“ဘယ်သူလဲ”
အစ်မလီက ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် အံ့သြတုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။ ရုတ်တရက် ပေါ်လာသော အမည်မသိ အနီရောင်ပုံရိပ်က သူမကို နောက်သို့ ဆွဲခေါ်လိုက်သည်။
ဤအချိန်တွင် သူမ တစ်ချက်မူးဝေသွားခဲ့သည်။ မီးလျှံများ ရုတ်ချည်းပင်ပေါက်ကွဲထွက်လာပြီး ရာချီသော မီးတောက်လက်သီးများအဖြစ် ပြောင်းလဲကာအစ်မလီကို တိုက်ခိုက်လာသည့် သွေးဝိညာဉ်အစောင့်အရှောက် နှစ်ယောက်ဆီသို့ ပြေးဝင်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အစ်မလီ သည် မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အနီရောင်ဝတ်ရုံဝတ်လူ၏တိုက်ခိုက်မှုအောက်တွင် ဂိုဏ်းစောင့်အရှောက် နှစ်ယောက်စလုံး နောက်သို့ လွင့်ပျံထွက်သွားသလို အသက်ရှူ နှစ်ရှိုက်စာမပြည့်ခင်မှာပင် လူသေအလောင်းနှစ်လောင်း ဖြစ်သွားခဲ့လို့ပင်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ မဟုတ်သေးဘူး.... ဒီလူက သားရဲအသွင်ပြောင်းကျင့်ကြံသူပဲ” အစ်မလီ တို့သုံးယောက်လည်း တိုက်ခိုက်နေရာမှ ရပ်တန့်ကာ ရုတ်တရက်ပေါ်လာသည့် အနီရောင်ဝတ်ရုံဝတ်လူ၏ တိုက်ပွဲကို ကြည့်နေခဲ့ကြသည်။ အဆိုပါ သားရဲအသွင်ပြောင်းကျင့်ကြံသူသည် အချိန်ခဏလေးအတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်း၏အကြီးအကဲများကို သတ်ဖြတ်ပစ်နိုင်ခဲ့သည့်အတွက် အံ့ဩနေကြသည်။
အမှန်တကယ်တော့ သားရဲအသွင်ပြောင်းကျင့်ကြံသူ သည် အခြားသူမဟုတ်ပေ၊ လုံချန် သာ ဖြစ်သည်။
လုံချန်သည် ယခင်က အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏နံဘေးမှ ဂိုဏ်းအစောင့်အရှောက်အကြီးအကဲ (၅)ယောက် ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ နောက်ဆုံးတွင်တော့ သူ စောင့်ဆိုင်းနေသည့် အခွင့်အရေး ရောက်လာပြီဖြစ်ရာ တစ်ခါတည်းလှုပ်ရှားလိုက်သည်။
လက်ရှိအချိန်တွင် လုံချန်သည် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် နှင့် ညီမျှသော မိုးကြိုးမီးလျှံခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အပြင် ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်ဖြစ်သည့် ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး ကိုပါ အသုံးပြုနေသည်။ ဤကဲ့သို့ ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်နှစ်ခုပေါင်းတိုက်ခိုက်မှုကို မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် မှာ ရှိနေသော ဖုန်းဝူထျန်း ပင်လျှင် မခံနိုင်ပါ။ သွေးဝိညာဉ်ဂိုဏ်း၏အစောင့်အရှောက်အကြီးအကဲ နှစ်ယောက်ဆိုလျှင် ပို၍ပင်မဖြစ်နိုင်ချေ။
ဂိုဏ်းစောင့်အကြီးအကဲ နှစ်ယောက်ကို အဆုံးသတ်ပြီးနောက် လုံချန်က နောက်ဆက်တွဲ ဆန်းကြယ်အဆင့်နည်းစနစ်ကို ဆက်လက် အသုံးပြုလိုက်သည်။
“နဝမကောင်းကင်နဂါးခြေလှမ်း...စတင်မယ်”
နဝမကောင်းကင်နဂါးခြေလှမ်း ကို အသုံးပြုရင်း လုံချန်သည် အလောင်း နှစ်လောင်းကို လျင်မြန်စွာ ဆွဲကိုင်ပြီး လူအုပ်ကြားထဲ အမြန် ဝင်ရောက်သွားခဲ့သည်။ သူသည် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်း ကို အသုံးပြုထားသောကြောင့် လက်ရှိအခြေအနေတွင် သွေးဝါးမျိုခြင်းကျင့်စဉ်ကို အသုံးပြု၍ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင် နှစ်ယောက်၏ သွေးအဆီအနှစ်ကို အသက်ရှူချိန် နှစ်ရှိုက်စာအတွင်း စုပ်ယူနိုင်သည်။
