“ အာ … မင်း ရာသီ မလာဘူးလား ….”
ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ “ ပုံမှန် လာသင့်တာကို အခုတစ်လော ဘာလို့လဲ မသိဘူး … မလာတာ အတော်ကြာနေပြီ ….”
ပြောဆိုပြီးနောက် ကျီချင်းရန်က ဆံပင်သုတ်နေသည့် တဘက်ကို ဘေးသို့ ချထားလိုက်ပြီး သမ်းဝေလိုက်သည်။
“ နင် သွားပြီး ဆေးကြောတော့လေ … ပြီးမှ လာအိပ် … ငါ တကယ် ပင်ပန်းနေပြီ ….”
“ ခဏလေးနေဦး …”
ကျီချင်းရန် တစ်ဖက်သို့ လှည့်သွားသည့် အချိန်မှာပဲ လင်းရီသည် သူမကို နောက်မှ လှမ်းဆွဲလိုက်၏။
“ ဘာဖြစ်လို့လဲ ….”
ကျီချင်းရန် ရှုပ်ထွေးမှုအပြည့်ဖြင့် နောက်လှည့်ကြည့်လာသည်။ လင်းရီ၏ အကြည့်တို့က အနည်းငယ် ထူးဆန်းနေသည်ကို သတိမူမိလိုက်၏။
လင်းရီ မည်သည့် စကားတို့မျှ မဆိုပါဘဲ သူမကိုသာ ထူးဆန်းသည့် အကြည့်ဖြင့် တရစပ် စိုက်ကြည့်နေခဲ့၏။
စစချင်းတွင်တော့ ကျီချင်းရန်လည်း ဘာဖြစ်နေလဲဆိုတာကို နားမလည်ချေ။
သို့သော် မကြာမီမှာပဲ သူမ၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့၏။
မယုံကြည်နိုင်စရာ ကိစ္စရပ်တစ်ခုကို ကြုံတွေ့လိုက်သည့်နှယ်ပင်။
“ မဟုတ်တာ …. မဖြစ်နိုင်လောက်ပါဘူးနော်….”
“ တစ်ချက် ထိကြည့်လိုက်ရင် သိမှာပဲ ….”
“ ဘာကိုထိမှာ ….”
ကျီချင်းရန် သူမ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်၏။
“ တစ်ချက်ထိကြည့်ရုံနဲ့တော့ နင်က ဘာသိမှာမို့လို့လဲ ….”
“ ငါ မင်းဗိုက်ကို ထိမယ်မပြောပါဘူး … သွေးခုန်နှုန်း စမ်းကြည့်ပေးမယ် ပြောတာ …..”
“ အိုး အိုး …..”
ကျီချင်းရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး သူမ၏ လက်ကို ဆန့်တန်းပေးလာခဲ့သည်။
လင်းရီ အခွင့်အရေးကို အရယူပြီး လက်ကို သူမ၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်၏။
ထိုအချိန်အခိုက်အတန့်မှာပဲ ကျီချင်းရန်သည် ကျင်စက်နှင့် တို့ခံလိုက်ရသည့်နှယ် သူမ၏ လက်ကို ချက်ချင်း ပြန်ရုတ်သွားခဲ့၏။
“ ဘာလို့ ….”
“ ငါ … ငါ နည်းနည်း စိတ်လှုပ်ရှားနေလို့ ….” ကျီချင်းရန် တုန်ယင်သည့် အသံဖြင့် ပြောဆိုလိုက်သည်။
“ တကယ်လို့ အဲ့လို တကယ် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မှာ …”
“ ဒါပေါ့ … ငါတို့ ယူရမှာပေါ့ …. မင်းကရော မလိုချင်ဘူးလား ….”
“ ဘယ်သူက မလိုချင်ဘူး ပြောနေလို့လဲ … ငါ ဒီတိုင်း စိတ်မပြင်ဆင်ရသေးရုံပါပဲ …..”
“ မြန်မြန် … လက်ဆန့်ထုတ်လိုက် ….”
ကျီချင်းရန် တုံ့ဆိုင်းစွာဖြင့် သူမ၏ လက်ကို တစ်ဖန် ဆန့်ထုတ်ပေးလိုက်သည်။ လင်းရီ သူမ၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်၏။
နောက်တစ်စက္ကန့်၌ နှစ်ဦးသားလုံး အကြည့်ချင်း ဆုံသွားခဲ့ပြီး …
“ ဘယ်လိုနေလဲ ….”
“ ဟုတ်တယ် ဟားဟား …..”
“ တကယ် ….” ကျီချင်းရန်၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး ကြည်လင်လှသည့် သူမ၏ မျက်ဝန်းတို့မှာ အရောင်တလက်လက် ဖြစ်နေလျက်ရှိ၏။
“ ငါ့ရဲ့ ကျွမ်းကျင်မှုကို သံသယ ဖြစ်ဖို့ မလိုဘူး … အမှားမရှိနိုင်ဘူး ….”
