အမှန်အတိုင်း ပြောရလျှင် ကျင်းယွမ်ဂိုဏ်း၏ လက်ရှိဂိုဏ်းသခင်သည်လည်း ထိုက်ကျင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ရှောင်ပိုင် လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ဂိုဏ်းတစ်ခုတည်းမှာတင် ထိုက်ကျင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် ရှိနေတာလား။
ဒါက...
ရှောင်ပိုင်၏ လှပသော မျက်ဝန်းအစုံတွင် တုန်လှုပ်မှုရိပ်များ ဖြတ်ပြေးသွားသည်။ ထိုက်ကျင်းအဆင့် ပညာရှင်တစ်ယောက်တည်းနှင့်ပင် ဤလောကကြီးကို ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ရန် လုံလောက်နေပြီဖြစ်သည်။
ယခုမူ ကျင်းယွမ်ဂိုဏ်းတွင် ထိုက်ကျင်းအဆင့် နှစ်ယောက်ရှိနေသည့်အပြင် တစ်ယောက်က အလွန်ပင် ငယ်ရွယ်နုပျိုနေသေးသည်။
နတ်ဘုရားနယ်မြေ၏ အနာဂတ်သည် ကျင်းယွမ်ဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိသွားတော့မည်ဟု ရှောင်ပိုင်၏ ရင်ထဲတွင် ကြိုတင်ဟောကိန်း ထုတ်မိနေပြီဖြစ်သည်။
သူမသည် ဘေးရှိ ဝတ်စုံဖြူနှင့် လူငယ်လေးကို အံ့ဩတကြီး ကြည့်နေမိသည်။ ဂျိချန်းဖန်သည် အဘယ်ကြောင့် ဖန်ရှန်းဂူကို အရေးမလုပ်သလို သဘောထားခဲ့သည်ကို သူမ ယခုမှပင် နားလည်သွားတော့သည်။
သူက သူတို့ကို တစ်ခါမှပင် မျက်စိထဲ ထည့်မထားခဲ့ခြင်း ဖြစ်သည်။
မှန်ပေသည်။ ထိုက်ကျင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၊ ကျင်းယွမ်ဂိုဏ်း၏ ကျူးရှန်းဓား ၊ ပြီးတော့ နတ်မီးမှန် ကဲ့သို့ နတ်ဘုရားလက်နက်ကလည်း ကျင်းယွမ်ဂိုဏ်း၏ လက်ထဲတွင် ရှိနေသည်။
ဤမျှ ခိုင်မာသော အုတ်မြစ်ရှိသည့် ကျင်းယွမ်ဂိုဏ်းကို မည်သူကများ ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။
ယူကျင်းခန်းမ ထဲသို့ လျှောက်လှမ်းဝင်လာသည့် တစ်လျှောက်လုံး ရှောင်ပိုင်မှာ စိတ်နှင့်လူနှင့် မကပ်ဘဲ ဖြစ်နေရှာသည်။
အတိအကျ ပြောရလျှင် သူမသည် အလွန်အမင်း တုန်လှုပ်သွားရသဖြင့် ဘာပြောရမှန်းပင် မသိတော့ခြင်း ဖြစ်သည်။
ဂျိချန်းဖန်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ပိုင် ဘာတွေ တွေးနေသည်ကို သူ ခန့်မှန်းမိပါသည်။ ကျင်းယွမ်ဂိုဏ်း၏ လက်ရှိ အင်အားမှာ အပြင်လောကသို့သာ ပေါက်ကြားသွားပါက တစ်လောကလုံးကို တုန်လှုပ်သွားစေမည်မှာ အမှန်ပင်။
"ဂိုဏ်းသခင် စီနီယာဦးလေး..."
ဂျိချန်းဖန်က ရှောင်ပိုင်ကို တောက်ရွှမ်းနှင့် စတင်မိတ်ဆက်ပေးလိုက်သည်။ "ဒါက မြေခွေးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်၊ နတ်ဘုရားနယ်မြေမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ကိုးမြီးကောင်းကင်မြေခွေး ပါ၊ ပြီးတော့ ဂျူနီယာညီလေး ခြောက်မြီး ရဲ့ အမေလည်း ဖြစ်ပါတယ်"
သူက ရှောင်ပိုင်၏ အကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထို့နောက် ဂျိချန်းဖန်က စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက ရှောင်ပိုင်ဟာ သူမရဲ့ မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို သုံးပြီး ဖန်ရှန်းဂူဂိုဏ်းကို ကျူးကျော်ခဲ့တယ်၊ အဓိကကတော့ ရှေးဟောင်းစုန်းမျိုးနွယ်စုရဲ့ ရတနာဖြစ်တဲ့ နတ်မီးမှန်ကို ပြန်လည်ရယူပေးဖို့ပါ..."
