အခြား ရွေးချယ်စရာ မရှိသဖြင့် လော့ပေါင်ဖုန်းလည်း လင်းရီအနားသို့ ချဉ်းကပ်လာပြီး နားအနားသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည်။
လင်းရီ တဆတ်ဆတ် ခေါင်းညိတ်လိုက်၏။
ယခု … ဤနေရာတွင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ယေဘုယျလောက်တော့ လင်းရီ နားလည်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပဲ ဘီလစ်ဆိုသူက ဘာကြောင့် ရောက်ရှိလာခဲ့လဲဆိုတာကို လင်းရီ မှန်းဆနိုင်လိုက်သည်။
ဖြစ်နိုင်ဆုံးကတော့ အယ်လ်ဆာ သူ့အား ဖိအား ပေးထားခြင်း ဖြစ်လောက်၏။ အစိုးရ အရာရှိများ၏ အကူအညီဖြင့် ဖိအားပေးပြီး သူ့နားကနေ လျော်ကြေးတောင်းခံလိုနေဟန်ပင်။
ဤအကြောင်းတွေးတောမိတော့ လင်းရီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားမိလိုက်၏။
“ ခေါင်းဆောင် … ဒီကိစ္စက ခင်များကို အတော်လေး အခက်တွေ့စေမိပြီပဲ … ကျုပ်လည်း ဒီရောက်လာပြီဆိုမှတော့ ကျုပ်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ….”
“ ကိုင်တွယ်မယ် … မင်း ဒီကိစ္စ သေချာကိုင်တွယ်နိုင်မှာ သေချာလို့လား ….”
“ ပြဿနာ မရှိဘူး ….”
လင်းရီ ခေါင်းလှည့်ပြီး ဘီလစ်ထံသို့ ပြောလိုက်၏။
“ ခင်များက ကျုပ်ကို သိနေတယ်ဆိုမှတော့ လိုရင်းပဲ ပြောကြတာပေါ့ …. ခင်များ ကျုပ်ကို စစ်ဆေးဖို့ ခေါ်သွားချင်နေတယ်မလား …..”
“ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်က ဖမ်းဆီး အပြစ်ပေးခံရဖို့ မတန်ဘူးလား ….”
ဒေါသထွက်နေသည့် ဘီလစ်ကို မြင်တော့ မုန့်ဟိုင်ဖန့်နှင့် ရွှီပင်းယင်တို့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘဲ ဘေးတစ်ဖက်သို့သာ ဂရုတစိုက်နှင့် ထွက်ရပ်နေလိုက်၏။
ဤကိစ္စက တကယ့်ကို ပြဿနာကြီးဖြစ်၏။ မည်သူကမျှ ပြီးပြည့်စုံစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ချေ။
ထိုပြင် ယခု သူတို့ရှေ့ရှိ လူငယ်လေးက ဤကိစ္စကို သူ့ဘာသူ ကိုင်တွယ်ပါမည်ဟု ပြောဆိုလာနေသည်။ သူ တကယ်ပဲ ဖြေရှင်းသွားနိုင်မှာလား …။
“ ကျုပ်က ခင်များနဲ့ မလိုက်ခဲ့ပေးနိုင်ဘူးဆိုရင်ကော …..” လင်းရီ ပြုံးလျက် ပြောလိုက်သည်။
“ မင်းမှာ ငြင်းဆန်ပိုင်ခွင့် မရှိဘူး … ဒါ ဆွစ်အစိုးရ တရားဥပဒေ စိုးမိုးတဲ့ နယ်မြေကွ ….” ဘီလစ်က အားနှင့်မာန်နှင့် ပြောဆိုလိုက်သည်။
“ ဒါပေမယ့် ခင်များ အခုရောက်နေတာ ဟွာရှ အစိုးရပိုင် အဆောက်အဦးရဲ့ ပိုင်နက်ထဲမှာလေ … တကယ်လို့ ကျုပ်သာ ဆန္ဒရှိရင် ခင်များ ဒီနေရာကနေတောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး ….”
