ပြောဆိုပြီးနောက် လင်းရီသည် အန်ဒရီ၏ မျက်နှာကို နင်းပြီး VIP နားနေခန်းထဲက ထွက်ခွာသွားခဲ့သည်။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် လင်းရီစိတ်ထဲ၌ အတွေးသံသယတို့ ရှိနေမိဆဲ ဖြစ်၏။
အန်ဒရီလို ပါမွှား အသေးမွှားလေးက သူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့တာလဲ …
ရင်ဘက်ထဲရှိ သံသယများကို ဖိနှိပ်ရင်း အဓိက ထွက်ပေါ်ထံသို့ ဦးတည်ပြီး ဤ ပြဿနာ နေရာကနေ အလျင်အမြန် ထွက်ခွာသွားဖို့ ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ ယူနီဖောင်းနှင့် လူအုပ်ကြီးက အပြင်ဘက်မှ ဝင်ရောက်လာခဲ့ပြန်သည်။
တစ်ကိုယ်လုံး လက်နက်အပြည့်တပ်ဆင်ထားပြီး ၎င်းတို့ပုံစံကြည့်ရသည်မှာ တစ်ခုခု ထူးခြားနေသည့်ဟန်ပင်။ ထိုအခိုက်အတန့်မှာပဲ လင်းရီသည် ရှီတောက်မင်ကို လူအုပ်ကြီးထဲ မြင်တွေ့သွားခဲ့၏။
ဤလူများ ထွက်ပေါ်လာမှုက လင်းရီကို ဘာတွေ ဖြစ်နေလဲဆိုတာ ချက်ချင်း နားလည်သဘောပေါက်သွားစေခဲ့သည်။
ဘားနဒ်က ဂျပန်အသင်းနှင့် မဟာမိတ်ဖွဲ့လိုက်ခြင်း ဖြစ်ရမည်။
ဂျပန်ဘက်က ဘားနဒ်ကို သူ့ဓာတ်ပုံပေးပြီး ပိုက်စိပ်တိုက် ရှာခဲ့ပုံရ၏။ မဟုတ်ဘူးဆိုပါက ယခုလို ကိစ္စမျိုး ဖြစ်လာခဲ့မှာ မဟုတ်ချေ။
အပြုံးတစ်ခုက လင်းရီ၏ နှုတ်ခမ်းထက်တွင် ထွက်ပေါ်လာခဲ့၏။ ကြည့်ရသည်မှာတော့ ဘားနဒ်က လူများအားလုံးအနက် ဉာဏ်အများဆုံး ဖြစ်နေဟန်ပင်။
မူလတုန်းက အဓိက ထွက်ပေါ်မှတစ်ဆင့် အပြင်သို့ ထွက်ခွာဖို့ လင်းရီသည်လည်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
တစ်ဖက်ခြမ်းက လူအများကြီး ရောက်ရှိလာသည်ကို လင်းရီ မစိုးရိမ်မိပေ။ သို့သော် သူတို့လက်ထဲရှိ သေနတ်များကိုတော့ လင်းရီ အမှန်တကယ် စိုးရိမ်မိ၏။
အကယ်၍ ဤလူများကသာ သူ့ထံသို့ စုပေါင်း ပစ်ခတ်လာမည်ဆိုပါက တကယ့်ကို ရှုပ်ထွေးသွားပေလိမ့်မည်။
အရေးကြီးဆုံးကတော့ ဤလူများက အရည်အချင်းတစ်ချို့ရှိသည့် ဂျပန်အဖွဲ့ဝင်များ ဖြစ်နေသည်။ သူ့အတွက် ပြဿနာတစ်ခုကို ကျိန်းသေပေါက် ဖန်တီးပေးနိုင်၏။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် လင်းရီ၏ နည်းဗျူဟာက လူအုပ်ကြီး၏ ပရမ်းပတာ ဆန်မှုကို အခွင့်ကောင်းယူ၍ လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားခဲ့သည်။ ထို့နောက် ပြတင်းပေါက်မှန်ကို အတင်းအကြပ်ဖွင့်ပြီး လေဆိပ်ကနေ မည်သည့် ထိခိုက်မှုတို့မျှ မရှိဘဲ လွတ်မြောက်လာခဲ့၏။
