လင်းရီ မော့ကြည့်လိုက်တော့ အသက်လေးဆယ်ကျော် အရွယ် သပ်ရပ်ကျနစွာ ဝတ်စားထားသည့် အမျိုးသားတစ်ဦး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ့ရင်ဘက်တွင် ချိတ်ဆွဲထားသည့် တံဆိပ်က သူ့နာမည်နှင့် အချက်အလက်များကို ရေးသားထားလေသည်။
သူက လေဆိပ်၏ မန်နေဂျာ အန်ဒရီ ဖြစ်၏။
“ ကျုပ်ပါပဲ … ဘာကိစ္စ ရှိလို့ …..”
“ ကိစ္စက ဒီလိုပါ … လူကြီးမင်း ဝယ်ထားတဲ့ လက်မှတ်ရဲ့ လေယာဉ်က စစ်ဆေးတဲ့အချိန်မှာ ချို့ယွင်းချက် တစ်ချို့ တွေ့လို့ လောလောဆယ် ပျံသန်းဖို့က အဆင်ပြေမှာ မဟုတ်ဘူး … ဒါကြောင့်မို့ လူကြီးမင်း အဆင်ပြေမယ်ဆိုရင် တခြားလေယာဉ်တစ်ခုနဲ့ စီစဉ်ပေးချင်ပါတယ် ….”
ဤစကားကြားတော့ လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခုလေးတင်ပဲ လေယာဉ်များအားလုံး ပျံသန်းမှုကို နာရီဝက် ရွေ့ဆိုင်းထားကြောင်း ကြေညာပြီး ယခု သူ့လေယာဉ်ကို ပြောင်းလဲပေးနေပြန်သည်။
ဤအချက်အလက်များ အားလုံး စုပေါင်းပြီး စဉ်းစားကြည့်လိုက်တော့ တစ်ခုမဟုတ် တစ်ခုတော့ သံသယဝင်ဖို့ ကောင်းနေပြီ ဖြစ်၏။
“ ရတယ်လေ … အဆင်ပြေပါတယ် ….”
လင်းရီ မည်သည့် ကန့်ကွက်မှုတို့မျှ မပြုလုပ်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူက တခြားသူ၏ ပိုင်နက်ထဲကို ရောက်နေတာ ဖြစ်၏။
အန်ဒရီက ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။ “ လူကြီးမင်းရဲ့ ခုံတန်းကို VIP ပြောင်းပေးထားပါတယ် … အဲ့မှာ စောင့်နေပြီး လေယာဉ်စီးလို့ရပါတယ်ခင်ဗျ ….”
“ အိုကေ …”
“ ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ ….”
လင်းရီ မတ်တပ်ရပ်ပြီး အန်ဒရီ နောက်မှနေ၍ VIP ဧရိယာသို့ ရောက်ရှိလာခဲ့သည်။
သို့သော် စိတ်ထဲတွင်တော့ ပတ်ဝန်းကျင် အခြေအနေကို သေချာလေး အကဲခတ်နေပြီး တွက်ချက်မှုတို့ ပြုလုပ်နေလျက်ရှိ၏။
ဤကဲ့သို့ ကြီးကြီးမားမား ကစားနိုင်သည့်လူက ဘားနဒ်ကလွဲ၍ အခြားသူ ရှိမှာမဟုတ်ချေ။
ဖြစ်ကောင်းဖြစ်နိုင်သည့်မှာတော့ သူ့ အပေါ် မကျေမချမ်းဖြစ်၍ ပြန်လည်လက်စားချေလိုသည့်ဟန်ပင်။ အန်ဒရီနှင့် ပတ်သက်လို့ကတော့ လင်းရီ များများစားစား စဉ်းစားမနေခဲ့ချေ။
သူ့မျက်နှာ အစစ်အမှန်ကို ဘားနဒ်ရှေ့တွင် တစ်ခါမျှ ဖော်ပြဖူးခြင်း မရှိသဖြင့် သူ့အား သံသယဝင်ဖို့ မဖြစ်နိုင်ပေ။
မကြာမီ လင်းရီ VIP နားနေခန်းသို့ ရောက်ရှိလာခဲ့၏။
အတွင်းတွင် အတော်လေး တိတ်ဆိတ်လှပြီး လူတစ်ချို့ကလည်း ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေသည်။ အပြင်ဘက်တွင် ဆူညံယောက်ယပ်ခပ်နေသည့် မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လုံးဝကို မတူညီသည့် ကမ္ဘာ နှစ်ဘက်ခြမ်းကဲ့သို့ပင်။
လင်းရီကို လိုက်ပို့ပေးပြီးနောက် အန်ဒီရီက ထွက်ခွာသွားခဲ့၏။
ထိုအချိန်မှာပဲ လက်ထဲတွင် လျှပ်စစ် ဘတ်တံနှင့် လုံခြုံရေး ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးက သူ့ဘေးနား ရပ်လာပြီး
“ မန်နေဂျာ … ခင်များ အဲ့လူကို ရှာတွေ့ပြီလား ….”
