နင်ချဲ့ တိတ်တိတ်လေး တစ်ဖက်သို့ လှည့်လိုက်၏။
သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အသံထွက် ရယ်မောမိသွားမှာကို စိုးရိမ်သည်။
အခြားသော ကျုံးဝေ့တပ်ဖွဲ့ဝင်များလည်း သူတို့ကိုယ်သူတို့ မရယ်မိစေရန် အနိုင်နိုင် ရုန်းကန်နေကြရသည်။ မည်သည့် အမှားအယွင်းမျှ မဖော်ပြဘဲ မလိုလားသည့် အမူအရာများကိုသာ ထိန်းသိမ်းထားကြ၏။
ယင်းက အတော်လေး ခက်ခဲလှသည်။
ရှီတောက်မင်ကတော့ မည်သည့် မူမမှန်မှုကိုမျှ သတိမထားမိဘဲ ထိုအစား လေးလေးနက်နက် စတင် စဉ်းစားနေသည်။
လူက ခြောက်ယောက်ရှိ၏။ တစ်ယောက်ကို သန်း ၅၀ ပေးလျှင် ကုန်ကျစရိတ်က သန်း ၃၀၀ ဖြစ်သွားလိမ့်မည်။
ယခုမူ ကုန်ကျစရိတ်က သန်း ၄၀၀ ကျော်သွားလေပြီ။ ဤသည်က သူတို့အတွက်လည်း သေးငယ်သည့် ပမာဏ မဟုတ်ချေ။
သို့သော် မစ်ရှင် ချောချောမွေ့မွေ့နှင့် အောင်မြင်စေရေးအတွက် ရှီတောက်မင်မှာ သေချာ စဉ်းစားပြီး သဘောတူညီလိုက်ဆဲ ဖြစ်၏။
“ မင်းတို့ လိုချင်တာကို ငါ သဘောတူပေးနိုင်တယ် … ဒါပေမယ့် မင်းတို့ကောင်တွေ ငါ့ကို မလှည့်စားဘူးလို့တော့ မျှော်လင့်တယ် … မဟုတ်လို့ကတော့ မင်းတို့ကို လုံးဝ အလွှတ်မပေးဘူး ….”
“ ပြဿနာ မရှိဘူး … ပိုက်ဆံ လွှဲပြီးတာနဲ့ ငါတို့ ချက်ချင်းပဲ ထွက်သွားပေးမယ် ….”
“ အိုကေ … ငါ့ကို အချိန်ခဏပေး … ပြီးတော့ ငွေလွှဲလို့ရမယ့် အကောင့်နံပါတ်ရောပဲ ….”
လင်းရီ စက္ကူနှင့် ဖောင်တိန်ထုတ်ပြီး မှတ်စု တစ်ခုရေးကာ ရှီတောက်မင်ထံ ပေးလိုက်သည်။
တစ်ဖက်က ဘေးတစ်နေရာသို့ ထွက်သွားပြီး အမည်မသိ တစ်စုံတစ်ယောက်ထံ ဖုန်းပြောလိုက်၏။ ဆယ့်ငါးမိနစ်ခန့်ကြာတော့ လင်းရီထံ ချဉ်းကပ်လာပြီး “ ငွေလွှဲပြီးပြီ … ရောက်လား တစ်ချက် စစ်ကြည့်လိုက် ….”
လင်းရီ ဖုန်းထုတ်ပြီး အကောင့်ကို စစ်ဆေးကြည့်လိုက်တော့ တကယ်ပဲ ငွေလွှဲပြီး ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။
“ မင်းတို့လို လူတွေနဲ့ အလုပ်လုပ်ရတာ တကယ်ကောင်းတယ် …” လင်းရီ နှစ်လိုဖွယ် ပြုံးလိုက်ပြီး သူ့နောက်ကလူများကို လက်ပြ၍ “ သွားကြစို့ … မင်းတို့လည်း ကံကောင်းပါစေ … အိုကေ အားလုံးပဲ … လေဆိပ်ကို သွားကြမယ် ….”
