စုရီ၏ တိုက်ပွဲဝင်စွမ်းအားသည် မည်မျှကြောက်ဖို့ကောင်းသည်ကို ဝမ်လျူမြို့ တိုက်ပွဲအကြောင်းမှ ကြားသိထားကြ၏။
ထိုတိုက်ပွဲတွင် စုရီသည် ဝင်စားခြင်းစွမ်းအားကိုပင် မသုံးဘဲ သေလွန် ဝိညာဉ် (၄)ပါးကို အနိုင်ယူခဲ့သည်။ ဤသို့သော လူကို မည်သူသည် မကြောက်ဘဲနေမည်နည်း။
ထို့ကြောင့် တစ်ဖက်လူသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသည်နှင့် သေလွန်ဝိညာဥ်(၆)ပါး မျက်နှာပျက်ယွင်း သွားတော့၏။
ကျိုးထျန်းလီနှင့် သူ့မိသားစုဝင်များသည် အလျင်စလို မတိုက်ခိုက်မိသည်ကို ကျေးဇူးတင် နေမိသည်။
“ မိတ်ဆွေ ဒီဓားကို မင်းကိုယ်တိုင် သွန်းလုပ်ခဲ့တာလား။ ”
ကျိုးထုံက အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။ စုရီမှ ခေါင်းအသာညိတ်ပြကာ၊
“ ဟုတ်တယ် ... ဒါပေမယ့် စိတ်အေးအေးထားပါ မင်းတို့အဲ့ဒီဓားကိုဆက်ပြီး နှိမ်နင်းဖို့ ကြိုးစားလို့ရပါသေးတယ်။ ”
- ဟု ပြောကြားလိုက်၏။ သူကိုယ်တိုင် သွန်းလုပ်ထားသည့်ဓားကို သေလွန်ဝိညာဉ်များ နှိမ်နင်းနိုင်ခြင်း ရှိ၊မရှိ တကယ်သိချင်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ကျူးထုံနှုတ်ခမ်းများတုန်ယင်သွားပြီး သက်ပြင်း တစ်ချက်ချကာ၊
“ ဒါဟာ တကယ်ပဲ နားလည်မှုလွဲတာပါ ဒီဓားကိုသွန်းလုပ်ခဲ့တဲ့သူဟာ ကျိုးမျိုးနွယ်စုဝင် တွေကို သတ်သွားတဲ့ သေလွန်ဝိညာဉ်တစ်ပါးလို့ ငါတို့ထင်နေတာ ... မဟုတ်ရင် ဒီဓားကိုလုယူဖို့ ကြိုးစားမိမှာ မဟုတ်ပါဘူး စိတ်မရှိပါနဲ့။ ”
-ဟု ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်သည်။
အဝေးမှ စောင့်ကြည့်နေသူများမှာ အံ့အားသင့်ကုန်ကြသည်။ ယနေ့ခေတ်သစ်တွင် နိုးထလာကြသည့် ရှေးဟောင်းဝိညာဉ်များသည် များစွာ မောက်မာလှသူများ ဖြစ်၏။
သို့သော် ယခုအခါတွင် စုရီတစ်ယောက်တည်းကိုပင် ကြောက်လန့်ကာ အလျော့ပေးနေသည်။
“ ငါ ဝမ်ဖူကို ကျေးဇူးကြွေး တစ်ခု တင်နေတယ်။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြောကြားလိုက်၏။ ထိုစကားက သေလွန်ဝိညာည်များအားလုံး၏ နှလုံးသားကို အေးစက်သွားစေသည်။
“ မိတ်ဆွေ ဝမ်ဖူသေတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ”
ကျိုးထျန်းလီမှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ စုရီက ပြန်မဖြေဘဲ ညာလက် ဝှေ့ယမ်းကာ သူ့ဓားကိုပြန်ခေါ်လိုက်၏။
“ ချွင် ... ။ ”
