တွေ အကုန်လုံးကို ဒီည ခေါ်သွားရမှာ … တစ်ယောက်လေးမှ လွတ်သွားလို့ မဖြစ်ဘူး …”
“ ရက်စ် ဆာ ….”
အမိန့်လက်ခံရရှိပြီးနောက် ဒါဇင်ကျော်သည့် လူများက ဗီလာထဲသို့ ပြန်ဝင်လာကြပြီး လင်းရီကို မြေလှန်ရှာကြတော့သည်။
တစ်ချိန်တည်းတွင် လင်းရီလည်း သစ်ပင်အောက်မှ ဆင်းလာခဲ့ကာ သက်လတ်ပိုင်း အမျိုးသား ရပ်နေသည့် ထရပ်ကားဘေးသို့ ဝှစ်ခနဲ ဝင်ပုန်းလိုက်၏။
နှစ်ဦးကြား အကွာအဝေးက ဆယ်မီတာခန့်မျှသာ ခြားထားတော့လေသည်။
ဘုတ် …
ထရပ်ကား၏ ကိုယ်ထည်ကို လင်းရီ ညင်သာစွာ ပုတ်၍ တိုးညှင်းသည့် အသံတစ်ချက်ပေးလိုက်သည်။ ဆယ်မီတာခန့် အကွာမှဆိုပါက ကြားနိုင်ရုံမျှ အသံလောက်သာ ဖြစ်၏။
သို့ပေမယ့် စီဂါသောက်နေသည့် သက်လတ်ပိုင်း အမျိုးသားကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရလေသည်။
ပုံမှန်မဟုတ်သည့် ဆူညံသံ တစ်ခုကို ကြားလိုက်ရတော့ သက်လတ်ပိုင်း အမျိုးသားက စီဂါကို ကိုက်ရင်း တိတ်တိတ်လေး လျှောက်လှမ်းလာခဲ့သည်။
ထရပ်ကား အနောက်ဘက်ကို ရောက်တော့ ရုတ်တရက်ဆိုသလို လူငယ်အမျိုးသား တစ်ဦးက သူ့မျက်စိရှေ့၌ ဘွားခနဲ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရတော့ သူ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
“ မင်း … မင်းက ….”
“ အသံမထွက်နဲ့ … မဟုတ်ရင် ခင်များ သေသွားမယ် ….”
လင်းရီသည် ဓားမြောင်ကို သက်လတ်ပိုင်း အမျိုးသား၏ လည်ပင်းသို့ ဖိကပ်ထားကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
စာစဉ် (၁၅၈) ပြီး၏။
***