အပြင်ဖက်ကနေ အလွန်ရှုပ်ထွေးနေသည့် အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည် ။ တစ်စုံတစ်ယောက်မှ “သူလျှိုတွေ ရှိနေတယ်” ဟူသော အော်ဟစ်သံကို ကြားလိုက်ချိန်တွင် လုံချန် တို့အဖွဲ့လည်း တုန်လှုပ်သွားကြသည်။
သို့သော် သူတို့အခန်းဖက်၌ မဟုတ်ကြောင်း သိလိုက်သည့်အချိန်မှ သူလျှိုအဖြစ်ဖော်ထုတ်ခံရသူမှာ သူတို့မဟုတ်မှန်း သိလိုက်ကြသည်။ ထိုအခါမှလေးယောက်သား အနည်းငယ် စိတ်သက်သာရာရသွားကြသည်။
“သွားကြည့်ကြရအောင်...”
အခန်းက ခဏတာ တိတ်ဆိတ်သွားသော်လည်း တည့်တိုးဆန်ဆန် ပြောတတ်သော အစ်မလီ က အရင်ဆုံး တံခါးဖွင့်ကာ ပြေးထွက်သွားခဲ့သည်။
လုံချန်နှင့် အခြားသူများလည်း နောက်ကနေ ပြေးလိုက်သွားကြသည်။
“သွေးဝိညာဉ်ဂိုဏ်းထဲမှာ ဘာလုပ်လုပ် သတိထားရမယ်။ ဘာဖြစ်ဖြစ် အမှားတစ်ခုမှ မပေါက်ကြားစေနဲ့။ မဟုတ်ရင် လူတစ်ယောက်အတွက်နဲ့ အကုန်လုံး ဒုက္ခရောက်သွားနိုင်တယ်”
အစ်မလီ ပြောလိုက်သည့်စကားက အမှန်တော့ လုံချန်ကို ဦးတည်ပြောခြင်း ဖြစ်သည်။
အစ်မလီ၏အမြင်မှာတော့ လုံချန်သည် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံများစွာ မရှိသေးသောကြောင့် တခြားသူများ၏ ဖိအားကြောင့် လွယ်လွယ်ကူကူ အမှားလုပ်မိသွားနိုင်သည်ဟု ထင်နေပုံပေါ်သည်။ ယခုအချိန်တွင် အမှားတစ်ခုခု ပေါက်ကြားသွားပါက သူတို့တစ်ဖွဲ့လုံး ချက်ချင်းအဆုံးသတ်သွားရပါလိမ့်မည်။
မကြာခင်မှာပဲ သူတို့အဖွဲ့ဟာ သွေးဝိညာဉ်ခန်းမ သို့ ရောက်ရှိလာကြသည်။ ခန်းမထဲ၌ လူပေါင်းများစွာ စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ဤနေရာတွင် သွေးဝိညာဉ်ဂိုဏ်း၏ အဖွဲ့သား တစ်ထောင်ကျော်အနက် ဂိုဏ်းဝင် ရာနှင့်ချီ ရှိနေပုံရသည်။လူအများစုက ရှုပ်ထွေးနေသည့် အဖြစ်အပျက်ကို ကြည့်နေကြသည်။
သူတို့၏ အကြည့်အတိုင်း လုံချန် တို့အုပ်စုလည်း ကြည့်လိုက်ရာ လူအုပ်အလယ်၌ လူထွားကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူထွားကြီးက အလွန်ဒေါသတကြီးဖြင့် အနီရောင်ဝတ်ရုံဝတ် လူနှစ်ယောက်ကို တိုက်ခိုက်နေသည်။
“ဟမ်....၊ ဒီလူက ခုနလေးတင် ငါနဲ့ စကားပြောခဲ့တဲ့သူ မဟုတ်ဘူးလား။ သူလည်း ငါ့လို ခိုးဝင်လာခဲ့တာလား”
အမှန်စင်စစ် ဤလူထွားကြီးက နန်းတော်တစ်နေရာ၌ လုံချန်၏နောက်ကျောကို ရိုက်ပုတ်ရင်း စကားပြောသွားသူပင်ဖြစ်သည်။
“သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ သွေးညှီနံ့နဲ့ဆိုတော့ သွေးဝိညာဉ်ဂိုဏ်းသားတစ်ယောက်လို့ ငါတောင် ယုံသွားခဲ့တယ်။ ကြည့်ရတာ ဒီလူက မျှော်လင့်မထားပဲ ဖော်ထုတ်ခံလိုက်ရတယ်နဲ့တူတယ်…”
