“လုံချန်… မင်းရဲ့အစီအစဉ်က ဘာလဲ...”
အစ်မလီတို့သုံးဦးသည် သွေးယဇ်ပူဇော်ပွဲနေ့ တွင် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်။
“ငါ့အမြင်ကို ပြောရမယ်ဆိုရင်တော့ အခုအချိန်မှာ ဘာမှ မလုပ်တာ ပိုကောင်းမယ်ထင်တယ်။ လူတစ်ယောက်က အသက်ရှင်နေသရွေ့တော့ သူ့အတွက်မျှော်လင့်ချက်က အမြဲရှိနေတတ်တယ်...”
“မဟုတ်သေးဘူး၊ ငါတို့ သုံးယောက်ကတော့ ကိုယ်ရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ပြီးသားပါ။ ဒါပေမဲ့ မင်းအတွက်တော့ မတူဘူး။ အခွင့်အရေး ရှိနေသေးတယ်။ ဖြစ်နိုင်ရင်… အနာဂတ်မှာ ငါတို့အတွက် လက်စားချေပေးစေချင်တယ်...”
“အစ်မကြီးလီ… ဒါက....”
လုံချန်၏မျက်နှာတွင် အနည်းငယ် အခက်အခဲဖြစ်နေသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
အစ်မလီက အပြုံးပျော့ပျော့ဖြင့် ထပ်ပြောလိုက်သည်...
“ကြည့်ပါဦး… နင်တောင် ငါ့ကို အစ်မကြီးလို့ ခေါ်နေပြီ။ ဒါဆို ငါတို့ကို ကူညီမယ် မဟုတ်ဘူးလား။ ပြီးတော့ ငါလည်း နင့်ကို ဘေးလူတစ်ယောက်လို မမြင်တော့ဘူး။ နင့်ကို “ချန်လေး” လို့ပဲ ခေါ်မယ်...”
“ချန်လေး! ငါတို့သုံးယောက်က ဒီနေရာမှာ အသက်စွန့်ပြီး ကြိုးစားမယ်။ မအောင်မြင်ခဲ့ရင်… ငါတို့အတွက် လက်စားချေပေးပါ...”
အစ်မလီက အတင်းအကြပ် ပြောနေသည်ကို မြင်သောအခါ လုံချန်သည် ငြင်းရန် မဖြစ်နိုင်တော့ပေ။
“သွေးဝိညာဉ်ဂိုဏ်းချုပ်ကို ငါသေချာပေါက် သတ်မယ်...”
“သွေးယဇ်ပူဇော်ပွဲ မစခင်အထိ ဘာမှ မလုပ်ဘူးလို့ ကတိပေးပါတယ်။ သေရေးရှင်ရေး အခိုက်အတန့်မျိုးနဲ့ မကြုံသရွေ့ ငါ့ကိုယ်ငါ ထုတ်မပြဘူး။ ဒီလိုဆို အဆင်ပြေလား...”
သုံးယောက်သား ခေါင်းညိတ်လိုက်ကြသည်။ လုံချန်၏ ကတိပေးစကားက သူတို့အတွက် လုံလောက်နေပြီဖြစ်သည်။
အကယ်၍ သုံးယောက်စလုံး သေဆုံးသွားခဲ့လျှင်ပင် သူတို့အတွက် လက်စားချေပေးမည့်သူ တစ်ယောက် ရှိနေခဲ့သည်။
လုံချန်၏အသက်အရွယ်က အသက် ၂၀ လောက်သာ ရှိသေးသော်လည်း မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် ယှဉ်လျှင် များစွာ နိမ့်ကျသော်လည်း အားသွန်ခွန်စိုက် ကြိုးစားနေသရွေ့တော့ အနာဂတ်တွင် သေချာပေါက် သန်မာလာပေလိမ့်မည်။
“လာ… ငါတို့လေးယောက် သွေးယဇ်ပူဇော်ပွဲအကြောင်း ဆွေးနွေးကြရအောင်။ ချန်လေး… နင် ဒီပွဲအကြောင်း မသိသေးဘူး မဟုတ်လား...” အစ်မလီ က မေးလိုက်သည်။
လုံချန်က အမှန်တိုင်းပင် ခေါင်းညိတ်လိုက်သည်။
“လီဖန်း! နင်ပဲ ရှင်းပြလိုက်ပါ...”
