“ ငါတော့ ငါတို့တွေ အချက်အလက်အတုတွေ ပေးလိုက်လို့ရတယ် ထင်တာပဲ … ပြီးတာနဲ့ ဟိုတယ်ကို ကြိုပြီး ထောက်လှမ်းဖို့ အတွက် လူလွှတ်လိုက်လို့ရတယ် .. အဲ့နည်းနဲ့ဆို ဘယ်သူက ငါတို့နောက်ကွယ်မှာ ဇယားပတ်ရှုပ်နေလဲဆိုတာ ပြောနိုင်လိမ့်မယ် …” ကျိုးကွမ်းယောင် ပြောလိုက်သည်။
လင်းရီက သူ့ကို လှည့်စားဖို့အတွက် အချက်အလက်အတုများ မပေးရန် သတိပေးထားခဲ့သော်လည်းပဲ ကျိုးကွမ်းယောင်ကတော့ လောင်းကြေးထပ်ချင်နေမိသည်။
ဘာကြောင့်ဆိုတော့ ကျိုးဖန်၏ အဆင့်က စီအဆင့်ကို ရောက်ရှိနေပြီး သူ့ကိုယ်သူ အတိုင်းအတာတစ်ခုထိအောင် ကာကွယ်နိုင်သည်။
အခွင့်အရှေးက သူ့အရှေ့မှာပဲ ရှိနေသည်ဖြစ်ရာ ဤသို့ အလွယ်တကူ အရှုံးမပေးချင်ခဲ့ပေ။
“ ဒီ နည်းလမ်းက သိပ်တော့ မကောင်းဘူး ….” လန်ဘာ့ ပြောလိုက်ပြီး “ တကယ်လို့ အချက်အလက်တွေက အတုတွေဆိုတာ သူတို့ သိသွားခဲ့ရင် ငါ့ညီမလည်း အန္တရာယ်ရှိတယ် …”
“ ကျွန်မလည်း လန်ဘာ့ အမြင်ကို ထောက်ခံတယ် … ငါ့သားရဲ့ အသက်နဲ့တော့ လောင်းကြေးမထပ်နိုင်ဘူး ….” အယ်လ်ဆာက လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
သဘောထားချင်း မတိုက်ဆိုင်မှုက သုံးဦးကြားတွင် မြင့်တက်လာသည်။ ဤသည်ကလည်း လင်းရီ မျှော်လင့်ပြီး မြင်ချင်နေသည့် အရာပဲ ဖြစ်၏။
အချင်းချင်း သံသယပွားမှုနှင့် ငြင်းခုန်မှုတို့က တစ်ဖက်နှင့် တစ်ဖက်ကြားတွင် သွေးကွဲခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။
နှစ်ဦးလုံးက ထိုသို့ ခံစားနေရသဖြင့် ကျိုးကွမ်းယောင်လည်း သူ့ ရည်မှန်းချက်များကို နောက်ဆုတ်ထားရုံမျှသာ တတ်နိုင်သည်။
“ ဒီလိုဆိုတော့လည်း အားလုံး ကိုယ့်အမြင်ကိုယ် ဝေမျှကြာတာပေါ့ ….”
“ အချက်အလက် အစစ်အမှန်တွေ ယူသွားပြီး ဟိုတယ်နားတစ်ဝိုက်မှာ လုံခြုံရေးချထားမယ် … ပြီးတာနဲ့ သူတို့လူတွေ တစ်ယောက်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ….”
ထိုသို့ပြောပြီးနောက် လန်ဘာ့က အယ်လ်ဆာကို ကြည့်လိုက်သ်ည။
“ ဒါက မင်းရဲ့ ပိုင်နက် … ဒီတော့ မင်းဘက်ကလည်း ငါတို့နဲ့အတူ ပူးပေါင်းဖို့ လူတစ်ချို့ လွှတ်ပေးဖို့ လိုတယ် … ပိုပြီး ဘေးကင်း စိတ်ချရတာပေါ့ ….”
