“ ဟွာရှက လူတွေ ဟုတ်လား ….”
ဤသတင်းကို ကြားတော့ နှစ်ယောက်လုံး၏ အမူအရာမှာ အလွန်အမင်း ထူးဆန်းသွားခဲ့ကြသည်။
သူတို့ ခန့်မှန်းချက် မှန်ကန်နေသည်။
ဟွာရှ၏ ကျုံးဝေ့တပ်ဖွဲ့က ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်က ကျိန်းသေပေါက်ကို ထိုပစ္စည်းများ ရယူလိုသောကြောင့် ဖြစ်ရမည်။
သို့သော် ယခု ပြဿနာက ….
“ သတင်းက လုံးဝ မမှားဘူး ….”
“ ဒီတော့ မင်းက ဟွာရှကလူတွေ စာရွက်စာတမ်းတွေကို ယူသွားတယ်လို့ ထင်တယ်ပေါ့ …” ဟီဒဲထျန်းရှိုက တည်ကြည်လေးနက်သည့် မျက်နှာ အမူအရာဖြင့် မေးလိုက်သည်။
“ သူတို့က လွဲပြီး ဘယ်သူ ရှိနိုင်မှာမို့လို့ ….” ဘားနဒ် ပြောလိုက်ပြီး “ ငါ မင်းကိုကို ဒီခေါ်လိုက်တယ်ဆိုတာက သူတို့ကို ဖမ်းစေချင်လို့ပဲ …. တကယ်လို့ လိုအပ်တယ်ဆိုရင် ငါ့ဘက်က မင်းတို့ကို လူအင်အား ပံ့ပိုးပေးမယ် … ပြီးတော့ သံရုံးကို ဆက်သွယ်ပြီး သူတို့ကို ဖိအားပေးမယ် …”
နှစ်ဦးမှာ ဘာစကားမျှ မဆိုကြသော်လည်း သူတို့၏ အမူအရာများကတော့ ကြည့်လို့ ကောင်းမနေချေ။
ထင်မှတ်ထားသည့် အတိုင်း … ကျုံးဝေ့တပ်ဖွဲ့က လန်ဘာ့ကို ရှင်းလင်း၍ အရေးကြီးသည့် စာရွက်စာတမ်းများကို ယူဆောင်သွားခြင်း ဖြစ်ရမည်။
မိမိတို့ကတော့ တစ်ချိန်လုံး အမှောင်ထုထဲမှာပဲ ရှိနေခဲ့ကြပြီး မစ်ရှင်က ယခုမှ စတင်သည်ဟု တွေးထင်နေခဲ့ကြ၏။
တစ်ဖက်ကတော့ မိမိတို့တွေ မသိလိုက်ခင်မှာပဲ ပစ္စည်းကို ယူနှင့်ပြီး ဖြစ်နေသည်။
ရှီတောက်မင်၏ မျက်နှာ ပူလောင်လာခဲ့၏။
ယခု အချိန်ကျတော့မှပဲ သူ တစ်ချို့အရာများကို နားလည်သဘောပေါက်သွားခဲ့တော့သည်.
သူ ကျုံးဝေ့တပ်ဖွဲ့ဝင်များကို ဟိုတယ်ဝင်ပေါက်ဝတွင် တွေ့စဉ်အခါက တစ်ဖက်မှာ နိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ပြီး ဖြစ်နေလောက်လေသည်
သို့တိုင် သူကတော့ လူကိုယ်တိုင် သွားရောက်ပြီး ဒေါ်လာသန်းလေးရာကို လွှဲပေးလိုက်သေးသည်။
ဘန်း …
သူ့ဒေါသကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ ရှီတောက်မင်သည် စားပွဲကို ပြင်းထန်စွာ ထုနှက်လိုက်မိ၏။
သူ လှည့်စားခံလိုက်ရသည်။
“ သူ ဘာဖြစ်တာလဲတဲ့ ….” ဘားနဒ် အေးစက်စွာ ကြည့်ပြီး မေးလိုက်သ်ည။
“ သူ့ကို စိတ်ထဲ ထားမနေနဲ့ … လူကြီးမင်း ဘားနဒ်ရဲ့ အတွေးတွေကို ဆက်ပြီးပြောပါဦး ….”