ခြောက်ဦးလုံး တက္ကစီနှစ်စင်းပေါ်သို့ တက်၍ လေဆိပ်သို့ ဦးတည်လိုက်ကြသည်။
ကားများ မောင်းထွက်လာပြီးသည်နှင့် နင်ချဲ့မှာ ရယ်ချင်စိတ်ကို မည်သို့မျှ ထိန်းမရတော့ချေ။
“ ဂျပန်တွေက အဲ့လောက်တောင် တုံးရလား … တံခါးပေါက်ဝအထိကို ရောက်လာပြီး ပိုက်ဆံတွေ လာပေးသွားတယ် … လက်ခံရတဲ့လူတောင် အားနာမိတယ် ….”
“ ငါလည်း နည်းနည်း အံ့ဩသွားတယ် … ဒီလူတွေက သိပ်ချစ်ဖို့ကောင်းလွန်းပါတယ်ကွာ … ငါတို့ကို ခရီးသွား စားရိတ်တွေ အများကြီးပေးသွားခဲ့တာ ငါတောင် ရှက်လာပြီ ….” လင်းရီ တဟားဟား ရယ်ပြီး ပြောလိုက်သည်။
“ သူတို့တွေ လှည့်စားခံလိုက်ရပြီဆိုတာကို သိသွားခဲ့ရင် ဘယ်လိုများ နေမလဲ မသိဘူးနော်…”
နင်ချဲ့မှာ မျက်ရည်ကျသည်အထိ ရယ်မောနေမိ၏။
“ နင် တုံ့ပြန်တာကလည်း တကယ်ကို မြန်တယ် … ငါတောင် မစဉ်းစားမိလိုက်ဘူး … တကယ်လို့ ငါသာ အဲ့နေရာမှာဆိုရင် သူတို့နဲ့ တိုက်ခိုက်ပြီးလောက်ပြီ ….”
“ ငါလည်း အစတုန်းကတော့ ထင်မထားဘူး … သေချာတာကတော့ ငါတို့ လှုပ်ရှားလိုက်တာ မြန်လွန်းသွားတော့ သူတို့လည်း လုံးဝကို ထင်မထားလို့နေမှာ ….”
“ အမှန်ပဲ … ငါ ဘော့စ်လျိုဆီ သတင်းတင်ပြလိုက်တုန်းကဆို သူတောင် ရှော့ခ်ရသွားပါတယ်ဆို … နင်တော့ ဒီတစ်ကြိမ် အကျိုးကြီးကြီး ဆောင်လိုက်တာပဲ ….”
“ နေပါ … အကျိုးရမှတ်တွေက ကျောက်ဟိုင်ဆီပဲ သွားသင့်တယ် … ငါတို့အနေနဲ့ကတော့ ဒုတိယအဆင့် ဂုဏ်ထူးဆောင်တံဆိပ်လောက် ရရင်ကိုပဲ ကျေနပ်သင့်ပြီ ….”
“ စိတ်ချ … ငါ သိပါတယ် …” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ နည်းနည်းတော့ သိချင်မိသား … သူတို့ နင့်ကို ဘယ်လိုရှာတွေ့သွားကြတာလဲတဲ့ … ဘာပဲဆိုဆို နင်က ကျုံးဝေ့တပ်ဖွဲ့ဝင် ဖြစ်တယ်ဆိုတဲ့ အထောက်အထားက လျှို့ဝှက်ချက်လေ ….”
“ အရင် တစ်ခါ ဟုန်မန်ဖြစ်ရပ်တုန်းကနဲ့ ဆက်စပ်နေမယ် ထင်တယ် …” လင်းရီ ခေတ္တ တွေးတောပြီးနောက် ပြောဆိုလိုက်သည်။ “ အဲ့တုန်းက သင်္ဘောပေါ်မှာ ငါနဲ့ ကောင်မလေးက ပိတ်မိနေတာ … နောက်ဆုံးမှာ ဂျပန်အစိုးရက အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ကြားဝင်လာတယ် … အဲ့ဒီ အချိန်တုန်းကတည်းကစပြီး ဂျပန်ဘက်က ငါ့အပေါ် စောင့်ကြည့်မှုတွေ လုပ်နေတယ် ထင်တယ် … ငါ့အထောက်အထားကို သိသွားခဲ့တာ ဆန်းတော့မဆန်းပါဘူး ….”