အစ်မလီကျင်း က အဖွဲ့၏ဦးဆောင်သူ ဖြစ်သောကြောင့် လီဖန်းလည်း မငြင်းခဲ့ပေ၊ သွေးယဇ်ပူဇော်ပွဲအကြောင်း သူသတင်းရထားသမျှ အချက်အလက်များကို စတင်ရှင်းပြခဲ့သည်။
“သွေးယဇ်ပူဇော်ပွဲမှာ အဆင့်(၃)ဆင့် ရှိတယ်။ ပထမအဆင့်က ဂိုဏ်းသားတွေအားလုံး တစ်ယောက်မကျန် မြေအောက်မြို့တော်ထဲကို ဆင်းလာပြီးတော့သွေးဝိညာဉ်ဂိုဏ်းချုပ်ကို ဂါရဝပြုအရိုအသေပေးကြရမယ်။ ပြီးတော့ နတ်ဘုရားတွေကို ပင့်မြှောက်ပူဇော်ကြမယ်။
ဒုတိယအဆင့်မှာကျတော့ လွတ်နေတဲ့ သွေးကန်ကြီး ပြန်ပြည့်သွားအောင် ရာချီတဲ့အပျိုစင်မိန်းကလေးငယ်တွေကို သတ်ပြီး သူတို့ရဲ့ယင်ချီသွေးတွေကို သွေးကန်ထဲ အပြည့်ဖြည့်ရမယ်။
တတိယအဆင့်က ... တကယ်တမ်းပြောရရင်တော့ ဒါက နောက်ဆုံးအဆင့်ဖြစ်တဲ့ သွေးကန်ထဲမှာ ကျင့်ကြံတာပဲ။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ပထမဆုံး သွေးကန်ထဲမှာ ကျင့်ကြံလိမ့်မယ်။ အဲ့ဒီနောက် ဂိုဏ်းရဲ့အစောင့်အရှောက်အကြီးအကဲ ငါးယောက်၊ နောက်ထပ် အကြီးအကဲတွေ… ပြီးတော့ နောက်ဆုံးမှာ ဂိုဏ်းသားတွေအလှည့်ပဲ။ အဲဒီအချိန်မှာ သွေးယဇ်ပူဇော်ပွဲ ပြီးဆုံးမယ်”
“အဲဒီလိုဆိုရင်… သူတို့ နတ်ဘုရားတွေကို ပူဇော်ပသနေတဲ့အချိန်မှာပဲ ငါတို့ စပြီးလှုပ်ရှားရမယ်။ မဟုတ်ရင် အပျိုစင်မိန်းကလေးတွေကို သတ်တဲ့အချိန်ကျမှ လှုပ်ရှားရင် အသက်ပေါင်းရာနဲ့ချီ ပျောက်ကွယ်သွားရလိမ့်မယ်။ သူတို့အားလုံးက ငယ်ငယ်ရွယ်ရွယ်အပြစ်ကင်းပြီး လှပတဲ့ မိန်းကလေးငယ်တွေချည်းပဲလေ။ ပြီးတော့ ငါ့ညီမလည်း သူတို့ထဲမှာ ပါနေတယ်...” လီဖန်း၏ရှင်းပြချက် ပြီးဆုံးသွားသည့်အခါ အစ်မလီ၏အသံသည် အလွန်အမင်း အေးစက်လာခဲ့သည်။
“ဒီကောင်တွေက တကယ့်မကောင်းဆိုးဝါးတွေပါပဲ…”လီဖန်းနှင့် လီချန်တို့နှစ်ယောက်လည်း သက်ပြင်းကိုယ်စီ ရှိုက်လိုက်ကြသည်။
“မှန်တယ်... ။ သူတို့က တိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ်”
လုံချန်၏နှလုံးသားထဲ၌လည်း လူသတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။
လုံချန်သည် ယခင်က သွေးချီဝါးမျိုခြင်းကျင့်စဉ်ကို အသုံးပြုခဲ့ဖူးသည်။ သို့သော် အများအားဖြင့်တော့ နတ်ဆိုးသားရဲများအပေါ်တွင်သာ အသုံးပြုခဲ့သည်။
