သူ့ကို ဖော်ထုတ်ခံလိုက်ရပြီဖြစ်၍ လုံချန်သည် ဆက်ပြီး ဖုံးကွယ်မနေတော့ပေ။
မည်သို့ပင်ဖြစ်စေ သွေးဝိညာဉ်ဂိုဏ်း ဂိုဏ်းသားများအတွက်တော့ လုံချန်သည် ကပ်ရောဂါ တစ်ခုလို ဖြစ်နေခဲ့သည်။ သူ ရောက်သွားသည့်နေရာတိုင်း မျက်စိတစ်မှိတ်အတွင်း သွေးဝိညာဉ်ဂိုဏ်းသားများ အများအပြားအသတ်ခံကြရသည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က လုံချန်ကို အောင်မြင်စွာ ဖော်ထုတ်လိုက်သည့်အတွက် ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများသည် အားလုံးစိတ်သက်သာရာရကာ ကြောက်ရွံ့စိတ်များဖြင့် နောက်သို့ ဆုတ်သွားခဲ့ကြသည်။ ထို့နောက် လူတိုင်း၏ မျက်လုံးများသည် အလယ်ဗဟိုတွင် ရပ်နေသော လုံချန်နှင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်တို့အပေါ် အာရုံစိုက်နေကြသည်။
အားလုံးထဲ၌ အံ့အားသင့်ဆုံး ဖြစ်နေကြသူများကားအစ်မလီ တို့သုံးဦးပင်ဖြစ်သည်။
“အစ်မလီ၊ လုံချန်က သာမန်မြေကမ္ဘာယွမ်အဆင့် ပဲ ရှိတယ်လို့ မင်း ပြောခဲ့တာ မဟုတ်လား။ သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်အား ဘယ်လို ရှိနိုင်မှာလဲ”
“ငါလည်း မသိဘူးလေ...”
သို့သော် အစ်မလီ၏ စိတ်ခံစားချက်သည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
“ငါတို့တွေ သူ့ကို အထင်သေးမိခဲ့ကြတာပဲ။ ဒီလုံချန်မှာ အရမ်းကြီးမားတဲ့ ပါရမီ ရှိတယ်။ ငါတို့ထက် အဆတစ်ရာလောက် ပိုသာတယ်။ ငါတို့ သူ့အတွက် စိုးရိမ်ပူပန်ပြီး ပြောခဲ့တဲ့ စကားတွေ တကယ်ပဲ မလိုအပ်ခဲ့ဘူး”
မူလက သူတို့သုံးယောက်စလုံး လုံချန်ကို စိုးရိမ်သည့်အတွက် မလှုပ်ရှားစေချင်ခဲ့ကြပေ။
“ဟုတ်တယ်၊ လုံချန်က လင်းဝူမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ကြားခဲ့တယ်...”
အစ်လီက ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ လင်းဝူမိသားစုရဲ့ အဖွဲ့ဝင်တွေမှပဲ ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီနဲ့ အရည်အချင်း ရှိနိုင်တာ။ ဒါပေမဲ့ သူ့နာမည်အရဆို အပြင်စည်းအဖွဲ့ဝင်လောက်ပဲ ရှိသေးတယ်...”
“အပြင်စည်း အဖွဲ့ဝင်တွေက လင်းဝူမိသားစုထဲမှာ အဆင့်အတန်း သိပ်မမြင့်ဘူး။ ဒါ့ကြောင့် သူ တစ်ယောက်တည်း ဒီနေရာကို ရောက်လာတာ မဆန်းပါဘူး...”
မည်သို့ပင်ဖြစ်စေကာမူ သူတို့သုံးယောက်စလုံး လုံချန်ကို ချီးကျူးနေကြသည်။ ယခင်က လုံချန်ကို အားအနည်းဆုံး လို့ ထင်ခဲ့ကြသော်လည်း တကယ်တမ်းတော့ သူတို့ထက်ပင် ပိုပြီးသန်မာနေခဲ့သည်။
“မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို လွယ်လွယ်ကူကူ သတ်နိုင်တယ်ဆိုရင် လုံချန်ရဲ့ တိုက်ပွဲဝင်ခွန်အားက မြေယွမ်ပြီးပြည့်စုံခြင်းအဆင့် မဟုတ်ရင်တောင် နီးကပ်နေလောက်ပြီ...”
