[၁]
ဝုန်း။
ဧရာမနတ်ဘုရားတောင်ထိပ်၏ အောက်ခြေရှိ မြူမီးခိုးမွန်းစတားကြီး၏ အလွန်ကြီးမားသော ပလာစမာတွန်းကန်အားစက် ၈ ခုမှာ ရုတ်တရက် မီးပွင့်လာသည်။ ပြင်းထန်လှသော တွန်းကန်အားကြောင့် ပတ်ဝန်းကျင် ကီလိုမီတာ အနည်းငယ်အတွင်း မြေပြင်မှာ တုန်ခါသွားပြီး လွှတ်တင်ရေးတွင်းဝမှ ဧရာမလေလှိုင်းကြီး ထွက်ပေါ်လာကာ မိုးရေလိုက်ကာကို ဖယ်ရှားပစ်လိုက်သလို အထောက်အပံ့ပေးထားသော စက်ပစ္စည်းများကိုလည်း အရည်ပျော်သွားစေသည်။ ထိုခဏတွင် မီတာရာနှင့်ချီ မြင့်မားသော S-Class အဆင့် အရာကြီးမှာ ဖြည်းညှင်းစွာ ကြွတက်လာသည်။
“မင်း ဘာလုပ်လိုက်တာလဲ”
ဂျူးလိယပ်စ်က ဒေါသတကြီး မေးလိုက်သည်။ လင်းရှန် ပြန်မဖြေမီမှာပင် အဝေးမှ အာရုဏ်ဦးမြို့တော် မြို့ရိုးပေါ်ရှိ အလိုအလျောက် လက်နက်များ အားလုံးမှာ ပြန်လည်အသက်ဝင်လာပြီး ပြင်းထန်သော ပစ်ခတ်မှုများ ထွက်ပေါ်လာပြန်သည်။ ထိုလက်နက်များ၏ ပြောင်းဝမှာ အသက်ရှင်ကျန်ရစ်သူများထံသို့ မဟုတ်ဘဲ… အမှောင်ထုအတွင်းမှ သတ္တဝါများဆီသို့သာ ဦးတည်ထားပြီး လူသားတို့၏ စက်မှုယဉ်ကျေးမှုမှ ထွက်ပေါ်လာသော သံမဏိမုန်တိုင်းကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုမြင်ကွင်းကို ကြည့်ရင်း ဂျူးလိယပ်စ်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။
“အနီရောင်ကမ္ဘာ အမှတ် ၃ က အာရုဏ်ဦးမြို့တော်ကို သိမ်းပိုက်ပြီးပြီ မဟုတ်လား”
ဝီး၊၊
ယန္တရားမော်တာသံတစ်ခု ထွက်ပေါ်လာပြီး လင်းရှန်က သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သူ၏ လက်ညှိုးမှာ ယန္တရားအမြောက်ဖြင့် ဂျူးလိယပ်စ်၏ နဖူးကို အနီးကပ် ချိန်ရွယ်ထားရင်း အေးစက်စွာ ပြောလိုက်သည်။
“ဒါပေါ့… မင်းက လူသားတွေအကြောင်းကို ကောင်းကောင်း နားမလည်သေးတာပဲ”
ဂျူးလိယပ်စ် အလွန်အမင်း ဒေါသထွက်နေပြီး “လင်း... ငါ ကျိန်ဆိုတယ်၊ မင်း သေချာပေါက်...”
ဘွန်း
အမြောက်စွမ်းအင်က သူ၏ နဖူးကို ဖောက်ထွက်သွားပြီး ဂျူးလိယပ်စ်၏ ကိုယ်ပွားသည် စကားပင် မဆုံးသေးမီ လဲကျသေဆုံးသွားသည်။
လင်းရှန်သည် ချူယန်ကို ထူရန် အမြန်ပြေးသွားသည်။ ထိုအချိန်တွင် ချူယန်၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ အနီရောင်သွေးများ စီးကျနေချေပြီ။ သူမသည် မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း တစ်ကိုယ်လုံး တုန်ရင်နေပြီး ခန္ဓာကိုယ်ပေါ်ရှိ စက်ပစ္စည်းများမှလည်း သတိပေးသံများ တရစပ်ထွက်ပေါ်နေသည်။
[နှလုံးခုန်နှုန်း လွန်ကဲနေသည်၊ နှလုံးခုန်နှုန်း လွန်ကဲနေသည်...]
[ရှင်သန်ခြင်း အချက်ပြမှုများ ပျောက်ကွယ်တော့မည်၊ အလိုအလျောက် AED စနစ်ကို အသက်သွင်းနေသည်]
ဝူး။
ချူယန်၏ ကိုယ်ပေါ်ရှိ AED စနစ်မှာ အလိုအလျောက် အလုပ်လုပ်လာပြီး လျှပ်စစ်စီးဆင်းသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်မှာ တုန်တက်သွားသည်။ ချူယန်သည် အသိစိတ် အနည်းငယ် ပြန်ဝင်လာပုံရပြီး မျက်လုံးများ ပိတ်ထားလျက်ပင် တစ်ခုခုကို ပြောရန် ကြိုးစားနေသည်။ လင်းရှန် သူမ၏ ပါးစပ်နားသို့ အမြန်ကပ်လိုက်သည်။
“ဒါက... တစ်ခုတည်းသော... ရွေးချယ်မှုပဲ... လင်း... ငါ့ကို... လက်မလွှတ်ပါနဲ့ဦး...”
