ထိုခဏအတွင်းမှာပင် ပိန်ပိန်ပါးပါး အဘိုးအို၏မျက်နှာသည် ရုတ်ခြည်းပြောင်းလဲ သွားတော့၏။
“ စီနီယာကွမ်ကျူးလား ... ။ ”
အံ့အားသင့်တုန်လှုပ်လျက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ အစီရင်အပြင်တွင် စုရီသည်အေးစက်သော အကြည့်များဖြင့် ပြန်စိုက်ကြည့်ကာ၊
“ မသေချင်ရင် အစီရင်ကို ရုပ်သိမ်းပါ မင်းကိုရှင်းပြဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
ဤသည်မှာ မေးမြန်းခြင်း မဟုတ်ဘဲ အထက်စီးဆန်သော အမိန့်ပေးကြီးစိုးမှုပေပင်။ ထိုသို့ရဲရင့်လွန်းသည့် အပြုအမူများကြောင့် အဘိုးအိုမှ မျက်ဝန်းများမှေးစင်းသွား၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြုံးပြကာ၊
“ ဟားဟားဟား ... နတ်ဝိညာဉ်အဆင့်က သေလွန်ဝိညာဉ်အချို့ကို အနိုင်ရရုံနဲ့ နန်းတော် သခင် ကွမ်ကျူးက ဒီလောက်အထိ မောက်မာလာတာလား ...
... မင်းရဲ့ အရင်ဘဝကတောင် ငါတို့မျိုးနွယ်စုကို ဘာမှမလုပ်နိုင်ခဲ့ဘူး အခု ပိုတောင် မဖြစ်နိုင်သေးတယ် ...
... နန်းတော်သခင် ကွမ်ကျူး ... ခေတ်တွေပြောင်းသွားပြီ မင်းကသေလွန်ဝိညာဉ် အားလုံးရဲ့ ဘုံရန်သူ ဖြစ်နေပြီ ဒီအခြေအနေမှာ ငါတို့မျိုးနွယ်စုကို တကယ်ပဲ ဆန့်ကျင်ရဲလို့လား သေမှာ မကြောက်ဘူးလား ... ။ ”
“ ဝုန်း ... ။ ”
စုရီက ဓားဖြင့် တစ်ချက်တည်း ပိုင်းချလိုက်သည်။ အစီရင်အတားအဆီးကြီးမှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားတော့၏။
အဘိုးအိုခမျာ စကားများ ရုတ်ခြည်းရပ်တန့်သွားပြီး နောက်သို့ ချက်ချင်း ဆုတ်ခွာရန် ပြင်လိုက်သည်။
သို့သော် လမ်းခုလတ်မှာပင် စုရီ၏ ညာလက်သည် သူ့လည်ပင်းကိုအမိဖမ်းဆွဲလျက် မျက်နှာဖြူလျော့ကာ ယက်ကန်ယက်ကန် ဖြစ်သွားရတော့၏။
“ အရင်တုန်းက ငါတစ်ယောက်တည်း ဓားတစ်လက်နဲ့ မင်းတို့တောင်တံခါးဝမှာ (၇၉) ရက်ကြာ ပိတ်ဆို့ထားခဲ့တာ မေ့နေပြီလား ... အဲဒီတုန်းက မင်းတို့ကျိုးမိသားစုပဲ ...
