လင်းရှန်က သူ၏ Black Hwak တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ အဖွဲ့သားအားလုံး လက်နက်အပြည့်အစုံ တပ်ဆင်ကာ မြေအောက်ကွန်ရက်သို့ ဆင်းရန် ပြင်ဆင်ကြသည်။ ဓာတ်လှေကားနှင့် အမြန်ဆင်းသွားစဉ် လင်းရှန်က ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ မိုးရွာနေသော ညဉ့်နက်ပိုင်းတွင် အာရုဏ်ဦးမြို့တော်၏ အမှတ် ၁ မြို့ရိုးမှာ မီးပင်လယ်ဝေနေသကဲ့သို့ ရှိနေ၏။ လေထုထဲတွင် မီးခိုးနံ့နှင့် သွေးညှီနံ့များက ထူထပ်စွာ ပျံ့နှံ့နေသည်။
သန္ဓေပြောင်းမွန်းစတားများ၏ တိုက်ခိုက်မှုမှာ တစ်ညလုံး အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။ မြို့ရိုးအောက်ရှိ မြို့ပြင်ရပ်ကွက်မှာ ပျက်စီးယိုယွင်းနေပြီး သန္ဓေပြောင်းမွန်းစတားများ၏ အလောင်းများမှာ တောင်ပုံရာပုံဖြစ်နေသည်။ မီးလောင်ဗုံးများမှာ အပျက်အစီးများနှင့် အလောင်းများပေါ်တွင် တစ်ညလုံး လောင်ကျွမ်းနေပြီး ပျက်စီးနေသော စက်ရုပ်များနှင့် စွမ်းအားဝတ်စုံအတွင်း သေဆုံးနေသည့် စစ်သားများလည်း အမြောက်အမြား ရှိနေသည်။ အသက်ရှင်ကျန်ရစ်သူအချို့မှာ ထိုနေရာများတွင် ပြန့်ကျဲနေကြလေ၏။ ယခုအချိန်တွင် မြို့တံခါးအားလုံးကို ပိတ်ထားပြီး မြို့ရိုးပေါ်နှင့် မြို့ရိုးအတွင်းရှိ လက်နက်အားလုံးကို အပြင်ဘက်သို့သာ ဦးတည်ကာ ပစ်ခတ်နေကြသည်။
တစ်ညလုံး အနားယူချိန်မရှိပဲ တိုက်ပွဲဝင်နေကြခြင်းပင်။
ထိုပျက်စီးခြင်း မြင်ကွင်းကို ကြည့်ရင်း လင်းရှန်၏ အကြည့်များ တုန်လှုပ်သွားသည်။ ဤအခြေအနေတွင် ယန်ကျန်းလွင်ပြင်မှ အခြားလွတ်မြောက်လာသူများသည် အာရုဏ်ဦးမြို့တော်သို့ ရောက်နိုင်ပါဦးမလားဟု သူ တွေးနေမိသည်။ ထို့ပြင် ကျင်းဟိုင်တွင်ရှိသော နန်ကျင်းနှင့် ချီလီတို့ရော ဘေးကင်းစွာ ပြန်ရောက်ကြပြီလား သူ မသိရသေးပေ။
အခြား ရွေးချယ်စရာ မရှိတော့ပေ။ ရှေ့တန်းစီမံကိန်း မစတင်မီ အနီရောင်ကမ္ဘာနှင့် S-Class မွန်းစတားကြားက ဆက်သွယ်ချက်များကို ရှာဖွေရမည်။ သတင်းအချက်အလက် ညီမျှမှသာ လူသားများဘက်မှ ကျန်ရှိသောအချိန်တွင် အခွင့်အရေးရနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ရှေ့တန်းစီမံကိန်း စတင်ပြီးနောက် ဂလက်ဆီနှလုံးသားကို သူက ထိန်းချုပ်နိုင်ရန် လိုအပ်သည်။
ချူကျောက်နန်က သူ့အတွက် ၁၀ စက္ကန့်သာ အချိန်ပေးထားသည်။ ထိုအချိန်အတွင်း ဖမ်းဆုပ်နိုင်ရမည်။ မဟုတ်လျှင် မြို့ပြလက်နက်များ အားလုံး အလုပ်မလုပ်တော့ဘဲ ရှေ့တန်းစစ်မျက်နှာစာများ ရပ်တန့်သွားကာ မြို့ရိုးကာကွယ်ရေးများ ကျဆုံးပြီး မတွေးဝံ့စရာ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပေသည်။