“ ငါ့အတွေးက အဲ့ဒါတွေပဲ … စာရွက်စာတမ်းတွေကိုလည်း ငါ မလိုချင်တော့ဘူး … မင်းတို့က လူကို ဖမ်းပေးပြီး ငါ့လက်ထဲ ထည့်ပေးတာနဲ့တင် အဆင်ပြေပြီ ….”
“ သူတို့ အခု လေဆိပ်ကို ဦးတည်နေတယ် … မင်းဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေ စုစည်းပြီးတော့ ငါတို့နဲ့ အတူ ပူးပေါင်းပြီး သူ့ကို ဖမ်းပေးဖို့ မျှော်လင့်တယ် … ပြီးတော့ လေယာဉ်တွေ အားလုံးကိုလည်း ယာယီ ပျံသန်းခွင့် ပိတ်ပင်ထားဖို့ အမိန့်ပေးထားလိုက်ဦး …. အဲ့လိုသာဆိုရင် သူတို့ အကုန်လုံးကို ဖမ်းဆီးဖို့က ပြဿနာ မဟုတ်ဘူး ….”
“ ဒီသတင်းက စိတ်ချရလို့လား … မင်းတို့တွေ ဘယ်ကနေ ဘယ်လို သိလာကြတာ …”
နှစ်ဦးလုံး၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့ကြပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြ၏။
“ သတင်းအရင်းအမြစ်က လျှို့ဝှက်ချက်ပဲ … ထုတ်ဖော်ပြောလို့ အဆင်မပြေဘူး … ဒါပေမယ့် သတင်းနဲ့ ပတ်သက်လို့ကတော့ လုံးဝ သေချာတယ် … သူတို့အခု လေဆိပ်ရောက်နေတာ ကျိန်းသေတယ် ….”
“ အိုကေလေ … ဒါဆိုငါ အခုပဲ စီစဉ်လိုက်တော့မယ် … မင်းတို့လည်း လှုပ်ရှားဖို့ ပြင်ထားလိုက်တော့ ….”
….
နာရီဝက်ခန့် ကြာပြီးသည့်နောက် လူတစ်အုပ်စုက လေဆိပ်သို့ ရောက်ရှိလာခဲ့ကြသည်။
“ အစ်ကိုရီ … ရှင့်ရဲ့ လေယာဉ်အချိန်က ဘယ်တော့လဲ ….” လော့ချီ မေးလိုက်၏။
“ တစ်နာရီလောက် လိုသေးတယ်… မင်းတို့ကောင်တွေ သွားနှင့်ကြ … ငါ့ကိစ္စ မပူနဲ့ ….”
“ ကျွန်မတို့တွေ မီတင်ပြီးရင် ကျိုးဟိုင်လာပြီး အစ်ကိုရီဆီ လာခဲ့မယ် … အစ်မယင်နဲ့ တစ်ခြားလူတွေလည်း အတော်လေး သက်သာလောက်ပါပြီ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ ပြန်ရောက်တာနဲ့ မင်းတို့ကို ထမင်းလိုက်ကျွေးမယ် … ဒီ အတောအတွင်း ပင်ပန်းသွားရပြီ ….”
“ ဒါဆို ကျွန်မတို့လည်း အားနာမနေတော့ဘူးနော်….”
