အတိတ်ကာလတွင် ဤအလုပ်ရုံရှေ့၌ လူတန်းရှည်ကြီးသည် နေ့စဉ်မပြတ် စောင့်ဆိုင်း နေမည်ကို မြင်နိုင်၏။
သူတို့၏ ရည်ရွယ်ချက်သည် လက်နက်သွန်းလုပ်ရန်အတွက် ကြိုတင်စာရင်း ပေးသွင်းခွင့် ရရှိရန်သာ ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းဖြင့် ပန်းပဲရုံ အထွတ်အထိပ်သို့ ရောက်ရှိစဉ်က မည်မျှအထိ ထင်ပေါ်ကျော်ကြားခဲ့သည်ကို ခန့်မှန်းနိုင်၏။
သို့သော် ယခုတွင်မူ အလုပ်ရုံတစ်ခုလုံး ခြောက်ကပ်ငြိမ်သက်နေပြီး လူအရိပ်အယောင် မျှပင် မရှိတော့ချေ။
ဤသို့ပုံမှန်မဟုတ်သော အခြေအနေမျိုးကြောင့် စုရီမှမျက်မှောင်များ ကြုံ့သွားမိလေသည်။
“ ဝေလေး ... ငါ့ကို ဒီမှာစောင့်ပါ။ ”
သည့်နောက် တံခါးဝတွင် လဲလျောင်းကာ မျက်စိမှိတ် အိပ်မောကျနေဟန်ဆောင်နေသည့် မီးခိုးရောင်ဝတ်လူရွယ်ကို တစ်ချက်ကြည့် လိုက်ပြီးနောက် လျှောက်လှမ်းလာခဲ့၏။
ထိုစဉ်အနီးနားရှိ လမ်းကြားတစ်ခုမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အလျင်အမြန်ပြေးထွက်လာပြီး၊
“ ဟေ့ ... ရပ်လိုက်စမ်း မင်းအသက် မရှင်ချင်တော့ဘူးလား။ ”
-ဟု အလောတကြီး အော်ဟစ် ဟန့်တားလေသည်။
ထိုသူသည် လမ်းသွားလမ်းလာ ခရီးသည်တစ်ဦးသာဖြစ်ပြီး ကျင့်ကြံမှုအဆင့် သည်လည်း သာမန်မျှသာ ဖြစ်၏။ စုရီက လှည့်ကြည့်ကာ ရပ်လိုက်သည်။
“ မင်း ဘာကိုဆိုလိုတာလဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားမှ မျက်လုံးများအလင်းရောင် တောက်ပသွားပြီး လက်ဖဝါးဖြန့်ကာ ပိုက်ဆံတောင်းသည့် အမူအရာ လုပ်ပြလေသည်။
စုရီမှ ကြယ်ဝိညာဉ်ကျောက်တုံး တစ်တုံးကိုထုတ်ပေးလိုက်၏။ သို့မှသာ ထိုသူက ကျေနပ်စွာပြုံးလိုက်ပြီး ကျောက်တုံးကို သိမ်းဆည်းလျက် တိုးတိုးလေး ရှင်းပြလာတော့သည်။
“ မိတ်ဆွေက ဒီခရမ်းရောင်မြစ်မြို့ကို မရောက်တာ ကြာပြီထင်တယ် ... ဒီပန်းပဲရုံရဲ့ စည်းကမ်းတွေကို မသိသေးဘူးမဟုတ်လား။ ”
စုရီက ခေါင်းညိတ်ပြလိုက်သည်။ လူလတ်ပိုင်းအရွယ်မျိုးသားက အသံနှိမ့်ချကာ ဆက်လက်ရှင်းပြလာ၏။
“ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ... ပန်းပဲရုံကနေ နတ်အလင်းတွေ ကောင်းကင်ထိ ထိုးတက်သွားပြီး နတ်တေးသံတွေ တစ်ညလုံး ပဲ့တင်ထပ်နေခဲ့ဖူးတယ် ...
... နောက်တစ်နေ့မှာပဲ ဧည့်သည်တော် တစ်ယောက် ရောက်လာပြီး ပန်းပဲရုံပိုင်ရှင်ကို လက်နက်တစ်ခု သွန်းလုပ်ခိုင်းတယ်လို့ ငါကြားတယ် ...