ဤစကားကြားတော့ ရှိနေကြသည့် လူတိုင်း စိုးရိမ်ထိတ်လန့်လာကြတော့သည်။
“ … မင်း … မင်း ဘာလုပ်မလို့လဲ ….”
ဘီလစ် ကြောက်ကြောက်လန့်လန့်နှင့် စကားထစ်အသွားခဲ့ပြီး တရစပ် နောက်ဆုတ်မိသွားခဲ့၏။
“ ဘာမှ မလုပ်ပါဘူး … ဒီတိုင်း သတိပေးချင်ရုံပါပဲ .. ဒီကိစ္စက ခင်များနဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး … မီးနဲ့ ကစားချင်နဲ့ … ကိုယ့်လက်ကိုယ် ပြန်လောင်တတ်တယ် ….”
“ မင်းကများ ငါ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့ …ငါ ဘယ်သူလဲ မင်းသိလား ….”
လင်းရီ ပြုံးလျက် လျှောက်လှမ်းလာခဲ့ပြီး ဘီလစ်၏ ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်၏။
“ ခင်များလည်း ကျုပ်ဘယ်သူဆိုတာ သိလောက်မျာပါ … ပြီးတော့ အဲ့တာတောင် ကျုပ်ကို ဒီလိုမျိုး စကားလာပြောဝံ့နေတယ်ပေါ့ … ကျုပ်လိုလူစားမျိုးက အယ်လ်ဆာနဲ့ ဘားနဒ်ကိုတောင် သွားရှုပ်ရဲတာ ခင်များက ဘာကောင်မို့လို့ ….”
ဘီလစ် မလှုပ်ဝံ့တော့သည်အထိ ကြောက်လန့်သွားခဲ့သည်။ ချွေးသီးချွေးပေါက်တို့က နဖူးထက်ကနေ စီးကျလာခဲ့ပြီး လင်းရီရှေ့မှောက်၌ အသက်ပြင်းပြင်း ရှူဖို့ပင် စိုးရိမ်လာသည်။
လင်းရီ သူ့ခါးနောက်ကျောက အနက်ရောင် ဓားမြောင်ကို ထုတ်ပြီး ဘီလစ်၏ မျက်နှာပေါ် တင်လိုက်သည်။
“ ဒါပေါ့ … တကယ်လို့ ခင်များက မယုံဘူးဆိုလည်း စမ်းကြည့်လို့ရတယ် … ခင်များ တစ်မိသားစုလုံး ဒီတစ်ပတ်ကို မလွန်စေရဘူးလို့ အာမခံတယ် … တကယ်လို့ ဖြစ်လာခါကျမှ ကျုပ်ကို သတိမပေးဘူး မပြောနဲ့ …..”
ဘီလစ် တုန်ယင်သွားခဲ့ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့၏။ သူ မည်သည့် စကားတစ်ခွန်းမျှ မဆိုဝံ့တော့ချေ။
သူ့ မောက်မာမှုက ပြန်သွားခဲ့ပြီ ဖြစ်၏။ နောက်ပြီး ဘယ်တော့မှလည်း ပြန်လာခဲ့တော့မှာ မဟုတ်ချေ။
ဘေးတွင် မတ်တပ်ရပ်နေလျက် ရှိကြသည့် မုန့်ကျင်းဖန့်နှင့် ရွှီပင်းယင်တို့သည်လည်း လင်းရီ၏ စကားကို နားထောင်ရင်း ကြက်သီးဖြန်းနေမိကြ၏။
ထိုအချိန်ကျတော့မှပဲ တကယ့်လက်တွေ့၌ မည်သို့သော အခြေအနေများ ဖြစ်ပေါ်နေလဲဆိုတာကို သူတို့တွေ အမှန်တကယ် နားလည်သွားခဲ့ကြတော့သည်။
ထိုဌာနကလူများက ကောင်းကင်နှင့် ငရဲကို မကြောက်ကြသလို သူတို့မလုပ်ဝံ့သည့် အရာလည်း မရှိပေ။
ဘီလစ်ကို မဆိုထားနှင့်။ မဆိုင်သည့် သူမတို့ပင် လင်းရီ၏ စကားလုံးကြောင့် ဘောင်းဘီစိုစွတ်လုနီးပါး ကြောက်လန့်နေမိ၏။
“ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာ … ငိုင်တိုင်တိုင် လုပ်နေတာ တော်တော့ … သူ့ကို ကူပေးလိုက် ..”
