ကျိုးကွမ်းယောင်၏ ဦးခေါင်းမှ ထွက်ပေါ်လာသည့် သွေးများနှင့် ဦးနှောက် အပိုင်းအစတို့က လန်ဘာ့နှင့် အယ်ဆာ၏ လက်ထောက်တို့အပေါ် ပက်ဖြန်းသွားခဲ့သည်။
သူတို့နှစ်ဦးလုံး ကြောက်လန့်အားကြီး၍ တုန်ယင်နေပြီး တစ်လက်မလေးမျှပင် မလှုပ်ရှားဝံ့ ဖြစ်နေသည်။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပဲ လန်ဘာ့သည် ခရီးသည် ထိုင်ခုံတွင် ကလင့်က တစ်ချိန်လုံး တည်ငြိမ်စွာ ထိုင်နေသည်ကို သတိထားမိလိုက်၏။ သူ့ရှေ့ရှိ အခြေအနေက သူနှင့် မဆိုင်သလိုပင်။
ပြီးတော့ ဤလူကလည်း ကလင့်အပေါ် လက်ရွယ်ခြင်း မပြုခဲ့ပေ။
“ ကလင့် … မင်းက ဒီလိုပေါ့ ….”
“ အခုမှ သတိထားမိလို့ သိပ်နောက်ကျလွန်းသွားပြီ … လစ်လိုက်တော့ ….”
လန်ဘာ့၏ ဖြူဖျော့နေသည့် မျက်နှာက နာကျင်မှုကြောင့်လော၊ ဒေါသကြောင့်လောဆိုတာ ပြောရ ခဲယဉ်းလှသည်။
“ မင်း … မင်း ဘယ်တုန်းကမှ ဟိုတယ်ကို ပစ္စည်းပို့ခိုင်းဖို့ မရည်ရွယ်ထားဘူး … ငါတို့ကို ဒီလိုမျိုး အလစ်ငိုက်တိုက်ဖို့ ရည်ရွယ်ထားတာပဲ …”
“ နားလည်နေတယ်ဆိုတော့ ခင်များက မပိန်းဘူးလို့ ပြောလို့ရတယ် ….” လင်းရီ မှတ်ချက်ပြုလိုက်သည်။
“ ခင်များကို ဟိုတယ်မှာ လှည့်ကွက်တွေ ကစားခွင့် ပြုမယ့်အစား ကျုပ်တို့ကပဲ အရင်ဦးဆုံး လှုပ်ရှားလိုက်တော့မှာပေါ့ … မလိုအပ်တဲ့ ပြဿနာတွေကိုလည်း ရှောင်ကြဉ်ပြီးသား ဖြစ်တယ်လေ … ဒီတော့ ၊ ဘိုင့်ဘိုင် ….”
ဘန်း ဘန်း …
သေနတ်သံ နှစ်ချက် ထွက်ပေါ်လာခဲ့ပြီး လန်ဘာ့နှင့် အယ်လ်ဆာ၏ လက်ထောက်နှစ်ဦးတို့မှာ လင်းရီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြသည်။
ကားထဲရှိ လူတိုင်း သေဆုံးသွားပြီ ဖြစ်၏။ ကလင့်က ခရီးသည်ထိုင်ခုံတွင် ထိုင်နေလျက် သူ့တစ်ကိုယ်လုံး ကြောက်ရွံ့လွန်း၍ တုန်ယင်နေသည်။
လင်းရီ၏ ရက်စက်သည့် နည်းပရိယာယ်က ဤလူနှင့် မျက်နှာချင်း မဆိုင်ဝံ့လောက်သည်အထိကို ကြောက်လန့်နေစေမိတော့သည်။
အမှန်တကယ်ကြောက်ရွံ့မိတာကတော့ လင်းရီ၏ နောက်ပစ်မှတ်က မိမိ ဖြစ်လာမှာကိုပင်။
လင်းရီ ထိုင်ခုံအနောက်သို့ ကိုယ်ကို ကိုင်းလိုက်ပြီး လန်ဘာ့ လက်ထဲက လက်ဆွဲ သေတ္တာကို ဆွဲယူလိုက်သည်။
ဖွင့်ကြည့်လိုက်တော့ အဝါရောင် ချည်ထည်များ အလွှာလိုက် ပြည့်နှက်နေသည်။
လင်းရီ သေချာလေး ကိုင်တွယ်ခံစားကြည့်လိုက်၏။ ယင်းက ပိတ်စ မဟုတ်ပေ။ သို့သော် စာရွက်စက္ကူလို့လည်း မခံစားမိပြန်ပေ။
လင်းရီ၏ ဦးနှောက်မှတ်ဉာဏ်ထဲတွင် ဤသို့သော အရာပစ္စည်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးကြောင်း သေချာသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ တိလိရာ့ လူ့အဖွဲ့အစည်းကြီး၏ ဖန်တီးမှု တစ်ရပ် ဖြစ်ပေလိမ့်မည်။