ပိုင်ကျန်းရှောင်နှင့် ရွှယ့်ယွမ်ဇီတို့အပေါ် အသုံးပြုခဲ့ဖူးသော်လည်း သူ၏အမုန်းတရားများကြောင့်သာ ဖြစ်သည်။ ၎င်းတို့သည် လုံချန်၏ရန်သူများဖြစ်ကြသည်။ သို့သော် ယခု သွေးဝိညာဉ်ဂိုဏ်း၏ လက်ထဲတွင် ဖမ်းဆီးခံထားရသူများသည် အပြစ်ကင်းစင်သော မိန်းမပျိုလေးများ ဖြစ်ကြသည်။
“ရာနှင့်ချီ၊ ထောင်နှင့်ချီသော အပျိုစင်မိန်းကလေးများ…”
သူတို့အားလုံးသည် အားနည်းပြီး အကာအကွယ်ပေးမည့်သူ မရှိခဲ့ကြပေ။
“သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေအားလုံးထဲမှာ လူကောင်းတစ်ယောက်မှ မရှိနိုင်ဘူး…။ ဒီတစ်ခါတော့ ငါ့ကိုယ်ငါ ထိန်းမထားတော့ဘူး။ စိတ်ကြိုက်သတ်ရတာပေါ့...” လုံချန်၏ရင်ထဲမှာ လူသတ်လိုစိတ်များ အလွန်အမင်း ပြင်းထန်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲ၌ နဂါးဟိန်းသံများ နှင့်အတူ သွေးနဂါးပုံရိပ်များ အဆက်မပြတ် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သွေးဆာရက်စက်သော အငွေ့အသက်များလည်း တဖြည်းဖြည်း ပျံ့လွင့်လာပါသည်။
....
ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွား၏။ မကြာမီအချိန်အတွင်းမှာ နံနက်မိုးလင်းကာ နောက်တစ်နေ့ကို ကူးပြောင်းတော့မည် ဖြစ်သည်။
အခန်းငယ်လေးထဲ၌ လူလေးယောက်သည် တိတ်ဆိတ်ငြိမ်သက်စွာရှိနေကာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေကြသည်။
နာရီပေါင်းများစွာ ဖြတ်ကျော်ပြီးနောက်တွင် တစ်နေ့တာလည်း ကုန်ဆုံးသွားပြန်သည်။ လုံချန်တို့အဖွဲ့သည် ညအမှောင် ကျလာသည့်အချိန်မတိုင်မီကတည်းက ဂိုဏ်းသားတစ်ထောင်နှင့်အတူ ရောနှောက်ကာ သွေးခန်းမ ဆီသို့ လိုက်ပါသွားကြသည်။
သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းသားများ အများစုသည် နဂါးသွေးကြောနယ်ပယ် အဆင့် ၅ အထက်ရှိသူများ ဖြစ်ကြသည်။
နဂါးသွေးကြောနယ်ပယ်အဆင့် လူပေါင်းတစ်ထောင် စုပေါင်းထားသော အင်အားသည် ကျော်ကြားခြင်းမြို့ တစ်မြို့လုံး၏ အလုံးစုံ အင်အားထက်ပင် များစွာ သာလွန်နေသည်။