မလှမ်းမကမ်းတွင် ရပ်နေရင်း လင်းရီသည် လေဆိပ်ဝင်ပေါက်ဝတွင် ယာဉ်ဒါဇင်ကျော်ခန့်မျှ ရပ်နားထားသည်ကို မြင်တွေ့လိုက်ရသည်။
ဘားနဒ်လည်း ထိုနေရာတွင် မတ်တပ်ရပ်နေပြီး ပိုင်စိုးသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေလျက် ရှိ၏။
လင်းရီ ပြုံးလျက် ခေါင်းခါယမ်းမိလိုက်သည်။ တံခါးဝတွင် ရပ်နေသည့် လူအုပ်ကြီးကို ဟန်ထုတ်နေသည့် အရူးတစ်အုပ်ဟု စိတ်ထဲ ခံစားနေရ၏။ အတော်လေး စိတ်ဝင်စားဖို့တော့ ကောင်းနေချေပြီ။
နာရီကို တစ်ချက်ကြည့်လိုက်ရာ ညနေခင်း ငါးနာရီကျော်နေပြီကို လင်းရီ သတိပြုမိလိုက်သည်။
အကယ်၍ သူသာ နင်ချဲ့တို့နှင့် အတူလိုက်သွားပြီး ရန်ကျင်းကတစ်ဆင့် ကျိုးဟိုင်သို့ ဦးတည်လိုက်သင့်၏။ ယခုတော့ သူ့အချိန်များကို ဤနေရာမှာပဲ အချိန်ဖြုန်းမိလိုက်လေသည်။
သူ့ကုတ်အင်္ကျီကို ပို၍ တင်းကြပ်အောင် ပြုလုပ်လိုက်ရင်း လင်းရီ လေဆိပ်ကနေ ထွက်ခွာလာခဲ့သည်။
ယခုအချိန်၌ လင်းရီ ထွက်သွားဖို့ကို အခြားလမ်းကြောင်းများ မရွေးချယ်ပါဘဲ တက္ကစီငှား၍ သံရုံးသို့ ထွက်လာခဲ့လိုက်၏။
အစိုးရ၏ အကူအညီကိုယူ၍ အခြားမည်သည့် ပြဿနာတို့မျှ မဖြစ်ပွားစေဘဲ ပြင်ပသို့ ထွက်ခွာရန် စီစဉ်ထားလေသည်။
….
ည အချိန်က ကျရောက်လို့လာပြီး ကောင်းကင်သည်လည်း တဖြည်းဖြည်းချင်း နက်မှောင်လာခဲ့သည်။
သံရုံးအပြင်ဘက်တွင် မီးတို့ လင်းထိန်နေဆဲ ဖြစ်၏။
ဧည့်ခန်းအပြင်ဘက်တွင် ဝန်ထမ်းအဖွဲ့ဝင် တစ်ချို့က တစ်စုံတစ်ရာကို ဆွေးနွေးနေကြလေသည်။
“ ဘာတွေ ဖြစ်နေတာ … နိုင်ငံခြား အရာရှိက ငါတို့ ခေါင်းဆောင်နဲ့ စကားပြောနေတာ တစ်နာရီတောင် ကျော်နေပြီ … ပြီးတော့ ထွက်ခွာမယ့် အရိပ်အယောင်လည်း မမြင်ရသေးဘူး ….” အလုပ်ဝတ်ယူနီဖောင်းနှင့် အမျိုးသမီးက ပြောလိုက်သည်။