ဂျိချန်းဖန်က ဖြစ်ကြောင်းကုန်စင်ကို စကားလုံး အနည်းငယ်ဖြင့် ရှင်းလင်းစွာ ပြောပြလိုက်သည်။
"ဪ... ဒီလိုကိုး"
တောက်ရွှမ်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဤကိစ္စအပေါ် အများကြီး အာရုံမထားပေ။
နတ်မီးမှန်က ယခုဆိုလျှင် ကျင်းယွမ်ဂိုဏ်း၏ လက်ထဲသို့ ရောက်နေပြီဖြစ်ရာ နောက်ထပ် ပြောနေစရာ မလိုတော့ပေ။
အနာဂတ်တွင် ကျင်းယွမ်ဂိုဏ်းနှင့် ဖန်ရှန်းဂူဂိုဏ်းတို့ ထိပ်တိုက်တွေ့ကြမည်မှာ သေချာသည်။
ဒါပေမဲ့ ဘာဖြစ်လဲ။
တွေ့ချင်သလိုတွေ့စမ်း။ ငါ့ကျင်းယွမ်ဂိုဏ်းမှာ ထိုက်ကျင်းအဆင့် သုံးယောက်တောင် ရှိနေတာ၊ မင်းတို့ကို ကြောက်နေစရာလား။
တောက်ရွှမ်း၏ အတွေးအခေါ်များမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သူသည် ယခင်က တရားမျှတမှုကို အလွန်အမင်း ဂရုစိုက်သူဖြစ်သော်လည်း ဂျိချန်းဖန်၏ လွှမ်းမိုးမှုကြောင့် သူ၏ အမြင်များမှာ ပိုမို ကျယ်ပြန့်လာခဲ့သည်။
ယခင်က တောက်ရွှမ်းသည် ကျင်းယွမ်ဂိုဏ်းကို သူ၏ လက်ထက်တွင် မဆုတ်ယုတ်အောင် မည်သို့ ထိန်းသိမ်းရမည်ကိုသာ တွေးခဲ့သော်လည်း ယခုမူ သူနှင့် ဂျိချန်းဖန်၏ လက်ထက်တွင် ကျင်းယွမ်ဂိုဏ်းကို မည်သို့ ပိုမို ထွန်းကားအောင် လုပ်ဆောင်ရမမည်ကိုသာ တွေးနေတော့သည်။
"တာအိုမိတ်ဆွေ ကိုးမြီးမြေခွေးမှာ အနာဂတ်အတွက် သွားစရာ နေရာရှိလား" တောက်ရွှမ်းက ညင်သာသော လေသံဖြင့် မေးလိုက်သည်။
ထိုစကားကြောင့် ရှောင်ပိုင်မှာ ရုတ်တရက် အနေခက်သွားရသည်။ တောက်ရွှမ်းကဲ့သို့ ထိုက်ကျင်းအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ သူမ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်မိလာ၏။
အကယ်၍ သူမက ကျင်းယွမ်ဂိုဏ်းမှာ နေချင်သည်ဟု ပြောလိုက်လျှင် ဤဂိုဏ်းသခင်က သူမကို လက်ခံပါ့မလား။
ဂျိချန်းဖန်က ရှောင်ပိုင်၏ စိုးရိမ်မှုကို မြင်လိုက်ရသဖြင့် တောက်ရွှမ်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဂိုဏ်းသခင် စီနီယာဦးလေး၊ ရှောင်ပိုင်ကို အခုကစပြီး ကျွန်တော်တို့ ကျင်းယွမ်ဂိုဏ်းမှာ အကြီးအကဲ တစ်ယောက်အဖြစ် ထားပေးစေချင်ပါတယ်၊ ဒါကို ကျွန်တော် သူမနဲ့ အရင်ကတည်းက တိုင်ပင်ထားပြီးသားပါ"
"ကောင်းပြီလေ" တောက်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်မှာ ဂျိချန်းဖန်နှင့် ရှောင်ပိုင်ကို တစ်ချက် လှည့်ကြည့်သွားသော်လည်း ဘာမှတော့ မပြောပေ။ အနည်းငယ် ထူးဆန်းနေသည်ဟုသာ ခံစားနေရသည်။
