မကြာမီမှာပင် ဂရေ့စ်က တိုက်ပွဲကို အသာစီးရယူနိုင်ခဲ့သည်။ လင်းရှန်၊ ကီကီ၊ ချူယန်၊ ကျိုးကျင်းတို့ကဲ့သို့ အစွမ်းထက်သော စွမ်းအားရှင်များ၏ ကြိုးပမ်းမှုကြောင့် ရန်သူ့အစောင့်များနှင့် ဒရုန်းများမှာ လျင်မြန်စွာပင် ချေမှုန်းခြင်း ခံလိုက်ရသည်။
“ဒီနေရာက ဒုံးပျံလွှတ်တင်တဲ့နေရာပဲ။ အနီရောင်ကမ္ဘာရဲ့ S-Class သုတေသနအခြေစိုက်စခန်းလည်း ဖြစ်တဲ့အတွက် ဒီမှာ အနီရောင်သတ္တဝါတွေ မရှိဘူး”
ဒရုန်းများမှ ပေးပို့သော ရုပ်သံမှတ်တမ်း အချက်အလက်များကို ကြည့်ပြီး လင်းရှန်က ချူယန်နှင့် ကျိုးကျင်းတို့ကို ချက်ချင်းပင် မျှဝေပေးလိုက်သည်။
“လူအိုကြှီးချီတို့အဖွဲ့က အဲဒီမိစ္ဆာတွေကို လမ်းလျှောက်လမ်းမှာ ထိန်းထားပေးတယ်၊ ငါတို့ မြန်မြန်လုပ်ရမယ်”
ကျိုးကျင်းက ပြန်ပြောသည်။
ထို့နောက် လင်းရှန်နှင့် သူ၏အဖွဲ့သည် ဂရေ့စ်၏ ဒရုန်းများ ရှင်းလင်းပေးထားသော လမ်းကြောင်းအတိုင်း ရှေ့ဆက်ခဲ့ကြသည်။ နောက်ဆုံးလက်နက်ကိုင်အုပ်စုကို ရှင်းလင်းပြီးနောက် သေနတ်သံများလည်း ရုတ်တရက် ငြိမ်ကျသွားသည်။
အတွင်းဘက်သို့ ပိုဝင်လေလေ မီးအလင်းရောင်များက ပိုမိုတောက်ပလာလေလေဖြစ်သည်။ တည်ဆောက်ရေး စွမ်းအင်အားလုံးကို အောက်ခြေမှစ၍ အပေါ်သို့ တည်ဆောက်ထားသည့်အလားပင်။ မြေအောက်လှိုဏ်ခေါင်းကြီးအတွင်းမှ သံထည်ပစ္စည်းများ၏ ဆူညံသံများသည် သတ္တဝါကြီးတစ်ကောင်၏ အသက်ရှူသံကဲ့သို့ပင် ပဲ့တင်ထပ်နေသည်။ မူလက အာရုဏ်ဦးမြို့တော်နှင့် ဆက်သွယ်ထားသော လူတစ်သန်းနေထိုင်ရန် ရည်ရွယ်ခဲ့သည့် ဤမပြီးပြတ်သေးသော မြေအောက်မြို့တော်မှာ ယခုအခါ ဒုံးပျံလွှတ်တင်ရေးစခန်းကြီးတစ်ခုအဖြစ် အကြမ်းဖျင်းပြောင်းလဲခြင်း ခံထားရသည်။
မပြီးပြတ်သေးသော ကွန်ကရစ်အဆောက်အအုံများကြားတွင် ကြီးမားသော ဟိုက်ဒရောလစ် တိုင်ကြီးများက မြေအောက်နံရံများကို ထောက်ထားပေးသည်။ အလယ်ဗဟိုရှိ ဒေါင်လိုက်လမ်းကြောင်းကြီးမှာ အချင်းမီတာငါးရာကျော်ရှိပြီး အလွှာလိုက် ပြုပြင်ထိန်းသိမ်းရေး စင်မြင့်များဖြင့် တည်ဆောက်ထားကာ လိမ္မော်ရောင် သတိပေးမီးများ လင်းထိန်နေသည်။
လင်းရှန်နှင့် ချူယန်တို့အဖွဲ့သည် အလုပ်သမားသုံး ပလက်ဖောင်းတစ်ခုကို စီးနင်းကာ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာကြရာ ကြီးမားရှုပ်ထွေးလှသော ဒုံးပျံလွှတ်တင်ရေး ကိရိယာကြီးကို မြင်တွေ့လိုက်ရသည်။ မြေအောက်မြို့တော်၏ အမိုးပေါက်ပတ်လည်တွင် သတ္တုပိုက်လိုင်းများစွာ ယှက်နွယ်နေပြီး လောင်စာဖြည့်တင်းရေး တာဝါတိုင်ကြီးများမှာလည်း ထိုးထိုးထောင်ထောင်ရှိနေကြပေသည်၊၊
“ဒီအောက်မှာ အမှောင်ထုရဲ့ အငွေ့အသက်က တော်တော်ပြင်းထန်တယ်”