လုံချန်အတွက်တော့ ယခုအချိန်တွင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူသားသွေးအဆီအနှစ်သည် ဆန်းကြယ်တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်နှင့် အဆင့်တူညီရုံသာဖြစ်သည်။ အချိန်ခဏလေးအတွင်း စုပ်ယူ သန့်စင်ခြင်းက အလွန်လွယ်ကူသော အလုပ်ပင် ဖြစ်သည်။
“သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို အခုလောလောဆယ် မကိုင်တွယ်နိုင်သေးဘူး။ အစောင့်အရှောက်အကြီးအကဲတွေကို တမင်မျှားခေါ်ပြီးတော့ သူတို့ရဲ့ သွေးအဆီအနှစ်ကို ဝါးမျိုလိုက်ရင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နိုင်မလား မသိဘူး” ဤနည်းလမ်းသည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်အား ရင်ဆိုင်ရန် လုံချန် စဉ်းစားထားသည့် အစီအစဉ်ပင် ဖြစ်သည်။ နဝမကောင်းကင်နဂါးခြေလှမ်းကို အသုံးပြုရင်း လူအုပ်ကြားထဲတွင် လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ သူ့ကို အာရုံခံနိုင်သူ ဟူ၍ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် သာ ရှိနေ၏။ သို့သော်လည်း ၎င်းသည် ယခုအချိန်တွင် ယန်လင်းချင် ကို အာရုံစိုက်နေခဲ့သည်။
လုံချန်သည် ခြောက်သွေ့နေသော အလောင်းနှစ်လောင်းကို လူအုပ်ရှေ့တွင် ပစ်ချလိုက်သည့်အခါ လူတိုင်း အသက်ရှူရပ်သွားကြသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် ထူးဆန်းစွာဖြစ်ပျက်နေသော အခြေအနေကို နားလည်လိုက်သည့်အခါ လုံချန်သည် ဖျတ်ခနဲပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ...”
အစ်မလီ တို့သုံးယောက်လည်း အမည်မသိပညာရှင်ကို တွေ့လိုတွေ့ငြား မျှော်လင့်ချက်ဖြင့် လူအုပ်ကြားထဲ လိုက်လံရှာဖွေခဲ့ကြသည်။ သို့ရာတွင် ထိုအမည်မသိပညာရှင်က အစအနပင်ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။
“လျှို့ဝှက်ဆန်းကြယ်တဲ့အရှင်သခင်! သွေးဝိညာဉ်ဂိုဏ်းက လူတွေ အားလုံး သေကိုသေရမယ်။ ကျေးဇူးပြုပြီး ဒီမိစ္ဆာကောင်တွေကို ရှင်းလင်းသုတ်သင်ပေးပါ...”
လီဖန်းနှင့် လီချင်း တို့ ညီအစ်ကိုနှစ်ယောက်လည်း အချင်းချင်း လှမ်းကြည့်လိုက်ကြသည်။ သွေးဝိညာဉ်ဂိုဏ်း၏ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် အမည်မသိပညာရှင်က ကောင်းကင်ယွမ်အဆင့် ဖြစ်နိုင်ပါသည်။ ထို့အပြင် အနှီပညာရှင် သည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကိုပါ ကိုင်တွယ်နိုင်မယ် ဟု ယုံကြည်နေခဲ့ကြသည်။
သို့သော် အချိန်ခဏကြာသည်အထိ ဘာထူးခြားမှုမှ ထပ်ပြီးဖြစ်ပေါ်မလာခဲ့ပေ။ လူတိုင်း အမည်မသိ သားရဲအသွင်ပြောင်းကျင့်ကြံသူကို ရှာဖွေနေကြသော်လည်း ၎င်းသည် လေထဲမှာ ပျောက်ကွယ်သွားသည့်အလား အရိပ်အယောင်ပင် မတွေ့ရတော့ပါ။ဤအချိန်တွင် အစ်မလီက လုံချန်ကို လှမ်းကြည့်လိုက်ရာ ထိုလူငယ်လေးက လူအုပ်ကြားထဲ၌ တည်ငြိမ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။ လုံချန်၏ သတိအပြည့်ပုံစံကြောင့် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
“အခုလေးတင် ငါတို့ဂိုဏ်းသားတွေကို သတ်ဖြတ်သွားတဲ့ သားရဲအသွင်ပြောင်းကျင့်ကြံသူက ဘယ်သူလဲ။ သူ ဘယ်က ရောက်လာသလဲ...”