လေဆိပ်တွင် ခေတ္တမျှ စကားပြောဆိုပြီးနောက် လူတိုင်း ကိုယ်စီ လမ်းခွဲသွားခဲ့ကြသည်။
လင်းရီက ထွက်ခွာမည့် ဟောခန်းမထဲတွင် ထိုင်နေစဉ် ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ သီးသန့်လေယာဉ်နှင့် ရန်ကျင်းသို့ ပျံသန်းသွားခဲ့ကြ၏။
ဟောခန်းမထဲတွင် ထိုင်နေရင်း လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။
ဆွစ် စံတော်ချိန် ၄ နာရီခွဲ ရှိပြီ ဖြစ်၏။ ဟွာရှတွင်တော့ ဆယ်နာရီခွဲ အချိန်လောက်ပင်။
လျန်ရူရွှယ်က ညဇီးကွက် ဖြစ်သဖြင့် ကိုယ်ဝန်ရှိလျက်နှင့်ပင် ယခုအချိန်ထိ သူမ မအိပ်လောက်သေးပေ။
ဤအကြောင်း တွေးမိတော့ လင်းရီ ဖုန်းထုတ်ပြီး သူမထံ ဖုန်းခေါ်လိုက်သည်။
“ မစ်ရှင် ပြီးသွားပြီလား … နင် ဘယ်တော့ ပြန်လာမှာလဲ ….”
ဖုန်းထဲတွင် လင်းရီသည် တဂျွတ်ဂျွတ် မြည်သံများ ကြားနေရပြီး တစ်စုံတစ်ယောက်က ကျွတ်ဆတ်သည့် အရာတစ်ခုခုကို စားသောက်နေဟန်ရ၏။
“ မစ်ရှင်က ပြီးပြီ … အခု ပျံသန်းမယ့်လေယာဉ်ကို စောင့်နေတာ … မနက်မိုးလင်းတာနဲ့ ငါနဲ့ တွေ့ရတော့မယ် ….”
“ အလျင်လိုစရာ မလိုပါဘူး … နင်လုပ်ဖို့လိုအပ်တာတွေ အရင်လုပ်ပါ … ဒီမှာ အမေနဲ့ အဆင်ပြေတယ် … အဲ့တာနဲ့တင် လုံလောက်ပြီ ….”
လျန်ရူရွှယ်တွင် မင်းသမီးတစ်ပါးကဲ့သို့ ဝင့်ကြွားမှုမျိုး မရှိချေ။ သူမ အမြင်တွင်တော့ လင်းရီ မရှိသည်က ပိုပြီး သက်တောင့်သက်သာ ရှိနေသည်.
“ မဟုတ်တာတွေ လျှောက်စားနေတာလည်း လျှော့ဦး … ကိုယ့်ကိုယ်ကို အာဟာရရှိတာတွေ များများ စားပေး ….”
“ လူက အစားစားနိုင်သေးတာကိုပဲ နင် ကျေးဇူးတင်သင့်တယ် သိလား …” လျန်ရူရွှယ်က ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီး “ ဘာလေးပဲ စားမယ်လုပ်လိုက် ၊ ငါ့မှာ ပြေးအန်လိုက်နဲ့ … အာလူးကြော်ထုပ်တွေတောင် စားနိုင်ရုံလေးပဲ စားနိုင်တာ ….”
ထိုစကားကြားတော့ လင်းရီ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားခဲ့၏။
သူမက တက်ကြွရွှင်ပြသည့် မိန်းကလေး တစ်ဦး ဖြစ်ပြီး ယခုလို ဒုက္ခမျိုးကို ဘယ်တုန်းကမှ ခံစားဖူးလောက်မှာ မဟုတ်ချေ။
“ ခန္ဓာကိုယ်က အာဟာရဖြစ်မယ့်အရာလေးတွေလည်း များများစားပေးဦးမှ … မဟုတ်ဘူးဆို လူကမတောင့်ခံနိုင်ဘဲ နေလိမ့်မယ်….”
“ ဗျစ်တောက် ဗျစ်တောက် မလုပ်စမ်းနဲ့ဟာ … အိမ်မှာလည်း တစ်နေကုန် အမေ့အသံနဲ့တင် လုံလောက်နေပြီ …”
“ အေးပါ အေးပါ … ငါ မပြောတော့ဘူး … မင်း ကြိုက်သလိုသာလုပ် ….”