“ ပြဿနာ မရှိဘူး … ဒါပေမယ့် ကျွန်မရဲ့ အထောက်အထားက ထိခိုက်မခံတော့ လူကိုယ်တိုင်တော့ ထွက်ပြလို့ရမှာ မဟုတ်ဘူး … ကိုင်တွယ်ဖို့ ကိုယ်စားတစ်ယောက် စေလွှတ်လိုက်မယ် …” အယ်လ်ဆာက ပြောလိုက်သည်။ “ ကျွန်မသား ဘာတစ်ခုမှ ဖြစ်တာကို မလိုချင်ဘူး … ရှင်တို့တွေ ဂရုတစိုက်နဲ့ ကိုင်တွယ်ကြမယ်လို့ မျှော်လင့်တယ် …”
“ လုပ်မှာပါ … ဘာပဲဆိုဆို ငါ့ညီမလည်း သူတို့လက်ထဲမှာပဲလေ ….”
“ ဆွေးနွေးပွဲကို ဒီမှာတင် အဆုံးသတ်ကြတာပေါ့ ….”
အယ်လ်ဆာက မတ်တပ်ရပ်၍ ထွက်ခွာသွားခဲ့သည်။ ကျိုးကွမ်းယောင်က လန်ဘာ့ကို ကြည့်လိုက်၏။
“ မင်း သူ့ကို တကယ့် ဒေတာ အစစ်တွေ ပေးဖို့ ရည်ရွယ်ထားတာလား ….”
“ ရွေးချယ်စရာမှ မရှိတာ… ငါ ဒီနယ်ပယ်ထဲ ကျင်လည်လာတာ နှစ် ၂၀ ကျော်ပြီ … တစ်ဖက်က သာမန် မဟုတ်ဘူးဆိုတာ ပြောလို့ရတယ် … ငါတို့သာ သူပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် ငါ့ညီမနဲ့ မင်းရဲ့သားလည်း ကျိန်းသေပေါက် အသက်ရှင်မှာ မဟုတ်ဘူး … မင်းသား သေသွားမှာကို မင်းရော လိုချင်လို့လား ….”
ကျိုးကွမ်းယောင် တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာသည်ထိအောင် စကားတစ်ခွန်းမျှ မဆိုနိုင်ချေ။
အကယ်၍ သူ့သားသာ သေသွားခဲ့မည်ဆိုပါက သူ ယခင် လုပ်သမျှ အရာအားလုံးသည်လည်း သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
“ ပြီးတော့ … တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် အယ်လ်ဆာက ငါတို့ကောင်တွေကို အလွှတ်ပေးမယ် ထင်မနေနဲ့ … ငါတို့ သုတ်သင်ဖို့ စစ်တပ်ကို တိတ်တိတ်လေး စေလွှတ်လာနိုင်တယ် … ငါတို့ကောင်တွေ ဇူးရစ်မြို့ကနေတောင် ထွက်သွားနိုင်လိုက်မှာ မဟုတ်ဘူး ….”
“ ဒါပေမယ့် သူတို့ကို အမိဖမ်းနိုင်မယ်လို့ မင်းမှာ ယုံကြည်ချက် အပြည့်ရှိလား ….”
“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ မပူနဲ့ ….” လန်ဘာ့ စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး “ ကေဒီ အဖွဲ့အစည်းက ဟန်ပြသပ်သပ်ပဲ မဟုတ်ဘူး … ပြီးတော့ အယ်လ်ဆာရဲ့ အကူအညီနဲ့ ဒီလူတွေကို ဖမ်းဖို့က လုံးဝ ပြဿနာ မရှိဘူး ….”
“ အိုကေ … မင်းကို ယုံကြည်လိုက်မယ် … ဒီကိစ္စ အေးအေးချမ်းချမ်းနဲ့ အဆုံးသတ်သွားနိုင်ဖို့ မျှော်လင့်နေမယ် ….”
“ ငါနဲ့ လွှဲထားလိုက် ….”