ထက်ရှသော မြည်ဟည်းသံနှင့်အတူ လေထုအလယ်ရှိ ထူးဆန်းသောထိုဓားသည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး စုရီလက်ထဲ ရောက်ရှိလာတော့၏။
ဤသည်မှာ သုံးပေသုံးလက်မရှည်ပြီး နီလာရောင်အဆင်း ရှိနေသည်။ ဓားသွားသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ပါးလွှာကာ စူးရှသော အလင်းတန်းများ ဖြာထွက်နေသည်။
ဓားရိုးပေါ်တွင် သေမျိုးနယ်ပယ်ဟူသော အမည်မှာသဘာဝအတိုင်း ထွက်ပေါ်နေဆဲပင်။ သို့သော် ဤတစ်ကြိမ်တွင် ယခင်နှင့်မတူဘဲ ပိုမို ထည်ဝါကာ အစွမ်းထက်ကြောင်းခံစားနိုင်၏။
“ ကွမ်ကျိုး ... ခင်ဗျားတကယ်ပဲ ငါတို့နဲ့ ရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးပြီလား။ ”
ကျိုးထျန်းလီက အသံမာမာဖြင့် မေးမြန်းလိုက်သည်။ စုရီက သူ့ကိုဂရုမစိုက်ဘဲ လက်ထဲမှဓားကိုသာ အသာအယာပွတ်သပ်ပြီး တိုးတိုးလေး တုန့်ပြန်လာတော့၏။
“ တခြားသူအတွက် ကလဲ့စားချေပေးဖို့ ကြံရွယ်မှတော့ သုံးကြိမ်သုံးခါ စဥ်းစားနေစရာ လိုသေးလို့လား ... မင်းပြောတာ မှန်တယ် ...
... လောကကြီးက ပြောင်းလဲသွားပြီ၊ ဒီသေမျိုးနယ်ပယ်ဓားလည်း ပြောင်းလဲသွားပြီ ဒီနေ့ ငါတို့ဖြေရှင်းကြရအောင်။
စုရီက သတ်ဖြတ်လိုသော ရယ်ရွယ်ချက်များ ထုတ်ဖော်လျက် ပြောကြား၏။ ကောင်းကင်နှင့် မြေကြီးကြား ထက်ရှသော ဓားရောင်ဝါတစ်ခု ဖုံးလွှမ်းသွားတော့သည်။
“ သူ့ကို သတ် ... ။ ”
ကျူးထုံက အော်ဟစ်အမိန့်ပေးလိုက်၏။ သေလွန်ဝိညာဉ် (၅)ပါးသည်လည်း နောက်ကျန် မနေကြဘဲ ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။
လေထုအလယ် ရတနာမျိုးစုံနှင့် နတ်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကမ္ဘာပျက်တော့မည့်အလား ထင်မှားရစေ၏။
ထိုအချိန်တွင် ကျိုးထျန်းလီနှင့် အပေါင်းအပါများမှာမူ စုရီကိုမရင်ဆိုင်ရဲသဖြင့် လှည့်ထွက်ကာ ထွက်ပြေးကြတော့သည်။
စုရီက ခေါင်းကို အသာခါယမ်းကာ ဓားဖြင့်ပိုင်းချလိုက်တော့၏။ ရွှေဓားအလင်း နှစ်လက် ချက်ချင်းပြေးထွက်သွားချေပြီ။
တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး နေမင်းကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသကဲ့သို့ သေလွန်ဝိညာဉ် (၆)ပါးကို ထိမှန်သွားသည်။
သေလွန်ဝိညာဉ် (၆)ပါးသည် နောက်သို့ လွင့်စဉ်လျက် သွေးအန်ကုန်သည်။ ဤသည်မှာ ဝင်စားခြင်းစွမ်းအားကိုပင် မသုံးဘဲ ဤမျှ ကြောက်စရာကောင်းနေသည်မှာ မယုံနိုင်စရာပေပင်။
