“ယဇ်ပလ္လင်အောက်မှာလား”
လုံချန်၏မျက်လုံးများသည် ဂိတ်တံခါးများနောက်ကွယ်မှ ငိုကြွေးနေသော အပျိုစင်မိန်းကလေးများအပေါ် အာရုံစိုက်ထားခဲ့သည်။ ဂိတ်တံခါးများ ဖွင့်လိုက်သည်ကို မြင်လိုက်ရသောအခါ ရာချီသောအပျိုစင်မိန်းကလေးများသည် အလွန်အမင်း ကြောက်ရွံ့သွားကြပြီး ခြေထောက်များပင် အားပျော့ကာ လဲကျမတတ်ဖြစ်သွားကြသည်။
အပြင်ဖက်၌ မည်သို့သောအခြေအနေမျိုးဖြင့် ရင်ဆိုင်ရမည်မှန်း သိထားကြသောကြောင့် သူတို့ ထွက်လာရန် မဝံ့ရဲကြပေ။ သို့သော် လုံချန် သည် ဆက်တိုက်ထွက်ပေါ်နေသည့် ငိုကြွေးသံများကို နားထောင်ကြည့်ခြင်းအားဖြင့် လူအရေအတွက် ၅၀၀ ကျော် ရှိကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ချောမောလှပသော အပျိုစင်မိန်းကလေး ၅၀၀ ကို သတ်ပစ်ရန် ကြံစည်နေသော သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ ရက်စက်ကြမ်းကြုတ်မှုကို ချီးကျူးမိသည်။
“သူမက တခြားသူတွေလိုမဟုတ်ဘဲ ဘာလို့ယဇ်ပလ္လင်အောက်မှာ ရှိနေတာလဲ...” လုံချန်က အမြန်မေးလိုက်သည်။
“ငါလည်း မထင်ထားခဲ့ဘူး။ တံခါးနောက်ကွယ်က မိန်းကလေးတွေနဲ့ အတူ ရှိနေမယ်လို့ ထင်ခဲ့တာ။ လင်းချင်ကို ယဇ်ပလ္လင်အောက်က သတ္တုတိုင်မှာ ချုပ်နှောင်ထားတယ်။ လောလောဆယ်တော့ သူမ သတိလစ်နေတယ် ထင်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က ဘာမှ မပျက်စီးသေးဘူး...”
လင်းရှီ၏ နောက်ဆုံးပိတ်စကားကြောင့် လုံချန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ မျက်နှာပေါ်မှ ရက်စက်ယုတ်မာသော အပြုံးကို ကြည့်ရင်း သူ့စိတ်ထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပို၍ပြင်းထန်လာခဲ့ရသည်။
ဤအချိန်တွင် ဂိုဏ်းခေါင်းဆောင်က ငိုကြွေးနေသည့် အပျိုစင်မိန်းကလေးများကို လုံးဝ ဂရုမစိုက်ဘဲ လူအုပ်ကြီးကို ပြောလိုက်သည်။
“ဒီတစ်ခါ သွေးယဇ်ပူဇော်ပွဲမှာ ဘယ်လို ထူးခြားဆန်းကြယ်တဲ့အရာရှိနေသေးလဲဆိုတာ မသိသေးတဲ့သူတွေ အများကြီး ရှိနေဦးမယ်ထင်တယ်။ အခု ငါ ပြောပြမယ်...”