ဤအချိန်တွင် လူထွားကြီးနှင့် တိုက်ခိုက်နေသူများကား သွေးဝိညာဉ်ဂိုဏ်း၏ အစောင့်အရှောက်နှစ်ပါးပင်ဖြစ်သည်။
လူထွားကြီးက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ သာ ရှိသောကြောင့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များကို မယှဉ်နိုင်ခဲ့ပေ။
ထို့ကြောင့် ခဏကြာတိုက်ခိုက်ပြီးနောက်တွင်အပြင်းအထန် ဒဏ်ရာရကာ သေခါနီး အခြေအနေ ဖြစ်သွားသွားခဲ့သည်။ သို့သော် ၎င်းက စိတ်ဓာတ်အလွန်ခိုင်မာပုံရပြီး တရကြမ်း ဆက်တိုက်ခိုက်နေဆဲပင်။
“သွေးဝိညာဉ်ဂိုဏ်းလား ။ မဟုတ်ဘူး… သွေးနတ်ဆိုးဂိုဏ်းပဲ။ မင်းတို့လို နတ်ဆိုးတွေက အရမ်းရက်စက်လွန်းတယ်။ တစ်နေ့ကျရင် မိုးကောင်းကင်က မင်းတို့ကို အပြစ်ပေးလိမ့်မယ်” ဤအချိန်တွင် လူထွားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး စုတ်ပြတ်သက်နေပြီး သေဆုံးခါနီးဖြစ်နေပါသည်။
“မိုးကောင်းကင် က အပြစ်ပေးမယ် ...ဟုတ်လား”
အစောင့်အရှောက်တစ်ယောက်က အေးစက်စက်လှောင်ပြောင်လိုက်သည်...
“ဒီလောကမှာ အားကောင်းတဲ့သူက အနိုင်ရတာပဲ။ လူသားနဲ့ နတ်ဆိုး ဘာမှ မကွာဘူး။ မိုးကောင်းကင်က အပြစ်ပေးမယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ...”
“သွေးပူဇော်ပွဲ မစခင် ဂိုဏ်းထဲမှာ ပြဿနာလာရှာရဲတာဆိုတော့ မင်းတော်တော် သတ္တိရှိတာပဲ။ ဒီနေ့ မင်းရဲ့ အူတွေကို ဆွဲထုတ်ပြီး မင်းသတ္တိဘယ်လောက်ကြီးလဲ ကြည့်မယ်...”
“မင်းတို့ ငါ့ကို သတ်ချင်ရင် လာခဲ့စမ်း…။ ငါသေရင် အနည်းဆုံး မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကို ဆွဲခေါ်သွားမယ်...”
သွေးဝိညာဉ်ခန်းမထဲ၌ သွေးများ ပက်ဖြန်းနေသလိုပင်။
ဤအချိန်တွင် ဂိုဏ်းသားတစ်ယောက်က အော်ဟး်လိုက်သည်။
“ဂိုဏ်းခေါင်းဆောင် ရောက်လာပြီ...”
ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများသည် လူအုပ်အလယ်ကနေ လမ်းတစ်လမ်း ဖွင့်ပေးလိုက်ကြသည်။
ထို့နောက်တွင် လမ်းကြောင်းအတိုင်း အနီတစ်ဝက်အဖြူတစ်ဝက်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် နတ်ဆိုးဆန်သည့် အပြုံးတစ်ခု ရှိလှနေသည်။ အသက်ကြီးပိုင်းဟု ထင်ရမည့်အစား အသက်နှစ်ဆယ်ကျော်လောက်သာ ထင်ရလေသည်။
ဤအချိန်တွင် လူငယ်က တိုက်ခိုက်နေသည့် လူသုံးယောက်အနားသို့ လျှောက်လာခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်...”