အချိန်ကာလ ရှည်ကြာမှုကြောင့် သေတ္တာထဲရှိ ပစ္စည်းများက ၎င်းဖြတ်သန်းခဲ့ရသည့် ကာလ၏ ပုံရိပ်များကို ပြသနေပြီး ၎င်းအပေါ်တွင် ရေးသားထားသည့် အရာများကိုလည်း လင်းရီ မဖတ်တတ်ပေ။ အဖွဲ့အစည်းထံ ယူသွားပြီး ကိုင်တွယ်ခိုင်းဖို့သာ တတ်နိုင်မည်။
“ မင်းတောင်းဆိုတာ မှန်သမျှ ငါ လုပ်ပေးပြီးသွားပြီ … အခု ငါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူးမလား ….” ကလင့်က ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်၏။
“ မပူနဲ့ … ကျုပ် ခင်များအသက်ကို ချမ်းသာပေးမှာပါ ….” လင်းရီ အနက်ရောင် သေတ္တာကို ကိုင်ရင်း ပြောဆိုလိုက်သည်။
“ ဒါပေမယ့် ဒီခုကိစ္စကို ကိုင်တွယ်ဖို့ ခင်များနဲ့ အပ်ခဲ့မယ် … သေချာရှင်းလိုက် … ဘာမှ မကျန်ခဲ့စေနဲ့ … ကေဒီ အဖွဲ့အစည်းက အခု ခင်များရဲ့ လက်အောက်ကို ရောက်သွားပြီ … ကျုပ်နဲ့ ပတ်သက်လို့ကတော့ ခင်များ နှုတ်လုံတဲ့ လူတစ်ယောက် ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ … မဟုတ်လို့ကတော့ ဘယ်လို အကျိုးဆက်တွေ ရှိလာမလဲ ခင်များသိပါတယ် ….”
“ ဟုတ် … ဟုတ် နားလည်ပါတယ် ….”
ကလင့်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။
ဤလူက ပိုကာ အဖွဲ့ဝင် တစ်ဦး ဖြစ်၏။ သူ့အား သတ်ဖြတ်သည်က ပုရွက်ဆိတ် တစ်ကောင် သတ်သည်ထက်ပင် လွယ်ကူနေလိမ့်ဦးမည်။ ထိုကဲ့သို့သော လူများနှင့် ရင်ဆိုင်ရာတွင် အကောင်းဆုံးနည်းလမ်းက သူတို့ပြောတာကို နာနာခံခံနှင့် လိုက်နာဖို့ပင်။
“ အခု ခင်များ ဘာလုပ်ရမလဲ သိပြီဆိုတော့ ကျုပ် ထပ်မပြောတော့ဘူး … ကျုပ် အခု သွားတော့မယ် …”
ထိုစကား ပြောပြီးနောက် လင်းရီ ကားတံခါးဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။ ဘေးဘီကို တစ်ချက်ကြည့်ပြီး အခင်းနေရာကနေ ထွက်ခွာလာခဲ့လေသည်။
လင်းရီ ဟိုတယ်ကို ပြန်ရောက်လာတော့ မွန်းလွဲ သုံးနာရီ ကျော်နေပြီး ဖြစ်၏။
ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်သူများလည်း ထိုနေရာတွင် ရှိနေကြသည်။
“ အခြေအနေ ဘယ်လိုရှိလဲ … အားလုံး ဖြေရှင်းပြီးပြီလား ….”
လင်းရီ လက်ထဲယူလာသည့် အနက်ရောင်သေတ္တာကို ပုတ်ပြလိုက်သည်။
“ အားလုံးဒီမှာပဲ … အားလုံးကို ပြန်ဖို့ အသင့်ပြင်ထားဖို့ ပြောလိုက် ….”
ချိုးယွီလော့က အနက်ရောင် သေတ္တာကို ယူလိုက်ပြီး လူတိုင်း၏ မျက်လုံးများကလည်း သိလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
အထဲရှိ စာရွက်စာတမ်းက ဘာလဲဆိုတာကို သူတို့ မသိသော်ငြား မှန်ကန်မည်လို့တော့ သူတို့ ယုံကြည်ကြသည်။
“ ဓားစာခံ သုံးယောက်ကိုကျ ဘယ်လိုလုပ်မှာ ….”