စကားပြောရင်း ယဇ်ပလ္လင်ဖက်လှည့်ပြီး ကျောက်သားခလုတ်တစ်ခုကို ဖိနှိပ်လိုက်သည်။ ယဇ်ပလ္လင်ရှေ့မှ ကျောက်အုတ်တစ်ချပ် ရုတ်တရက် ရွေ့သွားကာ အောက်ကနေ သတ္တုတိုင်တစ်တိုင် ဖြည်းဖြည်းမြင့် တက်လာခဲ့သည်။ လူတိုင်း ကြည့်လိုက်ကြရာ ချောလှပသော မိန်းမပျိုလေးတစ်ဦးအား တိုင်နှင့်ကပ်၍ ချုပ်နှောင်ထားသည်ကို မြင်တွေ့လိုက်ကြသည်။
ကျောက်တိုင်၏ တုန်ခါမှုကို ခံစားလိုက်ရသဖြင့် မျက်နှာဖြူဖျော့နေသော ယန်လင်းချင် သည် သတိပြန်ဝင်လာခဲ့သည်။ ပတ်ဝန်းကျင်မှ မရင်းနှီးသော အခြေအနေနှင့် ငတ်မွတ်နေသော ဝံပုလွေ အုပ်စုလို သူမကို စိုက်ကြည့်နေသော ဂိုဏ်းသား ထောင်ချီကို မြင်လိုက်သည့်အခါတွင် အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
“သူမက ငါ့အတွက် အကြီးမားဆုံး အံ့အားသင့်စရာ လက်ဆောင်တစ်ခုပဲ။ ဘာကြောင့်လဲ သိရဲ့လား။ ဘာကြောင့်လဲဆိုတော့…”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ပြောင်မြောက်သောအနုပညာလက်ရာတစ်ခုကို ကြည့်ရှုနေသည့်အလား ကျေနပ်အားရသော အကြည့်ဖြင့် ယန်လင်းချင်ဖက်သို့ လျှောက်လာရင်း ရူးသွပ်သွားသလိုလေသံဖြင့် ပြောလိုက်သည် “ဘာကြောင့်လဲဆိုတော့ သူမမှာ ဆန်းကြယ်အရိပ်ခန္ဓာကိုယ် ရှိနေလို့ပဲ...”
“ဆန်းကြယ်အရိပ်ခန္ဓာကိုယ် လား...”
“ဒီဆန်းကြယ်အရိပ်ခန္ဓာကိုယ်ဆိုတာ ဘာလဲ။ အဲဒါက ဘာလုပ်နိုင်မလဲ...”
ဂိုဏ်းသားအများစုသည် အဆင့်နိမ့်နဂါးသွေးကြောနယ်ပယ်သာ ရှိနေသောကြောင့် အသိဉာဏ်ပညာ နည်းပါးခဲ့သည်။ ဤ “ဆန်းကြယ်အရိပ်ခန္ဓာကိုယ်” ကို မသိသည်မှာ သဘာဝပင် ဖြစ်သည်။
“ဘာလဲဆိုတာ မင်းတို့ သိစရာ မလိုပါဘူး။ ဒီလှပတဲ့ မိန်းမငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အပျိုစင်မိန်းကလေး တစ်ထောင်ရဲ့ သွေးနဲ့ ညီမျှတဲ့ ယင်ချီသွေး ပါနေတယ်ဆိုတာ သိရုံနဲ့ လုံလောက်ပြီ။ ဒါမှမဟုတ် အဲဒီထက်တောင် ပိုနိုင်တယ်…”
ဤစကားကို ပြောပြီးနောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်သည်။ သူ့စကားကို ကြားလိုက်သည့် သွေးဝိညာဉ်ဂိုဏ်းသားများအားလုံး စိတ်အားတက်ကြွလာကြပြီး ယန်လင်းချင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
“သူမရဲ့ ယင်ချီသွေးကို သောက်သုံးမယ်ဆိုရင် မင်းတို့အထဲက အများစုအတွက် အခွင့်အရေးကောင်းပဲ။ တစ်ခါတည်းနဲ့ အဆင့်တစ်ဆင့် တက်နိုင်လိမ့်မယ်။ နဂါးသွေးကြောနယ်ပယ်အဆင့် ၉ မှာ ရှိနေတဲ့သူတွေက နည်းနည်းလောက် ထပ်ကြိုးစားရုံနဲ့ ကနဦးမြေကမ္ဘာယွမ်အဆင့် ဒန်တျန်ကို သိပ်သည်းစေနိုင်တယ်။ အဲဒီအခါကျရင် ငါတို့ သွေးဝိညာဉ်ဂိုဏ်းမှာ အနည်းဆုံး မြေကမ္ဘာယွမ်အဆင့် ပညာရှင် အယောက် သုံးဆယ်ယောက်လောက် ရှိလာလိမ့်မယ်။ ဒါကြောင့် ဒီတစ်ကြိမ် သွေးယဇ်ပူဇော်ပွဲက ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းအနေနဲ့ ထိပ်ဆုံးနေရာကို ရောက်စေမယ့် အခွင့်အလမ်းကောင်းတစ်ခုပဲ။ မကြာခင်မှာ အားလုံး မျှော်လင့်နေကြတဲ့ နေရာကို ရောက်လာတော့မယ်...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ စကားကို ကြားလိုက်သည့်အခါ ရာချီသောဂိုဏ်းဝင်များသည်အားပါးတရ အော်ဟစ်ချီးကျူးလိုက်ကြသည်။
နဂါးသွေးကြောနယ်ပယ်အဆင့် ၉ များအတွက် အထူးအခွင့်အရေးကြီး ဖြစ်နေလို့ပင်။ မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန်ကို ပြီးပြည့်စုံစွာ သိပ်သည်းနိုင်ပါက မြေကမ္ဘာယွမ်အဆင့် ကို ချိုးဖျက်ရန် ခက်ခဲတော့မည်မဟုတ်ပေ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ဂိုဏ်းစောင့်အကြီးအကဲ ငါးဦးဖက်လှည့်ပြီး ပြောလိုက်သည် “အကြီးအကဲတို့၊ ငါလည်း သိချင်မိတယ်။ မင်းတို့ထဲက ဘယ်သူများ အရင်ဦးဆုံး မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်ကို ရောက်နိုင်မလဲဆိုတာ...”