“အခုတော့ ယာဉ်တန်းကြီးက လူအတော်များများက မြို့ရိုးရှေ့တန်းကို စစ်ကူသွားနေကြပြီ။ မြို့ထဲမှာလည်း သန္ဓေပြောင်းမှုတွေကြောင့် တစ်ညလုံး ရုန်းရင်းဆန်ခတ်တွေ ခဏခဏဖြစ်နေတယ်။ ပြဿနာက မနေ့ညက တိုက်ပွဲမှာ ယာဉ်တန်းက ကားအတော်များများ ပျက်စီးသွားတာပဲ။ အထူးသဖြင့် ယာဉ်တန်းအသေးတွေဆိုရင် ကားတွေကို ထားပစ်ခဲ့ပြီး မြို့ထဲကို ဝင်ခဲ့ကြရတယ်”
မြေအောက်ခံတပ်သို့ ရောက်ရှိသောအခါ အဖွဲ့ဝင်အချို့မှာ သံလိုက်ယာဉ်ပေါ်သို့ တက်လိုက်ကြပြီး မြို့ပြင်သို့ စတင်ထွက်ခွာလိုက်ကြသည်။
ယာဉ်ပေါ်တွင် ကီကီက လင်းရှန်ကို အခြေအနေများ ရှင်းပြနေသည်။ ထိုအချိန်တွင် ယန္တရားစကင်ဖတ်မှုအား အလွန်အကျွံ သုံးစွဲခဲ့သည့် နောက်ဆက်တွဲဝေဒနာများ စတင်လာသည်။ ပြင်းထန်သော ခေါင်းကိုက်မှုကြောင့် အမြင်အာရုံကို စုစည်းရန်ပင် လင်းရှန် ခက်ခဲနေသည်။
“ဘာလို့ လူတွေ နည်းသွားတာလဲ” လင်းရှန် မေးလိုက်သည်။
“ခေါင်းဆောင်ကျိုးရဲ့ အဖွဲ့က စက်သေနတ်ကိုင် တုံစီ၊ ခေါင်းဆောင်ချီနိုအဖွဲ့က ပျံသန်းနိုင်တဲ့ စွမ်းအားရှင်နှစ်ယောက်နဲ့ တခြားသူအချို့ မနေ့ညက တိုက်ပွဲမှာ ကျဆုံးသွားကြပြီ”
ချူယန်က ပြောပြသည်။
ထိုစကားကြောင့် လင်းရှန် မျက်နှာပျက်သွားသည်။ ပြင်းထန်သော တိုက်ပွဲများကြောင့် ပင်ပန်းနေကြသည့် ကျိုးကျင်း၊ လီစူး၊ ချီနိုနှင့် အခြားသူများကို သူ လှမ်းကြည့်လိုက်မိသည်။ လင်းရှန်အတွက်မူ မြို့တစ်မြို့လုံးကို စကင်ဖတ်ခြင်းမှာ မိနစ်ပိုင်းသာ ကြာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အချိန်များစွာ ကုန်ဆုံးသွားခဲ့သည်။ အဖွဲ့ဝင်များ သေဆုံးမှုကြောင့် လင်းရှန် စိတ်မကောင်းဖြစ်နေသည်၊၊
“ငါစဉ်းစားနေတာက မြူမီးခိုးမွန်းစတားနဲ့ ဆက်သွယ်နေတဲ့သူက ဘယ်သူလဲဆိုတာ သေချာမသိသေးဘူး။ အရေးကြီးတဲ့သူကို မှားသတ်မိရင် ဘယ်လိုလုပ်မလဲ”
ချူယန်က တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
“နင်က အနီရောင်ကမ္ဘာဆိုတဲ့အဖွဲ့အကြောင်းကို သေချာနားမလည်သေးလို့ပါ။ ငါတို့ သူတို့ကို စောင့်ကြည့် စုံစမ်းနေတာ ကြာပြီ။ အဆင့်မြင့် အဖွဲ့ဝင်အတော်များများကိုလည်း ဖမ်းဆီးခဲ့ဖူးတယ်။ ဒီအဖွဲ့က လူသားမျိုးနွယ်ကို ဆန့်ကျင်တာ ဒါမှမဟုတ် အခွင့်အရေးသမားသက်သက်ပဲ မဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် သူတို့ရဲ့ အခြေခံအတွေးအခေါ်က ချူကျောက်နန်တို့ ဖက်ဒရေးရှင်းအဖွဲ့နဲ့ အတူတူပဲ။ အဲဒါက ‘လူသားတွေ ရှုံးနိမ့်ဖို့ သေချာနေပြီ’ ဆိုတဲ့ အတွေးပဲ။ ဒစ်ဂျစ်တယ်သက်ရှိနည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ ရှင်သန်မှု အယူအဆက အခြေခံကစပြီး ပြောင်းလဲသွားတယ်။ အရှင်းဆုံး ပြောရရင် သူတို့က လူသားမျိုးနွယ် မျိုးတုံးသွားတာကို မလိုလားဘူး။ အဲဒီအစား လူသားတွေအနေနဲ့ အမှောင်သတ္တဝါတွေနဲ့ ဆက်သွယ်တာ၊ ကူညီတာ၊ နောက်ဆုံးမှာတော့ အဲဒီစွမ်းအားတွေနဲ့ တစ်သားတည်းဖြစ်သွားပြီး အတူယှဉ်တွဲ ရှင်သန်သွားနိုင်မယ်လို့ ယုံကြည်နေကြတာပဲ”
