ထက်ရှသည့် ဓားမြောင် အသွား၏ အေးစက်သည့် အနားပိုင်းတို့က သက်လတ်ပိုင်း အမျိုးသား၏ ကိုယ်တွင်း၌ လည်ပတ်နေသည့် သွေးများကို အေးစက်သွားစေပုံရပြီး ချက်ချင်းဆိုသလို သူ့အား ပြန်ပေးဆွဲထားသူက ဟွာရှန့်လူမျိုး တစ်ယောက် ဖြစ်ကြောင်းကို သတိပြုမိသွားခဲ့သည်။
ဗီလာထဲရှိနေသည့် လူဆယ်ယောက်က မည်သူမည်ဝါများ ဖြစ်မှန်း သူ မသိသော်ငြားလည်း ဤလူကတော့ ပျောက်နေသည့် တစ်ယောက် ဖြစ်လိမ့်မှာကိုတော့ ကျိန်းသေသည်။
“ မင်း ဘယ်သူလဲ … ဘာလိုချင်လို့လဲ ….”
“ တုန်လှုပ်နေစရာ မလိုဘူး … ကျုပ်အနောက်က လိုက်ခဲ့ ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ခင်များ ကျုပ်နဲ့ ပူးပေါင်းပေးတာက ကောင်းလိမ့်မယ်နော်… ဘာလို့ဆို ခင်များရဲ့ အသက်က ကျုပ်မျက်လုံးထဲမှာ တစ်ပြားတောင် မတန်လို့ပဲ ….”
လင်းရီ၏ မျက်ဝန်းများထဲတွင် လူသတ်ချင်သည့် အကြည့်တို့ ဖြတ်ပြေးသွားခဲ့တာကို မြင်တော့ သက်လတ်ပိုင်း အမျိုးသာမှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တော့သည်။
သူ့ရှေ့ရှိ ဤလူက သွားရှုပ်၍ ကောင်းမည့် လူစားမျိုး ဖြစ်ပုံ မပေါ်ပေ။
အသက်ပေါင်း ဒါဇင်ကျော်ကို မယူငင်ထားပါဘဲ ထိုမျှ မွန်းကြပ်ဖွယ်ရာကောင်းသည့် လူသတ်အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားမှာ မဟုတ်ချေ။
လင်းရီ စကေဘာကိုင်ထားသည့် လက်ကောက်ဝတ်ကို ပို၍ တင်းကြပ်လိုက်ရင်း သက်လတ်ပိုင်း အမျိုးသား၏ လည်ပင်းအရေပြားကို ဖြတ်တောက်တော့မည့်ဟန် ပြုလုပ်လိုက်သည်။
“ ကျုပ် ခင်များလို စကားနာခံတတ်တဲ့ လူစားမျိုးတွေကို သဘောကျတယ် … အခု သွားကြတာပေါ့ ….”
သက်လတ်ပိုင်း အမျိုးသားက ခုခံဝံ့ခြင်း မရှိဘဲ လင်းရီ၏ လမ်းညွှန်မှုအောက်တွင် တောအုပ်ငယ်လေးထဲက ထွက်လာခဲ့ပြီး အခါးလမ်းတစ်ဖက်သို့ ရောက်ရှိလာခဲ့သည်။
နှစ်ဦးသား သူတို့ကိုယ်သူတို့ ပုန်းအောင်းနေရင်း တစ်အောင့်နေတော့ နင်ချဲ့က ကားမောင်းပြီး ရောက်လာသည်။
လင်းရီသည် သက်လတ်ပိုင်းအမျိုးသားကို ကားထဲသို့ အတင်းအကြပ် တွန်းပို့လိုက်ပြီး အမည်မသိ နေရာတစ်ခုသို့ ဦးတည်လိုက်၏။
ကားထဲရှိ လင်းရီတို့နှစ်ယောက်ကို ကြည့်ရင်း သက်လတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှာ တောင့်တင်းလာခဲ့သည်။ စိတ်တုန်လှုပ် ခြောက်ခြားမှုကလည်း မျက်နှာထက်တွင် အထင်းသား မြင်တွေ့နေရလေသည်။
သူ့ရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးလုံးက ကိုင်တွယ်ရ ခဲယဉ်းသည့် လူများဖြစ်သည်ဟု ရေးတေးတေး အာရုံရနေမိ၏။
လင်းရီ ရုပ်ဖျက်ထားသည်အား ပြန်ဖျက်လိုက်ပြီး သူ၏ ပုံပန်းသွင်ပြင် အစစ်အမှန်ကို လှစ်လာပြလိုက်သည်။ ကလင့်မှာ ကြီးစွာ အံ့အားသင့်သွားခဲ့၏။ သူ အစောပိုင်းတုန်းက ဤအမျိုးသား ရုပ်ဖျက်ထားခဲ့မှန်း လုံးဝ သတိမမူမိခဲ့ပေ။
“ အခု ကျုပ်ကိုပြော … ခင်များရဲ့ နာမည် ဘယ်သူလဲ … ပြီးတော့ ကေဒီ အဖွဲ့အစည်းထဲမှာ ခင်များရဲ့ အခန်းကဏ္ဍက ဘာလဲ ….”
