၉ နာရီအချိန်တွင် သံလိုက်ယာဉ်သည် မြေအောက်ကွန်ရက်မှ ပိတ်ထားသော လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ ကားရပ်သွားသောအခါ လမ်းကြောင်း၏ အဆုံးတွင် ကြီးမားသော ပေါက်ကွဲမှုဒဏ်ခံ တံခါးချပ်ကြီးတစ်ခု ပေါ်လာသည်။
[အန္တရာယ်] [သီးသန့်ဇုန်] အစရှိသည့် သတိပေးချက် အမျိုးမျိုးမှာ လက်နှိပ်ဓာတ်မီးရောင်အောက်တွင် ထင်ရှားစွာ မြင်နေရသည်။
ကျိုးယန်က ကားပေါ်မှ အရင်ဆုံးဆင်းကာ ကြမ်းပြင်ကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။
“လမ်းကြောင်းက ပွင့်နေတယ်။ ဒါပေမဲ့ စနစ်နှစ်ခုကွဲနေပြီး လုံးဝ သီးသန့်ဖြစ်နေတာကိုး။ ဒါကြောင့်လည်း ရှာရခက်နေတာ”
“ပစ္စည်းတွေနဲ့ စက်ကိရိယာတွေအားလုံးကို ဒီလမ်းကြောင်းကနေပဲ သယ်ရမှာ။ ဒီနေရာကို သေချာ စောင့်ကြပ်ထားမှာပဲ”
ဝီး...။
ထိုစဉ် လင်းရှန်က ကြယ်နက်ပန်းပဲဖို ဟင်းလင်းပြင်နေရာလွတ်ထဲမှ ထွက်လာသော သံချပ်ကာယာဉ် လေးစီးကို ထုတ်ယူလိုက်သည်။ ထို့နောက် တံခါးကို ဖွင့်ရန် ရှေ့သို့ တိုးသွားသည်။
မမျှော်လင့်ထားစွာပင် ရှီဇီက သူ့ကို ချက်ချင်း တားလိုက်သည်။
“သတိထား... ဒီတံခါးနောက်မှာ မွန်းစတားတွေ ရှိနေတယ်”
ထိုစကားကြောင့် အဖွဲ့သားအားလုံး ချက်ချင်းပင် လက်နက်များကို အသင့်ပြင်ကာ သတိထားလိုက်ကြသည်။
ချီနိုက လက်ဟန်ဖြင့် အချက်ပြလိုက်ရာ စွမ်းအားရှင် အဖွဲ့လေးဖွဲ့မှာ ချက်ချင်းပင် ဖြန့်ကာ လူစုခွဲလိုက်သည်။
“ကျိုးကျင်း၊ ချူယန်... မင်းတို့က ကပ္ပတိန်လင်းကို ကားပေါ်တင်ပြီး ခေါ်သွားကြ။ ငါတို့က မင်းတို့ကို ကာကွယ်ပေးမယ်၊၊ ပြီးရင် နောက်တန်းကနေ ပံ့ပိုးပေးမယ်”
“ကောင်းပြီ”
အချိန်က အလွန်တန်ဖိုးရှိနေသဖြင့် မည်သူမျှ စကားအပို မပြောကြပေ။ ကျိုးကျင်းက သူ့အဖွဲ့ကို ဦးဆောင်ကာ ပထမဆုံးယာဉ်ပေါ်သို့ တက်လိုက်ပြီး ထိုးဖောက်ရန် ပြင်ဆင်သည်။ လင်းရှန်နှင့် ချူယန်တို့အဖွဲ့က အလယ်ယာဉ်ပေါ်သို့ တက်ကြပြီး နောက်ဆုံးယာဉ်နှစ်စီးကိုမူ ချီနိုနှင့် လူ ၃၀ ကျော်ပါသော အဖွဲ့အတွက် ချန်ထားခဲ့သည်။
ပတ်ဝန်းကျင်လေထုသည် ရုတ်တရက် တင်းမာသွားသည်။ ညလမ်းလျှောက်သူအဖွဲ့ အသင့်ဖြစ်သည်နှင့် လင်းရှန်က ယန္တရားစွမ်းအားကို သုံး၍ ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးကို အတင်းအကျပ် တွန်းဖွင့်လိုက်သည်။
ဝူး...။
ကြီးမားလှသော တံခါးကြီးမှာ အလယ်မှ ပွင့်ထွက်သွားပြီး အေးစက်သော လေထုနှင့်အတူ မှောင်အတိကျနေသော လမ်းကြောင်းကြီးမှာ အားလုံး၏ ရှေ့မှောက်တွင် ပေါ်လာသည်။