အစောင့်အရှောက်နှစ်ပါးမှလွဲ၍ ကျန် ဂိုဏ်းဝင်များအားလုံး ဒူးထောက်ချလိုက်ကြသည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို မြင်လိုက်သည်နှင့် အစ်မလီ၏ မျက်နှာက ပြောင်းလဲသွားသည်။ ဘေးရှိ လုံချန်ကို အမြန်ဆွဲကာ ဒူးထောက်ခိုင်းလိုက်သည်။
သူ့မြင်အရတော့ လုံချန်လို လူငယ်တစ်ယောက်က မောက်မာထောင်လွှားတတ်လေရာ ဒူးထောက်မည်မဟုတ် ဟူ၍ပင်။
သို့သော် အံ့အားသင့်စရာကောင်းသည်မှာ လုံချန်က အစ်မလီ ထက်ပင် အရင်ဦးအောင် ဒူးထောက်ချလိုက်သည်။ ထို့အပြင် သူ့မျက်နှာပေါ်တွင်လည်း အလွန်သစ္စာရှိသည့် ဂိုဏ်းသားတစ်ယောက်လိုမျိုး အမူအရာအပြည့် ရှိနေလေသည်။ သို့ရာတွင် လုံချန်၏ မျက်လုံးအစုံကတော့ ဂိုဏ်းခေါင်းဆောင်ကို စူးစိုက်ကြည့်နေခဲ့သည်။
“အသက် အရမ်းမကြီးသေးပေမယ့် သူ့အငွေ့အသက်က အရမ်း ထူထပ်တယ်။ မျက်လုံးတွေကလည်း လုံးဝကို မထီမဲ့မြင်အကြည့်တွေရှိနေတယ်။ မှန်တယ်၊ ဒီလိုလူမျိုးက နောက်ခံ အင်အားကြီးမားတဲ့သူပဲ ဖြစ်ရမယ်။ ကြည့်ရတာ လဲ့လန် ပြောခဲ့တဲ့အတိုင်း သူက ယွမ်ဧကရာဇ်ရဲ့ မြေးဆိုတာ မှန်နေတာပဲ…”
လူငယ်၏ အလုံးစုံအင်အားကို ခံစားမိလိုက်သောအခါ လုံချန်၏ စိတ်ထဲ၌လည်း တင်းကြပ်လာသလိုပင်။ သူ ထင်သည့်အတိုင်းဆိုပါက ကောင်းကင်ယွမ်အဆင့် ပညာရှင်ကို ကိုင်တွယ်ရန်ကား လွယ်ကူမှာ မဟုတ်ပေ။
“ငါ့မှာ ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ သွေးအဆီအနှစ် ရှိနေသေးတာပဲ…”
“အဲဒါနဲ့ဆို မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်နိုင်မလား မသိဘူး…”
“ဒါပေမဲ့ အဲဒီအဆင့်ကို ရောက်သွားရင်ကော သူနဲ့ တိုက်ခိုက်နိုင်မယ်ထင်တာပဲ…”
အခြေအနေကို သေချာစွာ စဉ်းစားတွေးတောပြီးနောက် လုံချန်က အနည်းငယ် တည်ငြိမ်လာသည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လူအုပ်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် တိုက်ခိုက်နေသည့် လူသုံးယောက်ကို စိုက်ကြည့်နေသည်။
ခဏအကြာတွင်တော့ သူ၏မျက်လုံးထဲ၌ စိတ်မရှည်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“အမှိုက်နှစ်စ…”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အေးစက်စက်ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။
ချက်ချင်းပင် အနီရောင်အရိပ်တစ်ခု လျင်မြန်စွာ လှုပ်ရှားသွားပြီး...
ဘုန်း...