ဂိုဏ်းစောင့်အကြီးအကဲ ငါးဦးလည်း စိတ်လှုပ်ရှားလွန်းသောကြောင့် ချက်ချင်းဒူးထောက်ချလိုက်ကြပြီး ကျေးဇူးတင်စကား ဆိုကြသည်။
“ငါတို့ဆီမှာ ဂိုဏ်းသခင်ရဲ့ ကျေးဇူးအကြွေးတွေ များနေပါပြီ။ ပြီးတော့ ငါတို့ကို ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက် ဂိုဏ်းသခင် နောက်ကို သေတဲ့အထိ လိုက်ပါ့မယ်။ မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ... ငရဲတွင်းထဲကိုပဲ ဆင်းရပါစေ ... ဂိုဏ်းခေါင်းဆောင်အတွက်ဆို ငါတို့အသက်သေရင်တောင်မှ အစွမ်းကုန်ပေးဆပ်ဖို့အသင့်ပါပဲ...”
ဂိုဏ်းစောင့်အကြီးအကဲများမှ ဦးဆောင်လိုက်သည့်အခါ ရာချီသော သွေးဝိညာဉ်ဂိုဏ်းဝင်များသည် အားလုံး တစ်ပြိုင်နက်တည်း ဒူးထောက်ချလျှက်စိတ်လှုပ်ရှားပျော်ရွှင်စွာ သံပြိုင်ဟစ်ကြွေးကြသည်။
ယဇ်ပုလင်အလယ်၌ ချုပ်နှောင်ခံထားရသည့် ယန်လင်းချင်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
အမှန်တော့ သူမ၏စိတ်ထဲ၌ ပိုင်ကလန် ပျက်သုဉ်းသွားပြီးနောက် ယန်အိမ်တော်သည် ကျော်ကြားခြင်းမြို့တွင် အေးအေးချမ်းချမ်း နေရလိမ့်မည် ထင်ထားခဲ့လို့ပင်။ မမျှော်လင့်ဘဲ ယခုလိုမျိုး ကပ်ဘေးကျလိမ့်မည်ဟု မထင်ထားခဲ့ပါ။ အတိတ်တွင် လုံချန်သည် အကြိမ်ကြိမ်ကယ်တင်ခဲ့၏။ ယခုတစ်ကြိမ်မှာတော့ အတိတ်တုန်းကလိုမျိုး မတူတော့ပေ။
ဤနေရာတွင် သူမ တစ်ယောက်တည်း ပိတ်မိနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူမ မယှဉ်နိုင်သော အစွမ်းထက်ပညာရှင်များ ဖြစ်နေ၏။ ဤနေရာရှိ မည်သူမဆို ယန်အိမ်တော်တစ်ခုလုံးအား အမြစ်ပြတ်ချေမှုန်းနိုင်လေသည်။ ထို့ကြောင့် ယန်လင်းချင်သည် မျှော်လင့်ချက်အနည်းငယ်မျှပင် မထားတော့ဘဲ လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
ဤအခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ကြောက်ရွံ့စိတ်မရှိဟု ပြောပါက မမှန်ပေ။ ယခုတော့ သေခြင်းတရားကို လက်တွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ သို့ရာတွင် သူမ၏အမြင်အာရုံထဲ၌ ပုံရိပ်များ တစ်ခု ပြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ နောက်ဆုံးပေါ်လာသော ပုံရိပ်ကို တွေးမိလိုက်သည့်အခါ ယန်လင်းချင်၏စိတ်ထဲမှ အကြောက်တရားများ ရုတ်တရက်ပျောက်ကွယ်သွားသလိုပင်။ သူမ၏ နုနယ်ပျိုမျစ်သော ခန္ဓာကိုယ်လေးထဲတွင် ခွန်အား ပြည့်နှက်လာခဲ့သည်။