ကျန်ဓားအလင်းတစ်လက်သည် ထွက်ပြေးကုန်သော ကျိုးမျိုးနွယ်စုဝင်များဆီသို့ ဦးတည်သွားသည်။
“ ဝုန်း ... ။ ”
လျှပ်စီးအလင်းတန်းတစ်ခုသဖွယ် မြန်ဆန်လှသော ထိုဓားအလင်းအောက်တွင် ကျိုးမျိုးနွယ်စုမှ နယ်ပယ်ဘုရင်(၇)ဦးသည် ဖန်ခွက်များပမာ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲပျက်စီးသွားကြတော့သည်။
“ ဖိနှိမ်ပစ် ... ။ ”
တစ်ဆက်တည်းမှာပင် ဓားဖျားကို အောက်သို့နှိမ့်ချပစ်လိုက်ရာ ပတ်ဝန်းကျင်အနှံ့ အေးခဲသွားပြီး သေလွန်ဝိညာဉ်(၆)ယောက်မှာ ရုန်းမရတော့ဘဲ လှောင်အိမ်ထဲ ရောက်ရှိသွား သကဲ့သို့ ဖြစ်ကုန်ကြသည်။
“ စုရီ ... မင်းငါ့တို့ကို တကယ်သတ်ဝံ့လား မင်းငါတို့ကိုသတ်ရင် တောင်ပိုင်းမီးလျှံနတ်ဆိုး နယ်မြေက အလွတ်ပေးမှာ မဟုတ်ဘူး။ ”
ကျူးထုံက အော်ဟစ် ခြိမ်းခြောက်ရန် ကြိုးစားလေသည်။ သို့သော် စုရီပြန်ဖြေသည်မှာ နောက်ထပ် ဓားချက် တစ်ချက်သာ ဖြစ်၏။
ထိုဓားချက်အောက်တွင် တောင်ပိုင်းမီးလျှံနယ်မြေမှ သေလွန်ဝိညာဥ် (၆)လုံး ကြက်ကလေး ငှက်ကလေးများကဲ့သို့ပင် အလွယ်တကူ သေဆုံးသွားကြတော့သည်။
တိုက်ပွဲမှာ စတင်ပြီး မကြာမီမှာပင် ပြီးဆုံးသွားခဲ့၏။ အဝေးမှ ကြည့်ရှုနေသူများမှာ ပါးစပ်အဟောင်းသားဖြင့် မှင်သပ်နေဆဲပေပင်။
ဝိညာဥ်အရှင်များနှင့် ကျိုးမျိုးနွယ်စုဝင်များသည် ဓားတစ်ချက်ကိုပင် မခုခံနိုင်ကြချေ။ မည်မျှကြီးစိုးပြီး အစွမ်ထက်လှသနည်း။
စုရီမှ သေမျိုးနယ်ပယ်ဓားကို သိမ်းဆည်းလိုက်ပြီး ဝိုင်အိုးထုတ်ကာမြေပြင်သို့ လောင်းချ၍ ဂါရဝပြုစကားဆိုလိုက်သည်။
“ ဝမ်ဖူ ... သူတို့က ငါ့ကိုသေတဲ့အထိ တိုက်မယ်ဆိုရင်လည်း မင်းအတွက်ကလဲ့စားချေ ပေးဖို့ ငါအဆင်သင့်ပါပဲ နောက်ဆုံးတော့ ငါက မင်းရဲ့ရတနာတွေကို သုံးခဲ့တာ မဟုတ်လား။ ”
ထို့နောက် လက်ကျန်ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်ကာ လေထဲသို့ ပျံတက် ပျောက်ကွယ်သွားတော့သည်။
ဤသတင်းသည် တစ်ခဏအတွင်းမှာပင် လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ ကောင်းကင်မြို့တော် ကြယ်စုသည် အရှေ့ပိုင်း ကြယ်လွင်ပြင်တွင် ဗဟိုဒေသကြီး ဖြစ်သည်။
ပြည်နယ် (၃၆)ခုရှိကာ တာအို ရှေးဟောင်းကာကွယ်သူ မျိုးနွယ်စုကြီး(၆)ခု၊ အုပ်စိုးရှင်မျိုးရိုး(၉)ပါးနှင့် နာမည်ကြီးအင်အားစု အသီးသီးတို့သည် ထြိပြည်နယ်များတွင် ဖြန့်ကျက်နေထိုင်ကြသည်။