လော့ပေါင်ဖုန်း၏ အသံကိုကြားတော့မှ မုန့်ကျင်းဖန့်နှင့် ရွှီပင်းယင်တို့သည်လည်း ဘီလစ်ကို မတ်တပ်ရပ်နိုင်ရန် ဖေးမပေးလိုက်ကြ၏။
“ သူ့ကို အပြင်လိုက်ပို့ပေးလိုက် … တကယ်လို့ တစ်ခုခု ရှိတယ်ဆိုရင် ငါတို့နောက်မှ ဆက်ပြီး ဆွေးနွေးလို့ရတယ် ….”
“ ဟုတ် ဟုတ် ….”
နှစ်ယောက်က ဘီလစ်ကို ထွက်ခွာဖို့ ကူညီပေးလိုက်ပြီး လော့ပေါင်ဖုန်းသည်လည်း နဖူးထက်က ချွေးစေးများကို သုတ်ကာ ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။
“ ခေါင်းဆောင်လင်း … ဒီဘက်ကြွပါ … အထဲမှာ အေးဆေး စကားပြောကြတာပေါ့ ….”
“ ဒါတွေ မလိုပါဘူး … ကျုပ်တို့အားလုံးက မိသားစုတွေလေ … ဧည့်ဝတ်တွေဘာတွေ စိတ်ထဲထားမနေနဲ့ ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ကျုပ် ဒီနေ့ လာခဲ့တာက ခင်များဆီကနေ အကူအညီ တစ်ခုလောက် တောင်းချင်လို့ … လေဆိပ်ကို လော့ဒေါင်းချထားတယ် … အဲ့တာကြောင့်မို့ ကျုပ် နိုင်ငံပြန်လို့ရအောင် ခင်များ တစ်ခုခု စီစဉ်ပေးနိုင်မလားလို့ပါ ….”
“ ပြဿနာ မရှိဘူး … ငါ ဒီညတွင်းချင်းပဲ အစိုးရလေယာဉ်နဲ့ မင်းကို ပြန်ပို့ပေးမယ် …”
“ ကျေးဇူးပါ ခေါင်းဆောင် ….”
“ ကျေးဇူးတင်ဖို့ မလိုပါဘူး … ငါတို့အားလုံးက မိသားစုတွေပဲမလား …” လော့ပေါင်ဖုန်းက ပြောလိုက်သည်။
“ ဒါပေမယ့် ဘီလစ်ရဲ့ ပြဿနာကို မင်း ဘယ်လို ဖြေရှင်းဖို့ စိတ်ကူးထားလဲ … ဘာပဲဆိုဆို သူ့ဘက်က ရောက်လာတယ်ဆိုတော့ ငါတို့ဘက်ကလည်း ဖြေရှင်းချက် ပေးမှ သင့်လျော်မှာ ….”
“ ဖြေရှင်းနည်းလမ်းက ဆွေးနွေးပြီးသွားပြီပဲ မဟုတ်ဘူးလား ….” မြင်သာပြီးသား ကိစ္စရပ်တစ်ခုကဲ့သို့ လင်းရီ ပြောဆိုလိုက်သည်။
“ သူကိုယ်တိုင်ကလည်း လွန်လွန်ကျူးကျူးတွေ လုပ်ဝံ့တဲ့ သတ္တိရှိမယ် မထင်ပါဘူး … ဒီတော့ ဘာမှ စိတ်ပူစရာမလိုဘူး ….”
“ ဟမ် ….”
လော့ပေါင်ဖုန်း၏ အမူအရာက ချဲ့ကားသွားခဲ့ပြီး “ ခေါင်းဆောင်လင်း … မင်း တကယ်ပဲ အဲ့နည်းလမ်း သုံးမလို့လား ….”
“ အင်း … အထိရောက်ဆုံး ချဉ်းကပ်နည်းလမ်းပဲလေ ….”
