ချူယန်က မျက်မှောင်ကြုတ်လိုက်သည်။
“အတင်းဖောက်ထွင်းလို့ မရဘူးလား”
“ပင်မဆာဗာရဲ့ မျက်ဝန်းသော့က ကုဒ်နှစ်ထပ်စနစ် သုံးထားတယ်၊၊ အချိန်မလောက်ဘူး။ သူကိုယ်တိုင် လိုအပ်တယ်”
လင်းရှန်က ရှင်းပြလိုက်သည်။
ချူယန်ကလည်း ရှေ့ရှိ ဂျူးလိယပ်စ် နှစ်ဦးကို တစ်ချက်ကြည့်ကာ “ငါ့ဘက်မှာလည်း အခြေအနေတချို့ရှိနေတယ်”
သူမ ကြုံတွေ့နေရသော အခက်အခဲကို လင်းရှန်နှင့် ညှိနှိုင်းလိုက်သည်။
“ဘယ်သူက အစစ်လဲဆိုတာ မင်း သိလား”
“သူတို့ကြားက ဝိညာဉ်စွမ်းအားအတက်အကျ ကွာခြားချက်ကို ငါ စကင်ဖတ်လို့ရတယ်။ ကိုယ်ပွားတွေက လေ့ကျင့်မှုနဲ့ အချိန်ကာလအရ ကွာဟချက်ရှိတတ်ပေမယ့် ဒီနှစ်ယောက်ကတော့ တစ်ပုံစံတည်း လေ့ကျင့်ထားပုံရတယ်၊၊ ဒါမှမဟုတ် နှစ်ယောက်လုံးက ဂျူးလိယပ်စ် အစစ်မဟုတ်တာလည်း ဖြစ်နိုင်တယ်”
ချူယန်က ကောက်ချက်ချသည်။
“အတော်ပါးနပ်တာပဲ…ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”
လင်းရှန်က စိုးရိမ်တကြီး မေးလိုက်သည်။ အကယ်၍ နှစ်ယောက်လုံးမှာ ဂျူးလိယပ်စ် အစစ်မဟုတ်ပါက အမှောင်ကမ္ဘာနှင့် အမှန်တကယ် ချိတ်ဆက်ထားသူမှာ မည်သူနည်းဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲသွားမည် ဖြစ်သည်။
ဘန်း ဘန်း
ချူယန်ရှိရာဘက်တွင် ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ တိုက်ပွဲမှာ ပြန်လည်စတင်လာသည်။ သူမ၏ အနောက်မှ အဖွဲ့ဝင်များမှာ အနီရောင်သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် စစ်ကူရောက်လာသော်လည်း၊ အနီရောင်အလင်းတန်းစွမ်းအားရှင်ကို ရင်ဆိုင်ရာတွင်တော့ အလွန်ပင် ရုန်းကန်နေရသည်။ ချူယန်၏ ကျန်ရှိသောအဖွဲ့ဝင် နှစ်ဦးမှာလည်း ဒဏ်ရာများ ရရှိသွားကြပြီ ဖြစ်သည်။ ချူယန်သည် ဆုတ်ခွာရန် အခွင့်အရေးကို အရယူလိုက်ပြီး လင်းရှန်ကို လှမ်းပြောလိုက်သည်။
“လောလောဆယ်တော့ ဂလက်ဆီနှလုံးသား ပြဿနာကို ငါတို့ အရင်ဖြေရှင်းရမယ်။ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနဲ့ သံမဏိအစောင့်တပ်ရင်း ၈၃ တို့က စစ်ကူလာနေပြီ၊၊ ဒါပေမဲ့ မိုးလင်းဖို့ ဘယ်လောက်လိုသေးလဲ ဘယ်သူမှ မသိဘူး။ အကယ်၍ လက်နက်စနစ်ကိုသာ သူတို့ သိမ်းပိုက်သွားရင် မြို့ထဲရော မြို့ပြင်ပါ ပျက်စီးသွားလိမ့်မယ်”
လင်းရှန်က ချွေးများကို သုတ်လိုက်သည်၊၊ သူသည် ပြုပြင်ရေးအလုပ်ကို အပြင်းအထန် လုပ်နေရင်း “ပြီးတော့ အနီရောင်ကမ္ဘာက မြေအောက်ကွန်ရက်ကိုလည်း နှောက်ယှက်ထားတယ်။ အဲဒီ သန္ဓေပြောင်းမွန်းစတားတွေက လွှတ်တင်ရေးစခန်း ဒါမှမဟုတ် တခြားလမ်းကြောင်းတွေကနေ မြို့ထဲကို တိုက်ရိုက်ဝင်နိုင်တယ်။ သူတို့က လူတိုင်းရဲ့ ထိတ်လန့်မှုအောက်မှာ တစ်မြို့လုံးအတိုင်းအတာနဲ့ စမ်းသပ်လေ့လာမှုတွေ လုပ်ဖို့ ကြံစည်နေတာပဲ”