“ ငါ ကြားမိတာတော့ ဟွာရှရဲ့ လျှို့ဝှက်ဌာနက တစ်ခုက ဒီကို မစ်ရှင် တစ်ခု လာလုပ်သွားတယ်ဆိုပဲ … သူတို့လိုချင်တာ ရသွားတဲ့ပုံပေါ်တယ် … အဲ့တာကြောင့်လည်း အဲ့ဘဲကြီး ငါတို့ဆီ လာပြီး ပြဿနာ ရှာနေတာ နေမှာပေါ့ ….” အမျိုးသားတစ်ဦးက ခွန်းတုံ့ပြန်လိုက်၏။
အမျိုးသား၏ နာမည်က မုန့်ကျင်းဖန့် ဖြစ်ပြီး အမျိုးသမီး၏ နာမည်က ရွှီပင်းယင်ပင်။ သူတို့နှစ်ဦးက သက်တူရွယ်တူများ ဖြစ်ကြ၏။
“ တကယ် … အဲ့လိုသာဆို ငါတို့က အခု အလေးမသာတဲ့ အခြေအနေ ရောက်နေတာ မဟုတ်လား ….” ရွှီပင်းရန်က အံ့အားတကြီးနှင့် ပြောလိုက်၏။
“ အတိအကျပဲ … တစ်ဖက်လူက အတော်လေး မကျေမနပ် ဖြစ်နေပြီး ငါတို့ကို ဖြေရှင်းချက် ပေးစေချင်နေတယ် …..” မုန့်ကျင်းဖန့် သက်ပြင်းချလိုက်၏။
“ သူတို့မှာ သက်သေ ရှိလို့လားတဲ့ ….”
“ အဲ့တာတော့ ငါလည်း ဘယ်သိမှာ ….” မုန့်ကျင်းဖန့်က ပခုံးတွန့်ပြလိုက်သည်။
“ သူ ငါတို့ကို စွပ်စွဲပြီးတော့ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ မဟုတ်ဘူးလား ….”
“ အဲ့တာကတော့ မဖြစ်နိုင်ဘူး …” မုန့်ကျင်းဖန့် ပြောလိုက်ပြီး “ တကယ်လို့ သူတို့သာ ရည်ရွယ်ချက်ရှိရှိ သိက္ခာကျအောင် လုပ်ချင်တယ်ဆိုရင် ငါတို့ဆီ တကူးတက ရောက်လာမယ့်အစား သတင်းစာရှင်းလင်းပွဲပဲ ကျင်းပလိုက်တော့မှာပေါ့ … ပြီးတော့ အချိန်ဒီလောက်ကြာအောင် စကားပြောနေပုံထောက်ရင် သူတို့ကြည့်ရတာ သက်သေ အထောက်အထား တစ်ခုခုတော့ ရှိထားတဲ့ပုံပဲ ….”
“ ဒါဆိုရင် …..”
ရွှီပင်းယင်၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး “ အဲ့တာသာ တကယ်ပဲဆိုရင် ငါတို့တော့ ဒုက္ခရောက်ပြီ မဟုတ်ဘူးလား …..”
“ ငါတို့တတ်နိုင်တာ ဘာမှမှ မရှိတာ … ဘာပဲဆိုဆို ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီပဲလေ …”
“ ဒါပေမယ့် ငါသိချင်မိတာ ဘယ်ဌာနက ရောက်လာပြီး ဒီလို အရှုပ်ပုံကြီးကို ချန်သွားလဲဆိုတာပဲ သိချင်တယ် ….” ရွှီပင်းယင် ပြောလိုက်၏။ “ အဲ့တာတော့ ငါလည်း မသိဘူး … ဒါပေမယ့် သူတို့ရဲ့ အထောက်အထားက အတော်လေး လျှို့ဝှက်မှာတော့ ကျိန်းသေတယ် … သာမန်လူတွေ သိဖို့ဆိုတာ မဖြစ်နိုင်ဘး …. ထိပ်တန်း အကြမ်းဖက်နှိမ်နင်းရေး အေဂျင်စီလိုမျိုးပေါ့… မဟုတ်ရင် ငါတို့ရဲ့ ပူးပေါင်းပေးမှုကို တောင်းဆိုလာမှာပဲလေ ….”