သူမ၏ အသက်ရှူသံမှာ တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ လင်းရှန်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူ့ရှေ့ရှိ အမျိုးသမီးမှာ အသက်မရှိတော့ဘဲ သူမ၏ လှပသော မျက်နှာပေါ်ရှိ သွေးစွန်းရာများမှာ ပန်းတစ်ပွင့်ပွင့်နေသကဲ့သို့ ဖြစ်နေသည်။ လင်းရှန် မတ်တပ်ရပ်လိုက်စဉ် နားကြပ်ထဲမှ ကီကီ၏ အသံ ထွက်ပေါ်လာသည်။
“လင်းရှန်... ကျွန်မတို့ ဂလက်ဆီနှလုံးသားကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီ”
ထိန်းချုပ်ခန်းအတွင်း နောက်ဆုံးအချိန်တွင် ရှီဇီသည် ဆက်တိုက်ထိန်းချုပ်ရေး လျှို့ဝှက်ကုဒ်ကို ထိုးထည့်နိုင်ခဲ့ပြီး၊ ဂလက်ဆီနှလုံးသားကို ဂရေ့စ်က အမိအရထိန်းချုပ်နိုင်ခဲ့သည်၊၊
ပတ်ဝန်းကျင်၌ သွေးညှီနံ့များ ပြည့်နှက်နေသည်။ တံခါးဝတွင် ရင်ဘတ်တစ်ခုလုံး ပျက်စီးနေသော ကျိုးကျင်းသည် သံချပ်ကာလူမည်းကြီးနှင့်အတူ သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြသည်။ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသော ချီနိုမှာမူ ထောင့်တစ်နေရာတွင် မှီထားရင်း စီးကရက်တစ်လိပ်ကို မီးညှိနေသည်။ မျက်ရည်များဝဲနေသော ရှီဇီက သူ့ကို ကုသပေးရန် ကြိုးစားနေသည်။ ချီနို၏ အကြည့်မှာ ပတ်ဝန်းကျင်သို့ ရောက်ရှိသွားသည်။ နေရာအနှံ့တွင် သူ၏ အဖွဲ့ဝင်ဟောင်းများနှင့် ရဲဘော်ရဲဘက်များ၏ အလောင်းများ ရှိနေသည်။
လင်းရှန်၏ ဒရုန်းအများစုမှာလည်း တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဂရေ့စ်သည် ပင်ပန်းနွမ်းနယ်နေသော ကီကီကို အပျက်အစီးများကြားမှ ဆွဲထုတ်လာပြီး ထိန်းချုပ်ခန်း အပြင်ဘက်ရှိ စင်္ကြံလမ်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဝှမ်းး
ကျန်ရှိနေသော လူနည်းစုမှာ မြူမီးခိုးမွန်းစတားလွှတ်တင်နေသည်ကို ငေးကြည့်နေကြသည်။ ပူပြင်းလှသော အပူလှိုင်းများနှင့် မီးခိုးငွေ့များမှာ လွှတ်တင်ရေးတွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားရာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ပင်။ လင်းရှန်သည် ဧရာမလွှတ်တင်ရေးတွင်းဝတွင် ရပ်နေရင်း၊ စစ်ပွဲ၏ မီးလျှံများကြားမှ မိုးရွာနေသော ညကောင်းကင်ယံသို့ ပျံတက်သွားသည့် ချိုးဖျက်ကိရိယာကြီးကို မော့ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် အာရုဏ်ဦးမြို့တော်၏ ကြယ်ဆိပ်ကမ်းမှ ဧရာမ ကြယ်သင်္ဘော ၇ စင်းမှာလည်း လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၏ အကာအကွယ်အောက်တွင် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ထိုအလင်းတန်းများမှာ အမှောင်ထုမကျရောက်မီ လူသားတို့၏ နောက်ဆုံး မီးရှူးတိုင်ကဲ့သို့ ညကောင်းကင်ယံကို လင်းထိန်စေသော်လည်း အာရုဏ်ဦးမြို့တော်၏ နောက်ဆုံးသော တောက်ပမှုကိုပါ ယူဆောင်သွားသကဲ့သို့ပင်။
လင်းရှန်သည် ဂလက်ဆီနှလုံးသားကို ပြန်လည်ရယူနိုင်ခဲ့ပြီဟူသော သတင်းပို့သံကို နားထောင်ရင်း ရင်ထဲ၌ ဖော်ပြရခက်သည့် ဝေခွဲမရသော စိတ်မကောင်းမှုကို ခံစားနေရ၏။ ၎င်းတို့သည် ဤကြောက်မက်ဖွယ်ကောင်းလှသည့် သန်းခေါင်ယံတိုက်ပွဲကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသော်လည်း ကျန်ရှိနေသော လူသားများအတွက်မူ ဤသည်မှာ ပျော်ရွှင်ဖွယ်ရာအောင်ပွဲတစ်ခုမဟုတ်ဘဲ နောက်ဆုံးသော အသက်လုထွက်ပြေးတိမ်းရှောင်ရမည့် ခရီးကြမ်း၏ အစပြုခြင်းသာဖြစ်ကြောင်း သူ ကောင်းကောင်းကြီးနားလည်နေခဲ့သည်။
သူ့၏ အကြည့်တို့သည် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားသော ကြယ်သင်္ဘောများထံမှ သွေးချင်းချင်းနီနေသည့် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာသည်။ ချူယန်၏ ငြိမ်သက်သွားသော ခန္ဓာကိုယ်ကို ကြည့်ရင်း လင်းရှန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ အမှောင်ထုသည် မြို့တော်တစ်ခုလုံးကို ဝါးမြိုရန် ကြိုးစားနေဆဲဖြစ်သော်လည်း လင်းရှန်၏ မျက်လုံးများထဲ၌မူ မဆုတ်မနစ်သော တိုက်ပွဲဝင်စိတ်ဓာတ်တို့သည် မီးလျှံတစ်ခုကဲ့သို့ တောက်လောင်နေဆဲပင်၊၊
***