အရုဏ်ဦးမြို့တော် အမှတ် (၁) မြေအောက်မြို့တော်ရှိ ရှေ့တန်းစီမံကိန်း လွှတ်တင်ရေးခန်းမအတွင်း၌ ဖြစ်သည်။
ချူကျောက်နန်နှင့် ဖယ်ဒရေးရှင်းအရာရှိတစ်စုသည် ရှုပ်ထွေးလှသော လွှတ်တင်ရေးခန်းမအတွင်းရှိ မြင်ကွင်းမျက်နှာပြင်ထက်မှ ကြယ်သင်္ဘောခုနစ်စင်း လွှတ်တင်နေမှုကို တည်ငြိမ်စွာ ကြည့်ရှုနေကြသည်။ ယခုအချိန်တွင် အမှတ် (၁) မြေအောက်မြို့တော်တစ်ခုလုံးမှာလည်း လူသူကင်းမဲ့နေချေပြီ။ ရှေ့တန်းစီမံကိန်းတွင် တာဝန်ကျသူများမှလွဲ၍ ကျန်ဝန်ထမ်းများအားလုံး ထွက်ခွာသွားကြပြီဖြစ်ရာ ချူကျောက်နန်၏အနားတွင် ရှုယန်၊ လော့မင်နှင့် စီမံကိန်းညှိနှိုင်းရေးမှူး စုကျင်းတို့သာ ကျန်ရှိတော့သည်။
“ဥက္ကဋ္ဌချူကို အစီရင်ခံပါတယ်၊၊ မြေအောက်ကွန်ရက်တွေထဲကနေ ထူးဆန်းတဲ့သတ္တဝါတွေ အမြောက်အမြား ထွက်ပေါ်လာတာကို စစ်ဆေးတွေ့ရှိရပါတယ်”
စစ်ဘက်အရာရှိတစ်ဦးက ထိုအချိန်တွင် အစီရင်ခံလာသည်။
“မြို့အဝင်အထွက်လမ်းတွေအားလုံး ပိတ်ထားလိုက်ပါပြီ၊၊ နောက်မိနစ် ၃၀ အတွင်း သူတို့တွေ မြေအောက်ကနေ ကျူးကျော်ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်”
“ငါလူတွေကိုခေါ်ပြီး သွားတားလိုက်မယ်”
လော့မင်က အရာရှိကိုပြောလိုက်ပြီး “မင်းတို့အားလုံး လွှတ်တင်ရေးစင်တာကိုပဲ သေချာကာကွယ်ထားကြ”
“ဟုတ်ကဲ့ပါ”
နှစ်မြွှာကြယ်မျှော်စင်နံဘေးတွင် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောသည် အမြောက်ဆံများကြား၌ ပျံသန်းနေလေပြီ။ ယဲ့လန်သည် သင်္ဘောဦးပိုင်းတွင် ရပ်နေရင်း လူသားမျိုးနွယ်၏ ယဉ်ကျေးမှုအလင်းတန်းကို ဆောင်ကြဉ်းသွားသည့် ကြယ်သင်္ဘောခုနစ်စင်းက မှောင်မိုက်သောကောင်းကင်ယံသို့ တိုးဝင်သွားသည်ကို တည်ငြိမ်စွာ ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် အရုဏ်ဦးမြို့တော်ရှိ သန်းပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများသည် ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။
“မေမေ၊ အဲဒါဘာတွေလဲဟင်… ကြယ်သင်္ဘောတွေလား”
လူအုပ်ထဲမှ ကလေးငယ်တစ်ဦးက မေးလိုက်သည်။
“ဟုတ်တယ် သား၊ အဲဒါတွေက အမေတို့လူသားမျိုးနွယ်ရဲ့ ကြယ်သင်္ဘောတွေပေါ့”
မိခင်ဖြစ်သူက ပြန်ဖြေသည်။
“သူတို့က ဘယ်ကိုသွားကြမှာလဲဟင်”
“အရမ်းဝေးတဲ့ အရပ်ဆီကိုပေါ့...”