သူတို့ စကားပြောနေစဉ်မှာပဲ ဧည့်ခန်းတံခါးက အတင်းအကြပ် တွန်းပွင့်လာခဲ့သည်။
သက်လတ်ပိုင်း အမျိုးသား နှစ်ဦးက အပြင်သို့ ထွက်လာသည်။
တစ်ဦးက ဆံပင်ကောက်ကောက်နှင့် နိုင်င့ခြားသားဖြစ်ပြီး ထိုသူကတော့ ဒေသတွင်း နိုင်ငံခြား အစိုးရ အရာရှိ ဘီလစ်ကလွဲ၍ အခြားသူ မဟုတ်ပေ။
ကျန်တစ်ဦးကတော့ ဟွာရှဘက်ခြမ်းက တာဝန်ခံ လော့ပေါင်ဖုန်းပင်။
“ မစ္စတာလော့ … မင်း ဒီကိစ္စကို သေချာလေး ကိုင်တွယ်ပြီး ငါတို့ကို ဖြေရှင်းချက် တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်တယ် ….”
လော့ပေါင်ဖုန်း ပြောလိုက်ပြီး နှိမ့်ချရိုသေစွာဖြင့် “ စိတ်ချပါ … တကယ်လို့ ကျုပ်တို့ဘက်အပိုင်းက တာဝန်ယူရမယ့်ဟာရှိရင် ကျိန်းသေပေါက်ကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်ပေးသွားမှာပါ …..”
“ ကျုပ်ကို အဲ့လိုဆင်ခြေတွေပေးပြီး အချိန်ဆွဲတာမျိုး မလိုချင်ဘူး … ဒါ သံတမန်ရေးရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်တယ် … ကျုပ်တို့ဘက်ကတော့ ဒီကိစ္စကို အဆုံးထိ လိုက်သွားမှာပဲ …” ဘီလစ်က တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။
“ စိတ်ချပါ မစ္စတာဘီလစ် … သေချာဖြေရှင်းချက် ပေးမှာပါ ….”
တကယ့်လက်တွေ့တွင်တော့ လော့ပေါင်ဖုန်းလည်း အခြေအနေကို ကောင်းစွာသိထားလေသည်။
လင်းရီနှင့် အခြားသူများ မစ်ရှင်အတွက် ရောက်ရှိလာစဉ်တုန်းက လျိုဟုန်သည် သူ့အား ကြိုတင်၍ ဖုန်းဆက်ထားပြီး ဖြစ်သည်။
အကယ်၍ လိုအပ်လာပါက သူ့ထံကနေ အကူအညီ ကမ်းလှမ်းပေးနိုင်ဖို့ ဖြစ်၏။
ထို့ကြောင့် သူလည်း အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ထားသဖြင့် ဘီလစ်နှင့် ဝေ့ဝိုက်ပြီး စကားဆိုမနေတော့ဘဲ အချိန်ဆိုင်းထားသည့် နည်းဗျူဟာနှင့် ပြဿနာ၏ လေးနက်ပြင်းထန်မှုကို လျှော့ချဖို့ရာ မျှော်လင့်ထားသည်။
သို့သော် လက်တွေ့ ဤကိစ္စအား ဖြေရှင်းရမည့် အချိန်တွင်တော့ စိတ်ကူးထားသည်ထက် အမှန်တကယ်ကို ခဲယဉ်းလှ၏။
ကိုယ့်ဘက်ခြမ်းက ကျူးလွန်သူ ဖြစ်နေပြီး သင့်တင့်လျောက်ပတ်သည့် ဖြေရှင်းချက်လည်း ပေးစရာ မရှိသဖြင့် အချိန်ဆွဲထားရုံလောက်သာ တတ်နိုင်လေသည်။
တစ်ဖက်တွင် ဘီလစ်က ခေါင်းမာနေပြီး လော့ပေါင်ဖုန်း၏ အကြံအစည်ကိုပင် ဖောက်ထွင်းမြင်ကာ ဆက်တိုက် ဖိအားပေးနေတော့သည်။
ဘီလစ်က တိကျသည့် အဖြေတစ်ခုကို လော့ပေါင်ဖုန်းထံကနေ လိုချင်သည်။ သို့သော် လော့ပေါင်ဖုန်းကလည်း ဤအတိုင်း ဝန်မခံသဖြင့် နှစ်ဖက်မှာ မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေခြင်းပင်။
“ မစ္စတာလော့ … မင်း ငါ့ကို ဒီထက်ပိုပြီး အချိန်မဆွဲထားတာ ကောင်းလိမ့်မယ် … ဒီကိစ္စကို တစ်ပတ်အတွင်း ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ငါတို့ဘက်က တစ်ခြားနည်းလမ်းတွေ အသုံးပြုရလိမ့်မယ် … အချိန် တစ်ပတ်ပဲ ရှိတယ်ဆိုတာကို သတိရပါ ….”