ရှီဇီ၏မျက်နှာမှာ ဖြူလျော်နေပြီး သူမ ရှူထုတ်လိုက်သော လေများပင် အေးစိမ့်နေသည်။ မြေအောက်သို့ ပိုဆင်းလေလေ အပူချိန်က ပို၍ ကျဆင်းလာလေဖြစ်ပုံရသည်။
“ဟိုမှာ မြန်မြန်ကြည့်လိုက်စမ်း”
ကီကီက ထိုခဏ၌ပင် အံ့အားသင့်တုန်လှုပ်စွာ အော်ပြောလိုက်သည်။ လူတိုင်း၏ အကြည့်များမှာ အောက်ဘက်သို့ ရောက်သွားကြပြီး မြေအောက် မီတာ ၃၀၀ အကွာတွင် ကြီးမားလှသော ဇီဝသတ္တဝါကြီးတစ်ကောင်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ဇီဝသတ္တဝါနှင့်လည်း တူသလို အလွန်ကြီးမားသော ယန္တရားစက်ရုပ်ကြီးနှင့်လည်း ဆင်တူနေသည်။ ချွန်ထက်သော ဦးခေါင်းပိုင်း အကာအကွယ်တွင် ထိန်းချုပ်ရေးကိရိယာများစွာ တပ်ဆင်ထားပြီး အကာအကွယ်အောက်ရှိ ဖိနှိပ်မှုစနစ်မှလည်း ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည်။ အချက်ပြမီးရောင်မျိုးစုံအောက်တွင် ဤကြီးမားလှသော အကာကွယ်ချိုးဖျက်ကိရိယာကြီးမှာ လူတိုင်း၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ကြီးမားလာသည်။ အဖြူရောင် အပြင်ဘက် အကာအကွယ်ကို ကြယ်သင်္ဘောများတွင် သုံးသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး လွှတ်တင်ရန် ပြင်ဆင်နေသည့်အတွက် အောက်ဘက်ရှိ အလိုအလျောက်စနစ်များမှာ စတင်လည်ပတ်နေပြီ ဖြစ်သည်။
ထိုအကာအကွယ်ဝတ်စုံ၏ ခြောက်ခြားဖွယ်ရာ မျက်နှာသွင်ပြင်ကို မြင်ရသောအခါ လင်းရှန်သည် ချူယန်နှင့်အတူ အိမ်မက်ထဲတွင် တွေ့ခဲ့ရသည့် အရေပြားမွဲခြောက်ကာ အရိုးဆူးများ ပြည့်နှက်နေသော မြူမီးခိုးမွန်းစတား၏ ကြောက်မက်ဖွယ် ပုံသဏ္ဌာန်ကို ပြန်အမှတ်ရလာသည်။ ယခု ဤမျှကြီးမားသော ကိရိယာကြီးကို မြင်လိုက်ရသောအခါ သူတို့အားလုံး အသက်ရှူပင် မှားသွားကြရသည်။
“သောက်ကျိုးနည်း… သူတို့က ကြယ်သင်္ဘောကို ယူနစ် ၀၁ စက်ရုပ်နဲ့ ပေါင်းစပ်ပြီး S-Class သတ္တဝါကြီးပေါ်မှာ တပ်ဆင်ထားတာလား”
ကျိုးကျင်း၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။
“ဒါတင်မကဘူး အာကာသတွန်းကန်စက် အကြီးစားရှစ်လုံးတောင် ပါသေးတယ်။ တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး ကြယ်သင်္ဘော လေးစင်းစာ ရှိတယ်”
လီစူးက ဘေးမှနေ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီလောက်ကြီးတာကြီးက တကယ်ရော ပျံတက်နိုင်ပါ့မလား”
“အဓိက အထောက်အပံ့က S-Class မြူမီးခိုးမွန်းစတားရဲ့ ကိုယ်ထည်ပဲ။ ပင်မတည်ဆောက်ပုံမှာ ပြဿနာမရှိသရွေ့တော့”
ကီကီက အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
“ပျံနိုင်မှာပါ”
“ဒါက အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာတို့ ပူးပေါင်းထားတာလေ။ ဒါကြီးကို ကောင်းကင်အကာကွယ်ဆီ လွှတ်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ တည်ဆောက်ထားတာပဲ”
