သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အမိန့်ပေးသံကိုကြားလိုက်သည့်အခါ လုံချန်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခုအချိန်တွင် သူ လုပ်နိုင်သည့်အရာက အတတ်နိုင်ဆုံး အချိန်ဆွဲပေးရုံသာရှိသည်။ သို့သော် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် မေတ္တာရှင် မဟုတ်ပေ။ သွေးဝိညာဉ်အစောင့်အရှောက် ၄ ယောက် သေဆုံးသွားသော်လည်း ၎င်းသည် သွေးယဇ်ပူဇော်ပွဲကို ရပ်တန့်မည် မဟုတ်ကြောင်း သိသာပေသည်။
“သွေးကန်ထဲမှာ ကျင့်ကြံတာပြီးသွားရင် ငါ စစ်မှန်တဲ့ ကောင်းကင်ယွမ်အဆင့် ပညာရှင်ဖြစ်လာလိမ့်မယ်။ ဒီလို ပါရမီနဲ့ဆိုရင် သားရဲဝိညာဉ်နန်းတော်မှာ ငါ့ အင်အားကို အသိအမှတ်ပြုခံမှာ သေချာပါတယ်...” ဤအတွေးကြောင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ ထို့နောက် ထပ်ပြီး အမိန့်ပေးလိုက်၏။
“အားလုံး သတ်ပစ်လိုက်ကြ။ အစောင့်အရှောက်တွေ၊ အဲဒီ အရူးသုံးယောက်ကို တားထားလိုက်စမ်း...”
သွေးဝိညာဉ်ဂိုဏ်း၏ အစောင့်အရှောက် ၈ ယောက်အနက် လေးယောက် သေဆုံးသွားပြီဖြစ်သည်။ ကျန်လေးယောက်က မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် သာ ရှိနေကြသည်။ သို့သော် နှစ်ယောက်က လီညီအစ်ကိုနှစ်ယောက်ကို ဟန့်တားထားပြီး ကျန်နှစ်ယောက်ကတော့ အစ်မလီ ကို ယာယီ ဖိနှိပ်ထားခဲ့သည်။ ဤအချိန်တွင် ကျန်အဆင့်နိမ့်ဂိုဏ်းသားများသည် အမဲဖြတ်တော့မည့် ဝံပုလွေအုပ်ကြီးသဖွယ် ရှေ့ပြေးတက်လာပြီး အကာအကွယ်မဲ့နေသော မိန်းမပျိုလေးများကို သတ်ရန် တရကြမ်းပြေးဝင်လာခဲ့ကြသည်။
ဒေါသထွက်နေသည့် ဝံပုလွေအုပ်စု တစ်စုကဲ့သို့ ဖြစ်နေသော သူတို့အတွက် အပျိုစင်မိန်းကလေး ရာချီကို သတ်ပစ်ရန် အချိန်ခဏလေးဖြင့် လုံလောက်ပါသည်။ ထိုအခါ အစ်မလီ တို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
တစ်ဖက်တွင် လုံချန်အတွက် အန္တရာယ်အကြီးဆုံးဖြစ်နေသည့်အရာက အဘွားဟွမ် ဟုခေါ်သော အစောင့်အရှောက်အကြီးအကဲ ဖြစ်သည်။ အဘွားကြီးက အလင်းတန်းများ တလက်လက်တောက်ပနေသော ဓားတစ်ချောင်းကို ထုတ်ယူပြီး ယန်လင်းချင်၏ ဖြူဖွေးနေသော လည်ပင်းကို လှီးဖြတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
“မင်း စိုးရိမ်ပြီး ဒေါသထွက်နေပြီ မဟုတ်လား။ ဒါပေမဲ့ လုံချန်၊ ငါ့ လက်ထဲကနေ မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား...” သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ရယ်မောလျှက် လုံချန်ရှေ့တွင် ပိတ်ဆို့လိုက်သည်။ သူ၏ ဟန်အမူအရာက ပေါ့ပေါ့ပါးပါး ဖြစ်နေသော်လည်း အချိန်မရွေး တိုက်ခိုက်နိုင်သည်။ လုံချန် မည်မျှသန်မာနေပါစေ ယခုအချိန်တွင် ယန်လင်းချင်ကို ကယ်ဆယ်ရန် မဖြစ်နိုင်တော့ပါ။ ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများသည်လည်း မိန်းမငယ်လေးများဆီသို့ တရကြမ်းပြေးဝင်လာကြပြီ ဖြစ်သည်။