... အဲဒီအချိန်ကစလို့ ဒီအလုပ်ရုံက အများသူငှာအတွက် တံခါးပိတ်သွားခဲ့တာမို့ ဒီနေ့အထိ ပြန်မဖွင့်တော့ဘူး။ ”
စုရီက ခဏမျှ စဉ်းစားပြီး၊
“ အဲဒီထူးဆန်းတဲ့ အလင်းတန်းက ဘာကြောင့် ဖြစ်တာလဲဆိုတာ မင်းသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မသိဘူး ... လူတွေက အမျိုးမျိုး ပြောနေကြတာပဲ ဘယ်ဟာက အမှန်လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ”
“ ဒါဆို ... အဲဒီလျှို့ဝှက်ဧည့်သည်က ဘယ်သူလဲဆိုတာကောသိလား။ ”
“ ဟားဟားဟား ငါသာဒါကိုသိရင် လျှို့ဝှက်ဧည့်သည်လို့ ဘယ်သုံးပါတော့မလဲ တကယ်တော့ အခုအထိ အဲဒီလူဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ ”
“ ဒါဆို မင်းဘာလို့ငါ့ကိုတားတာလဲ။ ”
“ အဟမ်း ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ချောင်းတစ်ချက်ဟန့်ကာ လက်ဖဝါးကို ထပ်မံ ဖွင့်ပြပြန်သည်။ ဤလူသည် ခရီးသွားတစ်ဦး မဟုတ်ဘဲ အလုပ်ရုံအနီးတွင် စောင့်ဆိုင်းကာ အချက်အလက်များ ရောင်းစားနေသူ ဖြစ်ကြောင်း နားလည်လိုက်၏။
စုရီက စိတ်မဆိုးဘဲ နောက်ထပ် ကြယ်ဝိညာဉ်ကျောက်တုံးတစ်တုံး ထပ်ပေး လိုက်လေသည်။ ထိုမှသာ ပြုံးပျော်သွားပြီး သူ့မေးခွန်းကို ပြန်ဖြေလာ၏။
“ အဲဒီတံခါးရှေ့မှာ ထိုင်နေတဲ့ မီးခိုးရောင်ဝတ်စုံနဲ့လူကိုတွေ့လား သူကပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ဒီတံခါးကိုစောင့်နေတာ သူ့မှာ စည်းကမ်းတစ်ခုရှိတယ် ...
... ပန်းပဲရုံတံခါးရဲ့ သုံးတောင်အနားကို ဘယ်သူပဲ ချဉ်းကပ်ချဉ်းကပ် မေးမြန်းခြင်းမရှိ သတ်ပစ်လိုက်တယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက မြေကြီးပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲထား သည်ကို ညွှန်ပြလာ၏။
“ ငါသိသလောက်ဆိုရင် အဲဒီမျဉ်းကို ဖြတ်ကျော်မိလို့သေတဲ့သူ တစ်ရာကျော်နေပြီ အချို့က မသိလို့ ဖြတ်ကျော်ခဲ့မိတာ အချို့ကတော့ မယုံလို့ ...
... စမ်းကြည့်ရင်း သေသွားကြတာပဲ ငါသာစောစောက မတားလိုက်ရင် မိတ်ဆွေရဲ့ ခေါင်းလည်း ပြတ်နေလောက်ပြီ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားမှ ဂုဏ်ယူစွာဖြင့် ပြောကြားလာသည်။
“ ဒါဆို တစ်နှစ်အတွင်းမှာ ပန်းပဲရုံကို အသက်ရှင်လျက်ဝင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးပေါ့။ ”
“ လုံးဝ မရှိဘူး။ ”
“ ကျေးဇူးပဲ ... ။ ”
စုရီက ကျေးဇူးတင်စကားဆိုကာ ပန်းပဲရုံဆီသို့ တည့်တည့်လျှောက်လှမ်းသွား တော့သည်။
“ ဟေ့ ... မင်းဘာလုပ်မို့လဲ ရပ်လေ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက လန့်ဖျန့်ကာအော်ဟစ်လိုက်၏။ သူ့အသံကြောင့် ဖြတ်သွားဖြတ်လာများက စုရီထံ လှည့်ကြည့်ပြီး စိတ်ဝင်စားကုန်ကြသည်။ မည်သည် ဤပန်းပဲရုံ အကြောင်း မသိနေမည်နည်း။
