လင်းရှန် မော့ကြည့်လိုက်သောအခါ ချီနို၏ အဖွဲ့က နောက်ဆုံးတွင် စစ်ကူရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
“နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”
ချီနိုသည် ကြမ်းပြင်ပေါ်မှ ခုန်ဆင်းလာပြီး တုန်ခါလှိုင်းလက်သီးဖြင့် မီးတောက်နေသော ထူးဆန်းသောလူသားတစ်ဦးကို ထိုးထုတ်ပစ်လိုက်သည်။ ထို့နောက် လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်၊၊
“အခြေအနေ ဘယ်လိုရှိလဲ”
“ရှင်းပြဖို့ အချိန်မရှိဘူး။ ဒီထူးဆန်းသောလူသားတွေကို တားပေးထား… ကျုပ်ကေဘယ်လ်တွေကို သွားချိတ်လိုက်မယ်။ သတိထားနော်၊ သူတို့ထဲမှာ အိန်ဂျယ်အဆင့် စွမ်းအားရှင် နှစ်ယောက်ပါတယ်”
စကားအပိုမပြောတော့ဘဲ လင်းရှန်သည် စွမ်းအားဝတ်စုံ၏ တွန်းကန်အားစနစ်ကို ချက်ချင်းအသက်သွင်းကာ ရှီဇီကို ခေါ်၍ တစ်ဖက်ရှိ မြူမီးခိုးမွန်းစတားထံ ပျံသန်းသွားလိုက်သည်။
ထိုခဏတွင် ကျည်ဆန်များကဲ့သို့ ထက်ရှသော အမည်းရောင်မိုးစက်များမှာ လင်းရှန်ထံသို့ ဦးတည်လာသည်။ သို့သော် သူ့ကို မထိမှန်မီမှာပင် ပြင်းထန်သော တုန်ခါလှိုင်းတစ်ခုက ၎င်းတို့ကို ဝါးမျိုပစ်လိုက်သည်။ လေထဲတွင် လွင့်မျောနေသော ကီကီက လင်းရှန်ကို လှမ်းပြောလိုက်သည်။
“မြန်မြန်သွားတော့၊ ဒါတွေကို ကျွန်မတို့တာဝန်ထားလိုက်”
အပေါ်ထပ် စင်္ကြံများမှတစ်ဆင့် ယခင်က အနီရောင်သတ္တဝါများသည် အောက်ဘက်သို့ တရစပ်ပြေးဆင်းလာကြသည်။ ကျိုးကျင်း၏ အဖွဲ့သည်လည်း ထိန်းချုပ်ခန်းစင်္ကြံတွင် သွေးချောင်းစီး တိုက်ပွဲဝင်နေရသည်။ အပြင်ဘက် မြေအောက်မြို့တော် လမ်းမများပေါ်တွင်မူ ကီကီ၊ ဂရေ့စ်၊ ဒရုန်းတပ်ဖွဲ့နှင့် ချီနိုနှင့် ညလမ်းလျှောက်သူအဖွဲ့တို့သည် ထိုစွမ်းအားရှင်နှစ်ဦးနှင့် အဆင့်မြင့်သံချပ်ကာဝတ် ထူးဆန်းသောလူသားများစွာကို အပြင်းအထန် ရင်ဆိုင်နေကြရသည်။
လင်းရှန်သည် မြူမီးခိုးမွန်းစတား၏ လွှတ်တင်ရေးစင်ပေါ်သို့ ရောက်ရှိသွားသည်။ ယန္တရားစကင်ဖတ်မှုဖြင့် သတင်းအချက်အလက် ချိတ်ဆက်ရေးဂိတ်ကို အမြန်စစ်ဆေးလိုက်ပြီးနောက် သူသည် ထပ်ဆင့်လွှင့်စက်တစ်ခုကို ထုတ်လုပ်ကာ ထိန်းချုပ်ခန်းမှ ကေဘယ်လ်များကို ပြန်လည်ချိတ်ဆက်ရန် စတင်လိုက်သည်။
ထိုဧရာမ S-Class အဆင့် အရာနှင့် နီးကပ်လေလေ၊ သူ၏ စိတ်ပိုင်းဆိုင်ရာကို ဖိနှိမ်ထားသော အမှောင်ထု၏ ကျူးကျော်စွမ်းအားမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ ရှီဇီ၏ မျက်နှာမှာ ထိတ်လန့်နေပြီး လင်းရှန်ကို ကူညီရန်အတွက် သူမ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ ကာကွယ်ပေးထားသည်။