သက်လတ်ပိုင်း အမျိုးသား၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ တစ်ဖက်သူက သူ မည်သူမည်ဝါ ဖြစ်သည်ကို သိထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ မင်း ငါတို့ဆီကို ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တယ် …”
“ ခင်များက သိပ်တော့ မပိန်းဘူးပဲ ….” လင်းရီ သာမန်လျှံကာ အမူအရာဖြင့် ပြောလိုက်ပြီး “ ဒီတော့ မေးခွန်းကို သေချာလေး ဖြေတာ ကောင်းလိမ့်မယ် … လျှောက်ပြောပြီး ကိုယ့်အသက်တစ်ချောင်းကို ဟာသမလုပ်ချင်နဲ့ … ဘာလို့ဆို ကျုပ်တို့နှစ်ယောက်လုံးက သဘောကောင်းတဲ့ လူစားမျိုးတွေ မဟုတ်လို့ပဲ ….”
အေးစက်မှု တစ်ခုက သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ် တစ်လျှောက်လုံးသို့ ပွတ်တိုက် ကျီစယ်သွားခဲ့သည်။
“ ငါ့နာမည်က ကလင့် … ကေဒီ အဖွဲ့အစည်းထဲမှာ နံပါတ်၃ ယောက်မြောက် လူပဲ … အမှန် ဒီည မစ်ရှင်က ငါနဲ့ မဆိုင်ဘူး … ဒီတိုင်း ပျင်းလို့ ထွက်လာခဲ့တာ … ဒါပေမယ့် မင်းတို့ကောင်တွေနဲ့ ပက်ပင်းတိုးမိလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး ….”
“ ခင်များတို့ ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ … အဲ့ဒီလူတွေကို ဘာကြောင့် တစ်ခြားနေရာ ခေါ်သွားဖို့ လုပ်နေတာလဲ ….”
“ ဒီည ကျင်းပတဲ့ ဘောက်ဆင်ပွဲက ဒီတိုင်း အပေါ်ယံ သပ်သပ်ပဲ … အနိုင်ရတဲ့လူ ဆယ်ဦးက ငါတို့ရဲ့ ခန္ဓာကိုယ် မွမ်းမံပြုပြင်မယ့် ပရောဂျက်ရဲ့ ပစ်မှတ်တွေ ဖြစ်လာမယ် …”
“ မွမ်းမံပြုပြင်မယ် ဟုတ်လား ….”
ဤစကားကြားတော့ လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံး စိတ်ထဲ တင်းမာသွားခဲ့ကြသည်။
ဘာကြောင့်ဆိုသော် ဤစကား၏ ဆိုလိုရင်းက သူတို့ ကနေဦးထင်မှတ်ထားသည်ထက် မြင့်မားသော အခန်းကဏ္ဍတို့ ပါဝင်ပတ်သက်နေခြင်းကြောင့်ပင်။
လျင်မြန်စွာဖြင့် … လင်းရီ အကြောင်းအရင်းကို နားလည်သွားခဲ့၏။
ဘားနဒ်နှင့် ကျိုးဖန်တို့က ဤနည်းလမ်းကို အသုံးပြုပြီး စမ်းသပ်ဖို့အတွက် သင့်လျော်မည့် စမ်းသပ်ခံ ပစ္စည်းများကို ရှာဖွေနေကြခြင်းပင်။ ပြိုင်ပွဲတွင် အနိုင်ရရှိသည့် လူဆယ်ဦးက ပြီးပြည့်စုံမှု အရှိဆုံး ပစ်မှတ်များ ဖြစ်ကြ၏။
၎င်းတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူများထက် များစွာ သာလွန်နေပြီး ယင်းကပဲ သူတို့ကို တည်ငြိမ်သည့် စမ်းသပ်ခံ ပစ္စည်းများ ဖြစ်သွားစေခဲ့ခြင်းပင်။
လင်းရီကတော့ တည်ငြိမ်နေလျက်သာရှိပြီး စိတ်အတွင်း ဖြစ်ပေါ်သွားခဲ့သည့် အံ့အားသင့်မှုကို မျက်နှာပေါ်တွင် မည်သည့်အမူအရာတို့မျှ မပြသခဲ့ချေ။
“ ခင်များတို့လုပ်မယ့် စမ်းသပ်ချက်က ဘာလဲ … ကျိုးဖန်၊ ဘားနဒ်၊ ပြီးတော့ ခင်များတို့ သုံးယောက်ရဲ့ ပတ်သက်မှုကရော ဘာလဲ ….”