လင်းရှန်သည် အဘယ်ကြောင့် အာရုဏ်ဦးမြို့တော်က ကြယ်သင်္ဘောများ တည်ဆောက်ရေးကိုသာ အားစိုက်နေရသည်ကို နားလည်သွားပြီ ဖြစ်သည်။ အစိတ်အပိုင်းများစွာကို ဤနေရာအတွက် ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဖီးနစ်၏ အင်ပါယာပရောဂျက်နှင့် အခြေခံအားဖြင့် ကွာခြားသည်။ အမှန်အတိုင်း ပြောရလျှင် အင်ပါယာပရောဂျက်ကို ထုတ်လုပ်ရန် ခက်ခဲမှုမှာ ပိုမြင့်မားနိုင်သော်လည်း ဤအရာမှာ အနီရောင်ကမ္ဘာ၏ ဦးနှောက်-ယန္တရား ပေါင်းစပ်ဖိနှိပ်မှု နည်းပညာကို အဓိကထားပြီး ကြယ်သင်္ဘော၏ တွန်းကန်စက်များနှင့် အကာအကွယ်များကို အထပ်ထပ်တပ်ဆင်ထားခြင်း ဖြစ်သည်။ အကယ်၍ အလွန်ကြီးမားသော စက်ရုပ်ကိုသာ ထုတ်လုပ်မည်ဆိုလျှင် လက်ရှိလူသားတို့၏ ပစ္စည်းများမှာ ဤမျှကြီးမားသော တည်ဆောက်ပုံကို ထိန်းထားနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ကမ္ဘာ့ဆွဲငင်အားအောက်တွင် မဖြစ်နိုင်သလောက်ပင်။
တည်ဆောက်ရေးဓာတ်လှေကားမှာ သတ္တဝါကြီး၏ ရင်ဘတ်အကာအကွယ်၊ နူကလီးယားအင်ဂျင်ရှိရာ ပလက်ဖောင်းတစ်ခုသို့ ဆင်းသက်သွားသည်။ တစ်လွှာလုံးမှာ အင်ဂျင်နီယာ သုတေသနဌာနတစ်ခုအဖြစ် ပြောင်းလဲထားပုံရသည်။ လင်းရှန်နှင့် အခြားသူများ အတွင်းသို့ ဝင်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသော သုတေသီများနှင့် အင်ဂျင်နီယာများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။
ကျိုးကျင်းက အနီးရှိ အလောင်းတစ်လောင်းကို ခြေထောက်ဖြင့် လှန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ ဒီကိုမရောက်ခင်လေးတင် သေသွားတာပဲ”
ချူယန်နှင့် လင်းရှန်တို့သည် သုတေသနဌာနလမ်းကြောင်းများအတိုင်း ရှေ့ဆက်သွားစဉ် ရုံးခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ကွပ်ကဲမှုစင်တာများတွင် ဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော အလောင်း ရာနှင့်ချီကို တွေ့ရသည်။ ထိုအထဲတွင် လင်းရှန် အဖြူရောင်မြို့တော်၌ တွေ့ခဲ့ဖူးသော ကိုယ်ပွားများနှင့် သာမန်လူအချို့လည်း ပါဝင်သည်။
“သူတို့အားလုံးကို နှုတ်ပိတ်လိုက်တာပဲ” ချူယန်က မှတ်ချက်ပေးလိုက်သည်။
“နှုတ်ပိတ်တယ် ဟုတ်လား ဘာဖြစ်လို့လဲ” လင်းရှန်က ချက်ချင်းပင် မေးလိုက်သည်။
သူ စကားဆုံးသည်နှင့် ကွပ်ကဲမှုစင်တာရှိ ဆက်သွယ်ရေးစက်မှ ဆွဲငင်နိုင်စွမ်းရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဘာလို့လဲဆိုတော့ မြင့်မြတ်တဲ့ မစ်ရှင်က ပြီးမြောက်သွားပြီး သူတို့အားလုံး ပြန်လည်မွေးဖွားကြတော့မှာလေ”
“ဂျူးလိယပ်စ်”
“သူ တကယ်ပဲ ဒီမှာ ရှိနေတာပဲ”
ထိုအသံကို ကြားသည်နှင့် ချူယန် ချက်ချင်းမှတ်မိသွားသည်၊၊
ရှီး...