“သူတို့ ပြန်လာဦးမှာလားဟင်”
မိခင်ဖြစ်သူသည် မျက်ဝန်းများ နီမြန်းလာကာ ကလေးငယ်၏ဆံပင်ကို အသာအယာသပ်ပေးရင်း ပြန်ဖြေလိုက်သည်၊၊
“ပြန်လာမှာပေါ့”
…
[ထိန်းချုပ်ရေးစင်တာ - အရုဏ်ဦးမြို့တော်မှ အတည်ပြုသည်၊ ‘အကာအကွယ်ဖောက်ထွက်ခြင်း အမှတ် ၁’ သည် လွှတ်တင်မှုအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်၊၊ နောက် ၃၅ စက္ကန့်အတွင်း ရှေ့တန်းအစီအစဉ်သို့ တိုးဝင်မည်ဖြစ်သည်]
[ကြားဖြတ်ပျံသန်းရေး ကိရိယာ တပ်ဆင်မှုပြီးစီး၊ အချက်ပြလှိုင်းများ ပုံမှန်ရှိနေသည်]
[ယဉ်ကျေးမှုရှေ့ဆောင်၊ Natural Selection၊ Deep Blue၊ သိုးထိန်းကြယ်၊ ကြယ်စင်စု၊ သမုဒ္ဒရာနှင့် Ark သင်္ဘောများ၏ မိုက်ခရိုဝေ့ဖ် ကာကွယ်ရေးဒိုင်းများ အောင်မြင်စွာ စတင်လိုက်ပြီ]
[စက္ကန့် ၂၀ အတွင်း သင်္ဘောအုပ်စုတစ်ခုလုံး၏ အဓိကအင်ဂျင်များ စတင်လည်ပတ်မည်၊၊ ဝန်ထမ်းများအားလုံး သတ်မှတ်နေရာတွင် နေရာယူကြပါ၊၊ အရှိန်မြှင့်တင်မှုဒဏ်ကို ခံနိုင်ရန် ပြင်ဆင်ထားကြပါ]
[အဓိကအင်ဂျင်၏ တွန်းအားမှာ ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး ဆက်လက် မြင့်တက်နေသည်]
[ယူနစ်အားလုံး အစီရင်ခံပါ၊ စက္ကန့် ၃၀ အတွင်း ကောင်းကင်အကာအကွယ်အမြင့်သို့ ချဉ်းကပ်မည်၊၊ သင်္ဘောအုပ်စုတစ်ခုလုံး တိုးဝင်တိုက်ခိုက်မှု အစီအစဉ်အတိုင်း ဆောင်ရွက်ပါ]
ဝုန်းးး
မီတာ ၇၀၀၀ အမြင့်တွင် ပြင်းထန်သော တွန်းအားနှင့်အတူ မီးတောက်များ ဝန်းရံထားသည့် တမန်တော်တစ်ပါးအလား မြူမီးခိုးမွန်းစတားကြီးသည် ရှေ့မှ ဦးဆောင်ပျံသန်းနေသည်။ ပြင်းထန်သော လေအဟုန်သည် တိမ်တိုက်များကို ဖယ်ရှားပစ်ကာ ရှေ့ပြေးသင်္ဘောအုပ်စုမှာလည်း အရှိန်ကို ဆက်လက် မြှင့်တင်နေသည်။
[အမြင့် မီတာ ၈၀၀၀ သို့ ရောက်ရှိ]
[အမြင့် မီတာ ၉၀၀၀ သို့ ရောက်ရှိ]
မြူမီးခိုးမွန်းစတား၏ ပလာစမာမီးတောက် အမြီးတန်းမှာလည်း ဆက်လက်မြင့်တက်နေသည်။ လွှတ်တင်ရေးစင်တာ ထိန်းချုပ်ခန်းအတွင်းရှိ ချူကျောက်နန်သည် သင်္ဘောအုပ်စုပျံတက်သွားသည်ကို တည်ငြိမ်သော အမူအရာဖြင့်သာ စောင့်ကြည့်နေသည်။
[မီတာ ၉၅၀၀]
[ကောင်းကင်အကာအကွယ်အမြင့်သို့ ချဉ်းကပ်နေပြီ၊ သင်္ဘောအုပ်စုတစ်ခုလုံး ကာကွယ်ရေးအတွက် ပြင်ဆင်ထားပါ]
တီ တီ တီ တီ
ထိုအချိန်တွင် သင်္ဘောအသီးသီးနှင့် လွှတ်တင်ရေးစင်တာရှိ စက်ခလုတ်ခုံများပေါ်တွင် အချက်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ စုကျင်း၊ ရှုယန်နှင့် အခြားအရာရှိများ၏ မျက်နှာမှာ အလွန်လေးနက်နေပြီး တစ်ခန်းလုံးတွင်လည်း လေထုမှာ အေးခဲနေသကဲ့သို့ ခံစားရသည်။
[ကောင်းကင်အကာကွယ်၏ စွမ်းအင်အတက်အကျကို တွေ့ရှိရသည်၊၊ ထိခိုက်မှုအတွက် ပြင်ဆင်ပါ]
[အရှိန်မြှင့်တင်]
တီ...
