လွန်ခဲ့သော ရက်အနည်းငယ်က၊ တိတ်ဆိတ်မြို့တော်။
“အနီရောင်ကမ္ဘာရဲ့ စနစ်ထဲက သွေးသားပေါင်းစပ် ဒေတာစုစည်းမှုတွေနဲ့ အဖြူရောင်မြို့ သုတေသနဌာနက ရထားတဲ့ အချက်အလက်တွေကို ငါပေါင်းစပ်နေတယ်။ ပြီးရင်တော့ မင်းဆီကို အကုန်လုံး တစ်ခါထဲ ပို့ပေးလိုက်မယ်”
ရှင်းဂျီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်၊၊
“အာ... ကောင်းပြီလေ”
လင်းရှန်က အလေးအနက် ပြန်မေးမိသည်။
“ကျုပ်က အရမ်းကြီး ရုတ်တရက် ဆန်သွားသလား”
“ဒီထက် ပိုရုတ်တရက် ဆန်တာမျိုး မရှိနိုင်တော့ဘူး”
လင်းရှန် “...”
“အစွမ်းထက်တဲ့ စွမ်းအားရှင်တွေအားလုံးကို အနီရောင်ကမ္ဘာက ပစ်မှတ်ထားနေပုံပဲ”
သူ ထွက်ခွာခါနီးတွင် လင်းရှန်က ရှင်းဂျီကို ပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက စွမ်းအားရှင် မဟုတ်လို့ စိုးရိမ်စရာတော့ မလိုပါဘူး”
“မင်းမှားနေပြီထင်တယ်” ရှင်းဂျီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“စမ်းသပ်ခံ သုတေသနပစ်မှတ်တွေရဲ့ အစောပိုင်း အချက်အလက်တွေအရ သူတို့ထဲမှာ အများစုက သာမန်လူတွေ ဒါမှမဟုတ် စွမ်းအား မနိုးထသေးတဲ့သူတွေ ဖြစ်နေကြတယ်။ ရှင်းနေတာကတော့ အနီရောင်ကမ္ဘာဟာ တစ်ဦးချင်းစီအပေါ် သုတေသနလုပ်တဲ့အခါ လမ်းကြောင်းတွေ ခွဲခြားထားတာပဲ”
“ဘာကို ဆိုလိုတာလဲ”
“ဒါက နားလည်ရ ခက်လို့လား” ရှင်းဂျီက ပြန်ဖြေသည်။
“စွမ်းအားရှင်တွေကိုတော့ စွမ်းအားဖွံ့ဖြိုးမှု၊ ထူးဆန်းသောလူသားနဲ့ အသွေးအသားပေါင်းစပ်သုတေသနလုပ်တယ်။ အနီရောင်ကမ္ဘာရဲ့ တကယ့်ဆန္ဒက လူသားတွေ ဘာကြောင့် စွမ်းအားတွေ နိုးထလာရတာလဲဆိုတဲ့ ဖြစ်စဉ်ကို အမိအရ ဆုပ်ကိုင်ထားချင်တာပဲ”
ရှင်းဂျီ၏ စကားများက လင်းရှန်၏ စိတ်ထဲတွင် ကျန်ရစ်နေခဲ့သည်။ ခန်းမထဲရှိ အုပ်စုလိုက်ကြီးရှိနေသော ပွားယူထားသည့် လူအုပ်ကြီးကို မြင်လိုက်ရချိန်တွင် ချူယန်ပြောခဲ့သည်များကို သတိရသွားစေသည်။ အနီရောင်ကမ္ဘာသည် လူသားပွားယူရန်အတွက် သူမ၏ ဒီအန်အေကို ရယူခဲ့ပြီး ဝိညာဉ်စွမ်းအားကို ပွားယူရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။ ၎င်းမှာ တွင်းနက်ထဲတွင် ရှင်သန်နိုင်သည့် အမှားအယွင်းမရှိသော စွမ်းရည်မျိုးဖြစ်သည်။
ထို့ကြောင့် မနေ့ညက ချူကျောက်နန်နှင့် စကားပြောဖြစ်ခဲ့စဉ်ကရော၊ အခုလေးတင် ချူယန်နှင့် အနီရောင်ကမ္ဘာ၏ အစွန်းရောက်လှသော ယုတ္တိဗေဒအကြောင်း ပြောနေစဉ်ကရော လင်းရှန်သည် မေးခွန်းတစ်ခုကိုသာ ဆက်တိုက်စဉ်းစားနေမိသည်။