ကလင့်၏ အမူအရာမှာ ပို၍ပင် အံ့အားသင့်လာနေခဲ့ပြီး သိပ်သည်းသည့် လေထုတစ်ရပ်က ကားထဲ ပြည့်နှက်လာခဲ့သည်။
ဤလူနှစ်ဦး ဘယ်ကရောက်လာခဲ့လဲဆိုတာကို သူ မသိသော်ငြား ၎င်းတို့နှစ်ဦးကတော့ သူ စိတ်ကူးယဉ်ထားတာထက်ကိုပင် ပို၍ သိနေကြသည်။
“ မင်းတို့ နှစ်ယောက်က တကယ်ပဲ ဘယ်သူတွေလဲ ….”
“ ကျုပ် နာမည်က ချင်းဟန် … ကျုပ်ရဲ့ အထောက်အထားနဲ့ ပတ်သက်လို့ကတော့ ခင်များကို သက်သေပြနိုင်မယ့် အရာတစ်ခု ရှိတယ် ….”
လင်းရီ သူ့ဖုန်းထုတ်လိုက်ပြီး စုန့်ကျင်းမင်နှင့် အတူရိုက်ထားသည့် ဓာတ်ပုံကို ရှာတွေ့သွားခဲ့သည်။
“ ကျုပ်ကို မသိလောက်ဘူးဆိုပေမယ့် ဒီလူကိုတော့ ခင်များ သိတယ်မလား ….”
ဓာတ်ပုံထဲရှိ စုန့်ကျင်းမင်ကို မြင်တော့ ကလင့် ပြင်းပြင်းထန်ထန် တုန်ယင်သွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် ဘောင်းဘီစိုစွတ်လုနီးပါး ဖြစ်သွားခဲ့သည်။
“ မင်း … မင်းတို့က ပိုကာတွေပဲ ….”
“ ခင်များ ကြည့်ရတာ နားလည်သွားတဲ့ ပုံပဲ ….” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
“ ဒီတော့ ခင်များလည်း ကျုပ်တို့ အပေါ် ပြန်ပြီး ရိုးသားဖို့ မျှော်လင့်တယ် …. ကျုပ်တို့ကြား ကွာဟချက်က ဘယ်လောက်တောင် ကြီးလဲ ခင်များ သိတယ်မလား … ဒီတော့ ဆန့်ကျင်မယ် မကြံနဲ့ ….”
စစချင်းတုန်းကတော့ ကလင့်သည် စိတ်ခြောက်ခြားနေသော်ငြား လင်းရီနှင့် နင်ချဲ့တို့ကို တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာချင်းဆိုင်နိုင်ခဲ့၏။
သို့သော် ယခု … သူ လုံးဝကို အကြည့်ချင်း ဆုံဖို့ပင် မရဲဝံ့တော့ချေ။
ဤနှစ်ယောက်က ပိုကာများ ဖြစ်ကြ၏။ သူ အပြစ်ပြုမိဖို့ပင် ကြီးမားလွန်းသည့် အဖွဲ့အစည်းကြီးက ဖြစ်နေသည်။
ကေဒီ အဖွဲ့အစည်းပင် ၎င်းတို့ရှေ့မှောက်၌ အရေးမပါသည့် ပါမွှားလေးများ ဖြစ်ပြီး Ace of spades တစ်ဦးတည်းကပင် ၎င်းတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်သည်။
ထိုကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုနှင့် ရန်သူ လုပ်မိသည်က ကိုယ့်သေတွင်းကိုယ် တူးခြင်းပင်။
“ ငါ … ငါတို့လူတွေ ဂျပန်ဘက်က ‘ ဇီဝဆဲလ် လှုပ်ရှားမှု တိုးမြင့်ခြင်း ‘ဆိုတဲ့ နည်းပညာတစ်ခုကို ရထားတယ် … ပြီးတော့ အခုက ပြင်ဆင်နေတဲ့ အဆင့်မှာ … ငါတို့ရဲ့ သုတေသနအတွက် သင့်လျော်မယ့် စမ်းသပ်ခံတွေကို လိုက်ရှာနေတုန်း ရှိသေးတယ် …”
“ ဇီဝဆဲလ် လှုပ်ရှားမှု တိုးမြင့်ခြင်း ….”