"ဒါဆိုရင်တော့ တာအိုမိတ်ဆွေ ကိုးမြီးမြေခွေး၊ မင်းကို ငါ့ရဲ့ ထုံထျန်းတောင်ထိပ်မှာပဲ တောင်စောင့်အကြီးအကဲ အဖြစ် တာဝန်ပေးအပ်ပါ့မယ်" တောက်ရွှမ်းက မေးခွန်းထုတ်ဟန်ဖြင့် ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် တာအိုသခင်ကြီး" ရှောင်ပိုင်က အနည်းငယ် ဦးညွှတ်လိုက်သည်။
ဂျိချန်းဖန်က နောက်ထပ် ကိစ္စတစ်ခုကို တင်ပြလိုက်ပြန်သည်။ "ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်ကို ပြောခဲ့တဲ့ အနောက်ဘက် သေမင်းတောအုပ် ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် သဲလွန်စအချို့ ရထားပါတယ်"
"ဪ... ဟုတ်လား" တောက်ရွှမ်း မျက်ခုံးပင့်သွားသည်။ သူက ဂျိချန်းဖန်ကို အံ့ဩတကြီး ကြည့်ကာ "ဂိုဏ်းသခင်လောင်း ဂျိ၊ မင်းက မိစ္ဆာဂိုဏ်းတွေဆီကနေ သတင်းတစ်ခုခု ရလာတာလား"
"မဟုတ်ပါဘူး" ဂျိချန်းဖန်က ခေါင်းခါလိုက်ပြီး တုန်လှုပ်ဖွယ် စကားတစ်ခွန်းကို ဆိုလိုက်သည်။ "စီနီယာဦးလေး... မကြာသေးခင်က ကျွန်တော် တောင်ဘက်နယ်စပ်မှာ တစ်ခုခုကို တွေ့ခဲ့တယ်"
"ဖန်ရှန်းဂူဂိုဏ်းက... တောင်ဘက်နယ်စပ်က လူရိုင်းတွေနဲ့ လျှို့ဝှက် ပူးပေါင်းနေကြတယ်........"
"ဘာ................" တောက်ရွှမ်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူက တည်ကြည်သော မျက်နှာဖြင့် ဂျိချန်းဖန်ကို ကြည့်ကာ "ဒါက တကယ်ပဲလား"
"အတိအကျပါပဲ........" ဂျိချန်းဖန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဖန်ရှန်းဂူဂိုဏ်းမှ အကြီးအကဲ လျူရွှန်းသည် လူရိုင်းမျိုးနွယ်စုမှ ပုရောဟိတ်ကြီးနှင့် မည်သို့ အရောင်းအဝယ် လုပ်နေသည်ကို သူက ပြန်လည် ပြောပြလိုက်သည်။
"အနောက်ဘက် သေမင်းတောအုပ်ထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ ရတနာတိုက် ပွင့်တော့မှာပါ၊ အဲဒီထဲမှာ အခွင့်အရေးတွေ အများကြီးရှိတယ်၊ ပြီးတော့... ကောင်းကင်ကျမ်း တတိယမြောက်တွဲလည်း အဲဒီထဲမှာ ရှိနေတယ်........" ဂျိချန်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ တောက်ရွှမ်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် ကောင်းကင်ကျမ်း၏ တန်ဖိုးကို ကောင်းကောင်းသိသလို ဂျိချန်းဖန်သည် ကောင်းကင်ကျမ်း ငါးတွဲလုံးကို စုဆောင်းရန် စီစဉ်နေသည်ကိုလည်း သိထားသည်။
"ဂိုဏ်းသခင်လောင်း ဂျိ... မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားသလဲ" တောက်ရွှမ်းက လေးနက်သော လေသံဖြင့် မေးလိုက်သည်။
ဂျိချန်းဖန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် "ကောင်းကင်ဧကရာဇ်ရဲ့ ရတနာတိုက်ကိစ္စကို ခဏထားပါဦး၊ အဲဒီထဲက ပစ္စည်းတွေကိုတော့ ကျွန်တော် မရရအောင် ယူမှာပါ၊ ကောင်းကင်ကျမ်းက ကျွန်တော့်ရဲ့ တာအိုလမ်းစဉ်အတွက် အရမ်းအရေးကြီးလို့ပါ..."