“ငါ သေသွားရင် သွေးဝိညာဉ်ဂိုဏ်းက ယန်အိမ်တော်ကို လွှတ်ထားပေးမယ်လို့ မျှော်လင့်ပါတယ်။ အစ်ကို၊ အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံပါ။ အထွတ်အထိပ်ကို တက်နိုင်ခဲ့ရင်တော့ နင့်ရဲ့ညီမလေးအတွက် လက်စားချေပေးပါ။ နင် သေချာပေါက် လုပ်မယ်ဆိုတာလဲ ငါ သိပါတယ်…”
“ငါ့ရှေ့မှာ နင် ရှိနေရင် ဘယ်သူမှ ငါ့ကို ထိရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့က ရက်စက်တယ်။ နင် ဘယ်လောက်ပဲ အားကောင်းအောင် ကြိုးစားပါစေ ဒီလောကမှာ နင့်ထက် ပိုအားကောင်းတဲ့သူ ဆိုတာ အမြဲတမ်း ရှိနေမှာပဲ...” ယန်လင်းချင်က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း ခေါင်းမော့၍ ပတ်ဝန်းကျင်မှ ရာချီသောလူအုပ်ကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။
“ဒီလို လုပ်မှ ငါ့အစ်ကိုကြီး အရှက်မရမှာ…”
ဤအချိန်တွင် မြေအောက်မြို့တော်တစ်ခုလုံးအား ပိတ်ဆို့ထားပြီး ဖြစ်သည်။ ယန်လင်းချင်သည် လူအုပ်ကြီးကို တစ်ချက်လှည့်ကြည့်ပြီး ခပ်လှောင်လှောင်ပြုံးလိုက်သည်။
ရာချီသော သွေးဝိညာဉ်ဂိုဏ်းဝင်များသည် ဂိုဏ်းခေါင်းဆောင်၏ စိတ်လှုပ်ရှားဖွယ် စကားများကြောင့် အားလုံး စိတ်လှုပ်ရှားလာကြသည်။ ဂိုဏ်းခေါင်းဆောင်အပေါ် ထားရှိခဲ့သော ကြောက်ရွံ့မှုပင် လျော့ပါးသွားပုံရ၏။
လူအုပ်ထဲရှိ လုံချန်ကတော့ ဤမြင်ကွင်းကို အေးစက်စက် ကြည့်နေခဲ့သည်။ ယန်လင်းချင်သည် သူ့ရှေ့မှာပင် ရှိနေသော်လည်း သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရှေ့ကနေ ပိတ်ရပ်ထားသောကြောင့် သူ အလျင်စလို မလုပ်ရဲသေးပေ။
ယန်လင်းချင်ကို မြင်လိုက်ရသည့်အခိုက် လုံချန်၏ရင်ထဲမှ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး တစ်ကိုယ်လုံး ပြန့်နှံ့သွားခဲ့သည်။
“လုံချန်၊ ခဏလောက်တော့ သီးခံထားပါဦး။ အချိန်မကျသေးဘူး...” လင်းရှီ၏ ရုတ်တရက်သတိပေးလာမှုကြောင့် လုံချန်လည်း သူ့စိတ်ကို ပြန်ပြီးထိန်းချုပ်ထားလိုက်ရသည်။
ဂိုဏ်းသားများ ပျော်ရွှင်မြူးတူးစွာ အော်ဟစ်နေဆဲအချိန်မှာပင် ရုတ်တရက်ဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သွေးများပန်းထွက်လျှက် အော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့သည်။
ယန်လင်းချင်သည် ခေါင်းမော့ကြည့်လိုက်ရာ ပျော်ရွှင်သွားပြီး အော်ဟစ်လိုက်သည် “အစ်ကို လား…”
သို့သော် သူမ၏ မျက်နှာအမူအရာသည် ချက်ချင်း တောင့်တင်းသွားခဲ့သည်။ မြင်လိုက်ရသည်မှာ ရင်းနှီးသော ပုံရိပ်မဟုတ်ဘဲ တစ်ခါမှ မမြင်ဖူးသော လူလတ်ပိုင်းသုံးယောက်ပင် ဖြစ်သည်။ အမည်မသိလူသုံးယောက်က ရန်သူများနှင့် အပြင်းအထန် တိုက်ခိုက်နေသော်လည်း ယန်လင်းချင်အနေဖြင့် ပျော်ရွှင်နိုင်ခြင်း မရှိပေ။ သူမ၏စိတ်ထဲ၌ လုံချန် ရောက်လာပြီဟု ထင်နေလို့ပင်။ သို့သော် မတွေ့ရသဖြင့် စိတ်ပျက်အားလျော့သွားခဲ့ပါသည်။