... ရတနာကိုးပါးနဲ့ အကြီးအကဲ သုံးယောက်တို့ရဲ့ အသက်ကိုပေးပြီး ငါ့ဆီက ခွင့်လွှတ်မှုကိုယူဖို့ မုမိသားစုဆီမှာ အသနားခံပြီး ကြားဝင်စေ့စပ်စေခဲ့ရတယ် မဟုတ်လား။ ”
ထိုစကားကြောင့် အဘိုးအိုသည် အရှက်ရသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွား တော့သည်။ ဤဖြစ်ရပ်သည် ထိုစဉ်တည်းက အမှန်တကယ်ပင် တစ်လောကလုံးကို ဟိုးဟိုးကျော်ဖြစ်သွားစေခဲ့၏။
“ အခုခေတ်တွေ ပြောင်းသွားရင်ကော ဘာဖြစ်လဲ ... တစ်လောကလုံး ငါ့ရဲ့ရန်သူတွေ ဖြစ်နေရင်ကော ဘာဖြစ်လဲ ... ငါ့လက်ထဲက ဓားနဲ့ အကုန်လုံးကို ပိုင်းဖြတ်ပစ်မယ်။ ”
စကားဆုံးသည်နှင့် အဘိုးအို၏ ခန္ဓာကိုယ်သည်ပေါက်ကွဲသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွား၏။
စုရီမှ လှည့်ပင်မကြည့်တော့ဘဲ မြေအောက်လှိုဏ်ဂူဝင်ပေါက်ဆီ ဆက်လက် လျှောက်လှမ်းသွားလေသည်။
မြေအောက်လှိုဏ်ဂူအတွင်း၌ ကျယ်ပြောသောခန်းမဆောင်ကြီး တစ်ခုကို မြင်လိုက်ရ၏။ အတွင်း၌မီးဖိုကြီးတစ်ခုသည် မြည်သံပြုကာ လည်ပတ်နေသည်။
ထိုမီးဖိုအောက်တွင် ကိုးရောင်ခြယ် နတ်ဘုရားမီးလျှံများ တောက်လောင်နေပြီး ပတ်ဝန်းကျင်ရှိလေထုသည် အပူရှိန်ကြောင့် လှိုင်းထနေ၏။
မီးဖိုကြီးရှေ့တွင် အဝတ်ကြမ်းဝတ်စုံ ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါးလူတစ်ဦးသည် လက်ဟန်အမျိုးမျိုးပြုလုပ်ကာ လက်နက်ကို တံဆိပ်များရေးသွင်းနေခဲ့သည်။
သူ့မျက်ဝန်းများသည် မီးဖိုအတွင်းရှိ ငွေရောင်အလင်းထံစိုက်ကြည့်ပြီး လောဘများ တောက်လောင်လာ၏။
“ နောက်နှစ်ပတ်အတွင်းမှာ ကောင်းကင်လှိုင်းဓားသန္ဓေသားကို သွန်းလုပ်မှု ပြီးစီးနိုင်တော့မယ်။ ”
ထိုလူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ခန်းမပတ်ပတ်လည်တွင်မူ အလောင်းများစွာ ပြန့်ကျဲနေပြီး သွေးများမှာ ခြောက်ကပ်နေ၏။
သို့သော် ထိုလူသည် အလောင်းများကို ဂရုမစိုက်နိုင်ဘဲ လက်နက်သွန်းလုပ်ခြင်းထံသာ အာရုံစိုက်နေခဲ့သည်။
သူ့ဘေးတွင် နတ်ဘုရားပစ္စည်းများ တောင်လိုပုံနေပြီး ၎င်းတို့ကိုအခါအားလျော်စွာ မီးဖိုအတွင်းသို့ ထည့်သွင်းနေ၏။
“ ဘယ်သူလဲ ... ။ ”
ရုတ်တရက် ထိုလူက မျက်မှောင်ကြုတ်လိုက်ကာ ခန်းမတံခါးဝဆီသို့ လှည့်ကြည့်လာတော့၏။
တစ်ချိန်တည်းမှာပင် စုရီသည်လည်း သေမျိုးနယ်ပယ် ဓားကိုကိုင်လျက် ခန်းမအတွင်း လှမ်းဝင်လာသည်။ ထို့နောက်တွင် မီးဖိုရှေ့မှ လူထံကြည့်လိုက်ပြီး၊
“ မင်းက ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဤလူသည် ပန်းပဲရုံပိုင်ရှင်ဝမ်ဖူဖြစ်သော်လည်း ရောင်ဝါမှာ ထူးဆန်းသော နတ်အလင်းများ စီးဆင်းနေ သည်ကို မြင်နိုင်သည်။
“ ဟမ့် ... ဒီနေရာက ငါ့နယ်မြေပဲ မဖိတ်ခေါ်ဘဲဝင်လာပြီး ငါ့ကိုဘယ်သူလဲလို့ ပြန်မေးနေတာ ရိုင်းတယ်မထင်ဘူးလား။ ”
