အနီရောင်ကမ္ဘာအတွက်မူ ၎င်းမှာ ဆုံးရှုံးမှု မဟုတ်ချေ။ အကြောင်းမှာ ထိုနှစ်ဦးလုံးသည် ဧရာမဘုရားကျောင်းတော် လွှတ်တင်ရေးစခန်းကို ထိန်းချုပ်ရန် အသုံးချခံရသည့် ကိုယ်ပွားများသာဖြစ်ပြီး ၎င်းတို့အတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည့် ချူယန်ကို တစ်ပါတည်း ဖယ်ရှားနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချူယန်သည် သူမ၏ သေဆုံးမှုကို ကြိုတင်သိမြင်နေခဲ့ပြီး ဖြစ်ရာ ၎င်းမှာ တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်သည်။
ရှီဇီ ရောက်လာပြီး လင်းရှန်၏ နောက်ကျောဘက်မှနေ၍ သူမ၏ စွမ်းရည်ကို အသုံးပြုကာ သူ့ကို စိတ်အခြေအနေ လန်းဆန်းလာအောင် အသံတိတ်ကူညီပေးလိုက်သည်။ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် လင်းရှန်သည် ရှီဇီကို လှည့်ကြည့်ကာ ခပ်နွမ်းနွမ်း ပြုံးပြီး ပြောလိုက်သည်၊၊
“ရှီဇီ… မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်”
ရှီကျိ၏ မျက်နှာပေါ်တွင် ဖုန်မှုန့်များ ပေကျံနေဆဲ ဖြစ်သည်။ သူမက လင်းရှန်ကို ကြည့်ကာ
“ကျွန်မတို့အတွက် မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်တယ်”
သူမက ကောင်းကင်ကို လက်ညှိုးထိုးပြရင်း ဆက်ပြောသည်၊၊
“ကျွန်မတို့လည်း အဲဒီအပေါ်ကို ပျံတက်သွားလို့ ရတာပဲ”
လင်းရှန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ရှေ့တန်းစီမံကိန်းမှ ကြယ်သင်္ဘောနှစ်စင်း အောင်မြင်စွာ လွတ်မြောက်သွားသည့် သတင်းကို သူ သိရှိပြီး ဖြစ်သည်။ အာကာသဆိပ်ကမ်းသို့ ထိုးဖောက်ဝင်စဉ်က သူ ပထမဆုံးမြင်တွေ့ခဲ့ရသည့် သင်္ဘောမှာ Natural Selection ဖြစ်ကြောင်း အမှတ်ရမိသွားသည်။ ဤသတင်းမှာ လင်းရှန်အတွက်တော့ ဝမ်းနည်းစရာများနှင့် ရောယှက်နေသော အားဆေးတစ်ခွက်ပင် ဖြစ်သည်။ ယဉ်ကျေးမှု ရှုထောင့်မှကြည့်လျှင် လူသားယဉ်ကျေးမှုသည် အာကာသ၏ အဝေးတစ်နေရာတွင် လှပသော ပန်းတစ်ပွင့်အလား ထပ်မံ ပွင့်လန်းလာနိုင်ချေ ရှိသည်။
သူ၏ ကိုယ်ပိုင်အမြင်အရမူ ကမ္ဘာဂြိုဟ်ပေါ်တွင် ကျန်ရှိနေသော လူသားများအတွက် လအနည်းငယ်ခန့်သာ ခရီးဆက်ရန် ကျန်တော့သည်။ ဤလအနည်းငယ်အတွင်း လူသားတို့အနေဖြင့် ဤအတွေ့အကြုံကို အသုံးချကာ ကောင်းကင်အကာအကွယ်အကြောင်း ပို၍ နက်နက်ရှိုင်းရှိုင်း သုတေသနပြုလုပ်နိုင်မည်လားဆိုသည်မှာတော့ မသေချာချေ။ သို့သော် တွင်းနက်များ၏ ထူးခြားသော လှုပ်ရှားမှုများက အမှောင်ထုသည် လူသားမျိုးနွယ်၏ ရည်ရွယ်ချက်ကို သိရှိသွားပြီဖြစ်ကြောင်း ပြသနေပြီး သူတို့၏ ရှင်သန်မှု အခြေအနေကို ပိုမို စိုးရိမ်ရသည့် အဆင့်သို့ တွန်းပို့နေနိုင်ချေ ရှိနေသည်။