“ငါ ဘာတွေ တွေးနေတာလဲ။ ငါ့ကို ကယ်ဖို့ ဒီနေရာ ကိုလာရင် သူ့ကိုယ်သူ သေတွင်းထဲပို့သလိုဖြစ်မှာလေ…” ဤအတွေးကြောင့် ယန်လင်းချင်က ခေါင်းခါလိုက်ပြီး အတင်းပြုံးလိုက်သည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အဖြစ်အပျက်ကို ကြည့်နေရင်း မျက်နှာအမူအရာ မပြောင်းဘဲ အေးစက်စက် ပြောလိုက်သည်... “ယန်အကြီးအကဲ၊ သူတို့ မကိုင်တွယ်နိုင်ရင် မင်း ကိုင်တွယ်လိုက်...”
ဘေးနားရှိ ဂိုဏ်းစောင့်အကြီးအကဲတစ်ဦးက ခေါင်းညိတ်ပြီး ကျောက်တံတားတစ်ဖက်ခြမ်းသို့ လျှောက်သွားခဲ့သည်။
လုံချန်လည်း ရုတ်တရက် အပြောင်းအလဲကြောင့် အစ်မလီတို့သုံးယောက် လှုပ်ရှားပြီဖြစ်ကြောင်း သိလိုက်သည်။
အမှန်ပင်၊ ဤအချိန်တွင် အစ်မလီက အစစ်အမှန်ချီစွမ်းအင်အပြည့် ထည့်သွင်းထားသော ဓားပျံ တစ်ချောင်းဖြင့် ရုတ်တရက်တိုက်ခိုက်ခဲ့သည်။ ဓားပျံ တစ်ချောင်းချင်းစီက အလွန်ကြောက်မက်ဖွယ်ကောင်းကာ သွေးဝိညာဉ်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်ကို အလွယ်တကူထိုးဖောက်သွားသည်။ အစ်မလီ တို့အဖွဲ့၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် တစ်ခဏလေးအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
“သွေးဝိညာဉ်ဂိုဏ်းသားတွေ အကုန် သေရမယ်...”
အစ်မလီ၏ သတ်ဖြတ်ချင်စိတ်အပြည့် အသံနှင့် လျင်မြန်သော လှုပ်ရှားမှုများကြောင့် နဂါးသွေးကြောနယ်ပယ်အဆင့် ဂိုဏ်းဝင်အများအပြား ဆက်တိုက်အသတ်ခံရသည်။ လူများစွာရှိနေသော်လည်း တုံ့ပြန်ချိန်မရသဖြင့် တစ်ချိန်တည်း သေဆုံးသွားခဲ့ရသည်။ ထိုအခါမှသာ လူတိုင်း ရုတ်တရက် သတိပြုမိပြီး ထွက်ပြေးကြတော့သည်။ ကျန်ရှိတော့သည်မှာ ဂိုဏ်း၏အစောင့်အရှောက်အကြီးအကဲအနည်းငယ်သာ ဖြစ်သည်။ ဤအချိန်တွင် သူတို့လည်း ဒေါသတကြီးအော်ဟစ်ရင်း ဓားကိုယ်စီ ဝင့်ကာ တရကြမ်းတိုက်ခိုက်လာကြသည်။
အစောင့်အရှောက်များသည် မြေကမ္ဘာယွမ်ကနဦးအဆင့်များသာ ဖြစ်သည့်တိုင်အောင် မထီမဲ့မြင် မပြုနိုင်ပေ။ အစ်မလီ တို့သုံးယောက်လည်း အကြည့်ချင်းဖလှယ်ကာ လူအများဆုံး ရှိရာဖက်သို့ ဦးတည်လိုက်ကြသည်။ ဤနည်းလမ်းဖြင့် သူတို့ကိုယ်တိုင် အချိန်တစ်ခုထိ ဖုံးကွယ်ထားနိုင်ရုံသာမကဘဲ ဆက်တိုက်လူသတ်နိုင်လေသည်။
“အစ်မလီ၊ အစောင့်အရှောက်တွေကို ငါ ကိုင်တွယ်လိုက်မယ်။ အခွင့်အရေး ရရင် မိန်းကလေးတွေကို ကယ်ပါ...”