ဝီ ဝီ ဝီ။
ထိုအချိန်တွင် လင်းရှန်သည် သူ၏ အမြင့်ဆုံးယန္တရားစွမ်းအားကို မြှင့်တင်ရန်အတွက် စူပါစထရင်း နူဓာတ်ပြုအဆင့် သက်တန့်ကွင်းကို တိုက်ရိုက်အသက်သွင်းလိုက်ရာ ယန္တရားနှလုံးသားသည် ရူးသွပ်စွာ လည်ပတ်လာသည်။
ဘန်း ဘန်း~
ထိုစဉ် လင်းရှန်သည် မြေအောက်မြို့တော်၏ အောက်ဘက်မှ ထူးဆန်းသော အသံများကို ရုတ်တရက် ကြားလိုက်ရသည်။ ရေတွက်မရနိုင်သော အမှောင်သတ္တဝါများ လှုပ်ရှားနေသကဲ့သို့ပင်။ ၎င်းမှာ အမှောင်ထုလား သို့မဟုတ် S-Class အဆင့် မြူမီးခိုးမွန်းစတားကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလားဆိုသည်ကို မသေချာပေ။
“အောက်မှာ ဘာမှန်းမသိတဲ့ သတ္တဝါတွေ အများကြီးရှိနေပုံပဲ၊၊ တစ်ခုခုက ပိတ်ထားလို့ မတက်လာနိုင်တာဖြစ်မယ်”
“အဲဒါ အဆို့ရှင်ပဲ”
သူတို့ မြို့ထဲကို စတင်ဝင်ရောက်လာစဉ်က မြေအောက်မြို့တော်၏ ပိတ်ဆို့ထားသော လမ်းပန်းဆက်သွယ်ရေးစနစ်များမှတစ်ဆင့် ကီဇိုင်းက သူတို့ကို လမ်းပြခဲ့သည်ကို လင်းရှန် သတိရသွားသည်။ ထိုနေရာအားလုံးကို ပိတ်ဆို့ထားသော်လည်း အောက်ဘက်တွင် တစ်နေရာရာနှင့် ချိတ်ဆက်နေပုံရသည်။
သူသည် ကျိုးကျင်း ပေးထားသော မြေအောက်မြေပုံကို ချက်ချင်းဖွင့်ကြည့်လိုက်ရာ အမှတ် (၁) မြို့ရိုး၏ အပြင်ဘက်တွင် ဂိတ်ပေါက်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ အကယ်၍ ထိုဂိတ်များ ပွင့်သွားပါက ဘီလီယံနှင့်ချီသော သန္ဓေပြောင်းမွန်းစတားများသည် မြေအောက်လုပ်ငန်းလမ်းကြောင်းများအတွင်းသို့ တိုးဝင်လာမည်ဖြစ်ပြီး မြို့တွင်းသည် ငရဲခန်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ရှီဇီလည်း ရိပ်မိသွားပြီး ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။
“အဲဒီသတ္တဝါတွေ ဒီကနေတစ်ဆင့် မြို့ထဲကို ဝင်လာရင် ဘယ်ကို ရောက်သွားမှာလဲ”
“အမှတ် (၁) မြေအောက်မြို့တော်”
လင်းရှန်၏ မျက်နှာက ခက်ထန်နေသည်၊၊
“အာရုဏ်ဦးမြို့တော်ရဲ့ အလယ်ဗဟိုတည့်တည့်ပဲ။ အနီရောင်ကမ္ဘာရဲ့ ရည်ရွယ်ချက်က အမှတ် (၁) မြေအောက်မြို့တော်ကို သတ္တဝါတွေ ထွက်လာမယ့် စမ်းရေတွင်းအဖြစ် ပြောင်းပစ်ဖို့ပဲ။ ညရောက်လာတဲ့အခါမှာတော့ တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလိမ့်မယ်။ အတွင်းရော အပြင်ပါ တိုက်ခိုက်ခံရပြီး အာရုဏ်ဦးမြို့တော်ကြီးဟာ သူတို့ရဲ့ ဧရာမစမ်းသပ်ကွင်းကြီး ဖြစ်သွားလိမ့်မယ်။ လူသန်းပေါင်းများစွာဟာ သူတို့ရဲ့ စမ်းသပ်ခံသတ္တဝါတွေ ဖြစ်သွားကြမှာပဲ...”