“ ဒါပေမယ့် နင့်ကြည့်ရတာ သိပ်ပျော်နေတဲ့ပုံလည်း မပေါ်ပါဘူး ….” ကျီချင်းရန် သင်္ကာမကင်း ဖြစ်စွာနှင့် မေးမြန်းလာသည်။
“ ငါ ဘယ်နားက မပျော်နေလို့ … အခုလေးတင်ပဲ ရယ်လိုက်တယ် မဟုတ်ဘူးလား …..”
“ နင့်ရယ်သံက လုပ်သံကြီးနဲ့ တူသလားလို့လေ ….”
“ ပြောစမ်းပါဦး … ခရစ်စမတ်ကနေ အခုထိ တစ်လလောက်ပဲ ရှိသေးတယ် … အတူအိပ်တာလည်း သုံးလေးကြိမ်လောက်ပဲ ရှိသေးတာကို အခု ဒီလို ဖြစ်လာပြီဆိုတော့ ငါက နောက်ဆယ်လကို ဘယ်လိုများ ဖြတ်သန်းရတော့မှာ ….”
“ နင် ငါ့ကို သတ်နေတာပဲ … နင် ဘယ်လို စကားမျိုး ပြောနိုင်ရတာ … နင့်ကိုယ်နင် မရှက်ဘူးလား ….”
ကျီချင်းရန်၏ လက်က သဘာဝအလျောက် သူမ၏ ချပ်ရပ်နေသည့် ဝမ်းဗိုက်ထက်သို့ ရွေ့လျားသွားခဲ့သည်။
“ မြန်မြန် စစ်ဆေးတဲ့ အတံသွားဝယ်လာခဲ့ … သေချာအောင်လို့ နှစ်ခါစစ်ဆေးကြည့်ချင်တယ် ….”
“ မလိုဘူး ….. ဒီလို ကိစ္စမျိုးက မမှားနိုင်ဘူး ….”
“ ငါ စမ်းကြည့်ချင်သေးပါတယ်ဆို ….” ကျီချင်းရန် ခြေဆောင့်နင်းလိုက်၏။
“ အိုကေ အိုကေ …. သွားဝယ်ပေးမယ် သွားဝယ်ပေးမယ် …..”
လင်းရီ အပြင်သို့ ထွက်လာပြီး ကားထဲဝင်ကာ ကိုယ်ဝန်ဆောင် ဆီးစစ်တံကို ကျီချင်းရန်အတွက် သွားဝယ်ပေးဖို့ ဟန်ပြင်လိုက်၏။
ကားမောင်းနေရင်း … ရုတ်တရက်ဆိုသလို လင်းရီ၏ ဘေးပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသယောင်ပင်။
ဘဝက သောက်ကျိုးနည်း ရူးချင်စရာ ကောင်းလွန်းလှသည်။
လူနှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ကိုယ်ဝန်ရှိနေသည်။ လင်းရီပင် သူ့ကိုယ်သူ ဤမျှ အံ့အားသင့်ဖို့ ကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ချင်ရင်ယွဲ့ထံကပင်။
“ဟယ်လို အမေ….”
လင်းရီ များများ စဉ်းစားမနေဘဲ သာမန်လျှံကာပဲ ဖုန်းပြောလိုက်၏။
“ သား …. နင် ဘာတွေ လုပ်နေတာလဲ ….”
“ ကျွန်တော် အပြင်မှာ …. ပစ္စည်းတစ်ချို့ သွားဝယ်နေတာ ….”
“ ငါ့ချွေးမလေးကော …..”
ချင်ရင်ယွဲ့ ဆိုလိုချင်နေသည့် လေသံကို သတိထားမိသဖြင့် လင်းရီ မေးလိုက်သည်။ “လိုရင်းပဲ တစ်ခါတည်းပြောလိုက် … ကျွန်တော် တစ်ယောက်တည်း ရှိနေတာ … ချင်းရန်က အိမ်မှာ ….”
ဖုန်းထဲရှိ ချင်ရင်ယွဲ့မှာ အများအပြား စိတ်သက်သာရသွားပုံရသည်။
“ အမေ စောနလေးတင် အန်တီရှန်းနဲ့ ဗွီဒီယိုကော ပြောပြီးတာ … သူလည်း အမေ့ကို စောနကပဲ ပြောပြတယ် … မီလိလေး ကိုယ်ဝန်ရှိနေပြီဆို ….”
“ အင်း … ရက်နည်းနည်းတော့ ကြာပါပြီ …. စစ်ဆေးတာတွေလည်း အကုန်လုပ်ပြီးပြီ … အားလုံး အဆင်ပြေတယ် ….”