“မရဘူး။ နင်တစ်ယောက်တည်းနဲ့ သူတို့ကို ကိုင်တွယ်ဖို့ မလုံလောက်ဘူး။ ငါတို့ အပြည့်အဝ ထုတ်သုံးကြတာပေါ့။ ဘာပဲဖြစ်ဖြစ် သေရမှာဆိုရင် လူတိုင်း ငါတို့နဲ့ အတူတူ သေရမယ်”
မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူသုံးယောက်၏ ဆက်တိုက်ဆိုသလို သတ်ဖြတ်မှုကြောင့် ရာချီသောသွေးဝိညာဉ်ဂိုဏ်းဝင်များသည် ကြောက်လန့်တကြား အော်ဟစ်နေကြသည်။ များစွာသောသွေးဝိညာဉ်ဂိုဏ်းဝင်များအနက် သူတို့နှင့် ယှဉ်နိုင်သူဟူ၍ အစောင့်အရှောက်အနည်းငယ်သာ ရှိခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လူအုပ်ထဲမှ အစ်မလီ ကို သတိထားမိလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
“မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တစ်ယောက်လဲ ပါနေသေးတယ်ဆိုတော့။ ယန်အကြီးအကဲ နဲ့ ချန်အကြီးအကဲ၊ မင်းတို့နှစ်ယောက် သေချာ ကိုင်တွယ်လိုက်။ အခြေအနေက ပိုပြီးရှုပ်ထွေးလာမှာမလိုချင်ဘူး...”
အမိန့်ပေးပြီးနောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ယန်လင်းချင်ကို ပြန်လှည့်ကြည့်ရင်း အေးစက်စက်အကြည့်ကို မြင်သောအခါ ချီးကျူးလိုစိတ်ဖြင့် လက်ခုပ်တီးလျှက် ပြောလိုက်သည်။ “ဟုတ်တယ်၊ ဒီမျက်လုံးတွေပဲ။ မင်းလို ခံနိုင်ရည်ရှိတဲ့ အပျိုစင်မိန်းကလေးမျိုးကို ငါ ကြိုက်တယ်။ ဒါပေမဲ့ မင်းရဲ့ ဆန်းကြယ်အရိပ်ခန္ဓာကိုယ်က ငါ့ အာဟာရ ဖြစ်နေတော့ လိုချင်ရင်တောင် ဘာမှမတတ်နိုင်တော့ဘူး...”
“နင် အရမ်းကြီး ပျော်မနေပါနဲ့။ နင့်လိုမျိုး မကောင်းဆိုးဝါးကောင်က မြန်မြန် သေလိမ့်မယ်။ ငရဲဘုရင်က နင့်အသက်ကို မကြာခင်မှာ နှုတ်ယူသွားရင် ပိုကောင်းတာပေါ့” ယန်လင်းချင်က အေးစက်စက် ပြောလိုက်သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် အစ်မလီတို့ သုံးယောက်ကို လက်ညိုးထိုးပြရင်း မျက်လုံးများက ယန်လင်းချင်ကို စိုက်ကြည့်နေဆဲပင်။
“မင်း ဆိုလိုတာ အဲဒီအရူးသုံးယောက်က ငါ့အသက်ကို ယူနိုင်မယ်လို့ ထင်နေတာလား။ ငါ့ရဲ့ ဂိုဏ်းစောင့်အကြီးအကဲ နှစ်ယောက်တည်းနဲ့တောင်မှ သူတို့သုံးယောက်ကို အသာလေးသတ်လို့ရတယ်...”