အမျိုးသမီး နှစ်ဦးလုံး တွေးတွေးဆဆနှင့် ကိုယ်စီ ခေါင်းညိတ်လိုက်ကြသည်။
“ အဲ့လိုဆိုတော့လည်း ယုတ္တိရှိသားပဲ ….”
….
ထိုအချိန် ဟိုတယ်ဝင်ပေါက်ဝ၌ ရှီတောက်မင်နှင့် အခြားလူတစ်ဦးတို့က လင်းရီနှင့် အခြားသူများ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ကြပြီး သူတို့ ကိုယ်ပိုင် ကားထံ ပြန်ရောက်လာခဲ့ကြသည်။
“ ခေါင်းဆောင်ရှီ … ငါတို့တွေ အဲ့ ဟွာရှကောင်တွေကို ယုံကြည်လိုက်လို့ ဖြစ်ပါ့မလား … သူတို့စကား သူတို့ ပြန်ရုတ်သိမ်းသွားနိုင်တယ်နော်….”
“ မလုပ်လောက်ဘူး … ငါတို့အကုန်လုံးက ဂုဏ်သိက္ခာကို တန်ဖိုးထားကြတဲ့လူတွေချည်းပဲ … ဒီလို ကိစ္စမျိုးတွေမှာ လုံးဝ နောက်ပြောင်မှာ မဟုတ်ဘူး … “ ရှီတောက်မင် ပြောလိုက်ပြီး “ သူတို့ ငွေလက်ခံလိုက်တာကတင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရာ ကျနေပြီ .. ငါတို့ ဒီကိစ္စ ဖော်ထုတ်လိုက်ရင် သူတို့ ဆုံးရှုံးသွားမှာက ပိုက်ဆံသပ်သပ်ပဲ မဟုတ်ဘူး ….”
ကလင် ကလင် ကလင် …
ထိုအချိန်၌ ရှီတောက်မင်၏ ဖုန်းသံမြည်လာခဲ့ပြီး ဖုန်းနံပါတ်ကို မြင်တော့ သူ့အမူအရာက ရိုသေလေးစားသည့် သွင်ပြင်သို့ ပြောင်းလဲသွားခဲ့သည်။
“ ကပ္ပတိန် ….”
“ မင်းဘက်ခြမ်းက ဖြေရှင်းပြီးပြီလား …” ဩရှရှ အသံတစ်သံက ဖုန်းထဲကနေပြီး ထွက်ပေါ်လာသည်။
“ အားလုံး ကိုင်တွယ်ပြီးသွားပါပြီ … ပြီးတော့ သူတို့နောက် လိုက်ဖို့ လူလည်း တိတ်တိတ်လေး စေလွှတ်ထားသေးတယ် … သူတို့ တကယ်လည်း လေဆိပ်ကို ဦးတည်နေကြတာ ….”
“ ကောင်းတယ် … ဇီးကွက်ဘားကို လာခဲ့ … ငါတို့ ဘားနဒ်နဲ့ တွေ့ကြမယ် …”
“ ဘားနဒ် ဟုတ်လား ….”
ရှီတောက်မင်၏ မျက်နှာက ကြီးစွာ အံ့အားသင့်သွားခဲ့၏။
ဘာလို့ဆိုတော့ သူ့ ပစ်မှတ်က တကယ်လည်း ဘားနဒ် ဖြစ်နေသောကြောင့်ပင်။
“ သူ ငါ့ဆီ တိုက်ရိုက် ဆက်သွယ်လာတယ် … အဲ့တာ ငါ မင်းကို အတူ ခေါ်သွားမလို့ ….”