အစ်မလီ၏စိတ်ထဲ၌ သာမန်မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် တစ်ယောက်က ဤကဲ့သို့သန်မာနေသည်ဟု မယုံနိုင်ပါ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကလည်း လုံချန်ကို စိတ်ဝင်တစားကြည့်နေသည်။ လုံချန်ကို အပေါ်အောက် စစ်ဆေးရင်း သက်ပြင်းချလိုက်သည်။
“မင်း ယန်မိသားစုကနေ ထွက်လာတဲ့အချိန်တုန်းက နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပဲ ရှိသေးတယ်လို့ ကြားခဲ့တယ်။ တစ်လ အတွင်း မြေကမ္ဘာယွမ်အဆင့် ကို ရောက်ခဲ့သလို မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေးခွန်အားပါ ရှိနေတယ်။ ကောင်လေး! မင်းက ပါရမီရှင် တစ်ယောက် ဖြစ်မယ်လို့ မထင်ခဲ့မိဘူး...”
ယခုအချိန်တွင် ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ခိုက်ရတော့မည် ဖြစ်သည်။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်အတွက် မည်သို့ပင်ဖြစ်စေ လုံချန်ကို သတ်ပစ်ရပေမည်။
“သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ မင်းက အသက်ငယ်ငယ်ပဲရှိသေးတာတောင်မှ ဒီလောက် သန်မာနေပြီ။ နှိုင်းယှဉ်ရင် မင်းဟာ ငါ့ထက် ပိုပြီးပါရမီရှိပါတယ်...”
“ဟုတ်လား...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ပြုံးလိုက်သည်။ “မင်း လင်းဝူမိသားစုရဲ့ အဖွဲ့ဝင်ဖြစ်လာပြီးတော့ တစ်ယောက်တည်း လာခဲ့တာ။ ကြည့်ရတာ ငါ့အစီအစဉ်တွေကို အကုန်သိနေပြီ ထင်တယ်။ ငါ့ သွေးယဇ်ပူဇော်ပွဲကို နှောင့်ယှက်ပြီး ငါ့ စိတ်ကို ပျက်စီးစေတယ်။ ဒါကြောင့် မင်း အသက်ကို ငါ ယူမယ်...”
“ဒီလိုဆိုလဲ ကြည့်ရသေးတာပေါ့။ လာခဲ့စမ်း...”
ဤအချိန်တွင်တော့ နှစ်ယောက်စလုံး၏ စွမ်းအားအရှိန်အဝါများ တဟုန်ထိုး ပေါက်ကွဲလာခဲ့ပါသည်။
“မင်း သေလို့ရပြီ...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အော်ဟစ်လိုက်သည်။ သူ့ခွန်အားကို အပြည့်အဝယုံကြည်နေသည့်အတွက် လုံချန်ကို စိတ်ထဲပင်မထည့်ပေ။တစ်ချိန်တည်းမှာပင် ကောင်းကင်ယွမ်အဆင့် ဖိအားက လုံချန်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ပုံရိပ်က မှုန်ဝါးသွားကာ အရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ကောင်းကင်ယွမ်အဆင့် ပညာရှင်တွေက မြေကမ္ဘာယွမ်အဆင့်ထက် ဆယ်ဆလောက် ပိုအားကောင်းတယ် ဆိုတာ တကယ်ပဲ...”
လုံချန်က မျက်မှောင်ကြုတ်လိုက်ပြီး နဝမကောင်းကင်နဂါးခြေလှမ်း ကို ထုတ်လိုက်သည်။ဆန်းကြယ်အဆင့်နည်းစနစ်သာ ဖြစ်သော်လည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါက တစ်ဖက်ရန်သူ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ပါသည်။
“မင်းမှာ ဆန်းကြယ်အဆင့်လှုပ်ရှားမှုနည်းစနစ်ပါ ရှိနေတာလား။ ဒါပေမဲ့ ငါ့မှာလည်း မင်းထက် ပိုကောင်းတဲ့အရာ ရှိတယ်...”