လူတိုင်း ထိတ်လန့်တကြားဖြင့် ရှုပ်ထွေးနေချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဂိုဏ်းအကြီးအကဲ သုံးယောက်၏ စကားများမှ အဖြစ်အပျက်ကို နားလည်လိုက်သည်။
“မင်းတို့ နှစ်ယောက် အဲဒီ သောက်ရူးသုံးယောက်ကို ကိုင်တွယ်လိုက်။ တခြား တစ်ယောက်ယောက် ပေါ်လာရင် ငါ ကိုယ်တိုင် ကိုင်တွယ်မယ်...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ယခုအခါ မပေါ့ဆရဲတော့ပေ။ အစောင့်အရှောက်အကြီးအကဲ နှစ်ယောက်ကို သတ်နိုင်ခဲ့သည်ဖြစ်ရာ ထိုလူထူးဆန်းသည် အစွမ်းထက်ကျင့်ကြံသူ ဖြစ်မှန်း သူလည်း ခံစားမိပေသည်။
“ဒါပေမဲ့ သူက ခိုးကြောင်ခိုးဝှက်လုပ်နေတာ၊ ပေါ်တင်မလှုပ်ရှားရဲဘူး။ ငါ့ခွန်အားကို မယှဉ်နိုင်လို့ဆို သိသာတယ်။ ကြည့်ရတာ အရင်က အစောင့်အရှောက်အကြီးအကဲနှစ်ယောက်ကို သတ်နိုင်တာကလဲ သူတို့တွေ အလစ်အငိုက်မိသွားလို့ ဖြစ်မယ်...”
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အကြည့်က ကျောက်တံတားပေါ်သို့ ရောက်နေပြီး တစ်ဖက်ခြမ်းကို စူးစိုက်ကြည့်နေသည်။ သူ့စိတ်ထဲ၌ ယန်လင်းချင်အား တစ်စုံတစ်ယောက်က လာရောက် ကယ်တင်သွားမည်ကို အလွန်ကြောက်နေသည်။
“အဘွားဟွမ်၊ ဒီမိန်းမငယ်လေးကို ကောင်းကောင်း စောင့်ရှောက်ထားပါ။ အခုလောလောဆယ် ငါ့ရဲ့လက်အောက်ငယ်သွားတွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ တရားခံကို မမိ မိအောင် ရှာရမယ်...”
ရာချီသောဂိုဏ်းသားများအား အမိန့်ပေးပြီးသည့်နောက်တွင် သွေးဝိညာဉ် ဂိုဏ်းခေါင်းဆောင်က ယန်လင်းချင်ကို တပ်မက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် ဧရာမသွေးကန်ကြီး အလည်ဗဟို၌ ရပ်ကာ လူအုပ်ကြီးကို စတင်စစ်ဆေးနေခဲ့သည်။ အမည်မသိပညာရှင်က လူအုပ်ကြားထဲ၌ ရှိနေမှန်း အသိသာကြီးပင်။
တစ်ဖက်တွင် ယန်လင်းချင်ကတော့ ခြောက်သွေ့ပိန်ကပ်နေသော အလောင်း နှစ်လောင်းကို တစ်ချက်စိုက်ကြည့်နေခဲ့သည်။ သူမအနေဖြင့် လုံချန်နှင့် ပတ်သက်သော အချက်အလက်အများစုကို သိရှိထားလို့ပင်။ အရေးကြီးဆုံးမှာ သွေးဝိညာဉ်အကြီးအကဲနှစ်ယောက်၏အလောင်းသည် ပိုင်ကျန်းရှောင် အသတ်ခံခဲ့ရသည့်အချိန်က အဖြစ်အပျက်မျိုးနှင့် အတူတူပင်ဖြစ်နေခဲ့သည်။
“အစ်ကို… နင် ရောက်လာပြီလား…”
ယန်လင်းချင်၏ နဂို ဖြူဖတ်နေသော မျက်နှာလေးသည် တဖြည်းဖြည်း သွေးရောင်လွှမ်းလာခဲ့သည်။ သို့သော် သွေးဝိညာဉ်အကြီးအကဲ နှစ်ယောက်၏ အင်အားကို တွေးမိသည်နှင့် တစ်ချိန်တည်းမှာပင် လုံချန် တစ်ယောက် ကျော်ကြားခြင်းမြို့ကနေ ထွက်ခွာစဉ်အချိန်မှာ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သာ ရှိခဲ့သည်ကို ပြန်တွေးမိလိုက်ရာ ယန်လင်းချင်၏စိတ်ထဲ၌ မျှော်လင့်ချက် မရှိတော့ချေ။
“ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေမယ့် အဲဒီ အနီရောင်အရိပ်က သူပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီလောက်အချိန်ခဏလေးအတွင်းမှာ ဘယ်လိုလုပ်ပြီး အားကောင်းလာနိုင်မှာလဲ...”