နောက်တစ်စက္ကန့်တွင် မြူမီးခိုးမွန်းစတားနောက်မှလိုက်ပါလာသော ကြယ်သင်္ဘောခုနစ်စင်းလုံး၏ အချက်ပြလှိုင်းများသည် လွှတ်တင်ရေးစင်တာရှိ စခရင်ပေါ်မှနေ၍ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
“အစီရင်ခံပါတယ်၊ ကြားဖြတ်ပျံသန်းရေးကိရိယာ ပျက်ကျသွားပါပြီ”
“အစီရင်ခံပါတယ်၊၊ ကောင်းကင်လေ့လာရေးစခန်းကနေ လေထုအတွင်း ကြီးမားတဲ့ပေါက်ကွဲမှုတွေကို စမ်းသပ်တွေ့ရှိရပါတယ်”
“ရှာဖွေမှု မလုပ်နိုင်တော့ပါ၊ စောင့်ကြည့်ရေးသင်္ဘော မြေပြင်သို့ ဆင်းသက်နေပါပြီ”
ထိုအချိန်တွင် လွှတ်တင်ရေးစင်တာတစ်ခုလုံး တိတ်ဆိတ်သွားကာ လေထုမှာ အလွန်လေးလံနေပြီး လူတိုင်းသည် အသက်ရှူဖို့ပင် မေ့နေကြသကဲ့သို့ ရှိသည်။ အပ်တစ်ချောင်းကျသံကိုပင် အတိုင်းသားကြားနိုင်လောက်အောင် ငြိမ်သက်သွားသည်။
မျက်စိရှေ့တွင် ဘာဖြစ်သွားသည်ကို လူတိုင်းသိလိုက်ကြသည်။ ယခုတစ်ကြိမ်သည် ကောင်းကင်အကာအကွယ်ကို ဖောက်ထွက်ရန် ပထမဆုံးစမ်းသပ်မှု မဟုတ်သဖြင့် ဝန်ထမ်းများအနေဖြင့် ကြားဖြတ်ပျံသန်းရေးကိရိယာ အဘယ်ကြောင့် ပျက်ကျသွားသည်ကို နားလည်ကြသည်။ သို့သော် မည်သူမျှ စကားမပြောရဲကြဘဲ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့သာ လွှမ်းမိုးနေသည်။
အချို့မှာ မျက်နှာများ ဖြူလျော်နေကြပြီး အချို့မှာ တိုးတိုးလေး ရှိုက်ငိုနေကြသည်။ ရှုယန်သည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာမှ တဖြည်းဖြည်း ပြန်လျှော့လိုက်ပြီး မလှုပ်မယှက်ရပ်နေသော ချူကျောက်နန်ကို ကြည့်လိုက်သည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။ နောက်ထပ် မိနစ်အနည်းငယ်….