“သွေးအရိပ်ခြေလှမ်း၊... စတင်မယ်...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဤနည်းစနစ်ကို အသုံးပြုလိုက်သည့်အခါ သွေးနီရောင် အရိပ်များ အဖြစ် ပြောင်းလဲသွားပြီး လုံချန်ထက် အဆများစွာ ပိုမြန်သွားသည်။
လုံချန်သည် ရုတ်တရက် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။
“သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဒီလောက် အားကောင်းနေတာလား”
နောက်ဆုံးတွင် ၎င်းသည် ယွမ်ဧကရာဇ်၏ မြေး ဖြစ်နေခဲ့သည်။ အားလုံးထဲ၌ မျက်နှာသာပေးခြင်းမခံရသည့်တိုင်အောင် ၎င်းအသုံးပြုသည့် အရင်းအမြစ်များသည် လုံချန်ထက် အဆတစ်ရာလောက်သာပေသည်။
ယခုလက်ရှိ လုံချန် အသုံးပြုနေသည့် နဝမကောင်းကင်နဂါးခြေလှမ်း သည် သွေးအရိပ်ခြေလှမ်း ထက် တစ်ဆင့် နိမ့်ကျနေသည်က သက်သေပင်။ ဘယ်လိုပင် ကြည့်ကြည့် သွေးအရိပ်ခြေလှမ်းသည် ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ် ဖြစ်ကြောင်း သိသာနေသည်။
“ငါ့မှာ ရှိတဲ့ တိုက်ခိုက်ရေးနည်းစနစ်၊ ခန္ဓာကိုယ်နည်းစနစ်နဲ့ လှုပ်ရှားမှုနည်းစနစ်တွေ အားလုံးက ဆန်းကြယ်အဆင့်နိမ့်တွေဆိုပေမယ့် ဆန်းကြယ်အဆင့်ဖြစ်နေတုန်းပဲ။ ဒီနည်းစနစ်တွေကို အကန့်အသတ်ထိ ထုတ်သုံးမှပဲ ငါ့ခွန်အားက သူ့ကိုယှဉ်နိုင်လိမ့်မယ်...”
မည်သို့ပင်ဖြစ်စေကာမူ သွေးအရိပ်ခြေလှမ်း က လုံချန်ကို အန္တာရယ်ထဲသို့ တွန်းပို့လိုက်ပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် နှစ်ဖက်စလုံး အမှန်တကယ် မတိုက်ခိုက်ရသေးပေ၊ သို့သော်လည်း သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် တိုက်ပွဲအခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီ ဖြစ်သည်။
“သွေးယဇ်ပူဇော်ပွဲကို အချိန်ကြာကြာ ရပ်တန့်ထားလို့ မရဘူး။ လုံချန်! ငါ မင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပစ်မယ်။ ဒီတိုက်ခိုက်မှုနဲ့ သေရတာ မင်းအတွက် ဂုဏ်ယူစရာ ဖြစ်လိမ့်မယ်...”
လုံချန်၏ဘေးနား ကပ်လျှက်ကနေ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။
“မင်း အိပ်မက်မက်နေတာပဲ...”
“ဒီတစ်ချက်တည်းနဲ့ ဒီကောင်လေး သေသွားမှာ သေချာတယ်...” ယန်လင်းချင်ကို အနီးကပ်စောင့်ကြည့်နေသော အဘွားကြီးဟွမ်က လှောင်ပြောင်လိုက်သည်။ အဘွားကြီးဟွမ်၏ မျက်နှာပေါ်တွင် ဇယာအရေးအကြောင်းများ ပြည့်နေလျှက် ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ကောင်လိုပင်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လက်နှစ်ဖက်ကို ယှက်၍ စည်းတံဆိပ်ကို အလျှင်အမြန်ဖန်တီးနေသည်။ မကြာမီ သူ၏လက်ဝါးထဲ၌ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့ စွမ်းအင်များ စုစည်းလာပြီး စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေလေသည်။
“ငါ့ မျက်ခုံးကြားက သွေးနီရောင် အစက်ကို ဘာကြောင့် သွေးနီတံဆိပ်လို့ ခေါ်သလဲဆိုတာ သိလား”
လုံချန်သည် ဘာမှပြန်မပြောခဲ့ပေ။ အသက်ပြင်းပြင်းရှူကာ ရန်သူ၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက နဝမကောင်းကင်နဂါးခြေလှမ်းကို အမြင့်ဆုံးထိ ထုတ်သုံးကာ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် ဆီသို့ ပြေးဝင်လာခဲ့သည်။
တစ်ဖက်တွင် သွေးဝိညာဉ်ဂိုဏ်းဆောင်ကလည်း သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
လုံချန်၏ တုံ့ပြန်သံကို မကြားရသော်လည်း သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဆက်ပြောလိုက်သည် “ဘာကြောင့်လဲဆိုတော့ ဒီ တိုက်ခိုက်မှုကို ခေါ်တာ…”
“အဆုံးမဲ့သွေးချီတွေနဲ့ ဖန်တီးထားတဲ့ အရာဖြစ်လို့ပဲ...”
