လင်းရီ အချိန် ဆယ့်ငါးမိနစ် ကြာအောင် အသုံးပြုပြီး သူ၏ အစီအစဉ်ကို ကလင့် နားလည်အောင် ရှင်းပြလိုက်သည်။
ကလင့်ကလည်း နားထောင်ရင်း ဆက်တိုက် ခေါင်းညိတ်နေသည်။ သဘောကတော့ သူ့ဘက်က အပြည့်အဝ ပူးပေါင်းပေးပါမယ်ပေါ့။
ထိုသို့ လိုလိုလားလားနှင့် သဘောတူရခြင်း အကြောင်းပြချက်က ဤအစီအစဉ်သည် အနည်းငယ် အန္တရာယ်ကြီးသော်လည်းပဲ သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်အထိတော့ မကြီးမားသောကြောင့်ပင်။
အစီအစဉ်ကို ရှင်းပြပြီးနောက် နင်ချဲ့က သူ့ကို ဗီလာအနီးနားသို့ ပြန်ခေါ်လာခဲ့ပေးသည်။ ပြီးသည့်နောက် လင်းရီတို့နှစ်ဦးသား မြို့ထဲသို့ ပြန်လာခဲ့ကြ၏။
“ ကျိုးဖန်ဘက်ခြမ်းက အခြေအနေ ဘယ်လိုရှိလဲ …. ယွီလော့ကရော သူ့ကို စောင့်ကြည့်နေလား … ပြဿနာတွေကရော ….”
“ မပူနဲ့ … သူက ဒီအပိုင်းမှာ ကျွမ်းတဲ့သူ … ငါ့ထက်တောင် ပိုတော်သေးတယ် ….” နင်ချဲ့ ပြောလိုက်သည်။
“ ဒါနဲ့ အခု လှုပ်ရှားဖို့ အချိန်တန်ပြီလား ….”
လင်းရီ ခေါင်းညိတ်လိုက်၏။ “ ငါတို့ ပြန်ရောက်တာနဲ့ မင်းတို့တွေ အဆင်သင့် ပြင်ထားတော့ … သုံးဖွဲ့လုံး ပူးပေါင်းပြီး အတူလှုပ်ရှားမယ် … အထူးသဖြင့် ကျိုးဖန်းကိုပဲ … သူ့ကို မြန်နိုင်သမျှ မြန်မြန် ကိုင်တွယ်ဖို့လိုတယ် ….”
“ ရတယ် … ယွီလော့နဲ့ ငါက သူ့ကို အရှေ့ဆုံးကနေပြီး တိုက်ခိုက်သွားမှာ … သူ့ကို ခုခံဖို့ အခွင့်အရေးတောင် ပေးမှာ မဟုတ်ဘူး ….” နင်ချဲ့က ဆံပင်ကို ချောမွေ့အောင် သပ်ရင်း ပြောလိုက်သည်။
“ အဲ့ဒီ ကလင့်ဆိုတဲ့လူကိုလည်း ငါတို့ အပြည့်အဝ ယုံလို့တော့ အဆင်မပြေလောက်ဘူးနာ်…. နင် သူ့ကို မသတ်ဘူးလို့ ပြောတာကတော့ နည်းနည်းလေး အန္တရာယ်မများဘူးလား ….”
“ သူ ငါတို့ကို သစ္စာဖောက်သွားမှာ မင်း စိုးရိမ်နေတာမလား ….”
“ အင်း … ဟုတ်တယ် … နိုင်ငံခြားက လူတွေက သစ္စာရှိကြတာ မဟုတ်ဘူး … သူတို့ တစ်ယောက်ကိုမှ ယုံကြည်ပေးလို့ မဖြစ်ဘူး … သူတို့အတွက် အကျိုးစီးပွားရှိလာတာနဲ့ ငါတို့အပေါ်လည်း သစ္စာဖောက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး ….”