အတွင်းဘက်ရှိ လမ်းကြောင်းမှာ အပြင်ဘက်ကထက် များစွာ ကြီးမားပြီး အဆပေါင်းများစွာ ပိုကျယ်သည်။ ချူယန်က ကားမောင်းပြီး ကီကီက ဘေးမှနေ၍ လမ်းကြောင်းအတွင်းသို့ လှမ်းကြည့်လိုက်ရာ အတွင်းဘက်သို့ တန်းစီနေသော အစိမ်းရောင် အရေးပေါ်မီးလုံးများကိုသာ မြင်ရသည်။ ရှေ့ဆုံးမှ ကျိုးကျင်းအဖွဲ့က သေနတ်များကို အသင့်ပြင်ကာ ကားမီးကြီးများကို ဖွင့်လိုက်ရာ ခြောက်ကပ်နေသော ဧရိယာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဟူး... ဟူး...။
အောက်ဆီဂျင်မျက်နှာဖုံး တပ်ထားပြီး အသက်ရှူနေသလိုမျိုး လည်ချောင်းသံတစ်ခုက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံမှာ ကြောက်မက်ဖွယ်ကောင်းပြီး ကြက်သီးထစရာပင်။
ထိုစဉ် အမှောင်ထုထဲမှ အရပ် ၂ မီတာကျော်ခန့်ရှိသော လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုလူရိပ်၏ နောက်တွင်မူ အနက်ရောင် တောက်ပြောင်နေသော ဂတ်တလင်း စက်သေနတ်ကြီး နှစ်လက်ကိုလည်း မြင်တွေ့လိုက်ရသည်၊၊
အနီရောင်သတ္တဝါ…
ထိုအနီရောင်သတ္တဝါကို မြင်လိုက်ရသည်နှင့် လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ အဖြူရောင်မြို့တော်တွင် တွေ့ခဲ့ရသည့် တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ဤတစ်ယောက်မှာ တစ်ကိုယ်လုံးကို ကြီးမားသော စွမ်းအားဝတ်စုံများဖြင့် ဖုံးအုပ်ထားသည်။ ခေါင်းနှင့် လည်ပင်းတို့တွင် ကြောက်မက်ဖွယ်ကောင်းသော သားသတ်သမားတစ်ယောက်ကဲ့သို့ ချုပ်ရိုးကြောင်းကြီးများ ရှိနေပြီး မျက်နှာတွင်မူ ပြောင်းနှစ်ခုပါသော အသက်ရှူမျက်နှာဖုံးကို တပ်ထားသည်။ မျက်လုံးတစ်ဖက်မှာ အနီရောင်တောက်နေပြီး လူသားနှင့် စက်ရုပ်တို့ ကြောက်မက်ဖွယ်ပေါင်းစပ်ထားသည့် ပုံစံမျိုးပင်။
“သတိထားကြ”
ဝူး
ဂတ်တလင် စက်သေနတ်နှစ်လက်၏ မော်တာများမှာ တစ်ခဏချင်းအတွင်း အရှိန်ပြင်းပြင်း လည်ပတ်သွားပြီး သံမဏိကျည်ဆန် မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်မှာပင် ညလမ်းလျှောက်သူအဖွဲ့မှ အမျိုးသမီး စွမ်းအားရှင်တစ်ဦးက သူမ၏ ပါးစပ်မှ အနီရောင် မီးခိုးငွေ့အမြောက်အမြားကို ရုတ်တရက် မှုတ်ထုတ်လိုက်ရာ လမ်းကြောင်း အဝင်ဝတစ်ခုလုံးကို ဖုံးလွှမ်းသွားသည် ။ လူအုပ်ဆီသို့ ဦးတည်ပစ်ခတ်နေသည့် စက်သေနတ်ကျည်ဆန်အားလုံးမှာ ထိုမီးခိုးငွေ့များကြားတွင် တန့်သွားကြရာ ယင်းက လင်းရှန်ကို တွင်းနက်ထဲရှိ ထူးဆန်းသောအစိမ်းရောင်မြွေကြီး၏ စွမ်းရည်ကို သတိရသွားစေသည်၊၊