လင်းရီ ရေရွတ်လိုက်ပြီး တစ်ခုခု မဟုတ်သေးကြောင်း ခံစားမိလိုက်သည်။
စနစ်ထံမှလည်း ဤနည်းပညာနှင့် အလားသဏ္ဌာန်တူသည့် နည်းပညာတစ်ခုကို လက်ခံရရှိခဲ့၏။
ပြီးတော့ စနစ်သည်လည်း သူ၏ ဆုချီးမြင့်မှုက တိလိရာ့ကျွန်းတွင် တစ်ချိန်က ရှိခဲ့သည့် ဇီဝ နည်းပညာဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။
ဧကန္တ .. နှစ်ခုက တစ်ခုတည်းများလား ….
“ အဲ့ ပစ္စည်း ဘယ်မှာလဲ …..”
“ ငါတို့ရဲ့ ဘော့စ် လန်ဘာ့ဒ်ရဲ့ လက်ထဲမှာ … ဒါပေမယ့် ကျိုးကွမ်းယောင် နာမည်နဲ့ ဟွာရှသားရဲ့ လက်ထဲမှာလည်း အဲ့နည်းပညာ တစ်စိတ်တစ်ပိုင်း ရှိသေးတယ် … ပြီးတော့ ဘားနဒ့်မှာလည်း တစ်စိတ်တစ်ပိုင်း ရှိတယ် … အဲ့ဒီ အစိတ်အပိုင်းတွေက အဓိကျတဲ့ နည်းပညာတွေ မဟုတ်ဘူးဆိုပေမယ့် … အရေးပါနေတုန်းပဲ …” ကလင့်က တုန်ယင်သည့် အသံဖြင့် ဖြေဆိုလိုက်သည်။
“ ကျေးဇူးပြုပြီး ငါ့ကိုတော့ ဖိအားမပေးပါနဲ့ … ငါ့လက်ထဲမှာ တကယ်ကို ဘာတစ်ခုမှ မရှိတာ … အဖွဲ့အစည်းထဲမှာ ငါ့ရဲ့ လုပ်ပိုင်ခွင့်က ဘာမှ သိပ်မရှိဘူး …”
“ မကြောက်စမ်းပါနဲ့ …. ကျုပ်တို့ကလည်း ခင်များကို ဘာမှ အတင်းအကြပ် မလုပ်ခိုင်းပါဘူး ….” လင်းရီ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
“ ဒါနဲ့ ခင်များ အဲ့ ပစ္စည်းကို ခိုးနိုင်မယ်လို့ ထင်လား …”
“ မဟုတ်ဘူး … မဖြစ်နိုင်ဘူး … မလုပ်ပါနဲ့ … ငါ့မှာ အဲ့လို အစွမ်းအစမျိုး တကယ် မရှိလို့ပါ ….” ကလင့် ခေါင်းကို ခါးခါးသီးသီး ခါယမ်းလိုက်ပြီး “ လန်ဘာ့က သံသယများတဲ့လူ … သူ့လက်ထဲ ပစ္စည်းရောက်လာတာနဲ့ ပစ္စည်းကို သူနဲ့ပဲ အတူဆောင်ထားတာ … ငါတို့ကိုတောင် သူ ဘယ်မှာ ထားထားလဲဆိုတာ ပေးမသိဘူး …..”