“ ဒီကမ္ဘာကြီးမှာ သေဖို့မကြောက်တဲ့သူ ... ရှိသေးတာပဲ လက်နက်တစ်ခုအတွက်အသက် ပေးချင်နေပုံရတယ်။ ”
“ သူက လူစိမ်းဖြစ်မှာပါ စည်းမျဉ်းတွေကို မသိသေးဘူး။ ”
လူအများက ချက်ချင်း တီးတိုး ဝေဖန်နေကြသည်။ ဝေရှန်းမှ မျက်ခုံးပင့်လျက် တိတ်ဆိတ်စွာ နားထောင်နေရ၏။ လူလတ်ပိုင်း အရွယ်အမျိုးသားသည် စုရီကို တားမရတော့သဖြင့်၊
“ ကြယ်ဝိညာဉ်ကျောက်တုံး နှစ်တုံးရဲ့ ကျေးဇူးကိုထောက်ထားပြီးတော့ မင်းသေရင် ငါ အလောင်းကောက်ပေးပါ့မယ် မိတ်ဆွေ။ ”
-ဟု အော်ဟစ် ကတိပေးလာ၏။ ထိုစကားကိုကြားသောအခါ စုရီတစ်ယောက် ပြုံးရယ်လိုက်တော့သည်။
ထိုအချိန်တွင် စုရီသည် မြေပြင်ရှိ မျဉ်းကြောင်းအနားသို့ ရောက်ရှိသွားသဖြင့် တံခါးဝရှိ လူရွယ်မှ မျက်လုံးပွင့်လာပြီး၊
“ အဲဒီမျဉ်းကျော်ကို ဖြတ်ကျော်တာနဲ့ ငါမင်းခေါင်းကိုဖြတ်ပစ်မယ်။ ”
-ဟု အေးစက်စွာ သတိပေးလာ၏။ သို့သော်စုရီသည် ထိုလူစကားကိုမကြားသည့် အလား မျဉ်းအပေါ် ဖြတ်ကျော်လိုက်သည်။
ဤအပြုအမူသည် လူငယ်အတွက် အကြီးမားဆုံးသော စော်ကားမှုတစ်ခုဖြစ်ကာ သူ့မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့၏။
“ ရွှပ် ... ။ ”
ဖျတ်ခနဲဆိုသလို လက်ကိုဓားကဲ့သို့ လွှဲခုတ်ကာ ဓားအလင်းဖြင့် စုရီ၏ဦးခေါင်းဆီသို့ ဦးတည်ပတ်ခတ်လာသည်။
သို့သော် စုရီရှေ့သုံးပေအကွာသို့ ရောက်သောအခါ ထိုဓားအလင်းသည် တစ်စစီ ကြွေမွပျက်စီးသွားချေပြီ။
“ မင်း ဘယ်သူလဲ ... ။ ”
မီးခိုးရောင်ဝတ် လူရွယ်သည် ထိတ်လန့်သွားပြီး ချက်ချင်းထရပ်လိုက်၏။ စုရီမှပြန်မဖြေတော့ဘဲ လေထဲဖမ်းဆွဲလိုက်ရာ လည်ပင်းအညှစ်ခံရသည့်အလား လူရွယ်ခမျာ လေထဲမြောက်တက်လာသည်။
မျက်နှာနီမြန်းလျက် ချက်ချင်း အသက်ရှူကျပ်လာပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားတော့၏။
“ မင်းလိုအိမ်စောင့်ခွေး တစ်ကောင်က ဒီလောက်တောင် ရမ်းကားဝံ့တာ ရယ်စရာပဲ။ ”
ထို့နောက် လူငယ်ကိုဆွဲခေါ်လျက် ပန်းပဲရုံအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။ ပတ်ဝန်းကျင်မှ လူအများသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်သပ်ကျန်ရစ်ခဲ့ကြ၏။
“ ငါ ... ငါတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီကနေ ငွေညှစ်လိုက်မိ သွားတာလား။ ”
အစောပိုင်းက သတင်းရောင်းစားခဲ့သည့် လူလတ်ပိုင်းအရွယ်အမျိုးသားခမျာ ထိတ်လန့် တကြားနှင့် မြေပြင်ပေါ် လဲကျသွားတော့၏။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် စုရီသည် ပန်းပဲရုံတံခါးကိုတွန်းဖွင့်ကာ ဝင်ရောက်လိုက်ပြီ ဖြစ်သည်။ အတွင်းတွင်မူ လူသူကင်းရှင်းကာ အလွန်ပင် ခြောက်ကပ်နေ၏။ စုရီက လူငယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး၊