ထိုလူမှ မျက်ခုံးပင့်လျက် တုန့်ပြန်၏။ စုရီတစ်ယောက် မတုံ့ပြန်တော့ဘဲ ကြမ်းပြင်ရှိ အလောင်းများထံ ငုံ့ကြည့်လိုက်လေသည်။ ဤသည်မှာ ကျိုးမိသားစုမှ အကြီးအကဲများဖြစ်၏။
“ ဒီလူတွေကို မင်းသတ်လိုက်တာလား။ ”
“ ဟားဟားဟား ... မင်းသိလျက်နဲ့ ဘာလို့မေးနေတာလဲ။ ”
“ ဒါဆို မင်းက ဝမ်ဖူရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပေါ့။ ”
ဝမ်ဖူက ခေါင်းခါပြကာ၊
“ မဟုတ်ဘူး၊ ဝမ်ဖူကိုယ်တိုင်က သူ့ခန္ဓာကိုယ်ကို ငါ့ဆီအပ်နှံခဲ့တာ။ ”
“ ဘာကို ဆိုလိုတာလဲ။ ”
စုရီမှ မျက်ခုံးပင့်သွားသည်။ ဝမ်ပူမျက်ဝန်းများအတွင်းတွင် တပ်မက်မှု အလင်းများ ဖြတ်ပြေးသွားကာ၊
“ ခန့်မှန်းကြည့်ပါလား။ ”
- ဟု ဆိုသည်။
ထို့နောက် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး တာအိုဓားတစ်လက်အဖြစ် စုစည်းသွားကာ ခုတ်ချလိုက်လေသည်။
စုရီမှလည်း တုန့်ဆိုင်းခြင်းမရှိ ဝင်စားခြင်းဥပဒေကို ထည့်သွင်းလျက် ဓားဖြင့် ခုခံလိုက်၏။
“ ဘန်း ... ။ ”
တာအိုဓားအလင်းသည် ဝင်စားခြင်းဥပဒေစည်းမျဉ်းများ ထိမှန်သည်နှင့် ကွဲအက်သွားတော့၏။
“ ဝင်စားခြင်းဥပဒေလား။ ”
ဝမ်ပူ၏မျက်နှာအမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်လာတော့သည်။
“ ရွှပ် ... ။ ”
ထိုစဉ်စုရီပုံရိပ်သည် လျှပ်စီးလက်သည့် အလား ဝမ်ပူထံသို့ တိုက်ရိုက်ပြေးဝင်သွားပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။
“ ဟမ့် ... ။ ”
ဝမ်ပူက လက်ကိုမြှောက်ကာ ရွှေရောင်နတ်လက်စွပ်တစ်ကွင်းကို ဆင့်ခေါ်၍ ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
လက်စွပ်မှ နတ်အလင်းများ တစ်ဟုန်ထိုးထွက်လာကာ လေထုအလယ်တွင် အနက်ရောင်အပေါက်ကြီးတစ်ခုပေါ်လာကာ စုရီ၏ဓားစွမ်းအင်ကိုဝါးမျိုရန် ကြိုးစား၏။
“ ခရစ် ... ။ ”
သို့သော် ချက်ချင်းပင် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ရွှေရောင်လက်စွပ်မှာ ကွဲအက်သွားတော့သည်။
အကျိုးဆက်အနေဖြင့် ဝမ်ပူသည်လည်း နောက်သို့လွင့်ထွက်သွားကာ ဝေးကွာလှသော ခန်းမနံရံဖြင့် တိုက်မိသွားခဲ့၏။
“ အဟွတ် အဟွတ် ... ငါနားလည်ပြီ ... မင်းကဝင်စားခြင်းစွမ်းအား ကိုင်ဆောင်ထားတဲ့ လောကသခင်ပဲ။ ”
ဝမ်ပူမျက်နှာတွင် အံ့အားသင့်မှုနှင့် ဒေါသများပြည့်နှက်ကာ အော်ဟစ်လိုက်သည်။ တစ်ဆက်တည်းမှာပင် မရေမတွက်နိုင်သော ငွေရောင်ကြယ်ဓားစွမ်းအင်များ ပေါ်လာ၏။
သူ့အင်္ကျီလက်ကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုဓားစွမ်းအင်များသည် လေးမှပစ်လွှတ်လိုက်သော မြားများအလား တဟုန်ထိုး ပြေးဝင်သွားတော့သည်။
စုရီက ဓားကိုဝှေ့ယမ်းကာ မိမိ၏ရှေ့တွင် ဓားကမ္ဘာခြောက်ခုသဖွယ် ဝင်စားခြင်းဓားနံရံကို ဖန်တီးလိုက်၏။