ယန်လင်းချင်က ခေါင်းခါလိုက်သည်။
“ကြည့်ရတာ ငါ အရမ်း အတွေးလွန်နေတာပဲဖြစ်မယ်...” စိတ်ထဲ၌ ကိုယ့်ကိုယ်ကို လှောင်ပြောင်လိုက်ပြီး သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို ဆက်ကြည့်နေခဲ့သည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အမြင်အရ ကျန်ဂိုဏ်းစောင့်အကြီးအကဲ နှစ်ယောက်ကို အမိန့်ပေးလိုက်သည်နှင့် အမည်မသိပညာရှင်အား ဖော်ထုတ်နိုင်မည်ဟု ယုံကြည်နေသည်။ ဤနည်းလမ်းက သူ့အမြင်တွင် အလွန် ဉာဏ်ကောင်းသော လုပ်ရပ် ဖြစ်သည်။
“မင်း ယောက်ျားပီသရင် ရှေ့ထွက်လာပြီး ငါနဲ့တစ်ယောက်ချင်း တိုက်ခိုက်ပါ။ ဘာလို့လဲ... ကြောက်နေတာလဲ။ မင်းက ဘယ်လိုလုပ် သူရဲကောင်း ဖြစ်နေတာလဲ...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အေးစက်သော အကြည့်စူးစူးက ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေသော်လည်း ဘာထူးခြားမှုတစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရပေ။ ထို့နောက် ကျန်ဂိုဏ်းစောင့်အကြီးအကဲ နှစ်ယောက်နှင့် မျက်လုံးချင်း ဆုံလိုက်ပြီး အစ်မလီ တို့သုံးယောက်ကို တိုက်ခိုက်လိုက်ကြသည်။ အစ်မလီ က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည့်အတွက် အတန်ငယ်ခုခံနိုင်သော်လည်း လီညီအစ်ကိုနှစ်ယောက်အတွက်တော့ ချက်ချင်းဆိုသလို အရေးနိမ့်သွားခဲ့သည်။
ဤအချိန်တွင် လူအုပ်ကြားထဲ၌ ဖုံးကွယ်နေသော လုံချန်သည် အစ်မလီ တို့အဖွဲ့၏ အခြေအနေကို မြင်လိုက်သည့်အခါ ချက်ချင်း ဒေါသထွက်လာခဲ့သည်။
“ခဏလေးပဲ.... ငါ့ခွန်အားက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်တော့မယ် ထင်တယ်။ ဒီလိုဆိုတော့ အခုလောလောဆယ် အနည်းဆုံး တိုက်ပွဲ တစ်ပွဲတော့ လိုအပ်နေပြီ...”
ထို့နောက် လီညီအစ်ကိုနှစ်ယောက် အသတ်ခံရလုဆဲဆဲတွင် လုံချန်သည် ရုတ်ချည်းဆိုသလို နဂါးဝိညာဉ်အသွင်ပြောင်းလဲ၍ သွေးမြှားတစ်စင်းကဲ့သို့ သွေးဝိညာဉ်အကြီးအကဲ နှစ်ယောက်ထံ ပြေးဝင်လာခဲ့သည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ ကောင်းကင်လောင်ကျွမ်းခြင်း သွေးမီးလျှံ...”
လုံချန်က လက်နှစ်ဖက်ကိုမြှောက်၍ နည်းစနစ် နှစ်ခုစလုံးကို တပြိုင်နက်တည်းအသုံးပြုလိုက်သည်။
အားကောင်းလှသော တိုက်ခိုက်မှုကြောင့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် အကြီးအကဲ နှစ်ယောက်၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ချက်ချင်းပင် သူတို့၏စွမ်းအားကို အမြင့်ဆုံးထိထုတ်ဖော်၍ အစွမ်းကုန်ကာကွယ်ကြတော့သည်။ ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လုံချန်၏ တည်နေရာကို ခံစားမိလိုက်ပြီး လျှပ်စီးကြောင်းကဲ့သို့ အမြန်ဆုံး အရှိန်ဖြင့် လုံချန်ဆီသို့ ပြေးဝင်လာခဲ့သည်။
“မင်းက ငါ့ဂိုဏ်းသားတွေကို အလစ်ဝင်သတ်နေတဲ့သူလျှိုကောင်ပဲ။ သေလိုက်တော့...”