“ ငါမေးတာကို မှန်မှန်ဖြေ မဟုတ်ရင် ... မင်းရဲ့ဝိညာဉ်ကို ငါရှာဖွေရလိမ့်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်၏။ လူငယ်မှ အသက်ကို အလုအယှက်ရှူကာ၊
“ ငါ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ မင်းသိရဲ့လား။ ”
-ဟု ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။ သို့သော် စုရီ၏အေးစက်သော အကြည့်ကြောင့် ချက်ချင်းပင် ငြိမ်ကျသွားခဲ့၏။
“ မင်းဒီမှာ ဘာလုပ်နေတာလဲ။ ”
စုရီက အပိုစကားမဆိုဘဲ မေးလိုက်သည်။
“ ငါ့သခင်က လျှို့ဝှက်ကိစ္စတစ်ခုကို လုပ်ဆောင်နေပါတယ် ဒါကြောင့်အပြင်လူတွေ သူ့ကိုနှောင့်ယှက်ခွင့် မရှိပါဘူး။ ”
“ မင်းရဲ့သခင်က ဘယ်သူလဲ။ ”
“ ကျိုးကျန်းချူပါ ... ကျိုးမိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲ တာအို ရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စုဝင်ပါ။ ”
မီးခိုးရောင်ဝတ်ထားသောလူရွယ် စုရီမေးခွန်းကိုပြန်ဖြေလျက် ချက်ချင်းအကဲခတ် ကြည့်လိုက်သည်။ သို့သော် စုရီ၏ မတုန်မလှုပ် အမူအရာကြောင့် အလွန်အမင်း စိတ်ပျက်သွားတော့၏။
“ သူတစ်ယောက်တည်းလား။ ”
မီးခိုးရောင်ဝတ်ရုံဝတ်ထားသူက ခေါင်းငုံ့လိုက်ပြီး၊
“ မဟုတ်ပါဘူး၊ တခြားအကြီးအကဲ တချို့လည်း ဒီမှာရှိနေပါတယ်။ ”
“ သူတို့ ဘာလာလုပ်နေတာလဲ။ ”
“ မသိပါဘူး။ ”
“ ဘယ်သူတွေ ပြန်ထွက်လာသေးလဲ။ ”
“ ဘယ်သူမှ မထွက်လာသေးပါဘူး။ ”
ထို့နောက် မီးခိုးရောင်ဝတ်လူရွယ်က တုန်ရီနေသောအသံဖြင့်၊
“ ငါ တတ်နိုင်သမျှ ပြောပြပြီးပါပြီ ကျေးဇူးပြုပြီး ငါကို ကရုဏာပြ ... ။ ”
-ဟု တောင်းပန်ရန် ပြင်လေသည်။
“ ဘန်း ... ။ ”
သို့သော် သူ့စကားမဆုံးခင်မှာပင် စုရီသည်ဓားအလင်းဖြင့်ပစ်ခတ်ပြီး ထိုလူကို ပြာချပစ်လိုက်တော့၏။
“ မင်းငါ့ကို တိုက်ခိုက်လိုက်တည်းက မင်းရဲ့ကံကြမ္မာကို သတ်မှတ်လိုက်ပြီးသားပါ အခုလို အချိန်အတော်ကြာ အသက်ရှင်ခွင့် ပေးခဲ့တာကိုပဲ မင်းကျေနပ်သင့်တယ်။ ”
ထို့နောက် စုရီက အထဲသို့ ဆက်လျှောက်သွားသည်။ ကျိုးမျိုးနွယ်စုသည် ရှေးဟောင်းကာကွယ်သူ မျိုးရိုးဖြစ်ပြီး နတ်ဆိုးလမ်းစဉ်နှင့်ဆက်နွယ်မှုရှိကြ၏။
သူတို့၏ဘိုးဘေးသည် စစ်မှန်သော နတ်ဆိုးတစ်ပါးဟုပင် ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။
သမိုင်းတစ်လျှောက် ကျိုးမျိုးနွယ်စုဝင်များသည် သူတို့ကိုယ်သူတို့ နတ်မိစ္ဆာသားစဉ်မြေးဆက်အဖြစ် အမြဲတမ်း ရည်ညွှန်းခဲ့ကြ၏။
အခြေခံအုတ်မြစ်သည် နားမလည်နိုင် လောက်အောင်နက်ရှိုင်းပြီး တာအိုရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စုခြောက်ခုထဲ၌ပင် ထိပ်ဆုံးသုံးနေရာတွင် ရပ်တည်နေ၏။
ရှေးယခင်က လောကသခင်သည် သူတို့မျိုးနွယ်ကို အလွန်စက်ဆုပ်ရွံရှာလွန်းပြီး နက်ရှိုင်းသော မုန်းတီးမှုရှိခဲ့၏။