ဤအချိန်တွင် သွေးခန်းမတစ်ခုလုံးသာမကဘဲ သွေးနတ်ဆိုးနန်းတော်တစ်ခုလုံးသည် သွေးဆာပြီး ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များ၊ အရှိန်အဝါများ ပျံ့လွင့်နေခဲ့သည်။
လုံချန် သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သူမြင်တွေ့ရသော မြင်ကွင်းသည် ထောင်ချီသော သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပြည့်နှက်နေသည်ကိုပင်။
“ဒီတိရစ္ဆာန်ကောင်တွေ လက်ထဲမှာ အပြစ်မဲ့တဲ့မိန်းမပျိုလေးတွေ ဘယ်လောက်များများ သေဆုံးခဲ့ရပြီလဲ မသိနိုင်ဘူး…”
ဤသို့ဖြင့် သူတို့လေးယောက်လည်း လူအုပ်ကြီးနှင့်အတူ လိုက်ပါသွားပြီး အကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် သွေးခန်းမ ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
မကြာမီတွင် လူတိုင်းသည် မြေအောက်မြို့တော် သို့ ဆင်းသက်သည့် လျှို့ဝှက်လမ်းကြောင်းကို မြင်တွေ့လိုက်ကြရသည်။ လမ်းကြောင်းသည် အလွန် ကျဉ်းမြောင်းပေသည်။ အောက်သို့ ဆင်းသည့် လှေကားထစ်များသည် အလွန်သေးငယ်လှသည်။တစ်ကြိမ်လျှင် လူနှစ်ယောက်သာ ဆင်းသွားနိုင်၏။
လုံချန်သည် ထောင်ချီသော လူတန်းရှည်ကြီး၏ နောက်ဆုံးပိုင်းတွင် ရှိနေခဲ့သည်။
အချိန်အတော်ကြာသည်ထိ စောင့်ဆိုင်း၍ လျှို့ဝှက်လမ်းကြောင်းအတိုင်း လျှောက်သွားပြီးနောက်မှ မြေအောက်မြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။
ဤမြို့တော်သည် လူအင်အားဖြင့် တည်ဆောက်ထားသော ကြီးမားကျယ်ပြန့်သည့် မြေအောက်နယ်မြေကြီးတစ်ခုပင်။ သွေးနတ်ဆိုးနန်းတော်၏ အောက်ဖက် မြေပြင်တစ်ခုလုံးကို မြေအောက်မြို့တော်အဖြစ် တည်ဆောက်ထားသလိုပင် ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ မြို့တံတိုင်းနံရံအားလုံးသည် သွေးနီရောင် ဖြစ်နေခြင်းပင်။ နံရံပေါ်၌လည်း ထူးခြားဆန်းကြယ်သော ရုပ်ပုံများ၊ သင်္ကေတများ မြောက်များစွာရေးဆွဲထားသည်။ ထိုပုံရိပ်များကြောင့် မြေအောက်မြို့တော်၏ ပတ်ဝန်းကျင်သည် ပို၍ ကြောက်မက်ဖွယ် ဖြစ်နေသည်။
“အားလုံးပဲ သတိထားနေကြပါ...”