ထို့နောက် ထိုအမျိုးသမီး စွမ်းအားရှင်က အနီရောင် မီးခိုးငွေ့များကို ရှေ့သို့ တွန်းထုတ်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားသည် ။ လင်းရှန်က သူ၏ ယန္တရားစွမ်းအားကို ချက်ချင်း အသုံးချပြီး ဂတ်တလင်စက်သေနတ်နှစ်လက်ကို တိုက်ရိုက် ပြိုကွဲပျက်စီးစေလိုက်ရာ ပစ်ခတ်သံများ ရပ်တန့်သွားသည်။ သို့သော် နောက်ဆက်တွဲအနေဖြင့် တုန်ခါမှုလှိုင်းများစွာ ထွက်ပေါ်လာသည်၊၊
ဘုန်း ဘုန်း
ကီကီက တုန်ခါမှုကို ခုခံရန် စိတ်စွမ်းအင်ဒိုင်းကာကို ချက်ချင်း အသုံးပြုလိုက်သည် ။ ပြင်းထန်သော ပေါက်ကွဲမှုအပြီးတွင် တစ်ကိုယ်လုံး သံချပ်ကာများ ဖုံးလွှမ်းထားသည့် အနီရောင်သတ္တဝါသည် နားကွဲမတတ် ဆူညံသံများနှင့်အတူ အမှောင်ထုထဲမှ လူအုပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာသည်၊၊
ကားရှေ့မီးရောင်အောက်တွင် အလွန်လျင်မြန်သည့် ထူးဆန်းသော လူသားအချို့လည်း ထွက်ပေါ်လာသည် ။ အမျိုးသားရော၊ အမျိုးသမီးရော ပါဝင်ပြီး သူတို့တွင် ယန္တရားဖိနှိမ်ကိရိယာများနှင့် ပေါ့ပါးသော သံချပ်ကာများ တပ်ဆင်ထားသည်၊၊ ဟိန်းဟောက်သံများနှင့်အတူ စွမ်းအားအမျိုးမျိုးက လေထုကို ဖြတ်သန်းသွားပြီး လက်နက်များမှာလည်း ပေါက်ကွဲသံများနှင့်အတူ ပွင့်ထွက်လာသည်၊၊
ကီကီ၏ စိတ်စွမ်းအားက သူတို့ထဲမှ အချို့ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည် ။ ထိုအတောအတွင်း လင်းရှန်က သူတို့ ကိုယ်ပေါ်ရှိ သံချပ်ကာများကို ပြိုကွဲစေရန် ယန္တရားစွမ်းအားကို အမြန် အသုံးပြုလိုက်သည် ။ ထူးဆန်းသည်မှာ ထိုလူသားများတွင် ထိန်းချုပ်ကိရိယာမရှိကြဘဲ နှိမ်နင်းရေး ကိရိယာများဖြင့် ယဉ်ပါးအောင် လုပ်ထားသည့် သတ္တဝါများနှင့် တူနေသည် ။ နှိမ်နင်းရေးကိရိယာများ ပျက်စီးသွားသည့်တိုင် သူတို့ သေဆုံးမသွားဘဲ ပို၍ပင် ရူးသွပ်လာကြသည်၊၊
“ဒါတွေက အနီရောင်သတ္တဝါတွေ မဟုတ်ဘူး” လင်းရှန်က ပြောလိုက်သည် ။
အုန်း
ပြင်းထန်သော သံလိုက်မုန်တိုင်းဗုံးတစ်လုံးက အလယ်တည့်တည့်တွင် ပေါက်ကွဲသွားသည်။ ချီနိုက သူ့အဖွဲ့ကို ဦးဆောင်ပြီး တန်ပြန်တိုက်စစ်ဆင်လိုက်ရာ လမ်းကြောင်းတစ်ခု အမြန်ပွင့်သွားသည်၊၊
“မြန်မြန်လေး… အချိန် မရှိတော့ဘူး၊ ငါတို့ ထိုးဖောက်သွားမှ ဖြစ်မယ်”
ထိုအချိန်တွင် ကျိုးကျင်းက လီဗာကို အဆုံးထိ နင်းလိုက်ရာ သံချပ်ကာကား၏ အင်ဂျင်သံမှာ ပြင်းထန်စွာ ဟိန်းထွက်လာသည်။ ကားခေါင်မိုးပေါ်ရှိ အဖွဲ့ဝင်များကလည်း စက်သေနတ်များဖြင့် အစွမ်းကုန်ပစ်ခတ်ကြပြီး ချူယန်၏ ကားကလည်း နောက်မှ ကပ်လျက် လိုက်ပါလာသည်၊၊