ကျိုးကွမ်းယောင် မတ်တပ်ရပ်ပြီး ထွက်ခွာသွားခဲ့သည်။ လန်ဘာ့က ထိုင်ခုံတွင် ထိုင်နေပြီး စီးကရက် သောက်နေသည်။
စီးကရက် တစ်လိပ် ကုန်သွားတော့ လန်ဘာ့က လင်းရီထံ ဖုန်းဆက်လိုက်သည်။
ယခု ဒေသစံတော်ချိန် နှစ်နာရီ ရှိပြီ ဖြစ်၏။
“ ငါတို့ သဘောတူညီချက် ရပြီ … ခရစ်စမတ် ဟိုတယ်ဆီ ညနေ သုံးနာရီ မတိုင်ခင် မင်းလိုချင်တဲ့ ဒေတာတွေ ပို့ပေးမယ် … မင်းလည်း မင်းကတိ မင်းတည်ပြီး ငါ့ညီမနဲ့ တစ်ခြားနှစ်ယောက်ကို အကောင်းပတိ ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ် ….”
“ စိတ်ချပါ မစ္စတာ လန်ဘာ့ … ကျုပ်က စကားတည်တဲ့ လူစားမျိုးပါ … ကျုပ်ဆီကို အဲ့ဒေတာတွေ ပို့ပေးလာသရွေ့ ခင်များညီမနဲ့ ကျန်တဲ့နှစ်ယောက်ကို သေချာ အိမ်ပြန်လွှတ်ပေးလိုက်မယ် … ရွေးချယ်စရာက ခင်များလက်ထဲမှာပဲ ရှိတယ် …”
“ ပြဿနာ မရှိဘူး … မင်းကတိ မင်းတည်ပါစေ ….”
“ ကျုပ်က ယုံကြည်လို့ရတဲ့လူပါ … သုံးနာရီကျ တွေ့ကြတာပေါ့ …. နောက်တော့ မကျစေနဲ့ ….”
“ ကောင်းပြီ …”
လင်းရီ ဖုန်းချပြီး နင်ချဲ့ကို ဟိုတယ်သို့ ပြန်လာရန် ညွှန်ကြားလိုက်၏။
နောက်လာမည့် အစီအစဉ်အတွက် သူမ၏ ပူးပေါင်းဆောင်ရွက်ပေးမှုက လိုအပ်လာလိမ့်မည်။
မွန်းလွဲ နှစ်နာရီတွင် လန်ဘာ့က အချက်အလက်များ အားလုံး ပြင်ဆင်ပြီး လက်ဆွဲ သေတ္တာ တစ်ခုအတွင်းသို့ ထည့်လိုက်၏။
ထို့နောက် ကျိုးကွမ်းယောင်နှင့် အယ်လ်ဆာစေလွှတ်လိုက်သည့် လက်ထောက်ဖြစ်သူနှင့်အတူ ဟိုတယ် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
သူနှင့်အတူ လိုက်ပါလာသူများအနက် ကေဒီ အဖွဲ့အစီး၏ ဒုခေါင်းဆောင် ဖရစ် နှင့် ကလင့်တို့လည်းပါသည်။
လန်ဘာ့ ဟိုတယ်ထဲက ထွက်လာတာကို မြင်တော့ ကလင့်က အနားသို့ ချဉ်းကပ်လာပြီး “ ဘော့စ် … ကျုပ် ခရစ်စမတ် ဟိုတယ် အနီးနားဝန်းကျင်မှာ လူတွေ ချထားပြီပြီ … တစ်ဖက်သူက ကိုယ်ထင်ပြလာတာနဲ့ သူတို့ကို ကျိန်းသေပေါက် ဖမ်းမိမှာ သေချာတယ် …”
“ အခုက လူဖမ်းမိဖို့ အဓိက မဟုတ်ဘူး … သူတို့လက်ထဲက လူတွေ မလွှတ်သေးသရွေ့ မလှုပ်ရှားနဲ့ဦး ….” လန်ဘာ့ ပြောလိုက်ပြီး “ ငါတို့ လူတွေကို ခေါ်လာပြီလားဆိုတာ စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက် … ပြီးမှ လှုပ်ရှားကြမယ် ….”
“ နားလည်ပါပြီ ….”