ဝုန်း ခနဲ မြည်ဟီးသံနှင့်အတူ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ပြင်းထန်သောချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ဧရာမသွေးနီရောင် လက်သီးကြီးအဖြစ် ပေါင်းစပ်၍ လုံချန်ဆီသို့ ထိုးချလိုက်ပါတော့သည်။
ဤအချိန်တွင် လုံချန် ထံမှ အလွန်တရာပူပြင်းလှသော အပူလှိုင်းများ ထွက်ပေါ်လာပြီးနောက် အနက်ရောင်မီးလုံးကြီးတစ်လုံး ဖြစ်ပေါ်လာကာ သွေးနီရောင်လက်သီးကြီး ထံ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးတောက်....”
“ဆန်းကြယ်အလယ်အလတ် အဆင့် တိုက်ခိုက်ရေးနည်းစနစ်ပဲ။ ကောင်လေး! မဆိုးပါဘူး...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရယ်မောသံဖြင့် တိုက်ခိုက်လိုက်သည်။
ဤကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲကြောင့် အစ်မလီတို့သုံးယောက်အပါအဝင် ရာချီသောသွေးဝိညာဉ်ဂိုဏ်းသားများ အားလုံးလည်းမျက်လုံးများ ပြူးကျယ်လျှက် ငေးကြည့်နေခဲ့ကြသည်။
“အစ်မလီ၊ သူ အနိုင်ရမယ်လို့ ထင်လား” လီချင်းက ရုတ်တရက် အသံတိုးတိုးလေးမေးလိုက်သည်။
“လုံချန်က အရင် တိုက်ပွဲတွေမှာ အင်အား သုံးပြီးသားဖြစ်နေပြီ။ ကောင်းကင်ယွမ်ကနဦးအဆင့် ဆိုရင်တောင်မှ အနိုင်ရဖို့ ခက်ခဲတယ်။ အရမ်း ခက်ခဲတယ်...”
ဤစကားများ ပြောနေချိန်တွင် လုံချန်နှင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်တို့က တစ်ယောက်နှင့် တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည်။
လုံချန်၏ အားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်သော “မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးတောက်”က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဖုန်းဝူထျန်းကို သေလုမျောပါးဒဏ်ရာရစေခဲ့သည်။
သို့သော် ကောင်းကင်ယွမ်ကနဦးအဆင့် ဖြစ်သည့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ဖုန်းဝူထျန်းထက် အဆမတန် ပို၍သန်မာနေခဲ့သည်။ ထို့အပြင် ၎င်း ထုတ်သုံးခဲ့သည့် “သွေးနတ်ဆိုးစည်းတံဆိပ်” ကလည်း သူ၏ “မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးတောက်” ထက်ပင် ပိုပြီးအားကောင်းပါသည်။ သို့မဟုတ် လုံချန်၏ ချီစွမ်းအင်က “ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး” ကို အပြည့်အဝ ထုတ်သုံးနိုင်ခြင်း မရှိသေးဟု ဆိုရမည်ဖြစ်သည်။
ယခုအခါ သူမြင်တွေ့ခဲ့သည့်အရာမှာ တစ်ဖက်ရန်သူ၏တိုက်ခိုက်မှုက “မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးတောက်” ကို ချိုးဖျက်သွားခဲ့ကြောင်း ပထမဆုံးအကြိမ် ကြုံတွေ့သွားခဲ့ရသည်။ ၎င်းအပြင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ တိုက်ခိုက်မှုက ဧရာမပင်လယ်ရေလှိုင်းကြီးကဲ့သို့ လုံချန်ကို ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။
လုံချန်သည် အစွမ်းကုန်သုံးပြီး အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့သော်လည်း သွေးနတ်ဆိုးစည်းတံဆိပ် ၏ပြင်းထန်လှသော စွမ်းအားလှိုင်းရိုက်ခတ်မှုကြောင့် ချက်ချင်း သွေးအန်ထုတ်လိုက်ရသည်။ လုံချန်အနေဖြင့် ယခုလိုမျိုး ဒဏ်ရာရခဲ့သည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။ လုံချန် သည် စိတ်ထဲ၌ အလွန် မသက်မသာ ခံစားလိုက်ရသည်။ ဤအချိန်တွင် သူ၏ တိုက်ခိုက်ရေးအင်အားက မူလထက် တော်တော်လေး ကျဆင်းသွားခဲ့သည်။
“နောက်တစ်ခါ ဒီလိုသာ ထပ်ပြီးထိမှန်ခဲ့ရင် ဒီနေရာမှာ သေဖို့ သေချာသလောက်ပဲ...”