“ ကောင်းပြီ ….”
မုန့်ကျင်းဖန့်နှင့် ရွှီပင်းယင်တို့ အမျိုးသားနှစ်ယောက်၏ စကားဝိုင်းကို နားစွန်နားဖျား ကြားလိုက်သော်အခါ အနည်းငယ် စိုးရိမ်တုန်လှုပ်လာပြီး အခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိ ဖြစ်လာသည်။
ထိုအချိန်မှာပဲ မလှမ်းမကမ်း တစ်နေရာမှ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့၏။
လူတိုင်း မသိစိတ်အလျောက် လှမ်းကြည့်လိုက်တော့ လင်းရီနှင့် လူငယ်လေး တစ်ဦးက ရယ်ရယ်မောမောနှင့် အတူလျှောက်လှမ်းဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် လင်းရီကို မြင်သည့် အချိန်၌ လော့ပေါင်ဖုန်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်သူက သူ့ထံသို့ ရောက်လာခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
အခြားသူများက သူ့ကို ပိုက်စိပ်တိုက် ရှာဖွေနေစဉ် ၎င်းက သူ့ကိုယ်သူ တံခါးပေါက်ဝသို့ ပို့လာပေးသည်တဲ့လော။
လော့ပေါင်ဖုန်းဘေးတွင် မတ်တပ်ရပ်နေသည့် ဘီလစ်လည်း တူညီသည့် အမူအရာမျိုး ဖြစ်သွားခဲ့သည်။ ဘာကြောင့်ဆိုတော့ ဘားနဒ်ကတစ်ဆင့် လင်းရီ၏ ဓာတ်ပုံကို မြင်တွေ့ဖူးပြီး ဖြစ်နေသောကြောင့်ပင်။
လင်းရီ အနားသို့ ရောက်ရှိလာသည်နှင့် ၎င်းတို့မျက်နှာများရှိ ထူးဆန်းသည့် မျက်နှာထားများကို သတိပြုမိတော့ လင်းရီ ဘီလစ်ကို တစ်ချက်ကြည့်လိုက်၏။
“ သူပဲ မစ္စတာလော့ … သူ ဟုတ်တယ် ….”
ဘီလစ်က စိတ်လှုပ်ရှားတကြီးနှင့် ပြောလိုက်ပြီး “ ငါ သူ့ကို အခု ချက်ချင်း ခေါ်သွားတော့မယ် … သူ့ကို ငါတို့ရဲ့ တရားဥပဒေနဲ့ အပြစ်ပေးရမယ် ….”
လင်းရီ ထီပေါက်သကဲ့သို့ စိတ်လှုပ်ရှားနေသည့် ဘီလစ်ကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်၏။
“ ဒီလူက ဘာတွေ ဖြစ်နေတာ ….”
***