“ ဘန်း ... ဘန်း ... ဘန်း ... ။ ”
ပြင်းထန်လှသော ထိတွေ့သံများ ပဲ့တင်ထပ်သွားသည်။ ဓားအကာအရံများသည် တစ်ခုပြီးတစ်ခု ကွဲအက်ကာ ခန္ဓာကိုယ်အပေါ် ပြင်းထန်သောထိခိုက်မှုကို ခံစားလိုက်ရ၏။
စုရီတစ်ယောက် အဆက်မပြတ် နန်းတော်တံခါးထိတိုင်အောင် ဆုတ်ခွာလိုက် ရပြီး သွေးနှင့်ချီများ လှုပ်ရှားလာကာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။
စုရီတစ်ယောက် စိတ်ထဲလှိုက်ဖို သွားတော့၏။ တစ်ဖက်လူ၏ ခွန်အားသည် ရိုးရှင်းခြင်းမရှိချေ။ ကံကောင်းထောက်မစွာဖြင့် သူ့ကျင့်ကြံမှုစွမ်းအားသည် ပြိုင်ဘက်ကို သဘာဝအတိုင်း တန်ပြန်နိုင်ခဲ့၏။
“ တာအိုမိတ်ဆွေ၊ ငါတို့တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးတွေမရှိပါဘူး ဒီနေရာမှာ ရပ်လိုက်ရင် မကောင်းဘူးလား။ ”
ဝမ်ပူက ခန်းမကြီးအတွင်းမှ လှမ်းပြောလိုက်သည်။
“ ငါ့ရဲ့စိတ်ရင်းမှန်ကို ပြသတဲ့အနေနဲ့ မင်းသိချင်တာမှန်သမျှ ငါ ပြောပြနိုင်ပါတယ်။ ”
စုရီမှ နှုတ်ခမ်းမှ သွေးစများကို သုတ်လျက်၊
“ ကောင်းပြီ ... ဝမ်ပူရဲ့ခန္ဓာကိုယ်ကို အရင်ဆုံး စွန့်ခွာလိုက်ပါ ... အဲဒီအခါမှ မင်းနဲ့ငါ စကားပြောဖို့ စဉ်းစားပေးမယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။ ဝမ်ပူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊
“ ငါ ပြောသလိုပဲ ... သူ့ခန္ဓာကိုယ်ကို ငါ့ဆီပိုင်ဆိုင်ခွင့်ပေးခဲ့တာပါ။ ”
- ဟု ရှင်းပြန်ရန်ကြိုးစားတော့၏။
“ လွန်ခဲ့တဲ့ တစ်နှစ်က ရှေးဟောင်း ကျိုးမျိုးနွယ်စုဝင်တွေက နတ်ဘုရားပန်းပဲရုံကို ကျူးကျော်ဝင်ရောက်လာပြီး ...
... ဒီမှာရှိတဲ့ လူတိုင်းကိုသတ်ခဲ့ကြတယ် ဒါကြောင့် ဝမ်ပူက သူ့ကိုယ်သူကာကွယ်ဖို့ အတွက် ငါနဲ့ပူးပေါင်းခဲ့တယ်။ ”
တစ်ဖက်လူစကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်၏။
“ မင်းကိုရှင်းပြဖို့ အခွင့်အရေး နောက်တစ်ကြိမ်ထပ်ပေးမယ် အမှန်အတိုင်း ထပ်ပြောပါ မပြောရင် သေရလိမ့်မယ်။ ”
ဉာဏ်ရည်ထက်မြက်လွန်းသော သေလွန်ဝိညာဉ်များသည် သာမန်ဝိညာဉ်ထက် များစွာသာလွန်သည့် နတ်ဝိညာဉ်များဖြစ်ကြရာ အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် မလိုအပ်ချေ။
တစ်ဖက်လူ လိမ်ညာနေသည်မှာ သေချာလေသည်။ ဝမ်ပူမှ ခေါင်းခါလျက်ဖြင့်၊
“ အမှန်အတိုင်း ပြောရရင် ငါက နိုးထလာတဲ့ဝိညာဉ်ဖြစ်ပေမဲ့ ငါ့မှာအတော်လေး ထူးခြားတယ် အရင်က ငါ့ရဲ့ဝိညာဉ်ဟာ ကောင်းကင်ကျောက်တုံးထဲမှာ ...
... တံဆိပ်ခတ်ခံထားရပြီး လောကထဲ ထွက်လာဖို့ အဆင်သင့် မဖြစ်သေးဘူး ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်က ဒီပန်းပဲရုံကို ကပ်ဘေးကြီး ကျရောက်ခဲ့ရတယ် ...