သို့သော် သူသည် လုံချန်ကို အထင်သေးထားမိခဲ့သည်။ လုံချန်သည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ထက် အကြီးအကဲ နှစ်ယောက်နှင့် အနီးဆုံးအနေအထားတွင် ရှိနေခဲ့သည်။ သွေးနီရောင်အလင်းတန်းတစ်ချက် ဖျတ်ခနဲလက်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ ခြောက်သွေ့နေသော အလောင်း နှစ်လောင်း သာ ကျန်တော့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
လုံချန်သည် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်အကြီးအကဲ နှစ်ယောက်ကို သတ်လိုက်ချိန်တွင် ၎င်း တို့၏သွေးအဆီအနှစ်များကို ပြင်ပသို့ ပြန့်မထွက်စေဘဲ တစ်ခါတည်း ဝါးမျိုပစ်ခဲ့သည်။
“ဒီ အဘိုးကြီး နှစ်ယောက်က မကောင်းဆိုးဝါးတွေပဲလေ။ သေရင်တောင် သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ဘယ်တော့မှ မပျောက်နိုင်ဘူး။ သူတို့နှစ်ယောက်ရဲ့ သွေးအဆီအနှစ်ကို သန့်စင်လိုက်ရင် ငါ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်နိုင်လောက်တယ်။ ဘာပဲဖြစ်ဖြစ် မျက်တောင်တစ်ခတ်စာလောက် အချိန်ရတာနဲ့ ငါ အောင်မြင်ပြီ...”
လုံချန် သည် ခြောက်ကပ်နေသည့် အလောင်း နှစ်လောင်းကို ဆွဲယူလိုက်ရင်း နဝမကောင်းကင်နဂါးခြေလှမ်း ကို အသုံးပြုကာ လူအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သွေးဝါးမျိုခြင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည် နှင့်တပြိုင်နက် မျက်စိဖြင့် မြင်နိုင်သော သွေးစီးကြောင်းများသည် လုံချန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ ထို့နောက် သွေးချီစွမ်းအင်အဖြစ် ပြောင်းလဲကာ မူလဒန်တျန်ထဲရှိ မြေကမ္ဘာယွမ်ချီထဲသို့ စိမ့်ဝင်သွားခဲ့သည်။
“မင်း ဘယ်သူလဲ။ ငါ့ရှေ့မှာတင် ငါ့ဂိုဏ်းက အကြီးအကဲတွေကို သတ်ရဲတယ်ပေါ့...”
ဂိုဏ်းသားများ ဆက်တိုက် အသတ်ခံနေရသည့်မြင်ကွင်းကို မြင်နေသည့်တိုင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် မျက်နှာတစ်ချက် ပျက်မသွားခဲ့ပေ။ သို့သော် ဂိုဏ်း၏အစောင့်အရှောက်အကြီးအကဲ (၅)ယောက် ကတော့မတူပေ။ ၎င်းတို့သည် သစ္စာရှိစွာဖြင့် သူ့ဘေးနားတွင် နှစ်ပေါင်းများစွာတိုင် အတူရှိခဲ့ကြသည်။ ဤအချိန်တွင် လုံချန်၏ လက်ချက်ဖြင့် အကြီးအကဲ ၄ ယောက်အသတ်ခံလိုက်ရသည်။ ဤမြင်ကွင်းက သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို ဒေါသကြောင့် ရူးသွပ်သွားမတတ်ပင်။
“သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က တကယ်ပဲ ကောင်းကင်ယွမ်အဆင့် ဖြစ်နေတာပဲ။ သူ့ အရှိန်က အရမ်း မြန်လွန်းတယ်...” လုံချန်သည် လူအုပ်ထဲ၌ ဖုံးကွယ်နေသော်လည်း တစ်ဖက်ရန်သူက အလျင်စလို ချဉ်းကပ်လာသည်ကို ခံစားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ ဒီသွေးအဆီအနှစ်ကို သန့်စင်ဖို့ အချိန် လုံလောက်ပါသေးတယ်”