“ညီအစ်ကိုတွေ၊ သတ်ပစ်ကြ။ ဒီ အပျိုစင်မိန်းကလေးတွေကို သတ်မှ ငါတို့ ပိုအားကောင်းလာလိမ့်မယ်”
“သတ်ကြ။ ဟားဟား...၊ ဒီညပြီးရင် ငါတို့ အစွမ်းထက်ပညာရှင်တွေ ဖြစ်လာတော့မှာ။ ဒီအချောအလှလေးတွေကို သတ်လိုက်ရင်တောင် အပြင်လောကမှာ မိန်းကလေး ဘယ်လောက်ပဲ လိုချင်လိုချင် ရနိုင်တယ်”
ရာချီသောမိန်းမငယ်လေးများ သည် သူတို့ အသတ်ခံရတော့မည်ဟု သိလိုက်ချိန်တွင် အော်ဟစ်ငိုကြွေးသံများ ဆူညံသွားခဲ့သည်။ တချို့က မျက်နှာများ ဖြူဖျော့သွားပြီး သတိလစ်သွားကြသည်။
“မကောင်းဆိုးဝါးတွေ...”
လုံချန်၏ မျက်လုံးများ နီရဲလာခဲ့သည်။ လက်သီးကို တင်းတင်း ဆုပ်ထားရင်း ဒေါသကြောင့် သူ့စိတ်ထဲမှာ တုန်လှုပ်နေခဲ့သည်။
“လင်းချင်ကို ဘေးကင်းကင်းနဲ့ပြန်ခေါ်လာမယ်လို့ အဘိုး နဲ့ ဒုတိယဦးလေးကို ငါ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အခု ငါ ဘာမှ မလုပ်နိုင်တော့ဘူးလား...”
“ခွန်အား။ ခွန်အားပဲ။ ငါ့အတွက် အဆုံးမဲ့ခွန်အင်အား ပိုလိုအပ်နေတယ်...”
လုံချန်က ခေါင်းငုံ့လိုက်ရင်း ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်လှသောသွေးညှီနံ့များနှင့်အတူ ရှေးဟောင်းအငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် တဟားဟား ရယ်မောနေသော သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် ချက်ချင်း တောင့်တင်းသွားခဲ့သည်။
“ဒါ ဘယ်လိုအခြေအနေကြီးလဲ...”
သူ စိတ်ရှုပ်ထွေးနေသည့်အခန်တွင် လုံချန်က ကြောက်မက်ဖွယ်ရာအသံနက်ကြီးဖြင့် အော်ဟစ်ကြိမ်းဝါးလိုက်သည်။ ထိုအော်ဟစ်သံတစ်ချက်တည်းဖြင့် မြေအောက်မြို့တော် တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လုံချန်ကို စိုက်ကြည့်နေရာမှ သူ့မျက်လုံးနှစ်လုံးကနေ သွေးနီရောင် အလင်းတန်း နှစ်စင်း ထွက်လာသည်ကို မြင်လိုက်ရသည်။ ထို့အပြင် လုံချန်၏ နဂါးအကြေးခွံများတောက်လျှောက်ကနေလည်း သွေးနီရောင်ဆူးချွန်များ ထိုးထွက်လာခဲ့သည်။
ဝေါင်း....
ဤအချိန်တွင် နားကွဲမတတ်စူးရှလှသော နဂါးဟိန်းသံတစ်ချက်က ကောင်းကင်ကိုပင် တုန်လှုပ်သွားစေခဲ့၏။ တိုက်ခိုက်ရန် ပြင်ဆင်နေသော လူအားလုံး လှုပ်ရှားမှုများ ရပ်တန့်သွားကာ လုံချန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
လုံချန်၏ ခန္ဓာကိုယ်ထဲတွင် အလွန်ပြင်းထန်ပြီးကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်အင်အားတစ်ခု တဖြည်းဖြည်း စီးဝင်လာပါသည်။
“ဒါက… သွေးချီပြောင်းလဲခြင်း လား...”