“ ကိစ္စမရှိဘူး … တကယ်လို့ တစ်ခုခု သံသယ ဖြစ်စရာ တွေ့မိရင် သူ့ကို ဒီတိုင်း ချက်ချင်း သတ်လိုက်ရုံပဲ ….”
နင်ချဲ့ ရယ်မောလိုက်သည်။ “ နင် သူ့ကို အဲ့လိုမျိုး လှည့်စားလိုက်တာ ငရဲကျမှာ မကြောက်ဘူးလား ….”
“ မင်း ဘာတွေ လာပြောနေတာ … သူ့ကို သတ်မယ့်လူက ချင်းဟန်လေ … ငါ လင်းရီနဲ့ ဘာပတ်သက်လို့ ….”
“ နင် တကယ် ညစ်ပတ်တာပဲ … ဟားဟားဟား …..”
လမ်းတွင် နှစ်ယောက်က စကားပြောဆိုရယ်မောရင်း ဟိုတယ်သို့ ပြန်ရောက်လာခဲ့သည်။
လင်းရီကို လိုက်ပို့ပေးပြီးနောက် နင်ချဲ့လည်း သူမ၏ ကိုယ်ပိုင်မစ်ရှင်ကို ထမ်းရွက်ရန်အတွက် ပြန်သွားခဲ့၏။
ဟိုတယ် အိပ်ရာပေါ်တွင် လဲလျောင်းရင်း အစီအစဉ်ကို ပြန်တွက်ချက်ကြည့်သည်။ မည်သည့် ပြဿနာမျှတော့ သူ မမြင်မိ။ ကျန်ရစ်တော့သည်က စောင့်ဆိုင်းဖို့ပဲ ဖြစ်၏။
မနက်ခင်း ကိုးနာရီအချိန်လောက်ရောက်တော့ နင်ချဲ့က လင်းရီထံသို့ ဖုန်းခေါ်လာသည်။
“ ပြီးပြီ … ကျိုးဖန် ၊ ဘားနဒ်နဲ့ လန်ဘာ့ရဲ့ ညီမ ၊ သူတို့တွေ အကုန်လုံးကို ဖမ်းထားပြီးပြီ … အစီအစဉ် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ရယ်ဒီပဲ ….”
“ ကောင်းတယ် ….”
လင်းရီ ဖုန်းအပို နောက်တစ်လုံး ထုတ်လိုက်ပြီး လန်ဘာ့၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
“ ဟယ်လို မစ္စတာလန်ဘာ့ …..”
လင်းရီ၏ အသံကို ကြားတော့ လန်ဘာ့ စက္ကန့်အနည်းငယ်ကြာ ကြက်သေသေသွားခဲ့သည်။
“ မင်းက ဘယ်ကောင်တုန်း ….”
“ ကျုပ် ဘယ်သူဆိုတာ အရေးမကြီးဘူး … ကျုပ် ဒီနေ့ ဆက်သွယ်လိုက်တာ ခင်များကို တစ်ခု အသိပေးချင်လို့ပဲ … ခင်များရဲ့ ညီမ ဟန်နာ ကျုပ်လက်ထဲမှာ ရှိနေတယ် … သူ့ကို အသက်ရှင်လျက် ပြန်လိုချင်တယ်ဆိုရင် ခင်များမှာ ရှိတဲ့ဟာကို ကျုပ်တို့ဆီကမ်းလိုက် … ရူးသလို၊ ကြောင်သလိုတော့ လုပ်မယ် မကြံနဲ့ … ကျုပ် ဘာကိုဆိုလိုချင်လဲ ခင်များ သိပါတယ် ….”
“ အတင့်ရဲလို့ ငါ့ညီမကို ထိရဲတယ် … မင်း အခု ဘယ်မှာလဲဟျောင့် ….”