“ ငါ ခေါ်လာခဲ့ပြီးပြီ … သူ့ကြည့်ရတာ ဘာတစ်ခုမှ သတိပြုမိဟန်မတူဘူး … မင်း လူတစ်ယောက် ခေါ်သွားပြီး သူ့ကို အမှောက်သိပ်လိုက် … အသံအများကြီး မထွက်စေနဲ့ ….” အန်ဒရီ ပြောလိုက်ပြီး “ လူကြီးမင်း ဘားနဒ်က လာတဲ့လမ်းမှာ ရောက်နေပြီ … ဥက္ကဌက ဒီလူကို ကြိုပြီး ဖမ်းဆီထားတာ မြင်ချင်နေတယ် … ဒီတာဝန် မင်းနဲ့ လွှဲပေးလိုက်မယ် … မှတ်ထား … အသံအများကြီး မထွက်စေနဲ့ ….”
“ ကျုပ် နားလည်ပါတယ် …”
“ သတိလက်လွတ် မဖြစ်စေနဲ့ … ဒီကိစ္စက လွဲချော်သွားလို့ မဖြစ်ဘူး ….” အန်ဒရီ ညွှန်ကြားလိုက်ပြီး “ မင်းနဲ့အတူ လူများများ ခေါ်သွား ….”
“ အဲ့လောက်ထိ မလိုပါဘူး … သူက ဒီတိုင်း ဟွာရှန့်လူမျိုးပဲမလား … ကျုပ် တစ်ယောက်တည်းနဲ့တင် ပွဲပြီးပါတယ် …..”
“ မင်း သေချာလား ….” အန်ဒရီမှာ အနည်းငယ် မယုံသင်္ကာ ဖြစ်နေမိသည်။
လုံခြုံရေး အဖွဲ့ခေါင်းဆောင် ဒရူးက ပြုံးလိုက်ပြီး သူ့လက်ထဲရှိ လျှပ်စစ် ဘတ်တံကို ညွှန်ပြလျက် “ ကျုပ်မှာ လက်နက်ရှိတယ် … အသာလေးပဲ အမှောက်သိပ်လိုက်လို့ရတယ် … ဒီမှာ နေပြီး ကျုပ်ဆီက သတင်းကောင်းကို စောင့်နေလိုက် ….”
“ ဒါဆို သွားပြီး အမြန်ကိုင်တွယ်လိုက်တော့ ….”
“ အိုကေ ….”