၎င်းမှာ အနီရောင်ကမ္ဘာသည် အဘယ်ကြောင့် ချူကျောက်နန်နှင့် အလွယ်တကူ ပူးပေါင်းခဲ့ပြီး မှိုဦးနှောက်စက်ကိရိယာ နည်းပညာ၊ ဖိနှိပ်မှုစနစ်နှင့် နည်းပညာများကို ပံ့ပိုးပေးခဲ့ရသနည်းဟူသည်ပင်။ ကျင်းဟိုင်အောက်ရှိ ကျရှုံးခဲ့သော အဆင့် (A) ဇီဝမျိုးစပ်သတ္တဝါကို ကြည့်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ S-Class အဆင့် အလောင်းကို စမ်းသပ်ရန် ရယူလိုခြင်းဖြစ်သည်ဟု လင်းရှန်က အစပိုင်းတွင် ထင်ခဲ့သည်။ သို့သော် ယခုအခါ ထိုအလောင်းကို လွှတ်တင်ရန် အသင့်ဖြစ်နေသည့် အကာအကွယ်ချိုးဖျက်ကိရိယာအဖြစ် ပြုလုပ်နေပြီဖြစ်သည်။ ချူကျောက်နန်ကလည်း ဖက်ဒရေးရှင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ဖီးနစ်အဖွဲ့အစည်းလက်ထဲ အပ်နှံလိုက်ပြီဖြစ်သည်။ လုတျန်းယဲ့၏အစောင့်တပ်၊ ဖီးနစ်အဖွဲ့အစည်း၏ သံမဏိအစောင့်တပ်ရင်’နှင့် မြို့ထဲရှိ ရာနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများကို ရင်ဆိုင်နေရချိန်တွင် အနီရောင်ကမ္ဘာက ဘာကို ရယူနိုင်မည်နည်း။
သူတို့လူတွေကို နှုတ်ပိတ်ဖို့သက်သက် ဒီလောက်ထိလုပ်ပြီး အာရုဏ်ဦးမြို့တော်၏ အသုံးချခံရပြီးမှ ထိတ်လန့်တကြား ထွက်ပြေးသွားကြလိမ့်မည်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ ယုတ္တိဗေဒအရ ချူကျောက်နန်က အနီရောင်ကမ္ဘာကို အသုံးချချင်သလို အနီရောင်ကမ္ဘာကလည်း ချူကျောက်နန်ကို အသုံးချရန် စိတ်ကူးရှိနေမည်မှာ အသေအချာပင်။ ကိုယ့်လူကိုယ် နှုတ်ပိတ်ဖို့အတွက်နဲ့ အာရုဏ်ဦးမြို့တော်ရဲ့ အသုံးချခံရပြီး အလောတကြီး ထွက်ပြေးဖို့လောက်ပဲ လုပ်နေမည် မဟုတ်ပေ—
မနေ့ညက ချူကျောက်နန်၏ သတိပေးစကားနှင့် ယခု ဂျူးလိယပ်စ်၏ မှတ်ချက်တို့က ထိုအတွေးကို ပိုမို ခိုင်မာစေခဲ့သည်။
ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်း၊ အဖြူရောင်ခန်းမ။
ဂျူးလိယပ်စ်၏ မျက်နှာတစ်ခုလုံး မှောင်မည်းသွားပြီး လင်းရှန်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ သူက ရန်လိုသော အမူအရာဖြင့် ပြုံးလိုက်သည်။
“ချူကျောက်နန်က အတွေးခေါ်က အမှားအယွင်းမရှိလောက်အောင် စေ့စပ်သေချာတဲ့သူပဲ။ သူ့ကို ကိုင်တွယ်ရတာက ကျိုးမင်ယွမ်လို နိုင်ငံရေးသမားတွေထက် အများကြီးပိုခက်ခဲတယ်။ ရှေ့တန်းစီမံကိန်းအတွက်ဆိုရင် သူဟာ တစ်ကမ္ဘာလုံး ပျက်စီးသွားတာကိုတောင် ဂရုမစိုက်နိုင်ဘူးလို့ ငါ တစ်ချိန်က ယုံခဲ့မိတယ်။ ဝမ်းနည်းစရာကတော့... မင်း ဒီမှာ ရှိနေတာက သူ့ရဲ့ မူဝါဒတွေ ယိုင်နဲ့နေပြီဆိုတာကို ပြနေတာပဲ...”