“ လန်ဘာ့ရဲ့ ညီမနဲ့ ဘားနဒ်ကို လွှတ်ပေးလိုက် … သူတို့ထဲ တစ်ယောက်က ဘာမှ မသိတဲ့ အပြစ်ကင်းတဲ့လူ … ဘားနဒ်ရဲ့ အထောက်အထားကကျတော့ ထူးခြားတယ် … သူ့ကို သတ်ဖြတ်လိုက်တာက ကျုံးဝေ့တပ်ဖွဲ့ကို အပိုပြဿနာတက်အောင် လုပ်တာနဲ့ မခြားဘူး … ကျိုးဖန်ကိုတော့ သံရုံးကို ဆက်သွယ်ပြီး ရန်ကျင်း ပြန်ပို့လိုက် … ဘော့စ်လျို ကိုင်တွယ်လိမ့်မယ် … ငါတို့ ပူနေစရာ မလိုဘူး ….”
“ မင်းတို့ကတော့ ငါ့ရဲ့ လေယာဉ်နဲ့ ရန်ကျင်းပြန်လိုက်ကြ … ငါကတော့ ကျိုးဟိုင် ပြန်သွားဖို့ လိုတယ် … ဒီတော့ မင်းတို့နဲ့ အတူမလိုက်တော့ဘူး … တစ်ခုခု အရေးပေါ်ဆိုရင်တော့ ငါ့ကို ဆက်သွယ်လိုက် ….”
လျန်ရူရွှယ်က ယခုအချိန်တွင် ကိုယ်ဝန်ရှိနေသဖြင့် လင်းရီ ကျိုးဟိုင်သို့ ပြန်သည်က သူမနှင့် တွေ့ဆုံလိုသောကြောင့်ပင်။
“ အိုကေ … တစ်ခုခုဆို ငါတို့ နင့်ကို ဆက်သွယ်လိုက်မယ် ….”
“ ခေါင်းဆောင် … ကျွန်မတို့ အစီရင်ခံစာတွေ ရေးပြီးသွားရင် ရှင့်ဆီ လာခဲ့မယ်နော်….” လော့ချီ ပြောလိုက်၏။
“ အိုကေ …”
လင်းရီ အမိန့်များ ချမှတ်လိုက်ပြီး လူတိုင်းကလည်း လေဆိပ်သို့ စတင် ရွေ့လျားကြတော့သည်။
အုပ်စုက လမ်းကြောင်း နှစ်ခုခွဲ၍ ဟိုတယ်ကနေ ထွက်ခွာလာခဲ့ကြ၏။
သူတို့တွေ ဟိုတယ်ဝင်ပေါက်ဝသို့ ရောက်၍ ကားထဲသို့ ဝင်မည့် အချိန်မှာပဲ လူနှစ်ယောက်က လင်းရီ၏ လမ်းကို လာရောက် ပိတ်ဆို့သည်အား မြင်တွေ့လိုက်ရသည်။
လင်းရီ မျက်ခုံးပင့်ကြည့်လိုက်၏။ ၎င်းတို့၏ အမူအရာများက အင်မတန် အငြှိုးအတေးကြီးနေကြပြီး လင်းရီကပဲ သူတို့ အဖေများကို သတ်သွားသည့်နှယ် ဖြစ်နေသည်။
“ မင်းတို့က ဘယ်သူလဲ … ငါတို့ အချင်းချင်း သိကြလို့လား … “ လင်းရီ ပြောလိုက်သည်။
“ ငါတို့ အချင်းချင်း မသိတာမှန်တယ် … ဒါပေမယ့် ငါ့အထင်ပြောရရင် မင်းတို့က ဟွာရှရဲ့ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေ ဖြစ်ရမယ် … “
လင်းရီ ပြောလာသည့်လူကို စိုက်ကြည့်လိုက်သည်။ သို့သော် ပြန်လည်ငြင်းဆန်လိုဟန်တော့ မပြပေ။
“ အဲ့တော့ … မင်းတို့က ဘာပြောချင်တာ ….”
“ ငါ့ကိုယ်ငါ အရင်ဆက်မိတ်ဆက်ပေးမယ် … ငါ့နာမည်က ရှီတောက်မင် … ဂျပန်က … ငါတို့ ဒီကို အထူးစစ်ဆင်ရေးတစ်ခုနဲ့ ရောက်လာခဲ့တာ … မင်းတို့တွေ သတင်းအချက်အလက်ကို ဘယ်နားက ဘယ်လို ရသွားခဲ့လဲ ငါတို့ မသိဘူး … ဒါပေမယ့် မင်းတို့တွေ လက်ရှောင်ပေးဖို့တော့ မျှော်လင့်တယ် … ဘာလို့ဆို အဲ့ပစ္စည်းက ငါတို့အပိုင် … မင်းတို့မှာ ယူသွားပိုင်ခွင့် မရှိဘူး ….”