လန်ဘာ့၏ အသံက ဒေါသတကြီးဖြစ်နေပြီး ဖုန်းထဲက တစ်ဆင့်ပင် ခရစ်စတယ်ကဲ့သို့ ကြည်လင် ပြတ်သားစွာ ခံစားမိနိုင်သည်။
“ အဲ့လောက်ကြီးလည်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူး … ကျုပ် ပြောတဲ့အတိုင်းပဲ … ကျုပ် ဘယ်သူဆိုတာ အရေးမကြီးဘူး … အရးကြီးတာက ခင်များ ညီမ ကျုပ်ထဲမှာ ရှိတယ်ဆိုတာပဲ … တကယ်လို့ သူ့ အသက်ကို ဂရုစိုက်တယ်ဆိုရင် ခင်များမှာ ရှိတဲ့ဥစ္စာကို ပေးလိုက် … ဂရုမစိုက်ဘူးဆိုလည်း ကိုယ့်ဘာကိုယ် ဆက်သိမ်းထားပေါ့ … အလောင်းကို ခင်များဆီ အမြန်ချောပို့နဲ့ သေချာ ပါဆယ်ထုပ်ပြီး ပို့ပေးလိုက်မယ် … လက်ခံဖို့ စိတ်ပြင်ဆင်ထားလိုက် …”
ထိုသို့ ပြောဆိုပြီးနောက် လင်းရီသည် လန်ဘာ့ကို စကားများများ ပြောခွင့်မပြုဘဲ ဖုန်းချလိုက်သည်။
ထို့နောက် သူ့ဖုန်းထဲရှိ သူ့ ညီမဓာတ်ပုံကို ပို့ပေးလိုက်သည်။
ကျန်ရစ်တော့သည်က စောင့်ဆိုင်းဖို့ ဖြစ်၏။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးသည့်နောက် လန်ဘာ့ထံက ဖုန်းပြန်ဝင်လာပြီး ဒေါကြီးမောကြီးဖြင့် “ ငါ့ ညီမကို အမြန်လွှတ်ပေးစမ်း … မဟုတ်ဘူးဆို မင်းတစ်မိသားစုလုံးပါ မင်းနဲ့ အတူ သေရွာပါ သွားမယ် ….”
“ မစ္စတာလန်ဘာ့ … ကျုပ်သာ အဲ့လို ခြိမ်းခြောက်မှုမျိုးတွေ ကြောက်နေမယ်ဆိုရင် ခင်များညီမကိုတောင် ပစ်မှတ်ထားခဲ့မှာ မဟုတ်ဘူး ….”
လင်းရီ ပြောလိုက်ပြီး “ ကျုပ် ခင်များကို စဉ်းစားဖို့ ငါးနာရီ အချိန်ပေးမယ် … ပြီးရင် ဒီညနေ ၃ နာရီ ခရစ်စမတ် ဟိုတယ် အခန်း 304 ကို ကျုပ်လိုချင်တဲ့ ပစ္စည်း ပို့ပေးဖို့ မျှော်လင့်တယ် … မဟုတ်ဘူးဆိုလည်း ခင်များရဲ့ ညီမကို ကြိုပြီး နှုတ်ဆက်ထားပေါ့ ….”
“ ဒါပေမယ့် ခင်များရဲ့ ဆုံးဖြတ်ချက်ကို ညနေ နှစ်နာရီလောက် သိရမယ်ဆို ပိုအဆင်ပြေတယ် … မဟုတ်ဘူးဆိုရင်တော့ သူ့ရဲ့ လက်တစ်ဖက် ခင်များဆီ အရင်ပို့ပေးမယ် … ပြီးတော့ စာရွက်စာတမ်း အတုတွေနဲ့ ကျုပ်ကို အရူးလုပ်မယ် မကြံနဲ့ … အစစ်ဟုတ်မဟုတ် စစ်ဆေးနိုင်တဲ့ နည်းလမ်တွေ ကျုပ်မှာ ရှိတယ် ….”