ထိုအချိန်တွင် ရှေ့ရှိ ပင်မထိန်းချုပ်ခန်းတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ လူတိုင်းက သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ အတွင်းဘက်တွင် ကြီးမားလှသော အဖြူရောင်ခန်းမကြီးတစ်ခုကို မြင်လိုက်ရသည်။ တံခါးရှေ့သို့ လျှောက်သွားသောအခါ အတွင်းမှ မြင်ကွင်းမှာ ပိုမိုကျယ်ပြန့်လာသည်။ ခန်းမကြမ်းပြင်ပေါ်တွင် ဆလင်ဒါပုံစံ ကိရိယာများစွာကို စီတန်းထားပြီး အကြည်ရောင်ကန်များထဲတွင် အစိမ်းနုရောင်ဆေးရည်များ ပြည့်နေကာ ကန်တစ်ခုစီတွင် လူသားခန္ဓာကိုယ်တစ်ခုစီသည် မတ်တပ်အနေထားဖြင့် မျောလွင့်နေသည်။
အထူးဆန်းဆုံးမှာ ထိုလူသားခန္ဓာကိုယ်များ အားလုံးမှာ လူတစ်ဦးတည်းသာ ဖြစ်နေခြင်းပင်။
ခန်းမ၏ အလယ်ဗဟိုရှိ အဖြူရောင် စားပွဲတစ်ခုတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အသက်လတ်ပိုင်း လူဖြူတစ်ဦးသည် စားပွဲပေါ်ရှိ ဝိုင်နီနှင့် အသားစတိတ်ကို အေးအေးလူလူဖြင့် စားသောက်နေသည်၊၊
ထိုသူမှလွဲ၍ ခန်းမတစ်ခုလုံးတွင် အခြားမည်သူမျှ မရှိပေ။
“အိုး အိုး အိုး တကယ့်ကို ရှားပါးတဲ့ မြင်ကွင်းပဲ။ ငါ အလေ့လာချင်ဆုံး စွမ်းအားရှင်နှစ်ယောက်ဖြစ်တဲ့ ချူယန်နဲ့ လင်းရှန်တို့က ငါ့ရှေ့ကို ရောက်လာကြတာပဲ။ ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့နေ့လို့ ထင်တယ်”
သူတို့ရှေ့မှ ထိုလူဖြူမှာ လင်းရှန် အိမ်မက်ထဲတွင်လည်းကောင်း၊ နက္ခတာယာလေ့လာရေးစခန်းတွင်လည်းကောင်း တွေ့ခဲ့ဖူးသော ဂျူးလိယပ်စ်လစ်ပင် ဖြစ်သည်။ ထိုအကြည်ရောင်ကန်များထဲတွင် ရှိနေသည်မှာလည်း သူ၏ ကိုယ်ပွားများသာဖြစ်သည်။
“ဂျူးလိယပ်စ် ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့”
ချူယန်က တည်ငြိမ်သော အမူယာဖြင့် ဦးအောင် ပြောလိုက်သည်။
ဂျူးလိယပ်စ်က ဓားနှင့် ခရင်းကို ချလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်ကာ ချူယန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
“တကယ်တော့ သက်ရှိတစ်ဦးချင်းစီအနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပါပဲ”
ထိုစကားကို ကြားသောအခါ ကီကီက လင်းရှန်၏ ဘေးမှနေ၍ တိုးတိုးလေး ပြောလိုက်သည်။
“ကိုယ်ပွားတွေ အများကြီးပဲ။ ဘယ်တစ်ခုက အစစ်လဲ မသိဘူး”
“ဖာ့ခ်… အနည်းဆုံး ရာနဲ့ချီ ရှိမှာပဲ”
ကျိုးကျင်းက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနေရာတိုင်းတွင် ထိုကဲ့သို့သော အကြည်ရောင်ကန်များရှိနေပြီး အတွင်းမှ လူတိုင်းမှာ ပုံတူကူးထားသည့်အလား ထပ်တူကျနေကြသည်။
***