... ဒါကြောင့် ဝမ်ပူကိုကယ်တင်ဖို့ ငါအတင်းအကြပ်နိုးထခဲ့ရပြီး ကြီးမားတဲ့ တန်ဖိုး တစ်ခု ပေးဆပ်ခဲ့ရတယ်။ ”
-ဟု သက်ပြင်းချကာ ပြောကြားလာသည်။ စုရီက အတွေးနက်သွား၏။
“ ကောင်းကင်ကျောက်တုံးလား၊ ဒါဆို နှစ်ပေါင်းများစွာ နတ်ဘုရားပန်းပဲရုံရဲ့တံခါးဝမှာ စောင့်ကြပ်နေတဲ့ ထူးဆန်းတဲ့ ကျောက်တုံးကို ပြောနေတာလား။ ”
“ မှန်ပါတယ် ... ။ ”
ဝမ်ပူမှ ခေါင်းညိတ်လေသည်။ ထိုကျောက်တုံးသည် ရှေးယခင်က မည်သူမျှ မတင်နိုင်ခြင်းမရှိဘဲ အာရုံစိုက်မှုကို ရရှိခဲ့၏။
မရေမတွက်နိုင်သော တုံ့ယွီအဆင့် နယ်ပယ်ဘုရင်များ လာရောက်စမ်းသပ်ခဲ့ကြ သော်လည်း အားလုံးရှုံးနိမ့်ကုန်သည်။
ထိုသို့ထူးဆန်းသော ကျောက်တုံးအတွင်း ဓမ္မအဆုံးခေတ်မှ ဝိညာဉ်ကို အသက်ရှင်လျက် တံဆိပ်ခတ်ထားလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ချေ။
ဆိုလိုသည်မှာ ဤနိုးထလာသော ဝိညာဉ်သည် ဝမ်ပူ၏ခန္ဓာကိုယ်ကိုသိမ်းယူကာ ရှေးဟောင်းကျိုးမျိုးနွယ်ဝင် ပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။
“ မင်းလိမ်နေတာလားဆိုတာ ... ငါ စုံစမ်းစစ်ဆေးနိုင်အောင် ဝမ်ပူရဲ့ခန္ဓာကိုယ်ကို စွန့်ခွာလိုက်ပါ။ ”
စုရီမှ အမိန့်ပေးလိုက်၏။ ဝမ်ပူက မျက်မှောင်ကြုတ်လျက်၊
“ ငါစွန့်ခွာလိုက်ရင် ပေးဆပ်ရမယ့် ... တန်ဖိုးက ပိုကြီးလိမ့်မယ် ... တာအိုမိတ်ဆွေ မင်းရဲ့တောင်းဆိုချက် လွန်လွန်းတယ် မထင်ဘူးလား။ ”
- ဟု ပြန်မေးသည်။
“ ဒါဆိုရင်တော့ ငါ ကိုယ်တိုင်ပဲ ကူညီပေးရလိမ့်မယ်။ ”
စုရီက ရှေ့သို့ လျှောက်လှမ်းသွား၏။ ဝမ်ပူ၏မျက်လုံးများအတွင်း ဒေါသရိပ်များစွာ ဖြတ်ပြေးသွားကာ၊
“ ငါ မင်းကို သည်းခံပြီး လိုက်လျောပေးခဲ့ပြီးပြီ။ ”
-ဟု ဆိုလျက် တောက်ပလှသော ဓားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ထိုစဉ် စုရီထံမှ ဝင်စားခြင်းဥပဒေ၏ စွမ်းအားများ လှိုင်းလုံးကြီးများသဖွယ် ချက်ချင်း ထွက်ပေါ်လာတော့၏။
“ ဟားဟားဟား ... မင်းကသေမင်းကို ဖိတ်ခေါ်နေတာပဲ ကောင်းပြီ ဝင်စားခြင်းဥပဒေ ဘယ်လောက် အစွမ်းထက်လဲကြည့်ပါရစေ။ ”
ဝမ်ပူ၏ မျက်လုံးများအတွင်း ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုများ တောက်ပလာခဲ့သည်။
“ ဝှစ် ... ။ ”
ခန္ဓာကိုယ်သည် တောက်ပသော နတ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လေထဲတွင် ထူးဆန်းစွာ ပျောက်ကွယ်သွား၏။
နောက်တစ်ခဏ၌ စုရီရှေ့သို့ ရောက်ရှိလာကာ ဝမ်ပူခန္ဓာကိုယ်မှ အပြာရောင် မူလဝိညာဉ်တစ်ကောင် ပြေးထွက်လာသည်။
ထိုဝိညာဉ်သည် စုရီခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်ကာ ဝမ်ပူ၏ရုပ်ခန္ဓာသည် သက်မဲ့အလား လဲကျသွားခဲ့၏။
“ ဟားဟားဟား ... ဘယ်လောက် ကောင်းလိုက်တဲ့ လက်ဆောင်လဲ မင်းရဲ့ခန္ဓာကို ငါပိုင်ဆိုင်တာနဲ့ ဝင်စားခြင်းသံသရာအပေါ် ထိန်းချုပ်နိုင်ပြီး ငါ့ရဲ့ကျိန်စာကို ချေဖျက်နိုင်ပြီ ...
... အဲဒီအချိန်ကျရင် ဒီလောကရဲ့ သေလွန်ဝိညာဉ်အားလုံး ငါ့ခြေဖဝါးအောက်မှာ ဒူးထောက်နေစေရမယ်။ ”
***