"မင်းမှာ ယုံကြည်မှုရှိတာ ကောင်းတာပေါ့"
တောက်ရွှမ်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ဂျိချန်းဖန် ကိုယ်တိုင်က ထိုသို့ ပြောလာသည်ဆိုလျှင် အဆင်ပြေမည်မှာ သေချာပေသည်။
ရှောင်ပိုင်သည် သူမရှေ့ရှိ ယုံကြည်မှုအပြည့်နှင့် ဂုဏ်ယူဝင့်ကြွားနေသော ဝတ်စုံဖြူဝတ် လူငယ်လေးကို မော့ကြည့်ရင်း မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ သူက တကယ်ပဲ တန်ပြန်နှိမ်နင်းဖို့ နည်းလမ်းတွေ ရှာထားပြီးသားလား။
အမှန်အတိုင်း ပြောရလျှင် ဂျိချန်းဖန်၏ ဘေးတွင် ကုန်ဆုံးခဲ့သည့် လွန်ခဲ့သော ရက်ပိုင်းများမှာ သူမ၏ နှစ်ပေါင်းရာချီ သက်တမ်းအတွင်း အေးချမ်းသာယာမှုအရှိဆုံး ကာလများပင် ဖြစ်သည်။
အန္တရာယ်အတွက် စိုးရိမ်နေစရာမလို၊ ဘာကိုမှ ပူပင်နေစရာမလိုဘဲ အစားကောင်းသောက်ကောင်း စားကာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေရုံသာ။ သူမ၏ တစ်နေ့တာ တစ်ခုတည်းသော ပူပန်မှုမှာ "ဒီနေ့ ဘာစားရမလဲ" ဆိုသည်မှာပင်။
ဤခံစားချက်မှာ အလွန်ပင် ကောင်းမွန်ကြောင်း ရှောင်ပိုင်က ဆိုပါလိမ့်မည်။
ဟွန့်... ဒီညီအစ်ကိုကောင်းလေး နောက်ကိုပဲ တကောက်ကောက် လိုက်တော့မယ်။ သူက အစွမ်းထက်ရုံတင်မကဘူး၊ ရုပ်ကလည်း ချောသေးတယ်။ ငါ စိတ်ပါရင် သူ့ကို ဆွဲပြီး စားလို့တောင် ရသေးတယ်။ တကယ့်ကို ဇိမ်ပဲ....... အင်း... ဒါနဲ့ သူ့မိန်းမကော လှပါ့မလားမသိဘူး။
ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းလေးများ လှုပ်ခတ်သွားသည်။
ဘေးရှိ ဂျိချန်းဖန်မှာမူ ရုတ်တရက် ကြက်သီးတောင် ထသွားမိ၏။ "ဘာလို့ တစ်ခုခု လွဲနေသလို ခံစားနေရတာလဲ" သူက သံသယဖြင့် ဝေဝေဝါးဝါး လှည့်ကြည့်လိုက်သည်။
ထိုစဉ် တောက်ရွှမ်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်... နောက်တစ်လမှာ ကျင်းပမယ့် အာဏာလွှဲပြောင်းပွဲက အေးအေးချမ်းချမ်း ရှိမှာမဟုတ်ဘူး"
"ဘာကို ဆိုလိုတာလဲ စီနီယာဦးလေး" ဂျိချန်းဖန် အနည်းငယ် ထိတ်လန့်သွားသည်။
တောက်ရွှမ်းက ဆက်လက်ပြောပြသည်မှာ "မင်း ဖန်ရှန်းဂူထဲကို ဝင်မွှေခဲ့တဲ့ကိစ္စက တစ်လောကလုံးကို ပျံ့နှံ့သွားပြီ။ ဖန်ရှန်းဂူက လူတွေကလည်း ဒါကို ရွှမ်ချာဂိုဏ်း နဲ့ ဆက်စပ်နေတယ်ဆိုတာ ခြေရာခံမိသွားကြပြီ"
"ဒါ့အပြင် ဖန်ရှန်းဂူရဲ့ ဂိုဏ်းချုပ် ယွီယန်ကျီ က အခုဆိုရင် ကျင့်စဉ်အဆင့် တိုးတက်ပြီး ထိုက်ကျင်း အဆင့်ကို ရောက်ရှိသွားပြီ။ နောက်တစ်လ အခမ်းအနားမှာ သူက ရှင်းလင်းချက်တောင်းဖို့ ရောက်လာလိမ့်မယ်လို့ ငါထင်တယ်"
ရွှမ်ချာဂိုဏ်းသည် ကျင်းယွမ်ဂိုဏ်း၏ လက်အောက်ခံဖြစ်ကြောင်း လူတိုင်းသိကြသလို၊ 'ဟုန်လူ ဓားနတ်ဘုရား' မှာ ဂျိချန်းဖန် ဖြစ်ကြောင်းကိုလည်း ကျင်းယွမ်ဂိုဏ်း၏ အထက်ပိုင်းလူကြီးများ သိထားကြသည်။
ဤကိစ္စမှာ လူသိရှင်ကြား လုံးဝ မပေါက်ကြားသေးသော်လည်း အထက်လမ်းဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများက ခန့်မှန်းမိနေကြပြီ ဖြစ်သည်။ ဖန်ရှန်းဂူမှာ အလွန်ဝေးကွာလှသဖြင့် 'ဟုန်လူ ဓားနတ်ဘုရား' ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတိအကျ မသိသေးခြင်းသာ ဖြစ်သည်။
ဂျိချန်းဖန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ခပ်ဖွဖွ ပြုံးကာ ဆိုလိုက်သည်။ "လာချင်ရင်လည်း လာခိုင်းလိုက်ပါ......."
ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့နေ့မှာ ထိပ်တိုက်တွေ့ကြရမှာပဲ။ ကြောက်နေစရာ ဘာရှိလဲ။
တောက်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့သော်လည်း သူ၏ မျက်လုံးများမှာ အရောင်တောက်နေသည်။
အကယ်၍ ဂျိချန်းဖန် ပြောသကဲ့သို့ ဖန်ရှန်းဂူက လူရိုင်းတွေနဲ့ တကယ် ပူးပေါင်းနေတာဆိုရင်တော့ မျက်နှာသာပေးနေစရာ မလိုတော့ပေ။
"ဒီကိစ္စကို မင်းရဲ့ စီနီယာဦးလေးတွေနဲ့ ထပ်ပြီး ဆွေးနွေးရဦးမယ်" ဟု တောက်ရွှမ်းက ဆိုသည်။
ကျင်းယွမ် ခုနစ်တောင်ထိပ်၏ ခေါင်းဆောင်များမှာလည်း ဂျိချန်းဖန်၏ ကိစ္စကို လာရောက်စုံစမ်းနေကြသောကြောင့် ဖြစ်သည်။ ထို့နောက် တောက်ရွှမ်းသည် ယူကျင်းခန်းမအတွင်းရှိ ကြေးခေါင်းလောင်းကြီးကို တီးလိုက်လေသည်။
"ဒေါင်......."
ခေါင်းလောင်းသံမှာ ကျင်းယွမ် ခုနစ်တောင်ထိပ်လုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
ဂျိချန်းဖန်က ရှောင်ပိုင်ဘက်သို့ လှည့်ကာ "ရှောင်ပိုင်... ငါ မင်းကို ခြောက်မြီးတို့ဆီ အရင် ခေါ်သွားပေးရမလား" ဟု မေးလိုက်သည်။
"ကောင်းပြီလေ" ရှောင်ပိုင်က ခေါင်းညိတ်သည်။ ယခုအချိန်တွင် ကျင်းယွမ်ဂိုဏ်း၏ အဆင့်မြင့် အစည်းအဝေး ကျင်းပတော့မည်ဖြစ်ရာ သူမအနေနှင့် ဤနေရာတွင် ရှိနေရန် မသင့်တော်ပေ။
ဂျိချန်းဖန်သည် ရှောင်ပိုင်ကို ခေါ်ဆောင်ကာ ယူကျင်းခန်းမမှ ထွက်လာခဲ့သည်။ ခြောက်မြီးမြေခွေးနှင့် သုံးမြီးမြေခွေးတို့မှာ ထုံထျန်းတောင်ထိပ်ရှိ ဘိုးဘွားစင်္ကြံနှင့် နီးသော ဝင်းလေးတစ်ခုတွင် နေထိုင်ကြသည်။ ဝင်းတံခါးဝသို့ ရောက်သောအခါ ဂျိချန်းဖန်က အသာအယာ ခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်......."
တံခါးပွင့်လာသည်နှင့် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမသည် ဂျိချန်းဖန်ကို မြင်လျှင် ဝမ်းသာသွားသော်လည်း ဘေးရှိ ရှောင်ပိုင်ကို မြင်သောအခါ တုံ့ခနဲ ဖြစ်သွားသည်။
"ရှင်က..." သုံးမြီးမြေခွေး အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် တစ်ဖက်လူထံမှ သူမတို့ မျိုးနွယ်စုဝင်၏ အရှိန်အဝါကို ခံစားမိနေသည်။
"မင်းက ရှောင်စန်း လား" ရှောင်ပိုင်က ပြုံးလျက် မေးလိုက်သည်။
"ရှင်... ရှင်က..." သုံးမြီးမြေခွေး၏ လေသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
ထိုစဉ် ဝင်းထဲမှ ပုံရိပ်တစ်ခု လျှပ်ခနဲ ပေါ်လာသည်။ ၎င်းမှာ ခြောက်မြီးမြေခွေးပင်။ သူက မည်သူရောက်လာသနည်းဟု ထွက်ကြည့်ရန် လာခြင်းဖြစ်သော်လည်း တံခါးဝရှိ ပုံရိပ်ကို မြင်လိုက်ရသောအခါ နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားတော့သည်။
"အမေ......."