ဘားနဒ်နှင့် တွေ့မည်ဆိုသည့် ကိစ္စကပင် ရှီတောက်မင်အဖို့ အတော်လေး အံ့အားသင့်စရာ ဖြစ်နေပြီး ဖြစ်သည်။ သို့သော် တစ်ဖက်သူက တက်တက်ကြွကြွနှင့် သူတို့ထံ အရင်ဦးဆုံး ဆက်သွယ်လာလိမ့်မည်လို့ မျှော်လင့်မထားပါချေ။
“ အိုကေ .. ကျုပ် အခုပဲ လာနေပြီ ….”
ဖုန်းချပြီးနောက် ရှီတောက်မင်က သူ့လက်အောက်ငယ်သားနှင့်အတူ ဇီးကွက်ဘားသို့ ထွက်လာသည်။ ထို့နောက် ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုသို့ ရောက်လာသည်။
ရှီတောက်မင်က သူ့ငယ်သားကို အပြင်တွင် ချန်ထားရစ်ခဲ့ပြီး တံခါးခေါက်လိုက်သည်။
“ ဝင်ခဲ့ ….”
ရှီတောက်မင်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာသည်။ အခန်းက သိပ်မကြီးပေ။ ၂၀ စတုရန်းမီတာမျှသာ ကျယ်ဝန်း၏။ သို့သော် ခမ်းနားကြီးကျယ်စွာ မွမ်းမံ ပြင်ဆင်ထားလေသည်။
လူနှစ်ဦး တိတ်တိတ်ဆိတ်ဆိတ်နှင့် သောက်ရင်း၊စားရင်း စကားပြောဖို့ အတော်လေး သင့်လျော်လှသည်။
အတွင်းတွင် လူနှစ်ဦး ထိုင်နေသည်။ တစ်ဦးက ဘားနဒ်ဖြစ်ပြီး ကျန်တစ်ဦးကတော့ ရှီတောက်မင်၏ ကပ္ပတိန် ဟီဒဲ ထျန်းရှို ဖြစ်သည်။
ဟီဒဲ ထျန်းရှို၏ ခွန်အားက စီအဆင့်တွင် ဖြစ်ပြီး ဤ စစ်ဆင်ရေး၏ ကွန်မန်ဒါပင်။
လင်းရီ သူ့အသင်းကို ဘားနဒ်အား လွှတ်ပေးဖို့ ညွှန်ကြားလိုက်စဉ်က လင်းရီသည် အယ်လ်ဆာနှင့် ဆက်သွယ်ပြီး သူ့အခြေအနေကို ရှင်းပြခဲ့သည်။
နောက်ပိုင်းတွင် သားအမိနှစ်ယောက် ပြန်ဆုံပြီး အယ်လ်ဆာက ဖြစ်ရပ်အသေးစိတ်ကို ဘားနဒ်ထံ ပြန်ပြောပြသည်။ သူ ရှော့ခ်ရသွားခဲ့၏။ သတိပြန်ကပ်လာဖို့ကို အတော်လေး အချိန်ယူလိုက်ရလေသည်။
သူ ဖမ်းခံရပြီးသည့်နောက် လန်ဘာ့နှင့် ကျိုးကွမ်းယောင်တို့ သေဆုံးသွားခဲ့ကြသည်။
ထို့ပြင် ဒေတာသည်လည်း အမည်မသိ လူတစ်စု၏ ယူငင်သွားခြင်းကို ခံလိုက်ရ၏။
အဆုံးတွင် ထိုနှစ်ဦးမှာ မီးရှို့ခံလိုက်ရပြီး ကားနှင့်အတူ ပြာဖြစ်သွားခဲ့လေသည်။
ကေဒီ၏ အခြားထိပ်သီးပိုင်းများကိုလည်း ဆက်သွယ်၍ မရပေ။ ၎င်းတို့ကြည့်ရသည်မှာ ကမ္ဘာမြေပြင်က ပျောက်ကွယ်သွားသည့်နှယ်ပင်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဘားနဒ်သည် သူ၏ နည်းများမှတစ်ဆင့် ဇူးရစ်တွင် ဂျပန်များ ရောက်ရှိနေသည်ကို သိရှိသွားခဲ့သည်။
၎င်းတို့နှင့်အတူ ပူးပေါင်းပြီး ထိုလူများကို ဖမ်းဆီးဖို့ စိတ်ကူးထား၏။
အထဲဝင်လာပြီးနောက် ရှီတောက်မင်က တရိုတသေနှင့် ဦးညွှတ်လိုက်ပြီး ဟီဒဲ ထျန်းရှိုဘေးနားတွင် သဘာဝကျကျပဲ ဝင်ထိုင်လိုက်သည်။
“ လူကြီးမင်း ဘားနဒ် … အခု လူလည်း စုံနေပြီဆိုတော့ မင်း စိတ်ထဲ ရှိတာကို ပြောလို့ရပါပြီ …”
“ ငါ မှန်းတာ မမှားဘူးဆိုရင် မင်းတို့ရဲ့ အထောက်အထားက အတော်လေး ထူးခြားလောက်မယ် … ဒီလာခဲ့တဲ့ ကျွန်းက ဒေတာတွေ ပြန်လိုချင်လို့မလား ….”