“ဒါ... ဒါက တကယ် ကြောက်စရာကောင်းလိုက်တာ” ရှီဇီက တစ်ကိုယ်လုံံးတုန်ယင်ကာ ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ ချူယန်နှင့် အဖွဲ့ဝင်များသည် ဂျူးလိယပ်စ်နောက်သို့ လိုက်လံဖမ်းဆီးနေရင်း အနီရောင်သတ္တဝါများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသည်။ တိုက်ပွဲမှာ အလွန်ပင် ကစဉ်ကလျားဖြစ်နေသည်၊၊
ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်း၏ တွင်းလမ်းကြောင်းမှာ သတ်ဖြတ်ခံထားရသော အနီရောင်သတ္တဝါများသည် သွေးလမ်းကြောင်းကြီး ဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် ချူယန်၏ အဖွဲ့မှ ငယ်ရွယ်သောအသက်ပေါင်းများစွာကို စတေးခဲ့ရသည်။ လွှတ်တင်ရေးစခန်း၏ အစွန်းဘက်ရှိ ပလက်ဖောင်းတစ်ခုပေါ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်ငယ်တစ်စီး ဆိုက်ကပ်ထားသည်။
ကျန်ရှိနေသော အဖွဲ့ဝင်များမှာ ထူးဆန်းသောလူသားနှစ်ဦးကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ချူယန်သည် သယ်ယူပို့ဆောင်ရေးယာဉ်၏ ပလက်ဖောင်းပေါ်သို့ လိုက်ပါသွားခဲ့သည်။
ဂျူးလိယပ်စ်မှာ ယာဉ်ပေါ်တက်မည့် တံခါးဝတွင် ရပ်နေသည်။ မမျှော်လင့်ဘဲ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော နောက်ထပ် ဂျူးလိယပ်စ်တစ်ဦးက ယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ချူယန်၏ မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။
“အံ့ဩသွားတာလား” ထိုဂျူးလိယပ်စ်သည် လမ်းတစ်လျှောက်ရှိ အလောင်းများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“မင်းကို ကျေးဇူးတင်ရမယ်…. မင်းကြောင့်ပဲ ငါက မင်းရဲ့ ဝိညာဉ်စွမ်းအားအဖွဲ့အတွက် ပိုပြီးတော့ ထည့်သွင်းစဉ်းစားပေးခဲ့ရတာပါ”
ဂျူးလိယပ်စ် နှစ်ဦးမှာ ဘယ်နှင့်ညာမှနေ၍ ချူယန်ကို ကြည့်ကာ ပြုံးလိုက်ကြသည်။
ဆွစ်။
ရုတ်တရက် အနီရောင်အလင်းတန်းတစ်ခု တိုက်ခိုက်လာသည်။ ချူယန်သည် ဝိညာဉ်စွမ်းအားလှိုင်းကို အသုံးပြုကာ သူမ၏ ယန္တရားကိုယ်ကို လှည့်ပတ်လျက် ထိုတိုက်ခိုက်မှုကို ကပ်၍ ရှောင်တိမ်းလိုက်ရသည်။
“မင်းတို့ကို ငါ ဘာလို့ ဒီမှာ စောင့်နေတာလဲ သိလား”
ဂျူးလိယပ်စ် တစ်ဦးက လှောင်ပြောင်သော အမူအရာဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာထက်တွင် အထက်စီးဆန်သော အပြုံးတစ်ခု ရှိနေသည်။
“ဖီးနစ်က စိတ်ပျက်အားငယ်မှုဆိုတာ တကယ်တမ်း ဘာလဲဆိုတာကို သိရဲ့လားဆိုတာ ငါ သိချင်နေလို့ပဲ”