မြေအောက်မြို့တော်၏ အောက်ခြေမှနေ၍ ပေါက်ကွဲသံကြီးများနှင့် အမှောင်သတ္တဝါများ၏ အော်ဟစ်သံများမှာ မြေအောက်ကြမ်းပြင်တစ်ခုလုံး ဟိန်းထွက်လာသည်။ အစောင့်များက သေနတ်များကိုယ်စီဖြင့် ကူညီရန် ပြေးထွက်သွားကြသော်လည်း ချူကျောက်နန်မှာမူ စောင့်ကြည့်ရေးမျက်နှာပြင်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
၁၀ နာရီ ၂၇ မိနစ်တွင် ကောင်းကင်မှာ လင်းမလာသေးဘဲ မြေအောက်မြို့တော်တွင် ထူးဆန်းသည့်သတ္တဝါများ၏ အော်ဟစ်သံများမှာ မြေအောက်အနက် မီတာတစ်ထောင်မှနေ၍ အထက်သို့ ပဲ့တင်ထပ် ကျူးကျော်လာနေသည်။
တစ်ချိန်က သန့်ရှင်းတောက်ပခဲ့သော ရုံးခန်းများ၊ ဈေးကြီးပေးမှ နေထိုင်နိုင်သည့် လူနေရပ်ကွက်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဖျော်ဖြေရေးလမ်းမများအားလုံးမှာ မွန်းစတားများ၏ ဖျက်ဆီးမှုကြောင့် အပျက်အစီးများ ဖြစ်ကုန်ချေပြီ။ မိနစ် ၂၀ သာ ကြာမြင့်သေးသော်လည်း နာရီပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသည်။
လွှတ်တင်ရေးခန်းမအတွင်းရှိ လေထုမှာ မွန်းကြပ်ဖွယ်ကောင်းလောက်အောင် လေးလံနေစဉ်မှာပင် ဝန်ထမ်းတစ်ဦး၏ ကွန်ပျူတာပေါ်၌ လျှပ်စစ်သံလိုက်လှိုင်းမှတစ်ဆင့် ပေးပို့သော အချက်ပြလှိုင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုဝန်ထမ်းသည် မယုံကြည်နိုင်ဘဲ မျက်မှန်ကို ပွတ်လိုက်မိသည်။ ကွန်ပျူတာစခရင်ပေါ်တွင် လျှပ်စစ်သံလိုက်လှိုင်းများမှတစ်ဆင့် ပေးပို့လာသော ဘိုင်နရီကုဒ်များ တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည်။
“ဥက္ကဋ္ဌ”
ထိုဝန်ထမ်း၏ အော်ဟစ်လိုက်သံကြောင့် လူတိုင်း လန့်သွားကြသည်။ ဝန်ထမ်းများစွာက ထိုနေရာသို့ ဝိုင်းအုံလာကြသည်။
“ဒါ ဘိုင်နရီကုဒ်တွေပဲ၊၊ ဘာသာပြန်စနစ်ကို ချက်ချင်းဖွင့်”
“ဘာသာပြန်ချက် ထွက်လာပါပြီ”
“စခရင်ပေါ်မှာ တင်လိုက်တော့”
ထို့နောက် ချူကျောက်နန်၊ ရှုယန်နှင့် အခြားသူများသည် စောင့်ကြည့်မျက်နှာပြင်ကို မော့ကြည့်လိုက်ကြရာ ရင်းနှီးနေသော စာလုံးများ တစ်လုံးချင်းစီ ပေါ်ထွက်လာသည်။
“အရုဏ်ဦးမြို့တော်... ဒါက Natural Selection သင်္ဘောက ကျန်းဖေးဟိုင်ပါ။ နေရောင်ခြည်စွမ်းအင်သုံး အချက်ပြစနစ်နဲ့ သတင်းပို့နေတာဖြစ်ပါတယ်၊၊ အကာအကွယ်ဖောက်ထွက်တဲ့ကိရိယာက ကောင်းကင်အကာအကွယ်ကို အောင်မြင်စွာ ဖွင့်ပေးနိုင်ခဲ့ပါပြီ၊၊ ဒါပေမဲ့ ကျွန်တော်တို့ အမည်မသိ အမှောင်စွမ်းအင်မုန်တိုင်းတစ်ခု မိသွားပြီး သင်္ဘောသားအတော်များများ သန္ဓေပြောင်းသွားကြပါတယ်၊၊ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောနဲ့ ရိက္ခာတင်သင်္ဘောတွေကတော့ လမ်းခွဲသွားပါပြီ၊၊ ကျွန်တော်တို့နဲ့ Deep Blue သင်္ဘောကိုတော့ အမှောင်စွမ်းအင်မုန်တိုင်းဇုန်ထဲကနေ တွန်းထုတ်ပေးလိုက်နိုင်ပါတယ်၊၊ ကပ္ပတိန် ချူကျင်းကတော့ ကျဆုံးသွားခဲ့ပါပြီ၊၊ အခု ကျွန်တော်က ရှေ့တန်းစီမံကိန်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်ပါတယ်၊၊ ကျွန်တော်တို့ အစီအစဉ်အတိုင်း နေအဖွဲ့အစည်းထဲကနေ ထွက်ခွာတော့မယ်၊၊ နှုတ်ဆက်ပါတယ်... ကမ္ဘာဂြိုဟ်ကြီး”