“ သူတို့လို လူစားမျိုးတွေနဲ့ အကျိုးသင့်၊ အကြောင်းသင့် စကားပြောနေရင် အလုပ်မဖြစ်ဘူး … ခပ်မာမာလေး ဆက်ဆံပေးရတယ် … တကယ်လို့ အဲ့လူ နောက်တစ်ကြိမ် ရောက်လာပြီး ပြဿနာ ရှာဦးမယ်ဆိုရင် ကျုပ် သူ့ တစ်မိသားစုလုံးကို ဘုရားသခင်ဆီ စေလွှတ်ပေးလိုက်မယ် … သူလည်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်တာပေါ့ ….”
“ ဒါပေမယ့် ဘယ်လိုပဲပြောပြော သူက တရားဝင် အစိုးရ အရာရှိ တစ်ဦးပဲလေ … အဲ့လိုလုပ်တာက တရားမလွန်ဘူးလား ….”
လင်းရီ ပြုံးလျက် “ ကျုပ်တို့ ဟွာရှက မြင့်တက်လာနေပြီ … ဒီလို နိုင်ငံလောက်လေးကတော့ အလေးအနက် ထားစရာ မလိုဘူး … သူတို့ကို ခေါင်းပေါ် တက်နင်းပြီး စကားပြောရင်တောင် ဒီကောင်တွေက ငုံ့လျက်နဲ့ ပြန်ပြုံးပြရမှာပဲ ….”
လင်းရီ၏ စကားလုံးတို့က လော့ပေါင်ဖုန်း၏ စိတ်ထဲတွင် ဩဇာပြင်းစွာ ပဲ့တင်ထပ်သွားခဲ့ပြီး ဉာဏ်အလင်းပွင့်သွားသည့်နှယ် ခံစားလိုက်ရသည်။
တစ်ချို့ကိစ္စရပ်များ၌ သူသည် လင်းရီကဲ့သို့ ပွင့်လင်းသည့် စိတ်သဘောထား မရှိသေးကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်၏။
“ ငါနားလည်ပြီ …” လော့ပေါင်ဖုန်း ပြုံးလျက် ဆိုလိုက်၏။
“ ငါ့မှာ ဝိုင်ကောင်းတစ်ပုလင်း သိမ်းထားတာ ရှိတယ် … အတူသောက်ကြတာပေါ့ … သောက်ပြီးရင် မင်းကို ဒီကနေ လိုက်ပို့ပေးမယ် ….”
“ ဒါဆိုလည်းကျုပ် ဝမ်းပန်းတသာနဲ့ပဲ လက်ခံလိုက်ပါမယ် …”
ပြီးသည့်နောက် … လော့ပေါင်ဖုန်းက ချန်ယွီ့ကို ညစာ လိုက်ကျွေးပြီး ဆယ်နာရီဝန်းကျင်လောက်ရောက်တော့ သံရုံး၏ အစိုးရ လေယာဉ်ဖြင့် ကျိုးဟိုင် လေဆိပ်သို့ ပျံသန်း လာခဲ့ကြသည်။
ကျိုးဟိုင် လေဆိပ်ကို ရောက်တော့ နောက်တစ်နေ့ မွန်းလွဲ လေးနာရီ အချိန်ရှိနေလေပြီ။
လင်းရီအိမ်ပြန်ဖို့ အလျင်မလိုပါဘဲ လျန်ရူရွှယ်ထံသို့ အရင်သွားတွေ့၏။
သူမက ကောင်းကောင်းမွန်မွန် စားသောက်နေပြီး ကိုယ်ဝန်မဆောင်မီ အချိန်ကထက်ပင် စားသောက်လိုစိတ်က ပို၍ ကြီးမားလာဟန်ပင်။
သို့သော် မနက်ခင်းပိုင်းတွင်တော့ စားသမျှ အရာအားလုံး အန်နေပြီး အနံ့နည်းနည်းလေးမျှပင် ခံနိုင်ခြင်း မရှိပေ။
လျန်ရူရွှယ်၏ အိမ်တွင် ညစာ စားပြီး လင်းရီ ကားမောင်း၍ ကျီချင်းရန်၏ အိမ်သို့ ထွက်လာသည့် အချိန်၌ ည ကိုးနာရီကျော်နေပြီး ဖြစ်၏။
“ ပြန်လာပြီလား ….”