ယန်လင်းချင်က ဘာမှပြန်မပြောပေ၊ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရှက်အမ်းအမ်းကာ ဒေါသထွက်လာသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလိုပင် သွေးကန်၏အခြားဘက်ခြမ်းမှ ဆူညံသံများ ထွက်ပေါ်လာပြန်သည်။
“ဘာဖြစ်နေတာလဲ...”
အစ်မလီက တိုက်ခိုက်နေရင်း လှည့်ကြည့်လိုက်သည်။ ထိုအခါ သူမ မြင်လိုက်သည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ နှစ်ယောက်က လီညီအစ်ကိုနှစ်ယောက် ထံသို့ ပြေးဝင်သွားကြောင်းပါ။ ထို့အတူ သူတို့၏ အဆုံးသတ်ကိုပါ မြင်လိုက်ရသလိုပင်။ ဤအခြေအနေမျိုးတွင် လူကယ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူတို့ မသေခင် သွေးဝိညာဉ်ဂိုဏ်းသားများကို ရသလောက်သတ်ပြီး သွေးယဇ်ပူဇော်ပွဲကို ပျက်စီးလုနီးနီးဖြစ်အောင် လုပ်ဆောင်ခဲ့ရန်သာ တတ်နိုင်သည်။
“ဒီမိစ္ဆာကောင်တွေကို တတ်နိုင်သမျှသတ်ပစ်ကြရအောင်...”
သုံးယောက်သား ရိုင်းစိုင်းကြမ်းတမ်းသော သားရဲများအသွင်ပြောင်းသွားကြသည်။ အစ်မလီ သည် သွေးဝိညာဉ်ဂိုဏ်း၏စောင့်အရှောက်အကြီးအကဲ နှစ်ယောက် ထံ ပြေးဝင်လာပြီး လီညီအစ်ကိုနှစ်ယောက်ကတော့ ကျန်အစောင့်အရှောက်များကို ရင်ဆိုင်လိုက်ကြသည်။
“တစ်ယောက် သတ်နိုင်ရင် ငါတို့အတွက်တန်နေပြီ။ နှစ်ယောက် သတ်နိုင်ရင်တော့ အမြတ်ပဲ...”
ဂိုဏ်းအစောင့်အရှောက်အကြီးအကဲ နှစ်ယောက်က အေးဆေးတည်ငြိမ်စွာပင်၊ တစ်ဖက်ရန်သူများ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ကြသည်... “မင်းတို့လို သေးငယ်တဲ့ ပုရွက်ဆိတ်လေးတွေက ငါတို့ ရှေ့မှာ မာန်ထောင်ရဲတယ်ပေါ့...”
သူတို့တိုက်ခိုက်လိုက်သည်နှင့် အချိန်တစ်မိနစ်ပင်မကြာသေး၊ အစ်မလီ သည် ပါးစပ်ကနေ သွေးအန်ထွက်ကာ လွင့်ပျံထွက်သွားခဲ့သည်။ မြေကမ္ဘာယွမ် ပြီးပြည့်စုံခြင်းအဆင့် နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသဖြင့် သိသိသာသာပင် ရှုံးနိမ့်နေခဲ့သည်။
“ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး။ ငါ သေရင်တောင် တစ်ယောက်တော့ ရအောင်ဆွဲခေါ်သွားမယ်...” အစ်မလီက ဒဏ်ရာကို ဂရုမစိုက်ဘဲ အံကြိတ်ရင်း ဆက်ပြီးတိုက်ခိုက်ခဲ့သည်။ သို့သော် ဤအချိန်တွင် မီးလက်ကြီးတစ်ဖက်က သူမ၏ပခုံးကို ဆွဲကိုင်၍ နောက်ပြန်ဆွဲယူလိုက်သည်။
တစ်ချိန်တည်းမှာပင် အစ်မလီရှေ့၌ အနီရောင်ပုံရိပ်တစ်ခု ပျံဝဲလာသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများပင် ပြူးကျယ်သွားသည်။
“ဘယ်သူလဲ...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***