ဂိုဏ်းသခင် အာဏာလွှဲပြောင်းပွဲ အခမ်းအနား ကျင်းပရန် နှစ်လပင် မလိုတော့ပေ။ ထို့ကြောင့် ဂျိချန်းဖန်သည် အလောတကြီး ပြန်မသွားဘဲ ရှောင်ပိုင်ကို ခေါ်ဆောင်ကာ ခရီးတစ်လျှောက် အေးအေးလူလူပင် ပြန်လာခဲ့သည်။
မျှော်စင်တောင်တန်းမှ ထွက်ခွာလာပြီးနောက် သူတို့သည် တောင်စမ်းချောင်းများတစ်လျှောက် လှည့်လည်ခဲ့ကြပြီး ရှေးဟောင်းစုန်းနွယ်စု၏ မျိုးနွယ်စုခွဲတစ်ခုရှိရာသို့ပင် ဝင်ရောက်လေ့လာခဲ့ကြသေးသည်။
သို့သော်လည်း... အချိန်ဟူသည်မှာ မည်သူ့ကိုမျှ မစောင့်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းသုံးရာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ရှောင်ပိုင် သိကျွမ်းခဲ့သော စုန်းမျိုးနွယ်စုမှ မိတ်ဆွေများအားလုံး ကွယ်လွန်သွားကြပြီဖြစ်သည်။ သူတို့၏ သက်တမ်းမှာ နှစ်ပေါင်းရာဂဏန်းမျှသာ ရှည်ကြာသောကြောင့် သူတို့သည် ဤလောကထဲသို့ လာရောက်ခဲ့ကြပြီးနောက် တိတ်ဆိတ်စွာပင် ဘဝဇာတ်သိမ်းသွားခဲ့ကြလေသည်။
ကောင်းကင်ယံထက်တွင် ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ဘေး၌ရပ်ရင်း အောက်ဘက်မှ စုန်းနွယ်စု ကျေးရွာလေးကို ငေးကြည့်နေမိသည်။ သူမ၏ ရင်ထဲတွင် ထူးဆန်းသော ဝမ်းနည်းမှုတစ်ခု တိုးဝင်လာ၏။
"ရာစုနှစ် သုံးခု အတွင်းမှာပဲ... ဒီလောကထဲမှာ ငါသိတဲ့သူ တစ်ယောက်မှ မကျန်တော့ဘူးလား" သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာက မိတ်ဆွေများမှာ ယခုဆိုလျှင် မြေစာပင် ဖြစ်နေကြပြီ။
ဂျိချန်းဖန်ကတော့ ရှေ့မှ မြင်ကွင်းအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ နွေဦးလေပြေက သက်ရှိတို့ကို ရှင်သန်စေသကဲ့သို့ ခေတ်သစ်တစ်ခုမှာလည်း မလွဲမသွေ စတင်လာမည်ဖြစ်သည်။
ဆောင်းဦးလေကြောင့် သစ်ရွက်များ ကြွေလွင့်ရသကဲ့သို့ ခေတ်တစ်ခုမှာလည်း မလွဲမသွေ ဘဝဇာတ်သိမ်းရမည်သာ။
ရှောင်ပိုင်က သူမ၏ တစ်ဦးတည်းသော မိတ်ဆွေဖြစ်သူ ဂျိချန်းဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။ "မင်းကကော ငါ့ဘေးမှာ ဘယ်လောက်ကြာကြာ နေပေးနိုင်မှာလဲ"
ဂျိချန်းဖန် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ခိုင်မာသော အကြည့်တို့ဖြင့် ပြန်ကြည့်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဒီလောကမှာ ထာဝရရှင်သန်ခြင်း မရှိဘူးဆိုရင်တောင်... ငါ ရောက်လာပြီပဲ။ မင်းအတွက် ထာဝရရှင်သန်ခြင်းကို ငါ ဖန်တီးပေးမယ်။ အခုကစပြီး မင်း တစ်ယောက်တည်း မဟုတ်တော့ဘူး၊ ငါ မင်းဘေးမှာ ရှိနေပေးမယ်"
လောကတွင် မူလက လမ်းဟူသည် မရှိပါ။ လူများစွာ လျှောက်လှမ်းကြသောအခါမှ လမ်းဟူသည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သူ၊ ဂျိချန်းဖန်သည် ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို ဖန်တီးသူ ဖြစ်လာမည်ဖြစ်ပြီး ဤခေတ်ကြီးကို "ချန်ရှန်း" (ထာဝရရှင်သန်ခြင်း) ခေတ်ဟု အမည်ပေးမည်ဖြစ်သည်။
"သွားကြစို့" ရှောင်ပိုင်က သာယာစွာ ပြုံးလိုက်ပြီး ဂျိချန်းဖန်၏ ဘေးသို့ လာကာ အသာအယာ ဖက်လိုက်သည်။
မနေ့ညကစပြီး ဂျိချန်းဖန်နှင့် သူမ၏ ဆက်ဆံရေးမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူငယ်ချင်းလား........... ထိုထက်မကတော့။ ချစ်သူလား........... ထိုအဆင့်ထိတော့ မရောက်သေး။ "ညီအစ်ကို" ဆိုသည့် စကားလုံးကသာ သူတို့၏ ဆက်ဆံရေးကို အကောင်းဆုံး အကျဉ်းချုပ်နိုင်မည် ထင်သည်။
ဂျိချန်းဖန်က ရှောင်ပိုင်ကို အသာအယာ ပွေ့ဖက်လိုက်ပြီး လက်တစ်ချက် ဝေ့ယမ်းကာ 'ဟုန်လူ ဓားနတ်ဘုရား' ကို ဆင့်ခေါ်လိုက်သည်။ ရဲရဲတောက်နေသော ဓားရောင်ခြည်က သူတို့နှစ်ဦးကို လွှမ်းခြုံသွားပြီး ကောင်းကင်ယံသို့ မြားတစ်စင်းကဲ့သို့ ထိုးတက်သွားလေတော့သည်။
...
ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့ ကျင်းယွမ်ဂိုဏ်းသို့ ပြန်ရောက်လာသောအခါ တစ်လခန့် ကုန်ဆုံးသွားပြီဖြစ်သည်။ ယခုဆိုလျှင် အာဏာလွှဲပြောင်းပွဲ အခမ်းအနားကျင်းပရန် တစ်လခန့်သာ လိုတော့သည်။
နတ်ဘုရားနယ်မြေအတွင်းရှိ အထက်လမ်းဂိုဏ်းအားလုံးမှာ ကျင်းယွမ်ဂိုဏ်းထံမှ သတင်းစကားကို လက်ခံရရှိထားကြပြီး သူတို့၏ ထူးချွန်သော တပည့်များကို ဦးဆောင်ကာ ကျင်းယွမ်ဂိုဏ်းသို့ ဦးတည်လာနေကြပြီဖြစ်သည်။ ကျင်းယွမ်ဂိုဏ်း၏ နောက်ထပ် ဂိုဏ်းသခင်သစ် ပေါ်ထွက်လာခြင်းကို သက်သေအဖြစ် ကြည့်ရှုရန် ပြင်ဆင်နေကြခြင်းပင်။
"ရှူးးး....."
တောက်ပသော ဓားရောင်ခြည်တစ်ခု လျှပ်ခနဲ ပေါ်လာပြီး ထုံထျန်းတောင်ထိပ်၏ ခြေရင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ ဂျိချန်းဖန်သည် မူလက ရှောင်ပိုင်ကို ထိုက်ကျူးတောင်ထိပ်သို့ ခေါ်သွားရန် စိတ်ကူးထားသော်လည်း လျိုဝေနှင့် လေးမြီးမြေခွေးတို့မှာ ထုံထျန်းတောင်ထိပ်တွင် ရှိနေသောကြောင့် ရှောင်ပိုင်ကိုပါ ဤနေရာသို့ တိုက်ရိုက်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဂိုဏ်းသခင်ကိုလည်း နှုတ်ဆက်ရန် လိုအပ်သည် မဟုတ်လား။
"စီနီယာအကို ဂျိ ကို ဂါရဝပြုပါတယ်..........."
ထုံထျန်းတောင်ထိပ်ရှိ တပည့်များမှာ ဂျိချန်းဖန်ကို မြင်သည်နှင့် သူတို့၏ အလုပ်များကို ရပ်တန့်ကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။
"အင်း..." ဂျိချန်းဖန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ တပည့်များကတော့ ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ကို ကြည့်ကာ သူမမှာ မည်သူဖြစ်ကြောင်း စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဂျိချန်းဖန်က ရှောင်ပိုင်ကို ခေါ်ဆောင်ကာ ယူကျင်းခန်းမသို့ ဦးတည်လိုက်သည်။ တိမ်ပင်လယ်ကို ဖြတ်ကျော်ပြီး သက်တန့်တံတားပေါ်သို့ တက်ခါနီးတွင်...
"ဝေါင်းးး....."
သက်တန့်တံတားအောက်ရှိ နက်ရှိုင်းသော ရေကန်ထဲမှ နက်ရှိုင်းသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း..........."