သွေးအဆီအနှစ် အားလုံး စုပ်ယူပြီးနောက် လုံချန်သည် အလောင်း နှစ်လောင်းကို အနားရောက်နေသော သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ဆီသို့ လွှင့်ပစ်လိုက်သည်။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ဒေါသထွက်နေပြီး သတ်ဖြတ်လိုစိတ်များ တားမရဆီးမရလောက်အောင် ဖြစ်နေခဲ့သည်။
လုံချန်သည် အချိန်မဖြုန်းဘဲ သွေးအဆီအနှစ်ကို ချီစွမ်းအင်အဖြစ် သန့်စင်လိုက်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ မြေကမ္ဘာယွမ်ချီပင်လယ်သည် တစ်ချက် တုန်ခါသွားပြီး ငြိမ်သက်သွား၏။ ကြည့်ရသည်မှာ သူ့အနေဖြင့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းရန် မလုံလောက်ခဲ့ပေ။
“အဆင့်တက်ခါနီးဖြစ်နေပြီ။ ဒါပေမဲ့ အချိန်မရတော့ဘူး။ ကြည့်ရတာ အဆုံးသတ်တိုက်ပွဲ ဖြစ်ရတော့မယ်ထင်တယ်...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ကောင်းကင်ယွမ်အဆင့် ဖြစ်လေရာ အလွန်သန်မာမှန်း သေချာပါသည်။ လောလောဆယ်တွင် လုံချန်သည် ၎င်းကို ရင်ဆိုင်နိုင်ခြင်းရှိမရှိ မသိသေးပေ။ မူလက သူ့ကိုယ်သူ ယုံကြည်မှု မရှိသေးသရွေ့ မလှုပ်ရှားသေးဘဲငြိမ်နေခဲ့သည်။ သို့သော်လည်း ယန်လင်းချင်အတွက်ကြောင့် ဤတိုက်ပွဲကို ရှောင်လွဲ၍ မရတော့ပေ။ ဤအချိန်တွင် ယန်လင်းချင်၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့လို့ပင်။
လုံချန်သည် နဂါးဝိညာဉ်အသွင်ပြောင်းလဲလိုက်သည်နှင့် ယန်လင်းချင် သည် ရောက်လာသူကား မည်သူမှန်း ချက်ချင်း သိသွားခဲ့ပါတော့သည်။ စိတ်ထဲတွင် လုံချန် မည်သို့မည်ပုံ သန်မာလာသည်ကို တွေးမနေခဲ့ပေ။ သူမအတွက်က လုံချန် ရောက်လာခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
“အစ်ကို…”
ယန်လင်းချင်သည် အားရသံလေးဖြင့် အော်လိုက်သည်။
ဘေးနားရှိ အဘွားကြီးဟွမ် သည် ယန်လင်းချင် ထံမှ “အစ်ကို”ဟူသော အော်ခေါ်သံကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။ ထို့နောက် ရုတ်တရက် ကြောက်ရွံ့သွားပြီး သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို လှမ်းအော်ပြောလိုက်တော့သည် ။
“ဂိုဏ်းခေါင်းဆောင်။ ဒီကောင်လေးက လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့် လုံချန် ပဲ။ ပြီးတော့ အစောင့်အရှောက်ရှီ နဲ့ အစောင့်အရှောက်ချင် တို့ကို သတ်ခဲ့တဲ့သူဆိုလဲဟုတ်တယ်”
အဘွားကြီး၏ အော်ဟစ်သံကြောင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် တိုက်ခိုက်ခါနီး ခဏရပ်တန့်သွားခဲ့သည်။ အစောင့်အရှောက်ဟွမ်၏ ရုတ်တရက်သတိပေးသံက သူ့ကို အံ့အားသင့်စေခဲ့သည်။ ချက်ချင်းဆိုသလို ဤလူငယ်ပုနှင့် ပတ်သက်သော အချက်အလက်များကို ပြန်ပြီးသတိရသွား၏။
“မင်းက လုံချန် လား...” သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က သူသာလျှင် အနိုင်ရဖို့သေချာနေသည့်အတွက် လူသတ်လိုစိတ်ကို ထိန်းချုပ်ကာ မေးလိုက်သည်။
“ဒါက လုံချန်လား...” အစ်မလီ တို့သုံးယောက်လည်း မျက်လုံးများ ပြူးကျယ်ပြီး ပါးစပ် အဟောင်းသားဖြစ်ကာ မေးရိုးများ မြေပြင်နှင့်ထိလုမတတ်ပင်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***