ယန်လင်းချင် အသတ်ခံရခါနီးအချိန်တွင် လင်းရှီလည်း အောင်မြင်နိုင်ခြေ မသေချာသော်လည်း အတင်းအကြပ်ကယ်ဆယ်ရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင် လုံချန်၏ခန္ဓာကိုယ် ရုတ်တရက်ပြောင်းလဲသွားပုံရသည်။ သူ့ဆီကနေ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းချီစွမ်းအင်များ အဆုံးမရှိ ပေါက်ကွဲထွက်လာခဲ့သည်။
လုံချန်၏ ခန္ဓာကိုယ်သည် ယခုအခါ သွေးဖြင့်ဖန်တီးထားသော ခန္ဓာကိုယ်အသွင်ဖြစ်နေသည်။ သူ့ထံမှ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာသည့်အခါ ရာချီသောသွေးဝိညာဉ်ဂိုဏ်းသားများလည်း အံ့အားသင့်တုန်လှုပ်သွားကြသည်။
“ဘာတွေဖြစ်နေတာလဲ...”
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ပင် သူ့ ခန္ဓာကိုယ်ထဲမှ သွေးချီများ လျော့ကျလာသည်ကို ခံစားရသည်။ သွေးနီရောင်အလင်းတန်းနှစ်စင်း၏ စုပ်ယူအားက ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများကို ချက်ချင်းတုန်လှုပ်သွားစေခဲ့သည်။ အဆက်မပြတ် အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာကြသည်။
ဤလူများသည် အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ခဲ့ကြသည်။ အများစုက နဂါးသွေးကြောနယ်ပယ်အဆင့် ၅ ပင် မရောက်ကြသေးပေ။ ငါးပွင့်ပင် မရောက်သေးပါ။ ထို့ကြောင့် ပထမဆုံး ဖိနှိပ်ခံရသူများမှာ ၎င်းတို့အပြင် နဂါးသွေးကြောနယ်ပယ်အဆင့် ၅ နှင့် အထက်ဆင့် သွေးဝိညာဉ်ဂိုဏ်းသားများ အားလုံး ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ သွေးချီဝါးမျိုခြင်းစွမ်းအား အောက်တွင် တစ်ယောက်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းများ၏ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ပန်းထွက်လာပြီး လုံချန် ဆီသို့ ဗဟိုပြု၍ အဆုံးအစမဲ့ သွေးစီးကြောင်းများ စီးဆင်းနေသည်။ အလွန်အားကောင်းလှသော ဝါးမျိုခြင်းစွမ်းအားက သန့်စင်လှသောသွေးချီစွမ်းအင်အဖြစ် ပြောင်းလဲ၍ လုံချန်၏မူလဒန်တျန်ထဲကို ပို့လွှတ်ပေးခဲ့သည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ...”