လင်းရီ မေးစေ့ ပွတ်သပ်လိုက်သည်။ အကယ်၍ ထိုအတိုင်းဆိုပါက သူ့အစီအစဉ်ကို အကောင်အထည် ဖော်ရတော့မည့်ပုံပင်။
“ ခင်များက ကျုပ်တို့ကိုယ်စား အဲ့ပစ္စည်းကို မယူပေးနိုင်ဘူးဆိုတော့ …. ကျုပ် ခင်များကို တစ်ခု ခိုင်းချင်တယ် …”
“ ပြော … ပြောပါ ….”
လင်းရီ၏ ပိုကာ အဖွဲ့အစည်းမှဟူသော အထောက်အထားကြောင့် ကလင့်မှာ စကားပင် ကောင်းမွန်စွာ မပြောဆိုနိုင်ခဲ့ချေ။
လင်းရီ ပြုံးလိုက်၏။ ကလင့်၏ မျက်လုံးထဲတွင်တော့ လင်းရီ၏ အပြုံးက နတ်ဆိုးတစ်ကောင်ထက်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
“ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ … ကျုပ် ခင်များကို ဖြည်းဖြည်းချင်း ပြောပြသွားမယ် … ဒါပေမယ့် အဲ့တာမတိုင်ခင် ပေါက်ကြားသွားတာတွေ မရှိရအောင်လို့ ခင်များနဲ့ သဘောတူညီမှုလေး ယူကြတာပေါ့ .. ခင်များ ဘာမဟုတ်တာမှ မလုပ်ဖို့ ကျုပ် မျှော်ငလ့်တယ် … မဟုတ်ရင် ခင်များ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး ….”
ထိုသို့ ပြောပြီးနောက် လင်းရီ စကားကို ခေတ္တ ရပ်ထားလိုက်သည်။ ထို့နောက် ဆက်ပြီးပြော၏။
“ ဒါပေမယ့် ခင်များကို အလကားကြီး သပ်သပ်တော့ မလုပ်ခိုင်းပါဘူး … ဒီအလုပ်ပြီးသွားတာနဲ့ လန်ဘာ့ဒ်လည်း ဘုရားသခင်နဲ့ တွေ့ပြီးသွားရလောက်ပြီ … ပြီးရင် ခင်များလည်း သဘာဝကျကျနဲ့ ကေဒီ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်လာမယ် … ဘာကို ရွေးချယ်ရမယ်ဆိုတာကတော့ … ခင်များ ကောင်းကောင်းသိမယ်လို့ ထင်ပါတယ် ….”
ကလင့်၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်စွာ တုန်ယင်သွားခဲ့သည်။
ပိုကာ၏ နည်းလမ်းများကို သူ ကောင်းစွာ သိရှိထားပြီး သူ စိတ်ကူးယဉ်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေလောက်သည်။
အကယ်၍ ၎င်းတို့သာ တစ်ခုခု လုပ်ချင်ပါက သူ့အား သတ်ဖြတ်ဖို့ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိသည်။
ပြီးတော့ သူတို့ပြောသည့်အတိုင်း … အကယ်၍ သူ့ဘက်က ကူညီပေးမည်ဆိုပါက သူက ကေဒီ အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည်။
ပိုကာ၏ အစွမ်းအစတို့ဖြင့် ကေဒီကို ဖြုတ်ချဖို့က အလွယ်လေး ဖြစ်၏။
ထို့ကြောင့် သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။ ၎င်းတို့ကို ကူညီပေးဖို့သာ တတ်နိုင်သည်။
“ ငါ … ငါ သဘောတူတယ် ….” ကလင့် ပြောလိုက်သည်။
“ မင်းတို့ဘက်ကလည်း စကားကတိတည်ပြီး ဒီကိစ္စပြီးသွားတာနဲ့ ငါ့ကို ကေဒီ ခေါင်းဆောင်ရာထူးပေးမယ်လို့ မျှော်လင့်နေမယ် ….”
“ မပူနဲ့ … ချင်းဟန်က အမြဲ စကားတည်တယ်လေ ….”
“ မင်းတို့နဲ့ ပူးပေါင်းဖို့ သဘောတူတယ် … အဲ့တော့ ငါ့ကို ဘာလုပ်စေချင်လဲ …”
လင်းရီ ပြုံးလိုက်သည်။
“ အလျင်မလိုစမ်းပါနဲ့ … လိုရင်းတိုရှင်းလေးဖြစ်အောင် လုပ်ပေးမယ် … ကျုပ်ပြောတာကို သေချာလေးနားထောင် …..”
***