လူနှစ်ယောက်၏ပုံရိပ် လေထဲသို့ ပျံတက်သွားကာ ခဏအကြာတွင် တစ်ယောက်က သွေးများပန်းထွက်လျှက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ဤအချိန်တွင် တိုက်ပွဲနေရာ၌ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် လူထွားကြီးတို့သာ ကျန်ရှိတော့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လူထွားကြီး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားပြီး မြေပြင်ထက်သို့ ဆွဲမြှောက်ထားသည်။
ထိုလူ၏ မျက်လုံးထဲ၌ မုန်းတီးမှုများ အပြည့်ရှိနေသော်လည်း သေခါနီး အခြေအနေသို့ ရောက်နေပါသည်။
ရာချီသောလူအုပ်ကြီးသည် တိတ်ဆိတ်သွားသည်။
လုံချန်၏ မျက်လုံးများလည်း အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
“ဒီလူက ကိုင်တွယ်ရ တော်တော်ခက်ခဲမယ်ထင်တယ်…”
“လင်းချင်ကို ဘယ်လို ကယ်တင်ရမလဲ…” ဤအတွေးကြောင့် လုံချန်သည် လေးလံသော ဖိအားကို ခံစားလိုက်ရသည်။
…
ဂိုဏ်းခေါင်းဆောင်သည် လူထွားကြီး၏ လက်တစ်ဖက်ကို ဖမ်းဆွဲကာ ရုတ်တရက် ဆွဲဖြုတ်လိုက်သည်။
ဂျွပ်... ရှူး...
အရိုးကျိုးသံနှင့် သွေးများ ပန်းထွက်လာသည်။
သွေးခန်းမတစ်ခုလုံး ထိတ်လန့်မှုအငွေ့အသက်များ ပြည့်နှက်သွားသည်။
ဂိုဏ်းခေါင်းဆောင်၏မျက်နှာပေါ်၌ သွေးများ ပေကျံနေသော်လည်း သူ့အမူအရာက တစ်ချက်မှပြောင်းမသွားခဲ့ပေ။ ထို့နောက် လူထွားကြီး၏ နောက်ထပ် လက်တစ်ဖက်ကိုပါ ဆွဲဖြုတ်လိုက်ပြန်သည်။
လူထွားကြီး၏ မချိမဆန့်နာကျင်နေသော အော်သံထွက်ပေါ်လာပြီး သွေးခန်းမတစ်ခုလုံး တုန်ခါသွားစေသည်။
လုံချန်တို့အဖွဲ့လည်း သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ လူမဆန်သောလုပ်ရပ်ကိုမြင်ပြီးအတော်လေးထိတ်လန့်သွားကြသည်။
နောက်ဆုံးတွင် လူထွားကြီးသည် ပြင်းထန်သော နာကျင်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် အလောင်းကို အမှိုက်တစ်စလိုမျိုး ပစ်ချလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးစက်များကို လျှာဖြင့်ယပ်ကာ ပြောလိုက်သည် ..
“အမျိုးသားတစ်ယောက်ရဲ့ သွေးက အပျိုစင်မိန်းကလေးရဲ့ သွေးလောက် မချိုမြိန်ဘူး…”
ဤစကားတစ်ခွန်းကြောင့် ခန်းမထဲရှိ ရာချီသော လူအုပ်ကြီးလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
အခြားသူများနှင့်မတူဘဲ လုံချန်ကတော့ စိတ်ထဲ၌ လူသတ်လိုစိတ်များ ပေါက်ကွဲလာခဲ့သည်။
နတ်ဓားထဲမှ လင်းရှီ သည်ပင် အလွန်အမင်း ဒေါသထွက်နေ၏...
“ဒီလို လူမျိုးကို ငါဘဝတစ်လျှောက်လုံးမှာတောင် တစ်ခါမှ မမြင်ဖူးဘူး..”
“လုံချန်… နင် ငါ့ကို ကတိပေးစမ်းပါ…”
“ဘာပဲဖြစ်ဖြစ် သူ့ကို သတ်ရမယ်...”
လုံချန်သည် ချက်ချင်း ပြန်ဖြေလိုက်သည်...
“ငါ သိတယ်…”
သို့သော် ယန်လင်းချင်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားမှန်း ရှာမတွေ့မချင်း သူ့အနေဖြင့် မလှုပ်ရှားရဲသေးပေ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည်....