ပြင်းထန်လှသော တစ်ညတာ တိုက်ပွဲအပြီးတွင် ကီကီမှာ အိပ်မောကျနေပြီဖြစ်သည်။ မနေ့ညက ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်းစခန်းတွင် မီးတောက်၊ မိုနီကာ၊ ကျန်းယွမ်နှင့် အခြားသူများမှာ ငွေကြယ်နှင့် အနန္တမဟာမိတ်အဖွဲ့ဝင်များ၊ ယာဉ်များကို ကာကွယ်ရန် တစ်ညလုံး တိုက်ပွဲဝင်ခဲ့ကြရ၏။ အကြီးစားယာဉ်များ ပျက်စီးသွားခြင်းက ဆုတ်ခွာရေးလုပ်ငန်းကို ပိုမိုခက်ခဲစေခဲ့သည်။
ဝူးးး
စိတ်ပျက်အားငယ်မှုများနှင့် ကစဉ်ကလျားအခြေအနေများ လွှမ်းမိုးနေသော အရုဏ်ဦးမြို့တော်၏ ကောင်းကင်အထက်၌ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာသည်။ မြောက်ဘက်မှ ပျံသန်းနိုင်သော ဧရာမမြို့တော်ကြီးတစ်ခုမှာ ကောင်းကင်ကို ဖုံးလွှမ်းလျက် ရောက်ရှိလာသည်။ ၎င်းမှာ တိတ်ဆိတ်မြို့တော်ဖြစ်သော်လည်း ယခုအခါ အမှတ် (၂) မြို့တော်မှာ သီးခြားခွဲထွက်လာခဲ့ပြီဖြစ်သည်။
အနောက်ဘက်၌မူ ကြယ်သင်္ဘောနှင့်တူသော အနက်ရောင် အာကာသရထားကြီးတစ်စင်းသည် လေထုကို ခွင်းလျက် လျင်မြန်စွာ ဆိုက်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် ဂြိုဟ်ပတ်လမ်းကြောင်းပေါ်၌ ၁၅ ကီလိုမီတာ ရှည်လျားသော ပေါင်းစည်းယာဉ်တန်းကြီးမှာ ရိက္ခာများ၊ စက်ကိရိယာများနှင့် ကျင်းဟိုင်မှ အနန္တမဟာမိတ်အဖွဲ့ဝင်အားလုံးကို တင်ဆောင်ကာ မြို့ထဲသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်ဝင်ရောက်လာသည်။
ကောင်းကင်အမိုးခုံးရထားသည် ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်းစခန်းသို့ ဆိုက်ရောက်လာသည်။ အရုဏ်ဦးမြို့တော်၏ မြို့ရိုးများကြောင့် ကောင်းကင်အမိုးခုံးရထားသည် မြို့ထဲသို့ ပျံသန်းဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။ ကျန်းရှု့ဝေ၊ ရှီတိယွမ်၊ ချန်ဆီရွှမ်၊ ရှုချင်း၊ တာလို့၊ ရှားရှား၊ နန်ကျင်း၊ ချီလီနှင့် တင်းကျန်းရီစသည့် မိတ်ဟောင်းဆွေဟောင်းများနှင့် အဓိကအဖွဲ့ဝင်များ ပြန်လည်ဆုံတွေ့ကြသည်။
ချန်ဆီရွှမ်မှာ လင်းရှန်၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်ထားလိုက်မိသည်။ မနေ့ညက အရုဏ်ဦးမြို့တော်၏ တိုက်ပွဲပြင်းထန်မှုကြောင့် အနန္တမဟာမိတ်အဖွဲ့ဝင်များ စိုးရိမ်ထိတ်လန့်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၌ အမှောင်အမှတ်အသားများရှိမနေခဲ့ပေ။ ထူးဆန်းသော သတ္တဝါများက အရုဏ်ဦးမြို့တော်ဆီသို့သာ ဦးတည်သွားကြသဖြင့် ၎င်းတို့မှာ တိုက်ပွဲကြီးကြီးမားမားနှင့် မရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ဒီအတောအတွင်း ကောင်းကင်အမိုးခုံးအဆင့်ရှိ စံနှုန်းမီ ကြယ်သင်္ဘောတွဲ အသစ်တစ်စင်းကို တည်ဆောက်ပြီးစီးခဲ့သည်။ ကောင်းကင်အမိုးခုံးရထား၏ အရှည်မှာ ယခုအခါ ၄ ကီလိုမီတာကျော်ရှိနေပြီဖြစ်၍ ဧရာမသတ္တဝါကြီးတစ်ကောင်အလားဖြစ်နေပြီး လက်နက်များ ပြန်လည်တပ်ဆင်ထားမှုကြောင့် အနန္တမဟာမိတ်အဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းမှာ စစ်တပ်တစ်ခုနှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။
ဂြိုဟ်ပတ်လမ်းစခန်း ခန်းမအတွင်း၌ ယခင်ပေါင်းစည်းယာဉ်တန်း၏ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင်များဖြစ်ကြသော ကျန်းယွမ်၊ ကျန်းရှု့ဝေ၊ ကျန်းဇီယန်တို့အပြင် လေပြင်းမဟာမိတ်အဖွဲ့မှ ဟုန်ယွမ်စီးပွားရေးမဟာမိတ်အဖွဲ့မှ ဝမ်ဟုန်ယွမ်၊ ခေတ်သစ်အင်ဂျင်နီယာအဖွဲ့မှ စွန်းဖုန်း၊ သံမဏိဒိုင်းအဖွဲ့မှ လျန်ဟောင်နှင့် လောင်ကျွမ်းနေသော ဖီးနစ်အဖွဲ့မှ ဟယ်လင်ချူးတို့သည် လင်းရှန်ဦးဆောင်သော အဓိကအဖွဲ့ကြီးအဖြစ် စုဝေးကာ နောက်ထပ်ခြေလှမ်းများအတွက် ဆွေးနွေးကြသည်။
“အရုဏ်ဦးစောင့်ကြည့်သူမဟာမိတ်က လင်းချင်ယွီ၊ Wind Speaker ယာဉ်တန်းမှ လောင်ဟန်နဲ့ သတ္တုရူးသွပ်ခြင်းအဖွဲ့က ဟန်တိုင်ဂီတို့က ဆုတ်ခွာဖို့ ပြင်နေကြပြီ။ ဇန်ဂိတ်က ယုဟွေ့အန်းကလည်း လေလွင့်သူမဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး ထျန်းကျီဘက်ကို သွားဖို့ ပြင်နေတယ်။ အခု မြို့ထဲက အကြီးစားယာဉ်တန်းတွေအားလုံးနီးပါး လှုပ်ရှားနေကြပြီ၊၊ ဘုံမဟာမိတ်အဖွဲ့က လဲ့ကျန်းတစ်ယောက်ပဲ ကျန်တော့တယ်၊၊ သူ့ဆီမှာ အကူအညီတောင်းနေတဲ့သူတွေ အများကြီးရှိနေလို့ လူတချို့ကို ခေါ်သွားပေးချင်ပုံရတယ်”
ကျန်းယွမ်က မြို့ထဲမှ အခြေအနေကို အနှစ်ချုပ် တင်ပြသည်။
ကျန်းရှု့ဝေကလည်း “ကျွန်မတို့ အခုထွက်ရင် မိုးမချုပ်ခင် ပင်းမြို့ကို ရောက်နိုင်တယ်၊၊ မနက်ဖြန်ဆိုရင် ခန်းချန်မြို့ကို ရောက်လိမ့်မယ်”
ထိုအချိန်၌ ဂြိုဟ်ပတ်လမ်းစခန်း အပြင်ဘက်မှ ဆူညံသံကြီး ထွက်ပေါ်လာသည်။ လင်းရှန် ထွက်ကြည့်လိုက်သောအခါ အပြင်ဘက်ရှိ ရင်ပြင်၊ လမ်းမနှင့် စင်္ကြံလမ်းများတွင် သောင်းနှင့်ချီသော လူအုပ်ကြီး တိုးဝှေ့နေကြသည်ကို မြင်လိုက်ရသည်။ ၎င်းတို့၏ အသည်းအသန်တိုးဝှေ့အော်ဟစ်မှုများကို မဟာမိတ်အဖွဲ့ဝင်များနှင့် သံဆန်ခါခြံစည်းရိုးများက တားဆီးထားရ၏။
“ကပ္ပတိန်... ကျွန်တော်တို့ကိုလည်း ခေါ်သွားပေးပါ”
“ကျွန်တော်တို့မှာ ရိက္ခာတွေပါတယ်၊၊ အစာမစားဘဲ နေပါ့မယ်၊၊ ကျေးဇူးပြုပြီး ခေါ်သွားပေးကြပါ...”
“တောင်းပန်ပါတယ်... ကျွန်မသမီးလေးကိုပဲ ဖြစ်ဖြစ် ခေါ်သွားပေးပါ၊၊ သူက ၅ နှစ်ပဲ ရှိသေးတာပါ၊၊ အရမ်းလိမ္မာပါတယ်၊၊ သူ့ကို အသေမခံပါနဲ့...”