“ ကားထဲဝင် … အချိန်ကျတော့မယ် ….”
သူတို့အားလုံး ဗန်ကားများထဲသို့ ဝင်လိုက်ကြပြီး ကလင့်က ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ခရစ်စမတ် ဟိုတယ်သို့ ဦးတည်လိုက်ကြ၏။
“ ဟမ် … ငါတို့ သွားနေတဲ့ လမ်းက သိပ်မူမမှန်သလိုပဲ ….”
အယ်လ်ဆာက ကိုယ်စားစေလွှတ်လာသူက ပြောလိုက်၏။
“ ခရစ်စမတ် ဟိုတယ်ကို ရောက်ဖို့ လမ်းမကြီးကနေ သွားသင့်တာ မဟုတ်ဘူးလား … ဘာလို့ ဒီ လမ်းသေးလေးလဲ … မင်း ကားကို ဘယ်လိုမောင်းနေတာတုန်း ဟေ့ကောင် ….”
လန်ဘာ့နှင့် ကျိုးကွမ်းယောင်တို့က ဒရိုင်ဘာကို တစ်ပြိုင်နက် ကြည့်လိုက်ကြညသ်။
“ ဒီ လမ်းက လူပိုနည်းလို့ပါ ဘော့စ် …” ဒရိုင်ဘာက ပြန်ဖြေလိုက်သည်။
“ လူပိုနည်းတယ် ဟုတ်လား … မင်းဘာ ပြောချင်တာ ….”
“ ပြောချင်တာ ခင်များတို့တွေ ပြန်ပေးဆွဲခံလိုက်ရပြီ … ဒီတော့ တိတ်တိတ်နေပြီး လိုက်ခဲ့ ကြားလား ….”
ဒရိုင်ဘာက ရုတ်ချည်း နောက်သို့လှည့်ပြီး သေနတ်တစ်လက်က သူ့လက်ထဲတွင် မည်သို့မှန်း မသိ ပေါ်လာသည်။
ဖရစ်၏ ဦးခေါင်းကို ချက်ချင်း ပစ်ခတ်လိုက်ပြီး တစ်ခါတည်း အဆုံးသတ်ပေးလိုက်၏။
ရုတ်တရက် အလှည့်အပြောင်းက ကားထဲရှိ လူတိုင်းကို ကြက်သီးဖြန်းသွားစေသည်။
လန်ဘာ့က အလျင်မြန်ဆုံး တုံ့ပြန်လာခဲ့၏။ သူ့ခါးရှိ သေနတ်ထံ လက်က ချက်ချင်းပဲ ရောက်သွားခဲ့သည်။ သို့သော် လင်းရီက ပိုမြန်နေသည်။
ခလုတ်ကို နှစ်ချက်ဆွဲလိုက်ပြီး လန်ဘာ့၏ ပခုံးသို့ ကျည်နှစ်တောင့် ဝင်ရောက်သွားခဲ့၏။
ကျယ်လောင်သည့် အော်ညည်းသံများ ထွက်ပေါ်လာပြီး လန်ဘာ့မှာ ချက်ချင်းပဲ အားလျော့နည်းသွားခဲ့ကာ လင်းရီကို မခြိမ်းခြောက်နိုင်တော့ပေ။
သူက ဘီအဆင့်ဆိုသော်လည်း ကျည်ဆံများကို အံတုနိုင်လောက်သည်အထိတော့ လူက မမာချေ။
ကားက လုံးဝ ငြိမ်သက် တိတ်ဆိတ်သွားခဲ့ပြီး မည်သူကမျှ လင်းရီကို ခုခံဝံ့သည့် စိတ်ကူးမရှိကြတော့ပေ။
ကျောက်ကွမ်းယောင်နှင့် အယ်လ်ဆာ၏ လူတို့ နှစ်ယောက်လုံး မျက်နှာ ဖြူလျော်သွားခဲ့ကြ၏။
“ မင်း တကယ်ပဲ ဘယ်သူတုန်း ….”
လင်းရီ ကျိုးကွမ်းယောင်ကို ကြည့်လိုက်သည်။
“ ကျုပ်ဘယ်သူဆိုတာ ခင်များနဲ့မဆိုင်ဘူး … ဘာလို့ဆို ခင်များက မကြာခင် သေရတော့မှာမို့လို့ပဲ … အများကြီးသိတာက အပိုဒုက္ခရှာတာနဲ့ အတူတူပဲ …”
“ ဒါပေမယ့် ငါတို့ချင်း ရန်ငြှိုးရှိလို့လား … မင်း ဘာကြောင့် ဒီလိုမျိုး လုပ်နေရတာလဲ … မင်းလိုချင်တာဘာလဲ … နည်းပညာလား … မင်း ယူလိုက်လို့ရနေတာပဲလေ ….”
ယခုအချိန်တွင်တော့ ကျိုးကွမ်းယောင်သည် နည်းပညာကို ပိုင်ဆိုင်လိုစိတ်တို့ စိုးစဉ်းသော်မျှပင် မရှိတော့ချေ.
သူ့အသက်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက မည်သည့်အရာကမျှ အသက်လောက် မရေးမကြီးနိုင်ပေ။
“ ကျုပ် ဒီက လူတိုင်းကို ခြွင်းချက်ထားပေးပြီး လွှတ်ပေးချင် လွှတ်ပေးလိုက်လို့ရမယ် … ဒါပေမယ့် အဲ့ဒီထဲ ခင်များတော့ မပါဘူး ….”
“ ဘာလို့လဲ … မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြှိုး အာဃာတတွေမှ မရှိဘူးလေ … ငါ့ကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ ….”
“ ရန်ငြှိုးမရှိဘူးပေါ့ ဟုတ်လား ….” လင်းရီ အေးစက်စက် ရယ်မောလိုက်ပြီး “ သိပ်မကြာခင်တုန်းက ခင်မျး ဟုန်မန်ဂိုဏ်းနဲ့ E အဆင့် ဗီဇဆေးရည်ကို ကုန်သွယ်ခဲ့ပြီး ကျိုးမိသားစုရဲ့ ကြွယ်ဝမှုတွေကိုလည်း နိုင်ငံခြား ရွေ့ပြောင်းနေတယ် … ခင်များရဲ့ လုပ်ရပ်တွေက အကြိမ်တစ်ရာ သေပေးရင်တောင် ကျေအေးပေးဖို့ မလောက်နိုင်ဘူး .. ပြောစမ်းပါဦး … ခင်များ သေဖို့ တန်လား မတန်ဘူးလား ….”
လင်းရီ၏ စကားကို ကြားတော့ ကျိုးကွမ်းယောင် တုန်ယင်သွားခဲ့သည်။ သူ့မျက်လုံးများ ပြူးကျယ်လာသည်။ တစ်ဖက်သူက နိုင်ငံခြားသား မျက်နှာသွင်ပြင်နှင့် အင်္ဂလိပ်စကားကို ပြောဆိုနေသော်လည်း ကျိုးကွမ်းယောင် စိတ်ထဲတွင်တော့ တစ်စုံတစ်ရာကို ရေးတေးတေး ခန့်မှန်း မိနေခဲ့၏။
“ မဟုတ်မှလွဲရော မင်းက …..”
လင်းရီ သေနတ်ကို ကျိုးကွမ်းယောင်ထံ ချိန်ရွယ်ထားလိုက်သည်။
“ ဂုဏ်ယူပါတယ် … ခင်များ ခန့်မှန်းတာ မှန်သွားပြီ .. မကြာခင် ခင်များသားကိုလည်း ခင်များနဲ့ တွေ့ရအောင် ပို့ပေးလိုက်မယ် … ငရဲသွားမယ့်လမ်းမှာ အဖော်ပါတော့ အားရှိတာပေါ့ …”
ထိုစကားလုံးများ ပြောပြီးသည့်နောက် …
လင်းရီ သေနတ်ခလုတ်ကို ဆွဲလိုက်သည်။
ကျိုးကွမ်းယောင် နေရာမှာတင် ဦးနှောက်ပွင့်ပြီး သေဆုံးသွားခဲ့၏။
***