ချူယန်၏ နုနယ်သော မျက်နှာထက်တွင် သွေးများ ဖုံးလွှမ်းနေသော်လည်း သူမ၏ အကြည့်များကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် ရှေ့ရှိ ဂျူးလိယပ်စ် နှစ်ဦးကို သတိကြီးစွာ စူးစမ်းနေသလို၊ တစ်ချိန်တည်းမှာပင် အနီရောင်အလင်းတန်းဖြင့် လျင်မြန်စွာ လှုပ်ရှားနေသော စွမ်းအားရှင်ကိုလည်း မျက်စိရှင်ရှင်ဖြင့် စောင့်ကြည့်နေရသည်။ ရန်သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် သူမ၏ ဝိညာဉ်စွမ်းအား နယ်ပယ်အတွင်းသို့ ရောက်ရန် ခက်ခဲနေသကဲ့သို့၊ သူမဘက်မှလည်း ထိုသူတစ်ယောက်ထဲကို အာရုံစူးစိုက်ကာ အနိုင်ယူရန် ခဲယဉ်းနေသည်။
ဂျူးလိယပ်စ်က အေးစက်စွာ ရယ်မောလိုက်ပြီး “ဝိညာဉ်စွမ်းအား... စိတ်ကူးတစ်ခုတည်းနဲ့ လူသတ်နိုင်တဲ့ စွမ်းရည်၊ နတ်ဘုရားတစ်ပါးလောက် နီးစပ်တဲ့ ပြည့်စုံလုနီးပါး စွမ်းရည်ပေါ့။ဟမ့်... မြောက်အမေရိက ပူးပေါင်းတပ်ဦးရဲ့ ထိပ်သီးအဆင့်ပဲ။ အခု ဘာက မင်းကို တွန့်ဆုတ်နေစေတာလဲ”
“အော်... မင်းက ငါ့ကို မသတ်နိုင်လို့လား။ ငါ့ဆီကနေ အမှောင်ကမ္ဘာရဲ့ သတင်းအချက်အလက်တွေကို အကုန်အစင် ထုတ်ယူချင်နေတာကိုး။ ယဲ့လန်က ပြောပြထားမှာပေါ့၊၊ ဒါဟာ လူသားတွေအတွက် နောက်ဆုံးသော ကြိုတင်ပြင်ဆင်နိုင်တဲ့ အခွင့်အရေးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာလေ”
ဂျုးလိယပ်စ်က လှောင်ပြောင်ပြောဆိုနေသော်လည်း ချူယန်ကတော့ တုံ့ပြန်ခြင်း မရှိပေ။ သူမသည် အခြေအနေကို သတိအပြည့်နှင့် ထိန်းချုပ်ထားရင်း လင်းရှန်ကို ဆက်သွယ်လိုက်သည်။
“လင်းရှန်... နင့်ဘက်မှာ အခြေအနေ ဘယ်လိုလဲ။ ဂလက်ဆီနှလုံးသားကို ရဖို့ သေချာလား”
“အဲဒါက ထင်သလောက် မလွယ်ဘူး...”
လင်းရှန်၏ အသံမှာ အမောတကော ဖြစ်နေပြီး သူ၏ ကိုယ်ပေါ်တွင်လည်း ချွေးများ တသွင်သွင်ထွက်နေသည်။ ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှု အစီအစဉ်အားလုံးမှာ ကေဘယ်လ်များနှင့် အတွင်းပိုင်း ကွန်ရက်ဂိတ် ကိရိယာများကို အဆက်မပြတ် ထုတ်လုပ်နေရသည်။ လင်းရှန်သည် ဤအတွင်းပိုင်း ကေဘယ်လ်ကို ထပ်ဆင့်လွှင့်စက်နှင့် ချိတ်ဆက်လိုက်သောအခါ ကီကီ ခန့်မှန်းခဲ့သကဲ့သို့ပင် ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်းတစ်ခုလုံးကို တင်းကျပ်သော အတည်ပြုချက် လျှို့ဝှက်ကုဒ်ဖြင့် ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
သူချက်ချင်းပင် မျက်နှာပျက်သွားပြီး ချူယန်ကို လှမ်းပြောလိုက်သည်။
“အခု ပြဿနာတစ်ခု ရှိနေပြီ။ ဗဟိုထိန်းချုပ်မှုနဲ့ ဆက်တိုက်ချိတ်ဆက်ဖို့အတွက် ဂျူးလိယပ်စ်ရဲ့ မျက်ဝန်းအတည်ပြုချက် လိုအပ်တယ်”
***