စကားခေတ္တ ပြောဆိုပြီးနောက် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဒရူးက VIP နားနေခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
အတွင်းသို့ ရောက်သည်နှင့် ဒရူးက ချက်ချင်းပဲ လင်းရီကို ရှာတွေ့သွားခဲ့၏။ သို့သော် တိုက်ရိုက်ချဉ်းကပ်ခြင်း မပြုဘဲ ထိုအစား အခြားခရီးသည်များဘက်သို့ ဦးလှည့်လိုက်၏။
တားမြစ်ပစ္စည်းများ စစ်ဆေးသည့် ခေါင်းစဉ်အောက်တွင် ၎င်းတို့အား အကြမ်းဖျင်း ခေတ္တ စစ်ဆေးလိုက်၏။
မကြာမီ ဒရူးက လင်းရီအနားသို့ ချဉ်းကပ်လာပြီး ယဉ်ကျေးသည့် လေသံဖြင့် “ ဆာ … စည်းမျဉ်းစည်းကမ်းတွေအရ လူကြီးမင်းရဲ့ အိတ်ထဲမှာ တားမြစ်ပစ္စည်းတွေ ပါလာလားဆိုတာ စစ်ဆေးရပါလိမ့်မယ် ….”
လင်းရီ မတ်တပ်ရပ်ပြီး သူ့လက်မောင်းကို ဆန့်တန်းလိုက်ကာ ဒရူး စစ်ဆေးမှာကို စောင့်ဆိုင်းနေသည်။
ဒရူးက လင်းရီ၏ ကိုယ်ကို လက်ဖြင့် ထိတွေ့လိုက်ပြီး လက်ထဲရှိ စစ်ဆေးသည့် ကိရိယာနှင့်အတူ တစ်ကိုယ်လုံးသို့ စကန်ဖတ်လိုက်သည်။ ပြီးနောက် နောက်ဘက်သို့ ရွေ့လျားသွား၏။
လင်းရီ အမြင်ကွယ်သည့် နေရာဘက်ခြမ်းကို ရောက်တော့ ဒရူး၏ မျက်နှာထက်တွင် အေးစက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
လျှပ်စစ်ဘတ်တံကို ခလုတ်ဖွင့်လိုက်ပြီး လင်းရီ၏ ခန္ဓာကိုယ်သို့ ဖိချလိုက်၏။
လျှပ်စစ်စီးသံများ တစ်ဖျောက်ဖျောက် မြည်လာခဲ့ပြီး လင်းရီ၏ ကိုယ်တွင်းသို့ စီးဝင်သွားခဲ့၏။
သို့သော် လင်းရီကတော့ ရပ်မြဲရပ်နေကာ မည်သည့် တုံ့ပြန်မှုမျှ မပြသချေ။ သူ့အတွက် ဘာမျှ မဖြစ်သလိုပင်။
ရှုပ်ထွေးသွားခြင်း။
ကြက်သေသေသွားခြင်း။
ဒရူး အေးခဲသွားခဲ့၏။ ရှော့တိုက်သည့် ဘတ်တံက ဤ ဟွာရှန့်အပေါ် သက်ရောက်မှု မရှိဘူးဆိုတာကို မယုံကြည်နိုင် ဖြစ်နေသည်။
လင်းရီ နောက်လှည့်ပြီး ဒရူးကို အေးစက်သည့် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်၏။
“ မင်း စောနက ဘာလုပ်တာလဲဆိုတာ ငါ သိချင်တယ် …”
“ ငါ .. ငါ ….”
ဒရူး၏ ခြေထောက်တို့ ပျော့ခွေသွားပြီး မည်သို့ ရှင်းပြရမှန်း မသိတော့ချေ။
“ စောနက နားလည်မှုလွဲသွားတာပါ ဆာ … ကျုပ် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး ….”
“ ဒါပေမယ့် ငါကတော့ အဲ့လို မထင်ဘူး …..”
လင်းရီ ခါးနောက်ကျောကနေ ဓားမြောင်ထုတ်ပြီး ဒရူး၏ ဝမ်းဗိုက်သို့ ဖိကပ်ထားလိုက်သည်။
“ ငါနဲ့ လိုက်ခဲ့ … မဟုတ်လို့ကတော့ မင်း ဘာဖြစ်သွားမယ်ဆိုတာ အာမ မခံနိုင်ူဘး ….”