“အနီရောင်ကမ္ဘာရဲ့ အမြင်မှာတော့ တွင်းနက်ကနေ ရောက်လာတဲ့ အမှောင်ယဉ်ကျေးမှုဆိုတာ နောက်ထပ် အုပ်စိုးသူသက်ရှိပုံစံတစ်ခုပဲ။ ဒါကြောင့် သူတို့က အဲဒါကို ကိုးကွယ်ကြတယ်၊ အစွန်းရောက် ယုံကြည်သက်ဝင်ကြတယ်၊ နောက်ဆုံးမှာတော့ အဲဒါနဲ့ တစ်သားတည်းဖြစ်သွားအောင် သူတို့ကိုယ်သူတို့ ပြောင်းလဲဖို့တောင် ကြိုးစားကြတယ်။ ဒါကို သူတို့က ‘အဆင့်မြင့် သက်ရှိပုံစံ’ လို့ ခေါ်ကြတယ်။ စွမ်းအားရှင်တွေဆိုတာကတော့ ဒီအမှောင်ထုရဲ့ လွှမ်းမိုးမှုကို ခံထားရတဲ့ အစောပိုင်းကာလ ‘ဖောက်ပြန်သူတွေ’ ပေါ့”
“ဖောက်ပြန်သူတွေ ဟုတ်လား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ သူတို့က ပြည့်စုံမှု မရှိသေးလို့ပဲ။ စွမ်းအားရှင်တွေဟာ အမှောင်ကျူးကျော်ထားတဲ့ နေရာတွေမှာ အမြဲတမ်း ရှင်သန်မနေနိုင်ဘူး၊ အသက်အန္တရာယ်ကလည်း စိုးရိမ်ရသေးတယ်”
သံလိုက်ယာဉ်က မြေအောက်ကွန်ရက်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်နေသဖြင့် လေဖိအားကြောင့် နားထဲတွင် အောင့်လာသည်။ ချူယန်က ဆက်ပြောသည်။
“ဒါကြောင့် ငါတို့ အမြင်မှာ S-Class အဆင့် မွန်းစတားလို့ မြင်နေရတာတွေဟာ အနီရောင်ကမ္ဘာအတွက်တော့ နတ်ဘုရားတွေလိုပဲ။ အဲဒီလို နတ်ဘုရားတွေနဲ့ ဆက်သွယ်ပြီး မတူညီတဲ့ သက်ရှိပုံစံနဲ့ ယဉ်ကျေးမှုကို သိချင်တယ်ဆိုရင်တော့ သာမန်လူတွေ ဒါမှမဟုတ် စမ်းသပ်ခံသတ္တဝါတွေကို သုံးလို့ မရဘူး”
ထိုစကားကို ကြားသောအခါ ကီကီက ခေါင်းငြိမ့်လိုက်သည်။
“ကျွန်မ နားလည်ပြီ။ အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါတွေလိုပေါ့၊ သူတို့က S-Class အဆင့်နဲ့ ဆက်သွယ်ရုံတင် မဟုတ်ဘဲ အဲဒီနည်းလမ်းကို သုံးပြီး သူတို့ကိုယ်တိုင်ပါ S-Class သက်ရှိပုံစံဖြစ်ချင်နေကြတာလား”
ချူယန်က ခေါင်းငြိမ့်ပြသည်။ “အတိအကျပဲ”
“ရူးနေတဲ့လူတစ်စုပဲ” လင်းရှန်က ရေရွတ်လိုက်သည်၊၊
တစ်ဖက်တွင် ထိုင်နေသော ချီနိုက စီးကရက်တစ်လိပ်ကို မီးညှိရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူက ဝင်ပြောသည်။
“Freud ရဲ့‘သေခြင်းတရား တွန်းအား’ အယူအဆအရဆိုရင် လူသားတွေရဲ့ အတွင်းစိတ်အနက်ရှိုင်းဆုံးမှာ ဖျက်ဆီးလိုတဲ့ ဗီဇ (ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာအပါအဝင်) ရှိတတ်ကြတယ်။ ကြောက်ရွံ့မှုက သည်းခံနိုင်စွမ်းထက် ကျော်လွန်သွားတဲ့အခါ အဲဒီကြောက်ရွံ့မှုဟာ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအားအပေါ် စွဲလန်းတဲ့ စိတ်ရောဂါတစ်ခုလို ဖြစ်သွားနိုင်တယ်”