ညလမ်းလျှောက်သူအဖွဲ့နှင့် ကျိုးကျင်း၏ အဖွဲ့တို့သည် ရှိသမျှ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်ကြသည် ။ စွမ်းအားအမျိုးမျိုးနှင့် လက်နက်ကြီးများက လမ်းရှင်းပေးလိုက်ရာ ကားနှစ်စီးမှာ မြို့ပြင်သို့ ဦးတည်သည့် ဥမင်လိုဏ်ခေါင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်၊၊
ဂယား
ဥမင်လိုဏ်ခေါင်းထဲသို့ ရောက်သည်နှင့် လူတိုင်းမှာ ပိုမိုပြင်းထန်သော အေးစက်မှောင်မိုက်သည့် အငွေ့အသက်များ ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် နှိမ်နင်းရေး ကိရိယာများ တပ်ဆင်ထားသည့် ထူးဆန်းသော လူသားအမြောက်အမြားသည် အမှောင်ထဲမှ ဆက်တိုက်ထွက်ပေါ်လာပြီး နံရံများပေါ်မှ တွားသွားကာ ယာဉ်တန်းဆီသို့ ဝိုင်းအုံလာကြသည် ။
ချီနို၏ အဖွဲ့ခွဲကလည်း သူတို့၏ ကားများပေါ်သို့ တက်ကာ လင်းရှန်တို့အဖွဲ့ နောက်မှ အကာအကွယ်ပေးရင်း လိုက်ပါလာသည်၊၊ ထိုအချိန်တွင် အနီရောင်သတ္တဝါသည် ပေါက်ကွဲမှု အပျက်အစီးများကြားမှ ပြန်ထလာသည်၊၊ သူ၏ သံချပ်ကာ တစ်ဝက်ခန့်မှာ ပျက်စီးသွားသော်လည်း သွေးသားတစ်ရှူးများမှာ ရူးသွပ်ဖွယ်ကောင်းလောက်သော အမြန်နှုန်းဖြင့် ပြန်လည်ဖြစ်ပေါ်လာသည် ။ သူက ဟိန်းဟောက်လိုက်ပြီး ယာဉ်တန်းဆီသို့ ပြင်းထန်သော တုန်ခါမှုလှိုင်းကြီးတစ်ခု လွှတ်ထုတ်လိုက်သည်၊၊
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဥမင်လိုဏ်ခေါင်းတစ်ခုလုံးမှာ သံစည်ပိုင်းတစ်ခုကို ထုနှက်လိုက်သလို ခံစားလိုက်ရပြီး လေထုမှာ ပြင်းထန်စွာ တုန်ခါသွားရာ လမ်းရှိ အရေးပေါ် မီးလုံးအားလုံး ကွဲအက်ကုန်သည်၊၊
“ညလမ်းလျှောက်သူအဖွဲ့က စုပေါင်းပစ်အားနဲ့ တိုက်ခိုက်ခံရတာတောင် ဒီအဆင့်မြှင့်ထားတဲ့ အနီရောင်သတ္တဝါရဲ့ စွမ်းအားနဲ့ အသက်ဓာတ်က ပိုပိုပြီး သန်မာလာနေတယ်”
ချူယန်က ကားမောင်းရင်း ပြောလိုက်သည်၊၊
“သူတို့တွေက အဆင့်မြင့်စွမ်းအားရှင်တွေကို စမ်းသပ်ခံအဖြစ် သုံးထားတာ ဖြစ်ရမယ်”
ကီကီက သူမဆီ ပြေးဝင်လာသည့် လူသားများကို ရှင်းထုတ်ရန် စိတ်စွမ်းအင်ကို အပြည့်အဝ အသုံးချရင်း ပြောလိုက်သည်၊၊
ယခုအချိန်တွင် သူတို့အတွက် အဓိကပန်းတိုင်မှာ ထိုလမ်းပိတ်ထားသူများကို သတ်ရန် မဟုတ်ဘဲ ရှေ့တန်းစီမံကိန်း မစတင်မီ နတ်ဘုရားတောင်ထိပ်လွှတ်တင်ရေးစခန်းသို့ ရောက်ရှိရန် ဖြစ်သည်၊၊
***