ဒရူး ကျင်ငယ်ထွက်ကျလုမတတ် ကြောက်လန့်သွားခဲ့၏။ လင်းရီ လက်ထဲရှိ ဓားမြောင်ကြောင့်တော့ မဟုတ်ပါဘဲ သူ့လျှပ်စစ် ဘတ်တံက လင်းရီအပေါ် ထိရောက်မှု မရှိသောကြောင့်ပင်။
“ ငါ လိုက်ခဲ့ပါ့မယ် …. ငါ့ကိုတော့ ဘာမှမလုပ်ပါနဲ့ …..”
လင်းရီ မလှုပ်ရှားချင်ပေ။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုး၌ မလှုပ်ရှားပြန်လျှင်လည်း မဟုတ်သေးချေ။
တစ်ဖက်သူက သူ့အား တိုက်ခိုက်ဝံ့သည်ဆိုသည့် အချက်ကပင် သူ့ အထောက်အထား ထုတ်ဖော်ခံလိုက်ရပြီဖြစ်ကြောင်း ပြသနေသည်။
သူ လုပ်ဖို့လိုအပ်သည်က ဤနေရာကနေ မြန်မြန် ထွက်ခွာသွားဖို့ ဖြစ်၏။ ဤနေရာတွင် ၎င်းတို့နှင့် အချိန်ဖြုန်းနေစရာ အကြောင်း မရှိပေ။
“ မလှုပ်နဲ့ ….”
ထိုအချိန်မှာပဲ လူ ဒါဇင်နှင့်ချီက အပြင်ဘက်မှနေ၍ ဝင်ရောက်လာခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းက ရှော့ခ်တိုက် သေနတ်များနှင့် ပေါက်ကွဲအား ခံနိုင်သည့် ဒိုင်းကာများ သယ်ဆောင်ထားကာ လင်းရီအနား ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်သည်။
ထိုလူအုပ်ကြီး၏ ခေါင်းဆောင်ကတော့ သူ့အား လမ်းပြခဲ့ဖူးသည့် အန်ဒရီပင်။
ဤမြင်ကွင်းကိုမြင်တော့ VIP နားနေခန်းထဲရှိ လူများအားလုံး ကြောက်လန့်တကြားနှင့် ထွက်ပြေးကုန်ကြသည်။
ကြီးမားသည့် နားနေခန်းထဲတွင် သူတို့လူ ဒါဇင်ကျော်ပဲ ကျန်ရစ်တော့၏။
“ တစ်ခုခု မှားနေပြီမှန်းတော့ ငါ သိတယ် … ငါ ထင်တာလည်း တကယ်မှန်နေတာပဲ …” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။
“ မင်းလည်း ငါ့ကို တကယ် အံ့အားသင့်စေတာပဲ … ဒရူးတောင် မင်းကို ဘာမှမလုပ်နိုင်လိုက်ဘူး ….” အန်ဒရီက ပြောလိုက်သည်။
“ ဒါပေမယ့် မင်း ဒီနေ့ ထွက်သွားနိုင်မှာတော့ မဟုတ်ဘူး … အသားမနာချင်ဘူးဆိုရင် မခုခံနဲ့ ….”
“ ဟက် ….”
လင်းရီ နှာမှုတ်လိုက်ပြီး ဒရူးကို ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် ဖုန်ခါလိုက်၏။
“ ငါ ဒီနေ့ မင်းတို့ အကုန်လုံးရှေ့မှာပဲ ပေါ်ပေါ်ထင်ထင် ထွက်သွားမယ် … မင်းတို့ထဲ ဘယ်ကောင် ငါ့ကို တားနိုင်မလဲ ကြည့်ကြတာပေါ့ ….”
ထိုသို့ပြောပြီးနောက် လင်းရီ ထွက်ခွာသည့် အပေါက်ဘက်သို့ ခြေဦးလှည့်လိုက်သည်။
အန်ဒရီ၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး နောက်ရှိ လုံခြုံရေး အဖွဲ့ဝင်များကို အမိန့်ပေးလိုက်၏။
“ အခု လှုပ်ရှားတော့ … ငါတို့ ဒီကောင့်ကို ထွက်သွားခွင့် ပြုလို့ မဖြစ်ဘူး ….”