လင်းရီ အိမ်ထဲဝင်သည်နှင့် ကျီချင်းရန်က တဘက်တစ်ထည်ဖြင့် သူမ၏ ရေစိုဆံပင်များကို အခြောက်ခံနေသည်။ လင်းရီကို မြင်တော့ သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင် တစ်စွန်းတစ်စလည်း ထွက်ပေါ်လာခဲ့၏။
“ အန်တီစုန့်နဲ့ တခြားလူတွေရော ဘယ်သွားခဲ့တာ ….”
“ သူတို့ မာကျောက်သွားကစားတာ ပြန်မလာကြသေးဘူးလေ …”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ဘာစကားမျှ ထပ်မဆိုချေ။
“ ငါ မရှိတုန်း ကျိုးဟိုင်မှာ အဆင်ပြေတယ်မလား ….”
“ အတော်လေး အဆင်ပြေပါတယ် … ဘဏ်ကိစ္စကလည်း ဖြည်းဖြည်းချင်း ပြန်အဆင်ပြေလာနေပြီ …. ဒါပေမယ့် နိုင်ငံတကာ ကုမ္ပဏီတစ်ချို့ကတော့ ကာဗွန်ချစ်ပ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့ သတင်းတွေ ဆက်ပြီး ဖြန့်နေကြတုန်းပဲ … လူတော်တော်များကလည်း သတင်းတွေအပေါ်မှာ အာရုံစိုက်နေကြတယ် … စတော့ရှယ်ယာဈေးကလည်း ဆက်တုက် တက်လိုက်ကျလိုက်ပဲ …. ဒါပေမယ့် တည်ငြိမ်နိုင်မယ့် အတိုင်းအတာအတွင်းမှာပဲ … အခုတော့ ပရောဂျက် အဆင်ပြေဖို့ပဲ ကြည့်ရတော့မယ် ….”
“ ပုံစံကြည့်ရသလောက်ကတော့ ကြီးကြီးမားမား ပြဿနာ ရှိမယ့်ပုံ မပေါ်ပါဘူး … ပြီးတော့ နှစ်သစ်လည်း ကောင်းကောင်းမွန်မွန် ကူးလို့ရလောက်တယ် ….”
ကျီချင်းရန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ အမေကတော့ ငါ့ကို နှစ်သစ်ကူး ပထမရက်မှာ ရန်မြို့သွားဖို့ ပြောနေတယ် … “
“ အဲ့လိုလည်း ရတာပဲဟာ … ဒါပေမယ့် လောဖို့ မလိုပါဘူး … မင်းမှာ ဧည့်ခံရမယ့် သူငယ်ချင်းတွေ ရှိတယ်ဆိုရင် ကိုယ့်အစီအစဉ်အတိုင်းပဲလုပ် … နောက်မှ မင်းကို သပ်သပ်လာကြိုပေးမယ် ….”
“ အချိန်ကျတော့မှပဲ ဆက်ပြီးပြောကြတာပေါ့ … နင် ဗိုက်ဆာနေလား … ငါ စားစရာတွေ နွှေးပေးမယ်လေ …”
“ အစားအသောက်ကိစ္စ ဘေးချိတ်ထားလိုက် … နွေဦးညလေးက ရွှေနဲ့စပ်ပြီးကို အဖိုးတန်တယ် … ဒီတော့ အချိန်မဖြုန်းကြစို့ ….”
ပြောဆိုပြီးနောက် လင်းရီသည် ကျီချင်းရန်ကို ခါးမှတစ်ဆင့် ပွေ့ချီလိုက်ပြီး အပေါ်ထပ်သို့ တက်ဖို့ ဟန်ပြင်လိုက်၏။
“ ဟင့်အင်း .. ဒီနေ့တော့ မရသေးဘူး … ငါ ဒီနေ့ အရမ်း စိတ်မကြည်ဖြစ်နေလို့ …. နောက်ရက်မှနော်….”
***