အစ်မလီ က သတိပေးလိုက်သည်။
ထို့နောက် အခြားနှစ်ယောက်ကို ခေါ်၍ လုံချန်နှင့် လမ်းခွဲထွက်သွားကြတော့သည်။ သူတို့၏အစီအစဉ်သည် သွေးဝိညာဉ်ဂိုဏ်းကို တိုက်ရိုက် တိုက်ခိုက်ရန် ဖြစ်သည်။
လုံချန်ကတော့ အခြေအနေကို အရင်ဆုံးစောင့်ကြည့်ပြီးမှသာ အလိုက်သင့်လှုပ်ရှားရန်ဆုံးဖြတ်ထား၏။
မြေအောက်မြို့တော်ထဲအတွင်းပိုင်းသို့ အချိန်အတော်ကြာသည်အထိ လျှောက်သွားကြပြီးနောက် ထောင်ချီသောလူအုပ်ကြီးသည် တစ်နေရာအရောက်တွင် တဖြည်းဖြည်း စုဝေးခဲ့ကြသည်။
နောက်ဆုံးတွင် လုံချန်သည် မြေအောက်မြို့တော်၏ အလယ်ဗဟို ကို မြင်တွေ့လိုက်ရသည်။
အလယ်ဗဟိုတည့်တည့်၌ အလွန်တရာကြီးမားကျယ်ပြန့်လှသော ရေကန်ကြီးတစ်ခု ရှိနေလေသည်။ လူပေါင်းတစ်ထောင်ကျော် ဝင်နိုင်လောက်အောင်အထိ ကြီးမားလှသည်။
ယခုအချိန်တွင် ကန်ထဲ၌ မည်သည့်အရာမှ ရှိမနေသေးပေ။ သို့ရာတွင် ကန်ထဲမှ ပျံ့နှံ့လာသည့် သွေးညှီနံ့များနှင့် နံရံများပတ်ပတ်လည်ရှိ ခြောက်သွေ့နေသော သွေးစက်များကြောင့် ၎င်းသည် သွေးကန် ဖြစ်ကြောင်း သိသာနေခဲ့သည်။
မသိစိတ်ဖြင့် လုံချန်သည် လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။
ရုတ်တရက်ဆိုသလိုပဲ…
သူ့စိတ်ထဲ၌ လင်းရှီ၏အသံ ထွက်ပေါ်လာခဲ့သည်။
“လုံချန်! ငါ လင်းချင်ကို တွေ့ပြီ။ သူမက သွေးကန်ရဲ့ တစ်ဖက်မှာရှိတဲ့ ယဇ်ပလ္လင်အောက်မှာ ရှိနေတယ်...”
ဤအချိန်တွင် ရာချီသောသွေးဝိညာဉ်ဂိုဏ်းဝင်များသည် သွေးကန်၏ တစ်ဖက်၌ စနစ်တကျ တန်းစီရပ်နေကြသည်။
အခြားတစ်ဖက်တွင်တော့ အလွန်ကြီးမားလှသော သွေးနီရောင် ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေသည်။ယဇ်ပလ္လင်အပေါ်တွင် သွေးနီရောင်အမွှေးတိုင်သုံးတိုင် ထွန်းညှိထားလေသည်။ လောင်ကျွမ်းနေသော မီးခိုးငွေ့များသည် လှိုင်းလုံးများကဲ့သို့ မြေအောက်မြို့တော်အနှံ့ ပြန့်နှံ့နေသည်။
ယဇ်ပလ္လင်အောက်၌ ဂိုဏ်းသခင် နှင့်အတူ လူငါးဦး ရပ်နေကြသည်။ သူတို့ထဲတွင် အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့သည်။ သူတို့အားလုံးသည် ရွှေနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြသည်။၎င်းတို့သည် သွေးဝိညာဉ်ဂိုဏ်း၏ နောက်ဆုံးကျန်ရှိနေသော နာမည်ကျော် ဂိုဏ်းအစောင့်အရှောက် ငါးဦး ဖြစ်လေသည်။ သူတို့ထံမှ ပြင်းထန်လှသောအရှိန်အဝါများ ပျံ့လွင့်နေခဲ့သည်။
လုံချန်၏အကြည့်သည် သွေးဝိညာဉ်ဂိုဏ်းသခင်နှင့် ဘေးချင်းယှဉ်ရပ်နေသော လူ (၅)ဦး ထံသို့ ဦးတည်နေသည်။
“ဒီငါးယောက်ထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူးဆိုတာ သေချာတယ်။ ဂိုဏ်းချုပ်ကလည်း အကြင်နာတရားကင်းမဲ့တဲ့ လူယုတ်တစ်ယောက်ပဲ။ ဒီကောင်တွေကလည်း သိပ်တော့မကွာပါဘူး။ သူတို့ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ သွေးညှီနံ့က ကြည့်ရတာ အပျိုစင်မိန်းကလေးတွေ ဘယ်လောက်များများ အသတ်ခံရပြီးပြီလဲမသိနိုင်ဘူး..””