ထို့ကြောင့် နတ်ဘုရားပန်းပဲဖို တိုက်ပွဲသတင်းသည် အရပ်ရပ်သို့ချက်ချင်းပင် ပြန့်ကားသွားပြီး ၎င်းတို့ထံရောက်ရှိကုန်၏။
ဤသတင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြယ်လွင်ပြင်အထွတ်အထိပ်တွင် ရပ်တည်နေကြသည့် အင်အားစုကြီးများအားလုံး လေးနက်ကုန်တော့သည်။
ယင်းသတင်းသည် အထက်တန်းလွှာ အင်အားစုများကြား အုတ်အော်သောင်းနင်းပင် ဖြစ်လာစေကုန်၏။
“ ခေတ်ပြောင်းသွားပြီ ... ငါတို့က နန်းတော်သခင်ကွမ်းကျူးကို ခေတ်နောက်ကျ ကျန်ရစ်လိမ့်မယ်လို့ တကယ်ထင်ထားတာလား ရူးနေတာပဲ သူက အခုနယ်ပယ်ဘုရင်အဆင့်နဲ့ ဒီလောက်အထိ အစွမ်းထက်နေပြီ။ ”
ရှေးဟောင်း သက်ရှိရုပ်ကြွင်း အဘိုးအိုကြီးတစ်ဦးက လေးလံသောအသံဖြင့် ရေရွတ်လိုက်သည်။
“ ဝင်စားခြင်းသံသရာ စွမ်းအားက သေလွန်ဝိညာဉ်တွေအပေါ် သဘာဝအတိုင်း ဖိနှိပ်နိုင်တယ် ...
... ဒါပေမယ့် အခုသူ့ရဲ့ကိုယ်ပိုင် ကျင့်ကြံမှုနဲ့တင် နတ်ဝိညာဉ်အဆင့် သေလွန် ဝိညာဉ်တွေကို အလွယ်တကူ သတ်နိုင်နေပြီ ဒါက မယုံနိုင်စရာပါပဲ။ ”
အခြားသော သက်ရှိရုပ်ကြွင်း အဖိုးကြီးများသည်လည်း ခါးသီးစွာဆိုကြသည်။ သူတို့သည် ကွမ်ကျူးနှင့် ခေတ်ပြိုင်များဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ ဓားအောက်တွင် ဖိနှိမ်ခံထားရဖူးသည်။
ယနေ့ခေတ်သစ် ရောက်လာသောအခါ ပြန်လည် အနိုင်ယူနိုင်မည်ဟူသည့် အတွေးမှာ လွင့်ပါးသွားရချေပြီ။
“ စောင့်ကြည့်ရသေးတာပေါ့ သူက ဘယ်လောက်တောက်ပနေဦးမလဲ အမြင့်မှာ ရပ်နေတဲ့လူတွေဟာ ... မုန်းတိုင်းလာရင် ပျက်စီးခြင်းနဲ့ ပိုမိုနီးစပ်ပါတယ်။ ”
အချို့က အနည်းငယ် တွန့်ဆုတ်စွာဖြင့် မှတ်ချက်ပေးကြသည်။
“ ပြန်လည်ဝင်စားခြင်းဆိုတာ သေလွန်ဝိညာည်တွေအတွက် သဘာဝအတိုင်း တန်ပြန်နိုင်တဲ့ ဥပဒေတစ်ခုပါပဲ ဒါပေမယ့် ...
... ကွမ်ကျူးက ဝင်စားခြင်းဥပဒေတောင် မသုံးဘဲနဲ့ သေလွန်ဝိညာဉ်တွေကို အလွယ်တကူ သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်နေပြီ။”
“ ဟမ့် ... ဘာဖြစ်လဲ သူ ပိုပြီးအစွမ်းထက်လာလေလေ၊ သေဖို့အတွက် ပိုနီးစပ်လာလေလေပဲ မဟုတ်လား။ ”
အချို့သော အဖိုးကြီးများသည် အမုန်းတရားများပြည့်နှက်နေသော မျက်ဝန်း များဖြင့် အံကြိတ်ကာ ဆိုကုန်ကြ၏။
သေလွန်ဝိညာဉ်(၆)ပါးနှင့် ကျိုးမိသားစုဝင်များကို ဓားနှစ်ချက်တည်းဖြင့် သတ်နိုင်သည်မှာ အမှန်ပင် တုန်လှုပ်ဖွယ် ကောင်းလွန်းချေပြီ။
***