သူက စကားလမ်းကြောင်းကို ဖန်ရှန်းဂူဂိုဏ်းဘက်သို့ ပြန်လှည့်လိုက်သည်။
"စီနီယာဦးလေး... ကျွန်တော်တို့ ဖန်ရှန်းဂူအပေါ် ထားတဲ့ သဘောထားကို ပြန်လည် သုံးသပ်ဖို့ လိုနေပါပြီ။ သူတို့က တောင်ဘက်နယ်စပ်က လူရိုင်းတွေနဲ့ ပူးပေါင်းပြီး သားရဲနတ်ဘုရား ကို ပြန်လည် နိုးထစေဖို့ ကြိုးစားနေကြတာ..."
"သူတို့က သေတွင်းတူးနေကြတာပဲ........" ဂျိချန်းဖန်က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
သူက သားရဲနတ်ဘုရား၏ တည်ရှိမှုနှင့် ၎င်း၏ အစွမ်းအစကို တောက်ရွှမ်းအား ရှင်းပြလိုက်သည်။
"သားရဲနတ်ဘုရားဆိုတာ လောကကြီးရဲ့ မကောင်းတဲ့ စွမ်းအင် တွေကနေ ဖြစ်တည်လာတာပါ။ သူက သတ်ဖြတ်လိုစိတ် အရမ်းပြင်းထန်သလို သူ့ရဲ့ အစွမ်းကလည်း ထိုက်ကျင်းအဆင့်ရဲ့ အထွက်အထိပ်မှာ ရှိနေတယ်။ အကယ်၍ သူသာ နိုးထလာမယ်ဆိုရင် တစ်လောကလုံး ပျက်စီးသွားနိုင်တယ်"
"ဖန်ရှန်းဂူဂိုဏ်းရဲ့ လုပ်ရပ်က... တကယ့်ကို ယုတ်မာလွန်းတဲ့ ရည်မှန်းချက်ပဲ........"
တောက်ရွှမ်းမှာ ထိုစကားများကို ကြားရသောအခါ အလွန်ပင် တုန်လှုပ်သွားရသည်။ အခြေအနေများမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို ဆိုးရွားနေသည်။
ကျင်းယွမ်ဂိုဏ်းက ဖန်ရှန်းဂူဂိုဏ်းကို အရေးမယူရသေးခင်မှာပင် ဖန်ရှန်းဂူက မိစ္ဆာဂိုဏ်း ဖြစ်နေနှင့်သည်။
"ဂိုဏ်းသခင်လောင်း ဂျိ... မင်းမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား" တောက်ရွှမ်းက စိုးရိမ်တကြီး မေးလိုက်သည်။ သားရဲနတ်ဘုရား၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် သူ စိတ်မအေးဖြစ်နေမိသည်။
ဂျိချန်းဖန်က စဉ်းစားကာ "သားရဲနတ်ဘုရားဟာ လောကရဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ဖြစ်တည်လာတာမို့ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိပါတယ်။ သူ လွတ်မြောက်လာပြီး သူ့ရဲ့ မသေနိုင်တဲ့ ခန္ဓာကိုယ် ဆုံးရှုံးသွားတဲ့ အချိန်ကျမှသာ သူ့ကို နှိမ်နင်းဖို့ အခွင့်အရေး ရမှာပါ... စီနီယာဦးလေး စိတ်ချပါ၊ ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်" ဟု အားပေးလိုက်သည်။
သူသည် လာမည့်ကာလအတွင်း ရှစ်မျက်နှာ မီးတောက်အစီအရင် ကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင်ရန်သာ လိုအပ်သည်။ တစ်ကယ်လို့ အဆင်မသင့်ဖြစ်ရင်တောင်မှ ကျင်းယွမ်ဂိုဏ်းရဲ့ ကျူးရှန်းဓားအစီအရင် ကို အစွမ်းကုန် အသုံးချလိုက်မယ်ဆိုရင် သားရဲနတ်ဘုရားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ပေလိမ့်မည်။ ဘာမှ စိတ်ပူစရာ မရှိပေ။
***