ချူယန်က ထိုအချက်ကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးများ ဝင်းလက်သွားသည်၊၊
“ဒီနှစ်ယောက်ထဲက ဘယ်သူက ဂျူးလိယပ်စ် အစစ်ဖြစ်ဖြစ်၊ ငါ တစ်ခုတော့ အတည်ပြုနိုင်တယ်”
“အဲ့ဒါက ဘာလဲ”
“အကယ်၍ အတည်ပြုချက် လိုအပ်တယ်ဆိုရင် မြူမီးခိုးမွန်းစတားကို အသက်သွင်းတာလည်း အပါအဝင်ပဲ။ ဒါကြောင့် မျက်ဝန်းအတည်ပြုချက် လုပ်နိုင်တဲ့သူဟာ သူတို့ထဲမှာ မဖြစ်မနေ ပါရမယ်”
လင်းရှန် သဘောပေါက်သွားသည်၊၊
“အမှန်ပဲ၊၊ ဂျူးလိယပ်စ်ရဲ့ သတိကြီးမှုနဲ့ဆိုရင် တစ်မြို့လုံးရဲ့ ဗဟိုထိန်းချုပ်မှုကို အနီရောင်ကမ္ဘာ အမှတ် ၃ က ရယူနိုင်ဖို့ သူ သေချာပေါက်လုပ်မှာပဲ။ မဟုတ်ရင် သူတို့ သေချာပြင်ဆင်ထားတဲ့ အစီအစဉ်တွေ အကုန် အလဟဿဖြစ်ကုန်မှာပေါ့”
သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ချူယန်... ဂျူးလိယပ်စ်ကို အလွတ်မပေးနဲ့။ ငါ အခုချက်ချင်း မင်းဆီကို လာခဲ့မယ်။ ဒီပြဿနာကို အဝေးကနေ ဖြေရှင်းနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်”
“ကောင်းပြီ”
ချူယန်က သူမ၏ မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
ထိုခဏတွင်ပင် ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်းအတွင်း၌ ကျယ်လောင်စူးရှသော သတိပေးသံကြီး ထွက်ပေါ်လာသည်။ လွှတ်တင်ရေး အစီအစဉ် စတင်တော့မည်ဖြစ်ကြောင်းနှင့် လွှတ်တင်ရေးတွင်းဝ ပွင့်နေပြီဖြစ်ကြောင်း အလိုအလျောက် သတိပေးချက်များ ထွက်ပေါ်လာချိန်တွင်၊ အာရုဏ်ဦးမြို့တော် ပြင်ပရှိ ဆင်ခြေဖုံးရပ်ကွက်များ၌ မြေပြင်မှာ ကွဲအက်ကာ ဧရာမ တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ချက်ချင်းပင် ရေတွက်မရနိုင်သော သန္ဓေပြောင်းမွန်းစတားများသည် အမှောင်ထုအတွင်းမှ တိုးဝှေ့ထွက်ပေါ်လာကြသည်။
မြေအောက် လွှတ်တင်ရေးစခန်းတစ်ခုလုံးတွင် ပေါက်ကွဲသံများ ဟိန်းထွက်နေပြီး သည်းထန်စွာ ရွာကျလာသော မိုးရေများက မြူမီးခိုးမွန်းစတားနှင့် အဆောက်အအုံများပေါ်သို့ စင်ထွက်နေသည်။ ဤမြင်ကွင်းကို ကြည့်ရင်း လင်းရှန်သည် ထပ်ဆင့်လွှင့်စက်ကို တပ်ဆင်ပြီးနောက် ဖိုတွန်သိုလှောင်မှုကိရိယာကို ရှီဇီထံ ကမ်းပေးလိုက်သည်။
“ရှီဇီ... ငါ ဒီမှာ အပြီးသတ်တော့မယ်။ ခဏနေရင် မင်းက ထိန်းချုပ်ရေးလျှို့ဝှက်ကုဒ်ကို ထိုးထည့်တဲ့ အလုပ်ကို တာဝန်ယူရမယ်”
“ကျွန်… ကျွန်မ..”