“လုံချန်၊ မူလအစပြန်သွားခြင်းကျင့်စဉ်ကို သုံးလိုက်...”
ဤအခိုက်အတန့်တွင် လင်းရှီ၏ သတိပေးသံကြောင့် လုံချန်သည် အချိန်ခဏလေးအတွင်း နဂိုခွန်အားကို ပြန်ရလိုက်သည်။ သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဆန်းကြယ် အလယ်အလတ်အဆင့် မူလအစပြန်သွားခြင်းကျင့်စဉ်ကို အမြင့်ဆုံးထိ ထုတ်သုံးလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်အဖြူရောင်အလင်းတန်းတစ်ခု စီးဆင်းလာပြီး ဒဏ်ရာရနေသော ကိုယ်တွင်းအင်္ဂါများကို ချက်ချင်းပြန်လည် ပြုပြင်ပေးလိုက်သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ တိုက်ခိုက်မှုသည် အလွန်အားကောင်းသော်လည်း လုံချန်၏ မိုးကြိုးမီးလျှံခန္ဓာကိုယ်နှင့် နဂါးအသွင်ပြောင်းစွမ်းအားက အတိုင်းအတာတစ်ခုထိ ခုခံပေးခဲ့သည်။ ထို့အပြင် မဆိုသလောက်လေး ရှောင်တိမ်းနိုင်ခဲ့သည့်အတွက် သူရခဲ့သည့် ဒဏ်ရာများက သိပ်တော့မပြင်းထန်လှပေ။
သို့သော် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူအားလုံးကတော့ ဤတိုက်ခိုက်မှုတစ်ချက်တည်းဖြင့် လုံချန် သေဆုံးသွားပြီဟု ယုံကြည်နေကြသည်။ ဤအချိန်တွင် ဖမ်းဆီးခံထားရသည့် ယန်လင်းချင် ထံမှ စိုးရိမ်တကြီးအော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ အစ်မလီ တို့သုံးယောက်ကလည်း ဒေါသထွက်ကာ အလျင်စလို ဝင်ရောက်တိုက်ခိုက်ရန် ပြင်နေခဲ့ကြသည်။
“ဒီလို ပါရမီရှင်ကောင်းတစ်ယောက်က ငါ့ကို ဆန့်ကျင်ခဲ့တာ တကယ် စိတ်မကောင်းစရာပဲ။ ငါ့လက်ထဲမှာ မင်း အသတ်ခံရတာ တန်ပါတယ်...”
ဤစကားများ ရေရွတ်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အစ်မလီ တို့သုံးယောက်ကို ဆက်ပြီးသတ်ရန် ပြင်လိုက်သည်။
“မင်း အရမ်း စိတ်ကူးယဉ်နေတယ်မထင်ဘူးလား။ ဒီတိုက်ခိုက်မှုလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...”