အဘယ့်ကြောင့်ဆိုသော် ကျိုးမိသားစု၏ အပြုအမူသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်ချေသည်။ သူတို့ကို ဆန့်ကျင်သူ တိုင်းသည် မျိုးရိုးတစ်ခုလုံး ပျက်စီးသွားသည် အထိ ယုတ်မာကြ၏။
သည့်ပြင် သူတို့သည် တိုက်ပွဲအပေါ် ရူးသွပ်သည်။ သက်တမ်းတလျှောက် အပြစ်မဲ့ သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ သွေးထွက်သံယိုမှုများကို လှုံ့ဆော်ပေးခဲ့၏။
ဤအကြောင်းကြောင့်ပင် ကျိုးမိသားစု၏အမည်ကိုကြားရုံဖြင့် လူတိုင်း ရွံ့မုန်းကြခြင်းပေပင်။
သူတို့မိသားစုကို ရွေ့လျားနေသော ကပ်ဘေးများသို့မဟုတ် ကြမ်းကြုတ်လွန်းသည့် သားရဲများအဖြစ် သတ်မှတ်ကြ၏။
ထိုသို့သော မျိုးနွယ်စုဝင်များသည် ယခုအခါနတ်ဘုရားပန်းပဲရုံသို့ ရောက်ရှိလာခြင်း ဟူသည် ကောင်းသောအရာမဟုတ်ချေ။
ပန်းပဲရုံ အတွင်းပိုင်းတွင် ပန်းပဲရုံများစွာ တောအုပ်ကြီးတစ်ခုသဖွယ်ရှိနေ၏။ တစ်ချိန်က ဤနေရာသည် စည်ကားလှသောအလုပ်ရုံများ ဖြစ်လေသည်။ လေထုထဲတွင်လည်း လက်နက်ပြုလုပ်သံများ ဆူညံခဲ့၏။
ယခုမူ ဗလာဖြစ်ပြီး စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်ကြောင်း မြင်သာသည်။ မြေပြင်အနှံ့ ပုပ်သိုးနေသောအလောင်းများ ပြန့်ကျဲနေ၏။
အလောင်းများ၏ အဝတ်အစားများအရ ပန်းပဲရုံဝန်ထမ်းများဖြစ်ကြောင်း ထင်ရှားသည်။ ထိုမြင်ကွင်းထံကြည့်ကာ စုရီမှ မျက်ခုံးပင့်၏။
“ တကယ်ပဲ လွန်ခဲ့တဲ့တစ်နှစ်က ဒီမှာကြီးကြီးမားမား တစ်ခုခုဖြစ်ပျက်ခဲ့တာပဲ။ ”
သည့်နောက် နတ်အာရုံကိုဖြန့်ကျက်ကာ လှည့်ပတ်စစ်ဆေးရာတွင် အသက်ဝင်နေသော ပန်းပဲရုံတစ်ခုကို မြင်လိုက်ရလေသည်။
“ ဝှစ် ... ။ ”
စုရီပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွား ပြီးနောက် လျှပ်တစ်ပြက်အတွင်း ထိုအရပ်ထံသို့ ရောက်ရှိသွားတော့၏။
ထိုအရပ်တွင် အလင်းရောင်သည် ထူထပ်သောမြူခိုးများကဲ့သို့ မြင့်တက်နေခဲ့ပြီး ဧရိယာတစ်ခုလုံးကို အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားချေ၏။
“ ဟမ့် ... ထူးခြားတဲ့ တစ်စုံတစ်ယောက်များ ကျိုးမိသားစုနဲ့ပူးပေါင်းခဲ့တာလား။ ”
“ ရပ် ... ။ ”
ထိုစဉ်မြူခိုးများ ပြည့်နှက်နေသော ပန်းပဲရုံအတွင်းမှ ပုံရိပ်တစ်ခု ပြေးထွက်လာပြီး စုရီအတွေးများကို လွင်ပါးသွားစေခဲ့သည်။
“ မင်းဘယ်သူလဲ ... ဘယ်လိုလုပ်ပြီး ဒီကိုကျူးကျော်ရဲတာလဲ။ ”
ဤသည်မှာ တြိဂံပုံမျက်ဝန်းနှင့် ဆံပင်ပါးလွှာသော အရပ်ပုပုအဘိုးကြီးတစ်ဦး ဖြစ်လေသည်။ သွေးဆာနေသောရောင်ဝါများကို သိုင်းခြုံလျက် စိုက်ကြည့်နေ၏။
သူ့အကြည့်များတွင် စုရီအပေါ် အရှင်လတ်လတ်ဝါးမျိုလိုသည့် ဆန္ဒများကို ထိန်းမနိုင်သိမ်းမရ ပြသနေချေပြီ။
***