“ကပ္ပတိန်ကျန်း... ငါတို့တွေ... အောင်မြင်သွားတာလား”
လွှတ်တင်ရေးစင်တာ မန်နေဂျာသည် ထိုစကားကိုကြားရသည်နှင့် မျက်ရည်များ ဝိုင်းလာသည်။
“Constant Star အဆင့် သင်္ဘောနှစ်စင်း လွတ်သွားပြီ”
ရှေ့တန်းစီမံကိန်းအတွက်တော့ ကြယ်သင်္ဘော ခုနစ်စင်းထဲမှ တစ်စင်းတည်း အောင်မြင်စွာ လွတ်မြောက်သွားရင်တောင် အောင်မြင်မှုလို့ သတ်မှတ်လို့ရသည်ပင်။ သို့သော် သူ အားရပါးရ အော်ဟစ်တော့မည့်အချိန်တွင် အခြားဝန်ထမ်းများ၏ လေးလံနေသော မျက်နှာရိပ်မျက်နှာကဲများကို သတိထားမိသွားပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။ သူသည် အားတုံ့အားနာဟန်ဖြင့် ချူကျောက်နန်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။
“ဥက္ကဋ္ဌချူ... ကျွန်တော်...”
ချူကျောက်နန် အားလုံးကို နားလည်နိုင်ပေသည်။ သူက ဝန်ထမ်းအားလုံးကို နှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်သည်။
“ရပါတယ်၊၊အားလုံး အတူတူပါပဲ”
“ငါတို့ တာဝန်တွေ ပြီးဆုံးသွားပြီ၊၊ အခု အားလုံး ထွက်သွားလို့ရပါပြီ၊၊ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက မင်းတို့ကို ဘေးကင်းရာဆီ ပို့ဆောင်ပေးလိမ့်မယ်”
ရှုယန်က လှမ်းကြည့်လိုက်သည့်အခါ ချူကျောက်နန်၏ ပခုံးပေါ်မှ ပေါင်ချိန်တစ်ထောင်ခန့် လေးလံသည့် ဝန်ထုတ်ဝန်ပိုးကြီးကျသွားသကဲ့သို့ ရှိကာ ရုတ်တရက် အိုမင်းသွားသလိုပင် ခံစားရသည်။ လူစုခွဲမှု စတင်လေပြီ။ ထိန်းချုပ်ရေးခန်းမအတွင်းရှိ နောက်ဆုံးဝန်ထမ်းများနှင့် ဖယ်ဒရေးရှင်း လက်နက်ကိုင်တပ်ဖွဲ့များမှာ မြေအောက်မြို့တော်မှ စတင်ထွက်ခွာကြသည်။
“ထာဝရကောင်းကင်တွင်းကို စတင်လိုက်တော့”
ချူကျောက်နန်သည် သူ၏ လက်ဗွေနှိပ်ကာ နောက်ဆုံးအမိန့်ကို ထုတ်ပြန်လိုက်သည်။
ဝူး
အမှတ် (၁) မြေအောက်မြို့တော်၏ အပေါ်ဘက်တွင် ဧရာမ သံမဏိတံခါးကြီးနှစ်ချပ်သည် ကောင်းကင်တံခါးကြီးများအလား တဖြည်းဖြည်း ပိတ်ကျသွားသည်။ ဤတံခါးကြီးများကို ယခင်က နျူကလီးယားပေါက်ကွဲမှုကို ကာကွယ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ မြေအောက်မြို့တော်အတွင်းရှိ သန္ဓေပြောင်းဖုတ်ကောင်များ မြေပြင်သို့ ပျံ့နှံ့မလာစေရန် တားဆီးရန်အတွက် အသုံးပြုလိုက်ရချေပြီ။
လော့မင်သည် အလင်းတမန်တော်အဖွဲ့ကို ဦးဆောင်ကာ ဝန်ထမ်းများနှင့် အစောင့်များ ဘေးကင်းစွာ ထွက်ခွာနိုင်ရန် လုံခြုံရေးယူပေးနေသည်။ ရှုယန် ထွက်ခွာသွားချိန်တွင် ချူကျောက်နန်တစ်ဦးတည်း လွှတ်တင်ရေးခန်းမထဲတွင် ကျန်ရစ်ခဲ့သည်ကို မြင်ရသဖြင့် သူက လှမ်းပြောလိုက်သည်။
“ဥက္ကဋ္ဌ...”