လုံချန်သည် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ ငါးဦး ဆီကနေ ပျံ့လွင့်နေသာ စွမ်းအားကို ခံစားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဆန်းကြယ်အဆင့်လေး သားရဲသွေးအဆီအနှစ်နဲ့နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ သွေးအဆီအနှစ်က ငါ့ကို မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ထိ မရောက်နိုင်သေးဘူးလား…
လုံချန် က အကြံအိုက်နေသလိုပင်။
“နောက်ဆုံး ကြံရာမရရင်တော့ သွေးချီဝါးမျိုခြင်းကျင့်စဉ်ကို သုံးပြီး အဆင့်တက်မှရတော့မယ်ထင်တယ်...”
သို့ရာတွင် လူသားများအပေါ် သွေးချီဝါးမျိုခြင်းကျင့်စဉ်ကို အသုံးပြုရမည့်အကြောင်း စဉ်းစားမိလိုက်သည့်အခါ လုံချန်၏စိတ်ထဲတွင် အနည်းငယ် မနှစ်မြို့သော ခံစားချက် ပေါ်လာခဲ့သည်။ ဤအချိန်မှာပဲ လင်းရှီ က ပြောလိုက်သည်။
“အရမ်းကြီး မစဉ်းစားနဲ့။ နင် ဒီလို မလုပ်ဘူးဆိုရင် လင်းချင်သာ တစ်ခုခု ဖြစ်သွားရင်တော့... နင်တစ်သက်လုံး နောင်တရနေမှာပဲ…”
ယန်လင်းချင်အကြောင်းကို စဉ်းစားမိလိုက်သည်နှင့်လုံချန်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“ငါအဆင်ပြေပါတယ်။ သူမအတွက်ဆိုရင်တော့ ငါ ဒီတစ်ခါ ခြွင်းချက်ထားပေးလိုက်မယ်…”
လင်းရှီက တည်ငြိမ်စွာ ပြောလိုက်သည်။
“လုံချန်! သွေးချီဝါးမျိုခြင်းကျင့်စဉ် က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ ဒီလို အံ့သြစရာကောင်းတဲ့ စွမ်းအားကျင့်စဉ်မျိုးကို ငါ တစ်ခါမှမမြင်ဖူးဘူး။ ဒါက ဘာလဲဆိုရင် မကုန်ခမ်းနိုင်တဲ့ စွမ်းအားကို ကိုယ်စားပြုတယ်။တကယ်လို့ ကျင့်ကြံသူအများစုသာ ဒီလိုကျင့်စဉ်ရှိမှန်း သိရင် သေချာပေါက် သွေးချောင်းစီးတိုက်ပွဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နင်က ဒီအသက်အရွယ်နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တာ တကယ်ပဲ ချီးကျူးဖို့ ကောင်းပါတယ်…”
လုံချန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ဟီးဟီး... ငါက အမြဲတမ်း ထူးခြားတဲ့ လူတစ်ယောက်ပဲလေ…”
“အရှက်မဲ့လိုက်တာ...”
လင်းရှီ၏ လှောင်ပြောင်သံကြောင့် လုံချန်လည်း ဖိအားများ အနည်းငယ် လျော့ပါးသွားခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ် အင်အားက သူ့ကို တော်တော်လေး ဖိပေးနေခဲ့သည်။
ဤအချိန်တွင် ဂိုဏ်းအစောင့်အရှောက်အကြီးအကဲငါးဦးထဲမှ အိုမင်းရွတ်တွနေသော ရုပ်ဆိုးဆိုးအဘွားကြီးတစ်ယောက် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။အဘွားကြီး၏အသံက ငှက်ဆိုးထိုးသံအလား လူတိုင်းကို နားအူသွားစေသည်။
“သွေးယဇ်ပူဇော်ပွဲ စတင်ပြီ။ ဂိုဏ်းဝင်တွေအားလုံး ဒူးထောက်ကြ...”