“ငါ့အထင်တော့ ဂလက်ဆီနှလုံးသားရဲ့ အဓိကထိန်းချုပ်မှုက အခု ဖီးနစ်လက်ထဲ ရောက်နေပြီပေါ့လေ။ အင်း... လူသားယဉ်ကျေးမှုက တိုးတက်မှု နှေးကွေးနေရတာဟာ အတွေးအခေါ်နဲ့ ယုတ္တိဗေဒပိုင်းမှာ မပြတ်သားလို့ပဲ။ အားနည်းချက်တွေ ရှိလာတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါလည်း ပြင်ဆင်မှုတချို့ လုပ်ထားပါတယ်”
ထိုအချိန်တွင် ကြမ်းပြင်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး ကြမ်းပြင်အပေါက်တစ်ခု ပွင့်သွားသည်။ ဂျူးလိယပ်စ်၏ နောက်တွင် ကြီးမားသော အေးခဲစက်ခန်းများ အစီအရီ တက်လာသည်။ တစ်ခုချင်းစီမှာ မီတာအတော်များများ မြင့်မားပြီး ပုံသဏ္ဌာန်မျိုးစုံရှိသော အနီရောင်သတ္တဝါများဖြင့် ပြည့်နှက်နေသည်။
ဧရာမလူသားများရော၊ သာမန်လူသားအရွယ်အစားများပါ စုစုပေါင်း ဆယ်ခုရှိသည်။ တစ်ခုချင်းစီမှ ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များ ထွက်ပေါ်နေပြီး ဝိညာဉ်လှိုင်းတန်ဖိုးများမှာ ပြင်းထန်စွာ ပြောင်းလဲနေသည်။ ၎င်းတို့ကို အမျိုးမျိုးသော ကန့်သတ်ကိရိယာများနှင့် ဖိနှိပ်မှုပိုက်လိုင်းများဖြင့် ချည်နှောင်ထားသော်လည်း ၎င်းတို့ ထွက်ပေါ်လာချိန်တွင် ခန်းမထဲရှိ မီးများမှာ ပုံမှန်မဟုတ်ဘဲ တဖျတ်ဖျတ် တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် ယခင်က ငြိမ်သက်နေသော ‘ဂျူးလိယပ်စ်’ အဖြစ်ပွားယူထားသူများမှာလည်း ဖုတ်ကောင်များအဖြစ် အကြီးအကျယ် သန္ဓေပြောင်းသွားကြသည်။ ရေထဲတွင် ရုန်းကန်အော်ဟစ်နေကြပြီး သူတို့၏ ကိုယ်ပေါ်တွင် အမည်းရောင်သွေးကြောများ ထွက်ပေါ်လာကာ သွေးများ ပန်းထွက်လျက် ဖန်လုံအိမ်နံရံများကို ကုတ်ခြစ်နေကြသည်။
ဂျူးလိယပ်စ်က သူ၏လက်များကို မြှောက်လိုက်ပြီး လင်းရှန်ကို စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။
“မင်းမှာ အာရုဏ်တက်ပြီးရင် လူအများစုကို ခေါ်ပြီး ထွက်သွားဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ငါ့ရဲ့ ဒီပွားယူမှု စမ်းသပ်ချက်က မျှော်လင့်ချက်မဲ့နေတဲ့ သာမန်လူတွေဟာ ကြောက်ရွံ့မှုတွေကြားမှာ ဘယ်လိုမျိုး သန္ဓေပြောင်းသွားကြမလဲ၊၊ ဘယ်လိုမျိုး တိုးတက်ပြောင်းလဲပြီး စွမ်းအားတွေ နိုးထလာမလဲဆိုတာကို လေ့လာဖို့ပဲလေ။ ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ။ မြို့ရိုးထဲက အသက်ရှင်ကျန်ရစ်သူ ခုနစ်သန်းကို မစ်ဆိုင်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားလိုက်ရတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းမယ့် မြင်ကွင်းဖြစ်မယ်လို့ ငါထင်တယ်။ စိတ်မပူပါနဲ့၊၊ စမ်းသပ်မှုအတွက်တော့ တချို့ကိုတော့ ငါတို့ ရွေးချယ်ပြီး ချန်ထားပေးမှာပါ...”