ထိုသို့ ပြောပြီးနောက် လင်းရီသည် စကားလေကုန်ခံမနေတော့ဘဲ ဖုန်းကို တန်းချလိုက်သည်။
ပြီးသည့်နောက် ကျိုးကွမ်းယောင်နှင့် ဘားနဒ်၏ မိခင် အယ်လက်ဆာကိုလည်း အလားတူ ခြိမ်းခြောက်မှုများ ပေးလိုက်၏။
ရည်ရွယ်ချက်ကတော့ သူတို့အချင်းချင်း သံသယပွားအောင် ပြုလုပ်ဖို့ပင်။ လက်သည်မပေါ်သည့် လှည့်ကွက်များအောက်တွင် သံသယ အမြင်တို့က တဖြည်းဖြည်းချင်း ကျယ်ပြန့်လာမည်မှာ ပုံမှန်ပင်။
သုံးကြိမ် ဖုန်းခေါ်ဆိုပြီးနောက် လင်းရီသည် နင်ချဲ့ထံသို့ အခြေအနေကို မေးမြန်းစုံစမ်းလိုက်ပြီး အရာအားလုံးက ပုံမှန်အတိုင်းပဲ ရှိနေတာကို သိရှိလိုက်ရသည်။
ယခုအချိန်တွင်တော့ ကလင့်၏ ဖုန်းခေါ်အလာကို စောင့်ဆိုင်းဖို့ပင်။
…
ဖုန်းလက်ခံရရှိပြီးနောက် လန်ဘာ့၊ ကျိုးကွမ်းယောင်နှင့် အယ်လ်ဆာတို့ ချက်ချင်းတွေ့ဆုံကြ၏။
သူတို့ကလေးများနှင့် မိသားစုဝင်တို့က ဖမ်းဆီခံထားရ၏။ ဤသည်က မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဖြေရှင်းရမည့် မျက်နှာပျက်စရာ အခြေအနေပင်။
သို့သော် တွေ့ဆုံပြီးနောက် သုံးဦးလုံးမှာ နှုတ်ဆိတ်နေကြသည်။
တစ်ယောက်ကိုယ်တစ်ယောက် နက်ရှိုင်းသည့် အကြည့်များနှင့် အကဲခတ်မှုတို့သာ ပြုလုပ်နေခဲ့ကြ၏။
သုံးဦးဆိုင် ပူးပေါင်းမှုက အဆင့်မြင့် လျှို့ဝှက်ချက်ကြီး တစ်ခုဖြစ်ပြီး ဂျပန်အစိုးရဘက်က အရာရှိ တစ်ချို့ကလွဲပြီး ဤကိစ္စကို မည်သူကမျှ မသိရှိကြချေ။
ထို့ကြောင့် ဤကိစ္စကို ဖန်တီးသူသည်လည်း သူတို့အတွင်းလူများထဲက တစ်ယောက်ပဲ ဖြစ်ရမည်။ အချင်းချင်းမှာ တစ်ယောက်ကိုယ်တစ်ယောက် သံသယ ဝင်နေမိကြတော့၏။
ထိုသို့ မဟုတ်ဘူးဆိုလည်း တစ်ဖက် နှစ်ဖွဲ့က အချင်းချင်း ပူးပေါင်းကာ အများရှေ့တွင် ဒရာမာ ရိုက်ပြနေလားလည်း မသေချာပေ။
“ အားလုံးပဲ … အခုအချိန်က ကျုပ်တို့ ကိုယ့်အချင်းချင်း သံသယဝင်နေတာကို ဘေးချိတ်ထားဖို့ အချိန်ကျပြီလို့ ထင်တယ် … ဒီပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းတစ်ခုခု စဉ်းစားသင့်တယ် ….” ကျိုးကွမ်းယောင်က စကားကို ခေတ္တရပ်နားပြီးနောက် “ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် အပြစ်ကင်းကြောင်း ကျိန်ရဲတယ် .. ခင်များတို့ကိုတော့ သစ္စာဖောက်မှာ မဟုတ်ဘူး … ဘာလို့ဆို သစ္စာဖောက်လို့ ကျုပ်အတွက် အကျိုးအမြတ် ရှိမှာမှ မဟုတ်တာ … တကယ်လို့ကျုပ်သာ အဲ့လို အစီအစဉ်မျိုး ရှိခဲ့မယ်ဆိုရင် ကျုပ်ဘက်က ငွေတွေ အဲ့လောက် အများကြီးကမ်းလှမ်းခဲ့ပါ့မလား ….”