ရုတ်တရက် ရေကန်ကြီး ပေါက်ကွဲထွက်လာသကဲ့သို့ ရေစက်ရေပေါက်များ လွင့်စင်သွားပြီး တံတားဘေးတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းတွင် နဂါးခေါင်း၊ ခြင်္သေ့ကိုယ်ထည်ရှိပြီး တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ ကြောက်မက်ဖွယ်ကောင်းသော အစွယ်နှစ်ချောင်းနှင့်အတူ အားလုံးကို ဖိအားပေးနိုင်သော အသွင်ရှိသည်။
၎င်းမှာ ကျင်းယွမ်ဂိုဏ်း၏ နတ်ဘုရားသားရဲ 'ကီရင်' ပင် ဖြစ်သည်။ ၎င်း၏ အကြည့်မှာ ဂျိချန်းဖန်၏ ဘေးရှိ ရှောင်ပိုင်ပေါ်တွင် ကျရောက်နေပြီး အင်အားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသောကြောင့် ပတ်ဝန်းကျင်ရှိ တပည့်များမှာ အံ့အားသင့်ကာ ဆုတ်ခွာသွားကြရသည်။
"နတ်ဘုရားသားရဲကြီး စိတ်ဆိုးနေတာလား"
"ဘာတွေဖြစ်နေတာလဲ"
တပည့်များ မသိသည်မှာ နတ်ဘုရားသားရဲကြီးမှာ စိတ်ဆိုးနေခြင်း မဟုတ်ဘဲ ထူးခြားသော စွမ်းအင်တစ်ခုကို ခံစားမိသောကြောင့် စပ်စုလိုစိတ်ဖြင့် ထွက်ကြည့်ခြင်းသာ ဖြစ်သည်။
"ဟယ်လို......" ရှောင်ပိုင်က ပြုံးလျက် နတ်ဘုရားသားရဲကြီးကို နှုတ်ဆက်လိုက်သည်။
"ဝေါင်း..........." နတ်ဘုရားသားရဲကြီးက တိုးညှင်းစွာ တစ်ချက်ဟိန်းလိုက်ပြီးနောက် ရေကန်နက်ကြီးထဲသို့ ပြန်လည် ဆင်းသက်သွားလေတော့သည်။
ထိုသတ္တဝါကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်ပိုင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မင်းတို့ ကျင်းယွမ်ဂိုဏ်းရဲ့ ကီရင်က လည်ချောင်းထဲက အရိုးကို မချေဖျက်ရသေးဘူးလား" (မှတ်ချက် သားရဲများ လူစကားပြောနိုင်ရန် လည်ချောင်းရှိ အရိုးကို ကျင့်စဉ်ဖြင့် ချေဖျက်ရသည်ကို ဆိုလိုခြင်းဖြစ်သည်။)
"ငါလည်း မသိဘူး" ဂျိချန်းဖန်က ခေါင်းခါပြလိုက်သည်။ သူမှတ်မိသလောက်တော့ ဤကမ္ဘာရှိ မြေခွေးနွယ်စုမှအပ ကျန်သည့် နတ်ဘုရားသားရဲများနှင့် မိစ္ဆာသားရဲများမှာ လူစကား မပြောနိုင်ကြချေ။
ထို့အပြင် လူအသွင်သို့လည်း မပြောင်းလဲနိုင်ကြပေ။
ရှောင်ပိုင်က ခေါင်းညိတ်လိုက်ပြီး "အားတဲ့အချိန်ကျရင် အဲဒီအရိုးကို ဘယ်လိုချေဖျက်ရမလဲဆိုတာ ငါ သင်ပေးလိုက်မယ်" ဟု ဆိုသည်။
သူတို့ ဆက်လက်လျှောက်လှမ်းရန် ပြင်လိုက်စဉ် ရှေ့မှ ရင်းနှီးသော ပုံရိပ်တစ်ခု အရှိန်အဝါဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော တောက်ရွှမ်း ဖြစ်သည်။
"ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်၊ မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
တောက်ရွှမ်းသည် ဂျိချန်းဖန်ကို မြင်လိုက်ရသောအခါ အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။
သူသည် နတ်ဘုရားသားရဲကြီး၏ အရှိန်အဝါကြောင့် တပည့်တစ်ယောက်ယောက်ကများ စော်ကားမိသလားဟု ထင်ကာ ထွက်လာခြင်းပင်။
"ဂိုဏ်းသခင် စီနီယာဦးလေး..." ဂျိချန်းဖန်က အရိုအသေပြုလိုက်သည်။
"အင်း... ယူကျင်းခန်းမထဲမှာပဲ စကားပြောကြတာပေါ့" တောက်ရွှမ်းက ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ရှောင်ပိုင်၏ လှပသော မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူမသည် ရှေ့မှ တာအိုသခင်ကို ကြည့်ရင်း စိတ်ထဲတွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ထိုက်ကျင်း အဆင့်လား........... နောက်ထပ် ထိုက်ကျင်း တစ်ယောက်ပါလား...........
***