“မင်း အရင်သွားနှင့်ပါ”
စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ချူကျောက်နန်သည် ဟာလာဟင်းလင်းဖြစ်နေသော ခန်းမထဲတွင် တည်ငြိမ်စွာ ရပ်နေရင်း ပြောလိုက်သည်။
“လူသားယဉ်ကျေးမှုရဲ့ နောက်ဆုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ဖို့ တာဝန်ယူရသလို... မေ့လျော့ခြင်းခံလိုက်ရတဲ့ လူသားတွေအတွက်လည်း ငါ ပြန်ပေးဆပ်ရဦးမယ်”
သူသည် ယဉ်ကျေးမှု၏ ပြယုဂ်ဖြစ်ခဲ့သော လွှတ်တင်ရေးခန်းမ အလယ်တည့်တည့်တွင် ခိုင်မာစွာ ရပ်နေသည်။ မြေအောက်မှ တက်လာသော ဖုတ်ကောင်လှိုင်းလုံးကြီးများက မြေအောက်မြို့တော်ကို ဝါးမျိုနေသော်လည်း သူ၏ စိတ်ဓာတ်ကိုမူ မလွှမ်းမိုးနိုင်ချေ။ ရှုယန်သည် မှင်သက်နေမိပြီး မျက်ဝန်းများတွင် ဝမ်းနည်းမှုတို့ ပြည့်လျှံနေသည်။ ထို့နောက် သူသည် ရပ်တန့်လိုက်ကာ ချူကျောက်နန်ကို အသံတိတ် ဦးညွှတ်လိုက်သည်။ ထွက်ခွာရန် ပြင်နေသော ဝန်ထမ်းအချို့မှာလည်း ရပ်တန့်ကာ ထိုကျောပြင်ကို ပြန်လှည့်ကြည့်နေကြသည်။
ဖယ်ဒရေးရှင်း ဥက္ကဋ္ဌတစ်ဦးအနေဖြင့် သူသည် အားလုံးထွက်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ဖခင်တစ်ဦးအနေဖြင့်မူ သူသည် ပြန်လာမည့် သတင်းစကားကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ချူကျောက်နန်သည် သူ၏အိတ်ထဲမှ တောက်ပနေသော ရေတပ်တံဆိပ်လေးကို ထုတ်ယူလိုက်ပြီး သူကိုယ်တိုင်သာ ကြားနိုင်သည့် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“တော်တယ်...”
ဝုန်း...
ထာဝရကောင်းကင်တွင်းကြီး ပိတ်သွားချေပြီ။ မြေအောက်မှ မြို့ထဲသို့ တိုးဝင်ရန် ကြိုးစားနေသော ထူးဆန်းသည့်သတ္တဝါအားလုံး အပိတ်ခံလိုက်ရသည်။ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့ရိုးများ ကျိုးပေါက်လုနီးပါးဖြစ်နေသော နေရာများသို့ သံမဏိအစောင့်တပ်ရင်း ၈၃ ရောက်ရှိလာကာ နောက်ဆုံးခံတပ်ကြီးကို အပြင်းအထန်ကာကွယ်လိုက်ကြသည်။
***