ရှီဇီ၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။
လင်းရှန်သည် သူမ၏ ပုခုံးကို ခိုင်မာစွာ ဆုပ်ကိုင်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ငါပြောတာ နားထောင်..”
“အချိန်က ၃ မိနစ်ပဲ ကျန်တော့တယ်။ ၁၀ နာရီမှာ ချိတ်ဆက်မိတာနဲ့ အကာကွယ်ချိုးဖျက်ကိရိယာအသက်ဝင်မှုကြောင့် ဂလက်ဆီနှလုံးသားရဲ့ ဂိတ်တွေ ပွင့်လာလိမ့်မယ်။ အနီရောင်ကမ္ဘာဟာ ဒီအခွင့်အရေးကို သုံးပြီး ဂလက်ဆီနှလုံးသားကို ထိန်းချုပ်ဖို့ အသင့်ဖြစ်နေလိမ့်မယ်။ ဂျူးလိယပ်စ်က ဒီဒေသတွင်းဆာဗာမှာ လျှို့ဝှက်ကုဒ် သတ်မှတ်ထားပေမယ့် ချူကျောက်နန်က ၁၀ စက္ကန့်ကြာ offline ဖြစ်မယ့် အခြေအနေတစ်ခုကို တမင်ချန်ထားခဲ့တာကို သူ မသိဘူး။ ဘာလို့လဲဆိုတော့ အနီရောင်ကမ္ဘာ အမှတ် ၃ က တစ်မြို့လုံးကို ထိန်းချုပ်ဖို့အတွက် ၁၀ စက္ကန့်လောက် တွက်ချက်ရမှာမို့လို့ပဲ။ ဒါကြောင့် ဗဟိုထိန်းချုပ်မှုကို ငါတို့ ပြန်ရယူနိုင်ဖို့ ၁၀ စက္ကန့် အချိန်ရလိမ့်မယ်”
“ဒါပေမယ့်…”
ရှီဇီက သိသိသာသာ တုန်လှုပ်နေသည်၊၊ လင်းရှန်က သူမကို ယခုလို အရေးကြီးသောတာဝန်မျိုး ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လင်းရှန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ရှီဇီ၏ နားနားကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မကြောက်ပါနဲ့။ မင်း ဒါကို လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်”
“ကျွန်မ... ကျွန်မ...”
လင်းရှန်၏ ပြတ်သားသော မျက်လုံးများကို ကြည့်ရင်း ရှီဇီ၏ မျက်နှာမှာ နီမြန်းသွားပြီးနောက် အလေးအနက် ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။
“နားလည်ပါပြီ”
လင်းရှန်သည် ထိန်းချုပ်ရေး လျှို့ဝှက်ကုဒ်သော့ကို ရှီဇီထံ အပ်နှံခဲ့ခြင်းမှာ သူမသည် ချူယန်မှလွဲ၍ ဤနေရာတွင် အမှောင်ထု၏ ကျူးကျော်မှုကို သက်ရောက်ခံရနှုန်း အနည်းဆုံးဖြစ်သောကြောင့်ပင်။
မူလက ဂရေ့စ်ကို ဤတာဝန်ပေးရန် စဉ်းစားခဲ့သော်လည်း ယခုအခါ ဂရေ့စ်မှာ အနီရောင်သတ္တဝါများကို ရင်ဆိုင်နေရသလို ဒရုန်းများကို အသုံးပြု၍ ဂိတ်ကို ပြုပြင်နေရသဖြင့် ရှီဇီတစ်ယောက်သာလျှင် ဤတာဝန်ကို ထမ်းဆောင်ရန် ကျန်ရှိတော့သည်။