ယခုအချိန်တွင် လျန်ရူရွှယ်၏ စိတ်အခြေအနေသည် ပုံမှန်မဟုတ် တက်လိုက်၊ ကျလိုက် ဖြစ်နေမှာကို သိသည့်အတွက်ကြောင့် သူ့အတွက် စကား များများ မဆိုသည်က ပိုပြီး အန္တရာယ်ကင်းသည်။ သူမ စိတ်တိုင်းကျ လုပ်ခွင့်ပြုထားလိုက်တာကပဲ ကောင်း၏။
လျန်ရူရွှယ်နှင့် စကားပြောပြီးသည့်နောက် လင်းရီသည် ရှန်းရှုရီနှင့် ခေတ္တဖုန်းပြောပြီး သူမ ဘယ်လို ရှိနေကြာင်း မေးမြန်းလိုက်၏။ ပြီးသည့်နောက်တွင်တော့ ဖုန်းပြချလိုက်သည်။
အချိန်ခေတ္တကြာပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်၏။ သို့သော် အချိန်အတော်ကြာတိုင် တစ်ဖက်က ဖုန်းမကိုင်လာချေ။
သို့သော် ဖုန်းက အလိုအလျောက် ပြန်ကျသွားသည့် အချိန်မှာပဲ ကျီချင်းရန်ဘက်က ပြန်ခေါ်လာခဲ့၏။
သို့သော် ဖုန်းခေါ်လာသူက စုန့်လန် ဖြစ်နေသည်။
“ ဘာလို့လဲ လင်းရီ … ရန်ရန်က အခု အိပ်ပျော်နေတယ် … တစ်ခုခု အရေးကြီးကိစ္စ ရှိလို့လား …. အန်တီ အခုပဲ သူ့ကို နိုးပေးရမလား …”
“ အာ … ရတယ် ရတယ် ….”
“ ကျွန်တော်က ဒီတိုင်း အားနေလို့ သူ့ကို လှမ်းခေါ်လိုက်တာ .. အိပ်နေတယ်ဆိုတော့လည်း ထားလိုက်ပါ … မနှိုးနေနဲ့တော့ ….”
“ ဒါဆိုလည်း ပြီးတာပဲလေ ….” စုန့်လန် ပြောလိုက်ပြီး “ ငါ ရန်ရန်ဆီက ကြားတာ နင် ဂျပန်ကို အလုပ် ခရီး ထွက်သွားတယ်ဆို … ဟိုမှာ ဂရုစိုက်ဦးနော်…. ကိုယ့်ကိုယ်ကို အချိန်မှန် ထမင်းစားဖို့လည်း မမေ့နဲ့ … ရေများများသောက်ဖို့လည်း မမေ့နဲ့ ….”
“ ဟုတ် နားလည်ပါပြီ အန်တီစုန့် ….” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်သည်။
“ နောက်ကျနေပြီဆိုတော့ အန်တီ အနားယူတာကို မနှောင့်ယှက်တော့ပါဘူး ….”
“ နင်လည်း စောစီးနား … ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဦး … ဘယ်ဟာမှ အလွန်အကျွံကြီး မလုပ်နဲ့ ….”
“ ဟုတ်ကဲ့ ….”