“အိမ်မက်မက်မနေနဲ့” လင်းရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဂျူးလိယပ်စ်က ပြုံးလျက် ပခုံးတွန့်ပြသည်။
“နှုတ်ဆက်ခဲ့ပါတယ်၊၊ နောက်မှ မင်းတို့ရဲ့ အလောင်းတွေကို သုတေသနလုပ်ဖို့ လာသိမ်းပေးမယ်”
ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။
တီ... တီ... တီ...
စူးရှသော အချက်ပေးသံများ ထွက်ပေါ်လာပြီး တစ်ပြိုင်နက်တည်းမှာပင် အေးခဲစက်ခန်း ဆယ်ခုစလုံး အသက်ဝင်လာသည်။ အတွင်းရှိ အနီရောင်သတ္တဝါများအပေါ် ဖိနှိပ်မှုများ ရပ်တန့်သွားပြီး သူတို့၏ နှလုံးခုန်သံများမှာ စစ်ဗုံတီးသံကဲ့သို့ ဟိန်းထွက်လာသည်။ သွေးရောင်လွှမ်းနေသော မျက်လုံးဆယ်စုံသည် လင်းရှန်ရှိရာသို့ လှည့်လာကြသည်။
“ကီကီ”
လင်းရှန်က ချက်ချင်းပင် ကီကီကို အချက်ပြလိုက်သည်။ ကီကီလည်း ချက်ချင်း နားလည်သွားပြီး ဂျူးလိယပ်စ်ကို ဖမ်းဆီးရန်အတွက် စိတ်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။
မမျှော်လင့်ဘဲ ထိုအချိန်တွင် ကြမ်းပြင်မှ အမည်းရောင်ရေထုတစ်ခု ရုတ်တရက် စိမ့်ထွက်လာပြီး ပတ်ပတ်လည်သို့ အရှိန်အဟုန်ဖြင့် စဉ်ထွက်သွားသည်။ ရေစက်များသည် ထက်ရှသော ဓားသွားများကဲ့သို့ လူတိုင်းထံသို့ ပြေးဝင်လာကြသည်။ ကီကီ၏ မျက်နှာအမူယာပြောင်းလဲသွားပြီး စိတ်စွမ်းအားဖြင့် အလိုအလျောက် ခါထုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
ဝုန်း။
ဆူနာမီလှိုင်းကြီး ရိုက်ခတ်လိုက်သကဲ့သို့ ရေမြှားအမြောက်အမြားသည် ကီကီ၏ စိတ်စွမ်းအားဒိုင်းပေါ်သို့ ကျရောက်လာသည်။
ဂါး။
ထိုအချိန်တွင် အနီရောင်သတ္တဝါဆယ်ကောင်သည် ပြင်းထန်စွာ စတင်တိုက်ခိုက်လာချေပြီ။ ၎င်းတို့ထဲမှ သားသတ်သမားကြီးတစ်ကောင်သည် ဟိန်းဟောက်ကာ သူ၏ကိုယ်ပေါ်ရှိ ကြိုးများနှင့် ပိုက်လိုင်းအားလုံးကို ဆွဲဖြုတ်ပစ်လိုက်သည်။ ထို့နောက် ပါးစပ်ကို ဟလျက် လင်းရှန်တို့ရှိရာဘက်သို့ ကြီးမားသောမီးလျှံများကို မှုတ်ထုတ်လိုက်သည်။
မီးစွမ်းအားလား…
“မြန်မြန်... ဆုတ်ကြ”
ကီကီက ပထမဆုံး တုံ့ပြန်လိုက်ပြီး ရှေ့သို့ တိုးကာ စိတ်စွမ်းအားလှိုင်းဖြင့် ပိတ်ဆို့လိုက်ရာ မီးလျှံများမှာ အရပ်လေးမျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။ ထိုမီးတောက်ကြီးသည် ခန်းမထဲရှိ အေးခဲစက်ခန်း အများစုကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေပြီး ဂျူးလိယပ်စ်ကိုယ်ပွားများကို မီးပင်လယ်ထဲတွင် ပိတ်မိသွားစေသည်။ အချို့သော သန္ဓေပြောင်းကိုယ်ပွားများမှာ မီးထဲမှ အော်ဟစ်ကာ ရူးသွပ်စွာ ပြေးထွက်လာကြပြီး အချို့မှာမူ အရှင်လတ်လတ် မီးလောင်ကျွမ်းသွားကြသည်။
***