“ အခု ကောင်းတာ မကောင်းတာ အပထား … မီလိလေးက ကိုယ်ဝန်ရနေပြီ …. မသိသလိုလည်း နေလို့မရဘူး … မဟုတ်ဘူးဆို ယောက္ခမဖြစ်ဖို့ ဘယ်ထိုက်တန်တော့မှာ ….”
“ အမေက ပြန်လာမယ်လို့ ပြောချင်နေတာလား …..”
“ အဲ့လို လုပ်ဖို့ စဉ်းစားနေတာ … နင့်အဖေပါခေါ်ခဲ့ရင် ကောင်းမလားလို့လေ … ဘာမှမဟုတ်ဘူးဆိုရင်တောင် အမေတို့ မိသားစုရဲ့ ရပ်တည်ချက်ကိုတော့ ရှင်းလင်းမြင်သာအောင် ပြထားဖို့လိုတယ် ….”
“ ဒါက ….”
လင်းရီ ခေတ္တ ရပ်တန့်လိုက်ပြီး “ အမေ့ခံစားချက်တွေကို ကျွန်တော် နားလည်တယ် … ဒါပေမယ့် အခုကက အမေ သေချာလေး စဉ်းစားဖို့ လိုတဲ့ နောက်ကိစ္စ တစ်ခုလည်း ရှိနေသေးတယ် ….”
“ ဘာလဲ … နင် ကလေးကို မလိုချင်ဘူးလို့တော့ ငါ့လာမပြောနဲ့နော်….”
ချင်ရင်ယွဲ့မှာ ပြောရင်းဆိုရင်းနှင့် စိတ်လှုပ်ရှားလာခဲ့ပြီး တည်ကြည်လေးနက်သည့် လေသံဖြင့် “ ငါ နင့်ကို ဒီနှစ်တွေတစ်လျှောက်လုံး ကျွေးမွေးလာခဲ့ရတာ မဟုတ်တော့ နင့်ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ အရည်အချင်း မမီဘူးလို့ ပြောချင်လည်း ရတယ် … ဒါပေမယ့် ဒီကိစ္စက အသေးအမွှား မဟုတ်ဘူး …. စိတ်လိုက်မာန်ပါ လျှောက်မလုပ်နဲ့ …. ဒါ အရေးကြီးတယ် …. နင် သိလား ….”
“ အမေ ဘာတွေ ပြောနေတာတုန်းဗျာ …. ကျွန်တော့် ကလေးပဲဟာ ဘယ်လိုလုပ် မလိုချင်ဘဲ နေမှာလဲ ….” လင်းရီ ငိုရအခက်၊ ရယ်ရ အခက် ဖြစ်နေပြီး “ ကျွန်တော် အခုပြောနေတာက ကလေးဖျက်ချဖို့ မဟုတ်ဘူး …. နောက်ထပ် ကလေးတစ်ယောက် ရှိနေပြန်လို့ ….”
“ ဟင် …. နောက်ကလေးတစ်ယောက်ဆိုတာက ဘာကိုပြောချင်တာ ….”
ချင်ရင်ယွဲ့ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ မီလိလေးက အမွှာလေး လိုချင်နေတယ်လို့တော့ မပြောနဲ့နော်… အခုမှ တစ်လတောင် မပြည့်သေးတာ သေချာ မမြင်ရသေးဘူး မဟုတ်လား ….”
“ အမွှာ မဟုတ်ဘူး … ကျီချင်းရန်လည်း ကိုယ်ဝန်ရနေတာ … ကျွန်တော်လည်း အခုလေးတင်မှ သိတာ ….”
“ အာ …..”
ဤရှော့ခ်ရဖွယ် သတင်းကို ကြားသိလိုက်ရတော့ ချင်ရင်ယွဲ့ တိတ်ဆိတ်သွားခဲ့သည်။
“ ဒါ …..”
သူမ တစ်ခုခု ပြောချင်ပါသော်လည်း ဘာပြောလို့ သင့်လျော်မှန်းမသိ ဖြစ်နေမိသည်။
“ အမေ စဉ်းစားပါရစေဦး ….”
ပုံမှန်ထက်ထက်မြက်မြက်ရှိသည့် ချင်ရင်ယွဲ့မှာ ယခုအခိုက်အတန့်၌ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤသို့သော ကိစ္စရပ်မျိုးကို အရင်က တစ်ခါမှ မကြုံတွေ့ဖူးချေ။ ယခု ရုတ်တရက်ကြီး သူမထံတွင် ဖြစ်ပေါ်လာသဖြင့် အနည်းငယ် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေမိသည်။
“ ငါ အခု ဘယ်လိုလုပ်ရတော့မှာ ….”
“ ကျွန်တော်လည်း ဘယ်သိမှာ ….”
“ အဲ့တာက ….”