ထို့နောက် လင်းရှန်သည် ကေဘယ်လ်ချိတ်ဆက်မှုကို အပြီးသတ်လိုက်ပြီး စွမ်းအားဝတ်စုံမှ တွန်းကန်အားဂျက်ဖြင့် ရှီဇီကို ခေါ်ကာ အဓိကထိန်းချုပ်ခန်းရှိရာ အထပ်သို့ ပြန်လည်ပျံသန်းလာခဲ့သည်။ ဤနေရာရှိ ကျယ်ပြန့်သော လမ်းမအဆင့်များမှာ ပြိုကျနေပြီဖြစ်ပြီး တစ်ခုလုံးမှာလည်း တုန်ခါယိမ်းထိုးနေသည်။
“ခေါင်းဆောင်ကျိုး၊ ခေါင်းဆောင်ချီ... အဓိကထိန်းချုပ်ခန်းနဲ့ ရှီဇီကို ကာကွယ်ပေးပါ”
“နားလည်ပြီ”
ဝုန်း။
အခြားတစ်ဖက်တွင်မူ ကီကီသည် အနိုင်ယူရန် မဖြစ်နိုင်သလောက်ရှိသော အမည်းရောင်ရေထု၏ ဖိနှိပ်မှုကို ခံနေရပြီး အသက်ရှူပင် ကျပ်နေပြီဖြစ်သည်။ သူမ၏ စိတ်စွမ်းအားမှာ သမုဒ္ဒရာနှင့် လေထုကို ရိုက်ခတ်နေရသကဲ့သို့ ဖြစ်နေသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေချေပြီ။
ထိုအမည်းရောင်ရေထုမှာ တစ်ခါတစ်ရံ မြူမိုးစက်များအဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ လေထဲတွင် စီးဆင်းသွားကာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။
လင်းရှန် ဤမြင်ကွင်းကို ကြည့်ကာ ချက်ချင်း ရိပ်မိသွားသည်။
“သူ့မှာ ခန္ဓာကိုယ်အစစ် ရှိတယ်၊၊ ဒီရေတွေက သူမ ထိန်းချုပ်ထားတဲ့ ဒြပ်ပြောင်းလဲမှုတွေပဲ”
“ဂရေ့စ်... အဲ့ဒီစွမ်းအားရှင်ရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာစမ်း”
“ဂရေ့စ်”
[ဂရေ့စ် နားလည်ပါပြီ]
ဝီ။
ရာနှင့်ချီသောဒရုန်းများမှာ မုန်တိုင်းတစ်ခုကဲ့သို့ လည်ပတ်ကာ စကင်ဖတ်လိုက်သည်၊၊ အထပ်တစ်ခုတွင် အမည်းရောင်အရိပ်တစ်ခုကို အမှန်တကယ်ပင် ရှာတွေ့သွားသည်။ ခဏချင်းမှာပင် ဒရုန်းအမြောက်အမြားက ထိုခန္ဓာကိုယ်အစစ်ကို ပစ်ခတ်လိုက်ရာ အမည်းရောင်ရေထုသည် ကာကွယ်ရန် အမြန်ပင် ပြေးလွှားသွားသည်။
ကီကီက ထိုအခွင့်အရေးကို အရယူကာ ဖိနှိပ်လိုက်ရာ နှစ်ဖက်စလုံး၏ စွမ်းအားချင်းထိတွေ့မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
လင်းရှန်သည် အဓိကထိန်းချုပ်ခန်းထဲသို့ အခွင့်ကောင်းယူကာ ဝင်ရောက်လိုက်ပြီး သံမဏိအကာအကွယ်ဒရုန်းများနှင့် တည်ဆောက်ရေးဒရုန်းများကို အသုံးပြု၍ ထိန်းချုပ်ခန်းတစ်ခုလုံးကို ဝန်းရံကာကွယ်လိုက်သည်။
“ကပ္ပတိန်လင်း” ကျိုးကျင်းသည် တစ်ကိုယ်လုံး သံမဏိအဖြစ်ပြောင်းလဲထားသောပုံစံဖြင့် ချဉ်းကပ်လာသည်။
“အဲဒီ ထူးဆန်းသောလူသားတွေ ပိုများလာပြီ”
“ဒီထိန်းချုပ်ခန်းကိုပဲ အခိုင်အမာကာကွယ်ထားပေးပါ”
***