အားနည်းသော သွေးဝိညာဉ်ဂိုဏ်းသားများ အများအပြား သူတို့၏ခန္ဓာကိုယ်ကနေ သွေးများပန်းထွက်လာပြီး မြေပြင်ပေါ် လဲကျသွားကြသည်။ ကျန်သူများလည်း အခြေအနေတော့ သိပ်မကောင်းလှပေ။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်ဖြစ်သည့် အဘွားကြီးဟွမ် ပင်လျှင် မျက်နှာတစ်ခုလုံး နာကျင်စွာရှုံ့မဲ့သွားပြီး လက်ထဲမှ ဓားဟာ မြေပြင်ပေါ် လွတ်ကျသွားခဲ့သည်။
ဤရုတ်တရက်ဆန်သော အခြေအနေ အပြောင်းအလဲက အစ်မလီတို့သုံးယောက်ကို အံ့အားသင့်သွားစေခဲ့သည်။
သူတို့နှင့် တိုက်ခိုက်နေသည့် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် လေးယောက်ပင် ၎င်းတို့၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မျက်နှာကြွက်သားများ ကွဲအက်လာနေကြသည်။
အစ်မလီ၏ အကြည့်များက အေးစက်သွားသည်။အလင်းတန်းသုံးစင်း ဖျတ်ခနဲလက်သွားပြီးနောက် ဓားပျံ သုံးချောင်းက မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် လေးယောက်၏ နှလုံးသားကို ထိုးဖောက်လိုက်သည်။ ထို့နောက် ၎င်းတို့၏ခန္ဓာကိုယ်ထဲမှ သွေးများပန်းထွက်လာပြီး လုံချန်ဆီသို့ စီးဆင်းသွားခဲ့သည်။
ဤမြင်ကွင်းကြောင့် အစ်မလီတို့သုံးယောက်လည်း အံ့အားသင့်နေကြ၏။ သို့သော်လည်း သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြသည်။ ထို့နောက် ဒေါသတကြီးအော်ဟစ်လိုက်ပြီး သွေးဝိညာဉ်ဂိုဏ်းသားများကို ဆက်တိုက်သတ်ဖြတ်ရင်း နောက်ဆုံး ကျန်ရှိနေသော မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် အဘွားကြီးဟွမ်ဆီသို့ ခုန်ဝင်လာခဲ့သည်။
“လုံချန်! မင်းက ဘယ်လို နတ်ဆိုးမျိုးလဲ...”
ဂိုဏ်းသားများ အစုလိုက်အပြုံလိုက် သေဆုံးနေသော်လည်း သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က တုန်လှုပ်သွားခြင်း မရှိပါ။
သူသည်လည်း သတိတစ်ချက်မလွတ်ရဲဘဲ လုံချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားကို တောင့်ခံနေရသည်။ ဆန်းကြယ်သော ဝါးမျိုခြင်းစွမ်းအားက ကောင်းကင်ယွမ်အဆင့် ဖြစ်သည့် သူ၏သွေးချီကိုပင် ပွက်လောရိုက်သွားစေသည်။ ဤအချိန်တွင် သူ လှုပ်ရှားလိုက်ပါက သူ၏လက်အောက်ငယ်သားများကဲ့သို့ သွေးများပန်းထွက်သွားမည်ကို စိုးရိမ်နေမိသည်။
လုံချန်၏ ဝါးမျိုခြင်းစွမ်းအားက ယခုအချိန်တွင် အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။ အစ်မလီတို့သုံးယောက်၏ အကူအညီဖြင့် ရာချီသော သွေးဝိညာဉ်ဂိုဏ်းသားများသည် မကြာခင်မှာပဲ ခြောက်သွေ့နေသော အလောင်းများ ဖြစ်သွားကြရသည်။
မိန်းမငယ်လေးများက ဤကြောက်မက်ဖွယ်ရာမြင်ကွင်းကို မြင်လိုက်ရသော်လည်း မူးဝေအော့အန်သွားခဲ့ခြင်း မရှိပေ။ သူတို့၏မျက်လုံးထဲတွင် သေဆုံးနေသူများမှာ လူသားမဟုတ်ဘဲ နတ်ဆိုးသားရဲများ ဖြစ်သည်။ မည်မျှပင် သေဆုံးနေပါစေ သူတို့အတွက် လွတ်မြောက်မှုပင်မဟုတ်ပါလား။
ဤအချိန်တွင် လူတိုင်း၏ မျက်လုံးများက အဆုံးမဲ့သွေးစီးကြောင်းများကို စုပ်ယူနေသော အဓိကဦးတည်ရာဆီသို့ ရောက်သွားကြသည်။ လူတိုင်းက လုံချန်၏အခြေအနေကို ခန့်မှန်းနေကြသည်။
“ဒီ မကောင်းဆိုးဝါးတွေက ငါတို့ သွေးကို အသုံးပြုပြီး ကျင့်ကြံချင်ခဲ့တာမဟုတ်လား။ ဒါပေမဲ့ သူက သူတို့ရဲ့သွေးတွေကို စုပ်ယူသွားတယ်။ ဒါက ကောင်းကင်ဘုံရဲ့ တရားစီရင်မှုပဲ...”