လုံချန်၏ ဒဏ်ရာသည် သိပ်ပြီးမပြင်းထန်ခဲ့ပေ။ ထို့အပြင် မူလအစပြန်သွားခြင်းကျင့်စဉ်၏ ပြန်လည်ကုသခြင်းစွမ်းအားကြောင့် လုံချန်သည် နဂိုအတိုင်းအပြည့်အဝ ပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”
လုံချန် မသေဘဲ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် အံ့အားသင့်ကာ မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရသည်။
သူသည် သွေးနတ်ဆိုးစည်းတံဆိပ်၏ စွမ်းအားကို ကောင်းကောင်း သိနေလို့ပင်။ ကောင်းကင်ယွမ်အဆင့် ပညာရှင်တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူး၏။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ခါစ လူတစ်ယောက်အတွက် သူ၏တိုက်ခိုက်မှုက အားပျော့သွားရန်မှာ မဖြစ်နိုင်ပေ။
“မဖြစ်နိုင်ဘူး။ လုံချန်၊ နောက်တစ်ချက် ထပ်တိုက်ရင် မင်းသေရမှာပါ...”
လုံချန် ဒဏ်ရာမရဘဲ အဆင်ပြေနေသည်ကို မြင်လိုက်ရသည့်အခါ ယန်လင်းချင်၏မျက်နှာလေးက ပြန်တောက်ပလာခဲ့သည်။ သို့သော် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ နောက်တစ်ကြိမ်တိုက်ခိုက်မှုက သူမ၏နှလုံးခုန်နှုန်းပင် အလွန်မြန်ဆန်လာစေသည်။ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်တုံး တင်ထားသလိုပါ။
“အစ်ကို၊ နင် သေချာပေါက် ခုခံနိုင်ရယ်...”
လုံချန် သည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ ဒုတတိယအကြိမ်မြောက် တိုက်ခိုက်မှုကို မြင်သော်လည်း တုန်လှုပ်မသွားဘဲ အေးဆေးတည်ငြိမ်စွာရပ်နေခဲ့သည်။ သူ့အတွေးထဲမှာတော့...
“ငါ့ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး နဲ့ မိုးကြိုးမီးလျှံခန္ဓာကိုယ်အပြင် မူလအစပြန်သွားခြင်းစွမ်းအားကို ပေါင်းစပ်ထားရင် သူ့အနေနဲ့ ငါ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ်...”
ထို့နောက် ယန်လင်းချင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ မိန်းမငယ်လေး၏မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လုံချန်၏နှလုံးသားတစ်ခုလုံး ကွဲအက်သွားသလို ခံစားရပြီး စိတ်ထဲတွင် တွေးလိုက်သည်။ “ဒါပေမဲ့ ငါ လုပ်နိုင်တာ အချိန်ဆွဲပေးရုံပဲ။ လင်းချင်ကို ကယ်ဖို့ မလုံလောက်သေးဘူး...”
လုံချန် အတွက် အခက်ခဲဆုံးအခြေအနေတွင် ရောက်နေသည်ဟု ဆိုရပေမည်။ သို့ရာတွင် သူ့အနေဖြင့် စဉ်းစားနေရန် အချိန် မရှိတော့ပါ။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ထပ်မံ တိုက်ခိုက်လာသောကြောင့်ပင်ဖြစ်သည်။
အမှန်တိုင်းဆိုရလျှင် လုံချန်သည် သွေးနတ်ဆိုးစည်းတံဆိပ်ကို တော်တော်လေး ထိတ်လန့်နေခဲ့သည်။ သို့သော် သူက အေးစက်စက်ကြုံးဝါးလိုက်သည်။
“ငါ့ကို သတ်ဖို့က ဒီလောက်လွယ်ကူမှာ မဟုတ်ဘူး။ မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးတောက်၊... ထွက်ပေါ်လာစမ်း...”
လုံချန်သည် အရင်နည်းလမ်းအတိုင်းပင်၊ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏တိုက်ခိုက်မှုကို တစ်ခါထပ်ရှောင်လိုက်သည်။ သူ၏တိုက်ခိုက်မှုက လုံချန်ကို မထိဘဲ လွဲချော်သွားသည်ကို မြင်သောအခါ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် နောက်ဆုံးတွင် စိတ်ရှည်မှုကုန်ဆုံးသွားခဲ့သည်။
“အားလုံး ... ငါ့အမိန့်ကို နားထောင်ကြစမ်း။ ယဇ်ကောင်ကို သတ်ပစ်ကြတော့။ အဘွားဟွမ်! မင်းကဆန်းကြယ်အရိပ်ခန္ဓာကိုယ်ကို အဆုံးသတ်လိုက်တော့ ...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***