ချင်ရင်ယွဲ့လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေသည်။ “ ငါ နင့်အဖေကို အရင်မေးကြည့်လိုက်ဦးမယ် …. ဆုံးဖြတ်ပြီးတာနဲ့ နင့်ဆီ ဖုန်းပြန်ခေါ်လိုက်မယ် ….”
“ အိုကေ …”
ချင်ရင်ယွဲ့ ဖုန်းချသွားခဲ့ပြီး လင်းရီ တစ်ဦးတည်းသာ ကားထဲ ကျန်ရစ်တော့၏။
မကြာမီ ကိုယ်ဝန်စစ်တံကို ဆေးဆိုင်တစ်ခုကနေ ဝယ်ယူပြီး အိမ်သို့ ပြန်ရောက်လာခဲ့သည်။
သူ အိမ်ထဲဝင်လာတော့ စုန့်လန်နှင့် ကျီအန်းထိုက်တို့လည်း ပြန်ရောက်နေကြပြီး ကျီချင်းရန် ဘေးနားတွင် ထိုင်နေကြ၏။
ကျီချင်းရန်က ပြန်ခေါ်လိုက်ခြင်း ဖြစ်လောက်ပေသည်.
သူတို့နှစ်ဦး၏ ပျော်ရွှင်ဝမ်းမြောက်နေပုံကို ကြည့်ရသလောက်ကတော့ ကျီချင်းရန် ကိုယ်ဝန်ရှိနေသည်ကို သိထားပြီး ဖြစ်ပုံရ၏။
“ မြန်မြန် ဝင်ခဲ့ ….”
လင်းရီ ပြန်ရောက်လာသည်ကို မြင်တော့ စုန့်လန်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြိုဆိုလိုက်သည်။
“ နင်တို့နှစ်ယောက်က တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းတာပဲ …. အသံတစ်ချက်တောင် မထွက်ဘဲ ကိုယ်ဝန်ရသွားတယ် ….”
စုန့်လန်မှာ ပီတိ ဖြစ်လွန်း၍ သူ့ပေါင်သူ ပြန်ရိုက်နေသည်။
“ ငါ အခု အဘွားဖြစ်တော့မယ် … လုပ်စရာတွေ အများကြီး ရှိသွားပြီ ….”
“ အမေ ….”
ကျီချင်းရန် ရှက်ရွံ့နေသည့် လေသံဖြင့် “ သူ စောနတုန်းက ဒီတိုင်း သွေခုန်နှုန်းလေးပဲ စမ်းကြည့်ထားတာ … ဟုတ်မဟုတ်က မသေချာသေးပါဘူး ….”
“ အဲ့တာဆိုလည်း ညည်းက ဘာတွေ စောင့်နေတာ …. သွားပြီး စစ်ကြည့်တော့လေ ….”
စုန့်လန်က ကျီချင်းရန်ကို အပိုစကား ပြောခွင့်မပေးဘဲ လင်းရီလက်ထဲက စစ်ဆေးတံကို ယူပြီး သူမလက်ထဲ ထည့်ပေးလိုက်သည်။ ပြီးသည့်နောက် သန့်စင်ခန်းထဲ တွန်းထည့်လိုက်၏။
အပြင်ဘက်တွင် သုံးယောက်လုံးမှာ မျှော်လင့်စောင့်စားမှု ကိုယ်စီဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေသည်။
အကြောင်းမူကား … သူတို့၏ အလိုလိုသိစိတ်က မမှားယွင်းနိုင်ဟု ပြောဆိုနေသောကြောင့်ပင်။
စုန့်လန်နှင့် ကျီအန်းထိုက်တို့ကတော့ ကလေး၏ နာမည်ကိုပင် စတင် ဆွေးနွေးနေကြလေပြီ။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျီချင်းရန်က မျက်ရည်အပြည့်ဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့၏။
ဤသသည်ကို မြင်တော့ သုံးဦးလုံး ခြောက်ခြားသွားခဲ့သည်။
“ ဟယ် သမီး … ဘာလို့ ငိုနေတာလဲ …. ဘာဖြစ်လို့လဲ ….” စုန့်လန်က သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ပြီး ကမန်းကတမ်း မေးလိုက်သည်။
ကျီချင်းရန် တုန်တုန်ယင်ယင်ဖြင့် လက်ထဲရှိ ဆီးစစ်တံကို မြှောက်လိုက်ပြီး …
“ နှစ်ကြောင်း … မျဉ်းနှစ်ကြောင်း ပေါ်နေတယ် ….”
စာစဉ် (၁၅၉) ပြီး၏။
နောက်လဒီလိုအချိန် ပြန်တွေ့ကြပါမယ်။ အဲ့ခါကျရင်လည်း အခုလိုပဲ စုပြီး တစ်ပြိုင်နက်ဖတ်လို့ရအောင် တင်ပေးသွားပါမယ်။
***