ယန်လင်းချင်လည်း ဤမြင်ကွင်းကို ကြည့်ရင်း လုံချန်ကို စိုက်ကြည့်နေခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် လည်း သူ၏ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည့်အတွက် မကြာခင်မှာ သွေးဝိညာဉ်ဂိုဏ်း ပျက်သုဉ်းတော့မည့်အဖြစ်ကို မြင်ယောင်လာသလိုပင်။ တွေးမိလေလေ သူ့စိတ်ထဲ၌ ပြင်းထန်လှသော ဒေါသတရားများ တလိပ်လပ်တက်လာတော့သည်။
“အဘွားဟွမ်၊ ဆန်းကြယ်အရိပ်ခန္ဓာကိုယ်ကို သတ်လိုက်တော့...”
သို့သော် တုံ့ပြန်သံမကြားရသဖြင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က လှည့်ကြည့်လိုက်ရာ အဘွားကြီးဟွမ်က အစ်မလီ ကို အသည်းအသန်တိုက်ခိုက်နေရကြောင်း မြင်လိုက်လေသည်။ နှစ်ယောက်လုံး မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်များ ဖြစ်သော်လည်း အဘွားကြီးဟွမ်၏ခွန်အားက လုံချန်၏ သွေးချီဝါးမျိုခြင်းစွမ်းအားကြောင့် ဖိနှိပ်ခံနေရသည်။ မကြာလိုက်ပေ၊ အစ်မလီ၏ လက်ထဲမှဓားပျံ က အဘွားကြီးဟွမ်၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ သူမ၏န္ဓာကိုယ်ထဲကနေ သွေးများ ပန်းထွက်ကာ လုံချန်ဆီသို့ သွေးစီးကြောင်းများသဖွယ် စီးဆင်းသွားခဲ့သည်။
“အား...”
အဘွားကြီးဟွမ်က သေခါနီး နာကျင်စွာ အော်ဟစ်လိုက်သည်။ မူလ အိုမင်းရွတ်တွနေသော ခန္ဓာကိုယ်က ပိုပြီး ကျုံ့သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမ၏ကံကြမ္မာက အခြားလူများကဲ့သို့ ခြောက်သွေ့နေသော အလောင်းတစ်လောင်း ဖြစ်သွားခဲ့ရသည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာ ခြောက်သွေ့နေသော အလောင်းကောင်များ ဖြစ်လာကြသည်။ ဤမြင်ကွင်းသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်၊ နောက်ဆုံး နဂါးသွေးကြောနယ်ပယ်အထွတ်အထိပ်အဆင့် ရှိ ဂိုဏ်းသားများပင် မခုခံနိုင်တော့ဘဲ တဘုန်းဘုန်း လဲကျသွားကြသည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် သည် အလွန် အံ့အားသင့်ပြီး အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။ ယခုအချိန်တွင် သူ တည်ထောင်ခဲ့သည့် သွေးဝိညာဉ်ဂိုဏ်းကြီး ပျက်သုဉ်းသွားခဲ့ရပြီဖြစ်သည်။
အစ်မလီတို့သုံးယောက်အပြင် လုံချန်ကိုယ်တိုင်က လူပေါင်း ထောင်ချီကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
အခြေအနေက ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
တစ်ဖက်တွင် လုံချန်အတွက်တော့ မမျှော်လင့်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရလိမ့်မည်ဟု မထင်ခဲ့ပါ။ သို့သော် ယခု အချိန်တွင် ထိုအရာအတွက် စိုးရိမ်နေချိန် မဟုတ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်ဖြစ်သော အဘွားကြီးဟွမ်၏ သွေး အဆီအနှစ်ကို ဝါးမျိုပြီးနောက်တွင် သူ့မူလဒန်တျန်မှ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် အတားအဆီးသည် တုန်ခါသွားခဲ့သည်။ အဆုံးမရှိ သွေးချီစွမ်းအင်များ ပြန့်နှံ့လာပြီး မူလဒန်တျန်ထဲရှိ မြေကမ္ဘာယွမ်အဆင့်အတားအဆီးကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ အဆက်မပြတ်ရိုက်ခတ်နေသည့်အတွက် အတားအဆီးက တဖြည်းဖြည်းပါးလွှာလာခဲ့သည်။ ထို့နောက် ဘန်းခနဲပေါက်ကွဲသံနှင့်အတူ အဆုံးအစမဲ့ချီစွမ်းအင်များ မူလဒန်တျန်ထဲသို့ တလဟောစီးဝင်လာပါတော့သည်။