ဖုန်းချပြီးနောက် လင်းရီတွင် အခြား ဘာလုပ်စရာမျှ မရှိချေ။ ထို့ကြောင့် လီချူးဟန်၊ ရန်စီနှင့် ဝမ်ရင်းတို့ထံ ဝီချက်မှတစ်ဆင့် စာပို့နေလိုက်၏။
ထွေထူးအရေးကြီးကိစ္စများတော့ မဟုတ်။ ဤအတိုင်း သာမန် အလာပသလာပများနှင့် အချင်းချင်း ကျီစယ်နေကြရုံမျှ ဖြစ်၏။ လင်းရီကတော့ စကားဝိုင်းသုံးခုလုံးကို စကေးရှိရှိ ၊ အမှားအယွင်း ကင်းမဲ့စွာဖြင့် ကိုင်တွယ်နိုင်ခဲ့လေသည်။
ဤသို့ဖြင့် အချိန်နာရီဝက်က မသိလိုက်ခင်မှာပဲ ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်မှာပဲ လေဆိပ်၏ အသံလွှင့်ဌာနက ကြေညာချက် တစ်ခု ထုတ်ပြန်လာပြီး လင်းရီကို လေယာဉ်ပေါ်တက်ဖို့အတွက် ချက်ကင်ဝင်ဖို့ သတိရသွားစေသည်။
လင်းရီ မတ်တပ်ရပ်၍ သပ်သပ်ရပ်ရပ်ဖြစ်အေင် ပြုလုပ်လိုက်သည်။ ထို့နောက် သက်ဆိုင်ရာဂိတ်ထံ ဦးတည်လိုက်၏။
သို့သော် ထိုအချိန်မှာပဲ အသံလွှင့်စက်က တစ်ဖန် အသံမြည်လာပြန်သည်။
“ ရာသီဥတု အခြေအနေကြောင့် လေယာဉ်များအားလုံး ပျံသန်းမှုကို နာရီဝက်ကြာ ရပ်နားထားပါမယ် … ကျေးဇူးပြုပြီး နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် …”
ဤကြေညာချက်ကို ကြားတော့ လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
တစ်ခုခုတော့ မှားယွင်းနေပြီကို သူ့စိတ်က အလိုအလျောက် ခံစားမိနေသည်။
အပြင်ဘက်ရှိ ရာသီဥတုအခြေအနေကလည်း ကြည်လင်နေပြီး ဤမျှလောက်နှင့်တော့ လေယာဉ်ပျံသန်းမှုကို အနှောင့်အယှက် ဖြစ်စေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ယခုလိုမျိုး ဆင်ခြေပေးလာသည်က ထူးဆန်းလှ၏။
ထို့ပြင် … အကယ်၍ တကယ်ပဲ ရာသီဥတုအခြေအနေကြောင့် လေယာဉ်များ ပျံသန်းခွင့်ကို ပိတ်ပင်ရမည်ဆိုပါက ထွက်ခွာမည့် လေယာဉ်များအတွက်ပဲ သီးသန့်ကြေညာလိမ့်မှာ မဟုတ်ပေ။ ဆင်းသက်မည့် လေယာဉ်များသည်လည်း ထို့အတူ ဖြစ်ရမည်။
လေယာဉ်ပေါ် တက်ဖို့အတွက် ချက်ကင်ဝင်ရန် ကြေညာပြီး … နှစ်မိနစ်ကြာပြီးသည့်နောက်မှာပဲ ရာသီဥတု အခြေအနေကြောင့် ပျံသန်းဖို့ကို နာရီဝက်ရွေ့ဆိုင်းလိုက်ရသည်ဟု ဆင်ခြေပေးလာသည်မှာတော့ တကယ်ကို ထူးဆန်းလှသည်။ လင်းရီစိတ်ထဲတွင် အန္တရာယ်တစ်ခုခုကို မသိစိတ်က ခံစားနေမိ၏။
လေယာဉ်ချိန် ရပ်ဆိုင်းထားမှုကြောင့် ခရီးသည်တစ်ချို့မှာ စိတ်ပျက်ဒေါသထွက်နေကြပြီး ကောင်တာသို့ သွား၍ အတည်ပြုခြင်းနှင့် လျော်ကြေးတောင်းခြင်းတို့အား လုပ်ဆောင်နေကြသည်။
ကျယ်ပြောလှသည့် လေဆိပ်ကြီးက ချက်ချင်းဆိုသလို ပရမ်းပတာ ဆန်လာသည်။
ဟွာရှ၏ မနက်ခင်းပိုင်း ပျံကျဈေးကြီး တစ်ခုကဲ့သို့ပင်။
လင်းရီ သူ့ထိုင်ခုံတွင် မလှုပ်မယှက် ထိုင်နေရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်နေသည်။
ထိုအချိန်မှာပဲ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် နိုင်ငံခြားသား တစ်ဦးက လင်းရီရှေ့တွင် တိတ်တဆိတ် မတ်တပ်လာရပ်ပြီး “ တစ်စိတ်လောက်ပါ … မစ္စတာလင်းရီလား မသိဘူးခင်ဗျ …”
***