ခြောက်မြီးမြေခွေး၏ အသံမှာ တုန်ယင်နေ၏။ သူသည် တံခါးဝသို့ တုန်တုန်ယင်ယင်ဖြင့် လာကာ ရှေ့မှ ကျော့ရှင်းလှပသော ရှောင်ပိုင်ကို ကြည့်ရင်း သူ၏ မှတ်ဉာဏ်ထဲရှိ ပုံရိပ်နှင့် ထပ်တူကျသွားတော့သည်။
ရှောင်ပိုင်က ရှေ့မှ နှစ်ယောက်ကို ကြည့်ကာ စိတ်အေးသွားသည့် အပြုံးဖြင့် ဆိုလိုက်သည်။ "ခြောက်လေး... မင်း ကြီးလာပြီပဲ"
"ဘုန်း......."
ခြောက်မြီးမြေခွေးသည် နေရာမှာတင် ဒူးထောက်ချလိုက်ပြီး အမေဖြစ်သူကို ကြည့်ကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် စီးကျလာသည်။
"အမေ... ဟီးးး"
သူသည် စကားတစ်လုံးမှ မပြောနိုင်တော့ပေ။ မြေခွေးမျိုးနွယ်စုမှာ ပျက်စီးခဲ့ရပြီး ရှောင်ပိုင်၏ မွေးစားသားသမီးများစွာထဲတွင် သူ တစ်ယောက်တည်းသာ ကျန်တော့ခြင်း မဟုတ်လား။
သုံးမြီးမြေခွေးကလည်း ခြောက်မြီး၏ ဘေးတွင် တိတ်ဆိတ်စွာ ဒူးထောက်လိုက်သည်။
ရှောင်ပိုင်သည် ခြောက်မြီး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း မိခင်မေတ္တာရိပ်များ ထင်ဟပ်နေသည်။
"လိမ္မာတဲ့ ကလေးပဲ၊ အမြန်ထကြပါ" သူမက ခြောက်မြီးနှင့် သုံးမြီးကို လက်ဖြင့် မကူညီဘဲ သူမ၏ စွမ်းအားဖြင့် မပေးလိုက်သည်။
သားဖြစ်သူထက် ချွေးမဖြစ်သူက ပိုအရေးကြီးသည် မဟုတ်လား။
"ရှောင်စန်း... ငါ မင်းကို အဲဒီလို ခေါ်လို့ရမလား" ရှောင်ပိုင်က ပြုံးကာ မေးသည်။
သုံးမြီးမြေခွေးမှာ အားနာစွာဖြင့် "အကြီးအကဲ... စိတ်ကြိုက် ခေါ်နိုင်ပါတယ်" ဟု ဆိုသည်။
ရှောင်ပိုင်က ခေါင်းညိတ်ကာ "မင်းတို့နှစ်ယောက်ရဲ့ အကြောင်းကို ငါ ကြားပြီးပြီ။ ခြောက်လေးကို ဒီနှစ်တွေမှာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" ရှောင်ပိုင်က သုံးမြီးကို သူမ၏ ရင်ခွင်ထဲသို့ နွေးထွေးစွာ ဆွဲသွင်းလိုက်သည်။ "အကြီးအကဲလို့ မခေါ်ပါနဲ့။ စိတ်မရှိရင် ခြောက်လေးလိုပဲ အမေလို့ပဲ ခေါ်ပါ"
"ရှင်......." သုံးမြီးမြေခွေး၏ မျက်နှာလေး နီမြန်းသွားသည်။ သူမက ခြောက်မြီးကို လှမ်းကြည့်လိုက်ပြီး ခြောက်မြီးက ဘာမှမပြောသဖြင့် နောက်ဆုံးတွင် "အမေ" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။
"အိုကွယ်... လိမ္မာတဲ့ကလေးမလေး"
တစ်ချိန်တည်းမှာပင် ခြောက်မြီးမြေခွေးက ဂျိချန်းဖန်ကို အရိုအသေပြုကာ "ကျေးဇူးတင်ပါတယ် သခင်... ကျွန်တော့်အမေကို ဖန်ရှန်းဂူကနေ ကယ်ထုတ်ပေးခဲ့လို့..." သူသည် ဂျိချန်းဖန်ကိုပါ ဒူးထောက်ရန် ပြင်လိုက်သည်။
"နေဦး......."
သို့သော် သွယ်လျသော လက်တစ်ဖက်က သူ့ကို ဆွဲမလိုက်သည်။ ရှောင်ပိုင်က ပြုံးလျက် လျှောက်လာပြီး ဂျိချန်းဖန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ခြောက်လေး... သူ့ကို အားနာနေစရာ မလိုပါဘူး။ အခုကစပြီး ငါတို့အားလုံးက မိသားစုတွေပဲ"
"ဗျာ......."
ခြောက်မြီးမြေခွေး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ သူ ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "အမေ... အမေ ဘာကို ဆိုလိုတာလဲ"
"စကားလုံးအတိုင်းပဲလေ......." ရှောင်ပိုင်က ဂျိချန်းဖန်၏ ပုခုံးကို ညီအစ်ကိုတွေလို ဖက်လိုက်ရင်း ပြောလိုက်သည်။
***