“ ကျွန်မလည်း အာမခံနိုင်တယ် …” အယ်လ်ဆာက ပြောလိုက်ပြီး “ ကျွန်မရဲ့ ဂုဏ်သတင်းက ရှင်တို့နောက်ကွယ်မှာ အပေးအယူတွေ လုပ်ဖို့ မလုံလောက်ဘူး … ရှင်တို့သာ မရှိရင် အဲ့ဒီ နည်းပညာကလည်း ကျွန်မအတွက် ဘာအသုံးမှမဝင်ဘူး … ဘာကြောင့်ဆို ကျွန်မတို့နိုင်ငံက ကြားနေနိုင်ငံ ဖြစ်တာကြောင့်ပဲ … တစ်ကမ္ဘာလုံးကလည်း ကျွန်မတို့ကို မျက်စိဒေါက်ထောက် ကြည့်နေတယ် ….”
လန်ဘာ့က နှုတ်ဆိတ်လျက် ၎င်းတို့၏ ပြောစကားများကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေသည်။ ၎င်းတို့ပြောဆိုသည်မှာလည်း ယုတ္တိရှိသည်။
အထူးသဖြင့် အယ်လ်ဆာပင်။ သူမ၏ စနက်တော့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းတွင် ကျိုးကွမ်းယောင်သည်လည်း ထိုကဲ့သို့ လုပ်မည့် လူစားမျိုး ဖြစ်ဟန်မတူပေ။
ယင်းက လန်ဘာ့ကို အကြီးအကျယ် အတွေးနက်သွားစေခဲ့၏။
“ ဒါပေမယ့် ပြဿနာက ဘယ်နားမှာလဲ ဆိုတာ ငါသိချင်တယ် … ဧကန္တ ဂျပန်ဘက်ကများလား ….”
“ ကျုပ်တော့ အဲ့လို မထင်ပေမယ့် အခုတော့ ဖြစ်နိုင်ချေက တစ်ခုတည်းကျန်တော့တယ် …” ကျိုးကွမ်းယောင် ပြောလိုက်ပြီး “ ဘာပဲဆိုဆို ပစ္စည်းတွေက သူတို့ဆီကနေ ရလာခဲ့တာတွေပဲလေ ….”
“ အခုက ဆွေးနွေးနေရမယ့် အချိန် မဟုတ်ဘူး ….” အယ်လ်ဆာ ပြောလိုက်ပြီး “ တစ်ဘက်က ကျွန်မတို့ကို စာရွက်စာတမ်းတွေ ကမ်းပေးလာတာကို လိုချင်နေတယ် … မဟုတ်ဘူးဆို ကျွန်မတို့ရဲ့ ကလေးတွေ အသက်အန္တရာယ် ရှိတယ် …”
အယ်လ်ဆာ၏ အတွေးတို့က ရိုးရှင်းသည်။ ဘားနဒ် အသက်ရှင်လျက် ပြန်လာနိုင်မည်ဆိုသရွေ့ မည်သည့်အရာကိုမဆို လက်လျှော့လိုက်ဖို့ရာ ဆန္ဒရှိသည်။
ထို့ပြင် လင်းရီ၏ အစီအစဉ်၌ အချက်အချာအကျဆုံကလည်း သူမပဲ ဖြစ်၏။
ဘာကြောင့်ဆိုတော့ အမျိုးသမီးတို့၏ သဘာဝက အနူးညံ့ဆုံး ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် မိခင်စိတ်ရှိသည့် အမျိုးသမီးများဖြစ်၏။
***