ဟီဒထျန်းရှို၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ဘားနဒ်က ဤမျှ တိုက်ရိုက်ဆန်ဆန် စကားပြောဆိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ လူကြီးမင်း ဘားနဒ် … မင်း ပြောစရာရှိတယ်ဆိုရင် ကျေးဇူးပြုပြီး တိုက်ရိုက်ပဲ ပြောလိုက်ပါ … ငါတို့ နှစ်ယောက်ကို ဒီခေါ်လိုက်တာက ဘာကိစ္စ ရှိလို့လဲ ….” ဟီဒဲ ထျန်းရှိုက တည်ငြိမ်စွာ မေးမြန်းလိုက်၏။
“ ကေဒီရဲ့ လန်ဘာ့ သေပြီ … ပြီးတော့ ဒေတာတွေ ဘယ်ရောက်သွားလဲ မသိရဘူး … မင်းတို့ အဲ့လူတွေကို အမြန်ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ် …”
“ မင်းဘာပြောလိုက်တယ် … ဒေတာတွေ ဘယ်ရောက်သွားလဲ မသိဘူး ဟုတ်လား ….”
ဤသတင်းက သူတို့နှစ်ဦးလုံးကို အကြီးအကျယ် ရှော့်ရသွားစေခဲ့သည်။
သူတို့ ကြိုတင် စုဆောင်းထားသည့် သတင်းအချက်အလက်များ အရဆိုပါက ဒေတာကို ကေဒီ အဖွဲ့အစည်းက သိမ်းဆည်းထားတာဖြစ်၏။
သို့သော် ၎င်းတို့၏ ခေါင်းဆောင် လန်ဘာ့က သေသွားလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။ လန်ဘာ့ကဲ့သို့ ဘီအဆင့် ကျွမ်းကျင်သူကို မည်သူ့တွင် သတ်ဖြတ်နိုင်သည့် အစွမ်းအစ ရှိနေသနည်း။
“ တခြား သဲလွန်စတွေ မရှိဘူးလား ….”
“ ဘာမှကို မကျန်ရစ်တာ … ဒါပေမယ့် ငါ့စိတ်ထင်တော့ ဟွာရှကလူတွေ လှုပ်ရှားသွားတာ ဖြစ်လောက်မယ် …” ဘားနဒ်က ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြီး သူ့လက်သီးက စားပွဲပြင်သို့ ကြမ်းတမ်းစွာ ကျရောက်သွားခဲ့သည်။
“ ဘာလို့ဆို ဒီအတောအတွင်းမှာ ဟွာရှလူတွေ ဆန်းကြယ်တဲ့လူတွေ အများကြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့လို့ပဲ … ပြီးတော့ သူတို့ကလွဲလို့ ဘယ်သူကရော အဲ့လို အလုပ်မျိုး လုပ်နိုင်မှာ …”
***