“အဲဒီအပြင် လူသားတွေဟာ အမှောင်ထုထဲကနေ ဆင့်ကဲပြောင်းလဲမှုအနေနဲ့ စွမ်းအားတွေကို ရရှိလာကြတာဆိုတော့ သူတို့ရဲ့ အယူအဆက ပိုခိုင်မာသွားတာပေါ့”
“အတိအကျပဲ”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင် S-Class နဲ့ ဆက်သွယ်နေတဲ့သူက ဂျူးလိယပ်စ်ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ ဒီလူမှာ ပွားယူထားတဲ့ ခန္ဓာကိုယ်တွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး။ ခင်ဗျားတို့ ပိုင်လုယွမ် နက္ခတာယာလေ့လာရေးစခန်းမှာ တစ်ယောက်ကို ရှင်းထုတ်ခဲ့တာ မှတ်မိသေးတယ်”
ချူယန်က ရှင်းပြသည်။
“သူ့မှာ လျှို့ဝှက်ဓာတ်ခွဲခန်း အမျိုးမျိုးကို စီမံခန့်ခွဲဖို့ ပွားထားတဲ့ ခန္ဓာကိုယ်တွေ အများကြီးရှိတယ်။ အဲဒီအပြင် အနီရောင်ကမ္ဘာမှာ သူ့လိုမျိုး အကျိုးတူဖန်တီးသူတွေလည်း ရှိသေးတယ်၊၊ သူတို့က ဘယ်သူတွေလဲဆိုတာ အခုထိ မသိရသေးဘူး”
ထိုစကားကြောင့် လင်းရှန် မျက်မှောင်ကြုတ်သွားသည်။
“ဒါဆိုရင် S-Class နဲ့ ဆက်သွယ်နေတာက သူ့ရဲ့ မူလခန္ဓာကိုယ် ဖြစ်နိုင်မလား။ ဒါက သိပ်ကို ဆွဲဆောင်မှုရှိတဲ့ ကိစ္စဆိုတော့...”
“ဖြစ်နိုင်တယ်”
ချူယန်က ဆက်ပြောသည်။
“ဒါပေမဲ့ သူနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဖူးသလောက်တော့ သူက အရမ်းသတိကြီးပြီး ဉာဏ်ကောင်းတဲ့သူပဲ”
လင်းရှန် အချိန်ကို စစ်ဆေးလိုက်သည်။
“အချိန် တစ်နာရီကျော်ပဲ ကျန်တော့တယ်။ အကာအကွယ်ဖျက်ဆီးရေး ကိရိယာက ဒုတိယအကြိမ် စတင်တော့မှာပဲ။ အဲဒီအချိန်ကျမှ သူ့ကို ဖမ်းရုံပဲ”
ချူယန်က လင်းရှန်ကို စိုက်ကြည့်လိုက်သည်။
“လင်းရှန်... နင်က အခု အခြေအနေသိပ်မကောင်းဘူး။ ခဏနေ အနီရောင်ကမ္ဘာက လူတွေနဲ့ တိုက်ပွဲဖြစ်ရင် ရှေ့ကို သိပ်မတက်နဲ့။ သတင်းအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူဖို့က ငါ့ရဲ့ အဓိကတာဝန်ပဲ၊၊ နင်ကတော့ ဂလက်ဆီနှလုံးသား ကျူးကျော်မခံရအောင် သေချာဂရုစိုက်ပေးရမယ်”
“ဟုတ်တယ်” ကျိုးကျင်းကလည်း ဝင်ပြောသည်။
“ကျုပ်အဖွဲ့ရဲ့ တာဝန်က ကပ္ပတိန်လင်းကို ကာကွယ်ဖို့ပဲ။ မြို့တစ်ခုလုံးရဲ့ လက်နက်တွေ အကြာကြီး အလုပ်မလုပ်တော့ဘူးဆိုရင် ဒါမှမဟုတ် အနီရောင်ကမ္ဘာက ထိန်းချုပ်သွားမယ်ဆိုရင်တော့ ကျုပ်တို့အားလုံး အဆုံးသတ်သွားပြီပဲ”
“၁၀ နာရီဆိုရင် မိုးလင်းတော့မယ်”
လင်းရှန် မျက်လုံးအနည်းငယ် မှိတ်လိုက်သည်။
“အားလုံး အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပဲ။ မိုးလင်းတဲ့အထိ အသက်ရှင်နိုင်ရင် သန္ဓေပြောင်းမွန်းစတားတွေ ဆုတ်ခွာသွားလိမ့်မယ်”
***