“မကြာခင် သွေးယဇ်ပူဇော်ပွဲ စတင်တော့မယ်…”
“ပြီးတော့ ဒီတစ်ခါ အရင်ထက်ပိုပြီး ကြီးကျယ်ခမ်းနားတဲ့အနေအထားမျိုးနဲ့ ကျင်းပမယ်…”
“အဲ့ဒါကြောင့် မင်းတို့အားလုံး အသက်ပေးရရင်တောင် ဒီပွဲကို ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ အားလုံး .... ကြားကြလား...”
ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများသည် သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။
“ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်လိုက်နာပါ့မယ်...”
“ငါတို့ အားလုံး အသက်ပေးရရင်တောင် ဂိုဏ်းခေါင်းဆောင်အတွက် အကောင်းဆုံး ကြိုးစားပါ့မယ်...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ပြုံးလိုက်သည်။ထို့နောက် သူ၏မျက်လုံးများသည် ရုတ်ချည်းအေးစက်လာသည်...
“ကောင်းပြီ... မင်းတို့အထဲမှာ သူလျှိုတွေ ရှိနေသေးတယ်ဆိုတာ ငါ သိတယ်…”
“ဒါပေမဲ့ တစ်ခုတော့ သတိရပါ…”
“သွေးဝိညာဉ်ဂိုဏ်းက ဒီအရှင်သခင်ရဲ့နယ်မြေဆိုတာပါပဲ…”
“မင်းတို့လည်း နောက်တစ်နာရီကြာရင် ဒါမှမဟုတ် နောက်ရက်တွေမှာ အခုလေးတင် သေသွားတဲ့လူလို ဖြစ်သွားနိုင်တယ်…”
ဤစကားပြောပြီးနောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် အေးစက်စက်ပြုံးပြီး ပြောလိုက်သည်...
“အခုတလော ဖမ်းဆီးထားတဲ့ အပျိုစင်မိန်းကလေးတွေကို ငါ့ရဲ့သွေးခန်းမ ထဲမှာ ချုပ်နှောင်ထားတယ်…”
“ငါ့ဂိုဏ်းထဲကို ခိုးဝင်လာတဲ့သူတွေက... မင်းတို့စိတ်ဝင်စားရင် တိုက်ရိုက် လာနိုင်တယ်…”
“ဒီအရှင်သခင်က စောင့်နေမယ်…”
သူ၏မျက်လုံးများသည် လူတိုင်း၏နှလုံးသားထဲကို ထိုးဖောက်ကြည့်သကဲ့သို့ပင်။
“မနက်ဖြန်အတွက် ကြိုပြီးပြင်ဆင်ထားလိုက်ကြ...”
“ဂိုဏ်းခေါင်းဆောင်ရဲ့အမိန့်ကို နာခံပါ့မယ်။ သွေးဝိညာဉ်ဂိုဏ်းက… ပြိုင်ဖက်ကင်းလာစေရမယ်...”
ရာချီသောလူအုပ်က တစ်ပြိုင်နက် အော်ဟစ်ကြုံးဝါးနေကြသည်။
“သွေးဝိညာဉ်ဂိုဏ်းက ပြိုင်ဖက်ကင်းတယ်...”
ခဏအကြာတွင်တော့ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။
လုံချန်တို့လည်း အခြားဂိုဏ်းဝင်များနှင့် ရောနှောလိုက်ပါလျှက် ပြန်ထွက်လာခဲ့ကြသည်။
အစောပိုင်းက သူတို့နေထိုင်ခဲ့သော အခန်းထဲသို့ ရောက်သည်နှင့် လူတိုင်း၏ မျက်နှာများ မည်းမှောင်နေခဲ့သည်။
အစ်မလီက စကားစပြောလိုက်သည်...
“သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် ရှိနေတဲ့အချိန်မှာ မြေအောက်မြို့တော်ကို ခိုးဝင်ဖို့ မဖြစ်နိုင်ဘူး…”
လုံချန်သည် အေးစက်စွာ ပြန်မေးလိုက်သည်။
“ဒါဆို…”
“သွေးယဇ်ပူဇော်ပွဲ စတဲ့အချိန်မှပဲ ငါတို့ လှုပ်ရှားရတော့မယ်...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***