အဘွားအို၏အသံသည် မြေအောက်မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
လုံချန်လည်း လူအုပ်ကြီးနှင့်အတူ ရောယောင်ပြီး ဒူးထောက်လိုက်သည်။
အဘွားကြီးက နောက်သို့ လှည့်ကာ သွေးဝိညာဉ်ဂိုဏ်းချုပ်နှင့် အနည်းငယ် စကားပြောပြီးနောက် တစ်ဖက်သို့ ပြန်ဆုတ်သွားခဲ့သည်။
လူတိုင်း စိတ်လှုပ်ရှားနေကြချိန်တွင် လုံချန်သည်ပတ်ဝန်းကျင်ကို မသိမသာ လေ့လာနေခဲ့သည်။
“လင်းရှီ!… လင်းချင်ကို ဘယ်နေရာမှာဖမ်းထားတယ်ဆိုတာ အတိအကျ ရှာတွေ့ပြီလား...”
လင်းရှီသည် ချက်ချင်းပြန်မပြောသေးဘဲ တိတ်ဆိတ်နေခဲ့သည်။ ခဏကြာမှ
“သွေးကန်ရဲ့ ဘယ်ဖက်မှာ သွေးနီရောင်တံခါးချပ်ကြီးတွေ ရှိတယ်။ ဂိတ်တံခါးတွေက သွေးကန်နဲ့ မီတာတစ်ရာလောက်တော့ ဝေးတယ်။ ပြောချင်တာက တံခါးနောက်ကွယ်မှာ အပျိုစင်မိန်းကလေးရာနဲ့ချီပြီး ရှိနေတယ်။ ဒါပေမဲ့ လင်းချင်ကို အာရုံခံလို့မရသေးဘူး။ခဏလေး... ငါ ဆက်ရှာကြည့်လိုက်ဦးမယ်…”
ယန်လင်းချင်၏ တည်နေရာကို ရှာမတွေသေးသည့်အတွက် လုံချန်သည် မလှုပ်ရှားရဲသေးပေ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းချုပ်သည် သွေးယဇ်ပူဇော်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။ထို့နောက်တွင်တော့ သွေးဝိညာဉ်ဂိုဏ်းချုပ်က ယဇ်ပလ္လင်ပေါ်သို့ တက်လာကာ အသင့်ရှိနေသော သွေးပန်းအိုးထဲ၌ အမွှေးတိုင်ကို ထိုးစိုက်လိုက်သည်။သူ့နောက်တွင် ဂိုဏ်း၏အကြီးအကဲငါးဦးတို့လည်း အလွန်ရိုသေသောအမူအရာများဖြင့် အမွှေးတိုင်များ ပူဇော်ကြသည်။
သွေးကန်အလယ်တည့်တည့်၌ တစ်ဖက်ခြမ်းရှိ သွေးယဇ်ပလ္လင်သို့ သွားနိုင်သော ကျောက်တံတားတစ်စင်း ရှိနေခဲ့သည်။ ရာချီသောဂိုဏ်းဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ကျောက်တံတားကို ဖြတ်ကာ အမွှေးတိုင်များ ပူဇော်နေကြသည်။ ထို့နောက်တွင် ယဇ်ပလ္လင်ဘေးနားရှိ သွေးအရည်များကို ပန်းကန်တစ်လုံးဖြင့် ခပ်ယူခဲ့ကြသည်။ သွေးညှီနံ့များ ပျံလွင့်နေသည့်အတွက် လတ်ဆတ်သော သွေးများ ဖြစ်ကြောင်းသိသာလှသည်။
တစ်ယောက်ပြီးတစ်ယောက် အမွှေးတိုင်များ ပူဇော်ပြီးနောက် လူတိုင်း မူလနေရာသို့ ပြန်လာကြသည်။သူတို့လက်ထဲမှာတော့ သွေးအပြည့် ပန်းကန်တစ်လုံးစီ ရှိနေသည်။ သွေးဝိညာဉ်ဂိုဏ်းချုပ်လည်း သွေးအပြည့်ပန်းကန်တစ်လုံးကို ကိုင်ထား၏။
ခဏအကြာတွင် အဘွားကြီးက ထပ်မံ ကြေညာလိုက်သည်။
“အားလုံးအတွက် အရေးကြီးဆုံး အချိန်ကို ရောက်လာပြီ။ သွေးပန်းကန်ကို တင်းတင်းဆုပ်ကိုင်ထားကြပါ။ ပြီးတော့ ဂိုဏ်းအရှင်ရဲ့ အမိန့်စကားကို နားထောင်နေကြ...”