ဒါဇင်ကျော်သည့် လူများ။
ယုံကြည်ချက်ကလည်း အပြည့်ဖြစ်နေပြီး သူတို့၏ ရှော့ခ်တိုက် သေနတ်များကို ဖွင့်ကာ လင်းရီထံသို့ ပြေးဝင်လာခဲ့ကြသည်။
လင်းရီ အမူအရာကင်းမဲ့စွာ တည်ငြိမ်နေသည်။ ပထမတစ်ယောက်က သူ့အနားသို့ နီးကပ်လာသည်နှင့် ခြေထောက်ပင့်မြှောက်ပြီး ကြမ်းတမ်းစွာ ကန်ကျောက်လိုက်သည်။
ခရက် …
သူ့ရှေ့ရှိ ဒိုင်းကာက အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ပြီး လူလည်း လွင့်ထွက်သွားကာ နောက်ရှိ အမာခံ တစ်ခုနှင့် ဝင်တိုက်မိပြီး သတိလစ်သွားခဲ့၏။
ဤမြင်ကွင်းက ရှိနေသည့် လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။
သူတို့ရှေ့ရှိ ဤလူက ယခုလောက်ထိကို ကြမ်းကြုတ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
ကျန်ရစ်သည့် လုံခြုံရေး အဖွဲ့သားများပင် ရှေ့သို့ ဆက်မတိုးဝံ့ ဖြစ်နေပြီး ချွေးစေးတို့ကလည်း အန်ဒရီ၏ နဖူးထက်တွင် စီးကျလာသည်။
“ မကြောက်ကြနဲ့ … ငါတို့ အတူပေါင်းရင် ဒီကောင့်ကို နိုင်တယ် …” အန်ဒရီ အော်ဟစ်လိုက်သည်။
“ ဒါ ဥက္ကဌကြီးပေးတဲ့ တာဝန်ပဲ … သူ့ကို ဖမ်းမိရင် ငါတို့ကောင်တွေ ဘောနပ်စ် အကြီးကြီး ရမှာ …..”
ငွေဖြင့် လှုံ့ဆော်ခံလိုက်ရပြီးနောက် မဝံ့မရဲ ဖြစ်နေကြသည့် လုံခြုံရေး အဖွဲ့သားများမှာ လင်းရီထံသို့ တစ်ဖန် ပြေးတက်လာခဲ့ကြပြန်သည်။
လင်းရီ ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ မျက်မှောင်တစ်ချက် ကြုတ်ပြီး လူတစ်ဦး၏ လက်ကောက်ဝတ်ကို အပေါ်သို့ ကြမ်းကြုတ်စွာ ဆွဲလိမ်ပစ်လိုက်သည်။ လင်းရီ၏ အရှိန်ကြောင့် တစ်ဖက်လူမှာ လူပင် လေထဲ၌ တစ်ပတ်လည်သွားခဲ့လေသည်။
ကျန်သူများလည်း အခြေအနေမကောင်းလှပေ။
တစ်မိနစ် အတွင်းမှာပဲ အန်ဒရီ အပါအဝင် လူတိုင်းကို လင်းရီ အမှောက်သိပ်ပြီးသွားခဲ့သည်။ နားနေခန်းထဲ မတ်တပ်ရပ်နေသူဟူ၍ လင်းရီတစ်ဦးတည်းကလွဲပြီး အခြား မည်သူမျှ ရှိမနေတော့ချေ။
လင်းရီ သူ့ ဓားမြောင်ကို ကိုင်ထားရင်း ဆောင့်ကြောင့်ထိုင်ကာ အန်ဒရီ၏ မျက်နှာကို ခပ်ဆတ်ဆတ်ရိုက်လိုက်၏။
“ နောက်တစ်ခါ ငါနဲ့ ထိပ်တိုက်တွေ့ချင်တယ်ဆို တင့်ကား လေးငါးစီ ခေါ်လာခဲ့တာ ပိုအဆင်ပြေမယ် …”
***