“ကျွန်တော့်မှာ အရည်အချင်းရှိပါတယ်၊၊ ကျွန်တော်က အရင်တုန်းက ရထားပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာတစ်ယောက်ပါ”
ဒဏ်ရာရနေသော အမျိုးသားများ၊ ဒူးထောက်တောင်းပန်နေသော မိခင်များ၊ မျှော်လင့်ချက်ကင်းမဲ့နေသော လူငယ်များနှင့် ငိုယိုနေသော ကလေးငယ်များသည် လင်းရှန်ဆီသို့ စုပြုံတိုးဝှေ့လာကြသည်။ မျှော်လင့်ချက်မဲ့နေသော ထိုအော်ဟစ်သံများကို နားထောင်ရင်း လင်းရှန်သည် အပေါ်မှနေ၍ အဆုံးအစမရှိသော လူအုပ်ကြီးကို ငုံ့ကြည့်နေမိသည်။ ထိုလက်များမှာ—ကွဲအက်လျက် သွေးစွန်းနေသော၊ ညစ်ပတ်ပေကျံနေသော၊ ဒဏ်ရာရနေသော၊ အိုမင်းနေသော၊ နုပျိုနေသော လက်များဖြစ်ကြပြီး လေပြင်းတိုက်ခိုက်ခံရသည့် ဂျုံပင်များအလား ဂြိုဟ်ပတ်လမ်းစခန်းဆီသို့ ဦးတည်နေကြသည်။ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ကောက်ရိုးတစ်မျှင်ကို အမိအရဆုပ်ကိုင်ချင်နေကြသည့်အလားပင်။
“သူတို့တွေ ကောင်းကင်အမိုးခုံးအဆင့်ရထားနဲ့ ပေါင်းစည်းယာဉ်တန်း မြို့ထဲဝင်လာတာကို မြင်တော့ အရုဏ်ဦးမြို့တော်ကနေ လွတ်မြောက်ဖို့ လိုက်ပါချင်နေကြတာပဲ”
ကျန်းယွမ်က လင်းရှန်အနားသို့ လာကာ လေးလံသော အမူအရာဖြင့် ပြောလိုက်သည်။
ရှီတိယွမ်မှာ လင်းရှန်၏ ဘေး၌ရပ်ကာ စိတ်မကောင်းစွာဖြင့် ကြည့်နေမိ၏၊၊
“ညီလေးလင်း… ငါတို့ လူတချို့ကို ခေါ်သွားပေးလို့ ရမလား”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“ပေါင်းစည်းယာဉ်တန်းတွေ အားလုံးပေါင်းရင် လူထောင်ဂဏန်းလောက်တော့ ထပ်တင်လို့ ရပါတယ်”
“ထောင်ဂဏန်းလောက်နဲ့ ဘာမှမထူးခြားဘူး”
ဟယ်လင်ချူးက ပြောသည်။
“ဒီနေရာတင် အနည်းဆုံး လူ ၃ သောင်းကနေ ၅ သောင်းလောက် ရှိနေတာ”
“ဒါဆို မြို့ထဲမှာ လူဘယ်လောက် ကျန်သေးလဲ၊ တစ်သန်းလောက်လား” ရှီတိယွမ်က မေးလိုက်သည်။
“အနည်းဆုံး ၃ သန်းပဲ” ခေတ်သစ်အင်ဂျင်နီယာအဖွဲ့မှ စွန်းဖုန်းက ပြန်ဖြေသည်။
“၃ သန်းတောင်လား”
ချန်ဆီရွှမ်က အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။
“ဘယ်လိုလုပ်ပြီး အဲဒီလောက်အများကြီး ရှိနိုင်မှာလဲ”
လုရှင်းချန်သည် သူ့ကိုယ်သူ မီးနတ်ဘုရားအဖြစ်ခံယူထားသော်လည်း ယခုမြင်ကွင်းတွင် အလွန်အစွမ်းမဲ့နေသကဲ့သို့ ခံစားရသဖြင့် တိတ်ဆိတ်စွာ ရပ်နေမိသည်။
သံမဏိဒိုင်းအဖွဲ့မှ လျန်ဟောင်က တင်းမာစွာ ပြောလိုက်သည်။
“မနေ့က မြို့ပြင်ရပ်ကွက်တွေကနေ ဝင်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေအများစုပဲ၊၊ အဲဒါအပြင် မနေ့ညက မြို့ထဲမှာတင် ယာဉ်အစီးရေ သောင်းနဲ့ချီပြီး ပျက်စီးသွားတာဆိုတော့ လူသုံးသန်းကို ချက်ချင်းရွှေ့ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဟုတ်တယ်”
ဝမ်ဟုန်ယွဲ့ကလည်း ထောက်ခံသည်။
***