သွေးဝိညာဉ်ဂိုဏ်းချုပ်က ရယ်မောလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ညီအစ်ကိုတို့… သောက်ကြရအောင်”
“ဂိုဏ်းချုပ်နဲ့အတူ သောက်ကြစို့...”
ရာချီသောဂိုဏ်းသားများအားလုံး သံပြိုင်အော်ဟစ်ကြသည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်က သွေးပန်းကန်ကို တစ်လုတ်တည်း သောက်ချလိုက်သည်။ ထို့နောက် ပန်းကန်ကို သွေးကန်ထဲသို့ ပစ်ချလိုက်သည်။
“ခွမ်း...”
ပန်းကန်သည် ချက်ချင်းကြေမွသွား၏။
ဆက်တိုက်ဆိုသလို ရာနှင့်ချီသော ပန်းကန်လုံးကွဲအက်သံများ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် သွေးဝိညာဉ်ဂိုဏ်းချုပ်က အမိန့်ပေးလိုက်သည်။
“ဂိတ်တံခါးတွေကိုဖွင့်… သွေးအရင်းအမြစ်တွေကို ယူလာခဲ့ကြ...”
ဤအချိန်တွင် သွေးကန်၏ ဘယ်ဖက်ခြမ်းရှိ ကျောက်တံခါးချပ်ကြီးများ တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။ ဂိတ်တံခါးများသည် အလွန်ထူထည်းလှသည်။ လုံချန်၏ လက်ရှိစွမ်းအားဖြင့်ပင် အချိန်တိုအတွင်း မဖျက်ဆီးနိုင်လောက်အောင် ခိုင်မာသည်။
ဂိတ်တံခါးများ ဖွင့်လိုက်သည်နှင့်တပြိုင်နက် အော်ဟစ်ငိုကြွေးသံများ မြေအောက်မြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်လာခဲ့သည်။ သေဆုံးခါနီး အပျိုစင်မိန်းကလေးများစွာ၏ အော်သံများသည်သွေးဝိညာဉ်ဂိုဏ်းသားများကို ပို၍ ပျော်ရွှင်စေခဲ့သည်။ အားလုံး ရူးသွပ်စွာ ရယ်မောနေကြသည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းချုပ်၏ လှောင်ပြောင်သရော်သံ ပဲ့တင်ထပ်လာခဲ့သည်။
“ငိုကြစမ်း...”
ငိုနိုင်သလောက် ငိုလိုက်ကြ...။ အခုအချိန်က ဒီလောကမှာ မင်းတို့ အသက်ရှင်နိုင်တဲ့ နောက်ဆုံး မိနစ်တွေပဲ။ မင်းတို့ရဲ့ ယင်ချီသွေးကို သောက်ပြီးတာနဲ့ ငါတို့ ပိုအားကောင်းလာမယ်ဆိုတော့ သေရတာ ဂုဏ်ယူသင့်တယ်...”
လူအုပ်ကြားထဲ၌ ရပ်နေသော လုံချန်သည် လက်သီးများကို တင်းတင်းဆုပ်ထားခဲ့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***