ရှစ်တောက်မင်၏ စကားကိုကြားတော့ ကျုံးဝေ့တပ်ဖွဲ့ရှိ လူများလည်း တစ်ဖက်အချင်းချင်း၏ နောက်ခံများနှင့် ရည်ရွယ်ချက်များကို အတည်ပြုလိုက်နိုင်သည်။
သူတို့က ကေဒီ အဖွဲ့အစည်းထံကနေ ခိုးခံလိုက်ရသည့် ဒေတာများကို ရယူရန် ကြိုးပမ်းနေကြသည့် ဂျပန် အစိုးရ အဖွဲ့ဝင်များပင်။
လင်းရီ၏ အထောက်အထားကို ခန့်မှန်းသိရှိပြီးနောက် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်လောက်၏။
လင်းရီ၏ အထောက်အထားကို သူတို့ မည်သို့ သိရှိသွားကြလဲဆိုတာတော့ ခန့်မှန်းရ ခက်လှသည်။
“ ဆိုတော့ … မင်းတို့က ငါတို့ရဲ့လမ်းကို ပိတ်ချင်နေတယ်ပေါ့ … မင်းတို့ပြောချင်နေတာ အဲ့တာလား ….”
“ ဟုတ်တယ် …” ရှီတောက်မင် ပြောလိုက်သည်။
“ ဘာလို့ဆို အဲ့ပစ္စည်းက နဂိုကတည်းကနေ ငါတို့အပိုင်မို့လို့ပဲ ….”
“ တကယ်လို့ မင်းပြောချင်နေတာက အဲ့စကားမျိုးဆိုရင်တော့ ငါတို့လည်း သဘောမတူပေးနိုင်ဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ကျွန်းပေါ်က အရင်းအမြစ်တွေကို တစ်ကမ္ဘာလုံးက ပိုင်တယ် … ရတဲ့သူ ယူပဲ … အခု ဒီအထိတောင် ရောက်လာပြီးမှ လက်လျှော့ဖို့ လာပြောနေတယ်ဆိုတော့ မင်း ငါတို့ကို ဟာသလာလုပ်နေတာလား ….”
“ ငါ့အထင်တော့ ငါတို့ အချင်းချင်း အခုလို အချင်းများနေစရာ မလိုဘူး ထင်တာပဲ … တကယ်လို့ သဘောထားချင်း မတိုက်ဆိုင်စရာတွေ ရှိရင် ထိုင်ပြီး အေးဆေးဆွေးနွေးလို့ရတယ် ….”
“ အဲ့တော့ … မင်းက ဘာကို အကြံပြုချင်နေတာ ….”
“ ငါတို့လည်း ကျုံးဝေ့တပ်ဖွဲ့နဲ့ တိုက်ရိုက် အချင်းပွားမှာကို ရှောင်ကြဉ်ချင်တယ် … ဒီမစ်ရှင်ကို မင်းတို့ဘက်က လက်ရှောင်ပေးမယ်ဆိုရင် မင်းတို့အတွက်လည်း အကျိုးမယုတ်စေရဘူး ….”
ချိုးယွီလော့နှင့် နင်ချဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူမတို့ အခြေအနေကို နားလည်သွားခဲ့၏။ ကြည့်ရသည်မှာ ဂျပန်ဘက်က ပစ္စည်း သူတို့လက်ထဲ ရောက်နေပြီဆိုတာကို မသိရှိသေးဟန်ပင်။
ထို့ကြောင့် … ၎င်းတို့ဘက်က လင်းရီထံသို့ ရောက်လာပြီး ဝင်မပါဖို့ တိုင်ပင်နေကြခြင်းပင်။
လင်းရီ ရှီတောက်မင်ကို စိတ်ဝင်တစားနှင့် ကြည့်လိုက်၏။
“ ငါ တကယ်ပဲ သိချင်သွားပြီ … မင်းတို့က ဘယ်လို အကျိုးအမြတ်မျိုး ပေးမှာမို့လို့ ….”
ရှီတောက်မင်က လင်းရီနှင့် အခြားသူများကို ကြည့်၍ “ ဒီမှာ ငါတို့ ခြောက်ယောက်ရှိတယ် … မင်းတို့တစ်ယောက်ကို ဒေါ်လာ သန်း ၅၀ ပေးမယ် … ဒီ ပမာဏက မင်းတို့အတွက် လုံလောက်မှာပါ …..”
လင်းရီ၏ အမူအရာမှာ ဆွဲဆောင်ခံလိုက်ရသည့်ပုံ မပေါ်ဘဲ အသာအယာ ပြုံးလျက် “ သန်း ၅၀ လောက်လေးနဲ့ ငါတို့ကို မောင်းထုတ်ချင်နေတယ်ပေါ့ … မင်းအထင် ငါတို့ကို သူတောင်းစားတွေများ မှတ်နေလား … သန်း ၈၀ … အခု လွှဲပေးမလား … မဟုတ်လည်း ပစ္စည်း ဘယ်သူ အရင်ရသွားမလဲဆိုတာ ကြည့်ကြမလား ….”
***