“ဒါက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ရဲ့ အင်အားလား။ မှန်တယ်၊ ဒီလောက် ပြင်းထန်တဲ့ အင်အားမှပဲ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လို့ခေါ်နိုင်မှာပါ…”
လုံချန်သည် အဆင့်ချိုးဖျက်ပြီးနောက် သွေးချီဝါးမျိုခြင်းစွမ်းအားကို ပြန်ပြီးရုတ်သိမ်းလိုက်၏။ ထိုအခါမှသာ မြေအောက်မြို့တော်တစ်ခုလုံးသည် နောက်ဆုံးတွင် မူလ အခြေအနေအတိုင်း ပြန်ရောက်သွားခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် တစ်ယောက်တည်းသာ ကျန်ရှိနေခဲ့၏။ ထောင်ချီသော သွေးဝိညာဉ်ဂိုဏ်းသားအားလုံး သေဆုံးသွားခဲ့သည်။ တစ်နည်းဆိုရလျှင် သွေးဝိညာဉ်ဂိုဏ်း ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခြောက်သွေ့နေသော အလောင်းများ အထပ်ထပ်စုပုံနေပြီး အလွန်ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။
လုံချန်သည် မတိုက်ခိုက်သေးပေ၊ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို စိုက်ကြည့်လျှက် မျက်နှာချင်းဆိုင်ရပ်နေခဲ့သည်။ ဤအတောအတွင်း အစ်မလီတို့သုံးယောက်က ဖမ်းဆီးခံထားရသော မိန်းမငယ်လေးများကို ကယ်တင်နေကြသည်။ အစ်မလီက ယန်လင်းချင်ကို ကျောက်တိုင်ကနေ ကယ်ထုတ်ပေးခဲ့သည်။ ကျန်နှစ်ယောက်ကတော့ မိန်းမပျိုလေးများစွာကို ဆက်တိုက် ကယ်ထုတ်ပေးနေကြသည်။
အခြေအနေက ဤမျှကြီးမားသော ပြောင်းလဲမှု ဖြစ်ပျက်သွားခဲ့သော်လည်း လူတိုင်း၏ နှလုံးသားမှာလေးလံနေဆဲ ဖြစ်သည်။ အကြောင်းမှာ သွေးဝိညာဉ်ဂိုဏ်း၏အားအကောင်းဆုံးထောက်တိုင်ဖြစ်သော ဂိုဏ်းခေါင်းဆောင် မသေဆုံးသေးလို့ပင်။
သွေးချီဝါးမျိုခြင်းစွမ်းအားက နဂါးသွေးကြောနယ်ပယ်အဆင့် ပညာရှင်များအတွက်သာ ထိရောက်သည်။ မြေကမ္ဘာယွမ်အဆင့် ပညာရှင်များအတွက်တော့ လုံးဝဖိနှိပ်ခံရလောက်သည်အထိမဟုတ်ပေ။ အကယ်၍ အဘွားအိုကြီးဟွမ်သာ အစ်မလီ၏ ရုတ်တရက်တိုက်ခိုက်ခြင်းကို မခံရပါက သေချာပေါက် ခုခံနိုင်ပေမည်။
သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်အတွက် ပို၍ပင်မဖြစ်နိုင်ပါ။ သွေးချီဝါးမျိုခြင်းစွမ်းအားက သူ၏ လှုပ်ရှားမှုကို ဟန့်တားနိုင်သော်လည်း ဒဏ်ရာရစေရန်အထိတော့ မလုံလောက်ချေ။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ နီရဲနေသော မျက်လုံးများက သူ့ရှေ့တွင်ရပ်နေသည့် လုံချန်ဆီသို့ ရောက်သွားခဲ့သည်။
“ဒီတစ်ခါ မင်းတို့ အားလုံး သေရမယ်...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
***