ကျိုးမျိုးနွယ်စု။ တာအို ရှေးဟောင်း ကာကွယ်သူ ကျိုးမျိုးနွယ်စု စံအိမ်တော်အတွင်း မျိုးနွယ်စုခေါင်းဆောင် ကျိုးဟွာကျိသည် ပလ္လင်ပေါ်တွင် တစ်ဦးတည်း ထိုင်နေ၏။
သူ့ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေခဲ့ပြီး သူ့ရှေ့ခန်းမအတွင်းတွင် မျိုးနွယ်စုမှ အကြီးအကဲများမှာ အချင်းအရာ တစ်ခုကို ငြင်းခုံနေကြသည်။
အချို့သည် ဒေါသတကြီးဖြင့် စုရီကိုသတ်ဖြတ်ပစ်ကာ သေဆုံးသွားသော မိသားစုဝင်များအတွက် ကလဲ့စားချေရန် အဆိုပြုကြသည်။
အချို့မှာမူ ထိုသို့လုပ်ဆောင်ပါက အကျအဆုံးပိုများမည်ဖြစ်ကြောင်း ကန့်ကွက် ကုန်လေသည်။ ဆန့်ကျင်ဘက် သဘောထား နှစ်ခုကြောင့် ခန်းမအတွင်း ဆူညံနေချေပြီ။
“ ကောင်းပြီ ... ငါကိုယ်တိုင်ပဲ တစ်ခေါက်လောက် သွားလိုက်တော့မယ်။ ”
ရုတ်တရက် တည်ငြိမ်လှသောအသံ တစ်သံသည် ခန်းမအပြင်ဘက်မှ ဝင်လာပြီး ဆူညံသံများအားလုံးကို ဖုံးလွှမ်းသွားသည်။
ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားပြီး အပ်ကျသံများကြားရအောင် ငြိမ်သက်သွားတော့၏။
ရိုးရှင်းသော အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားသည့် ထင်းရှူးပင်ကဲ့သို့ သွယ်လျ လွန်းသော အမျိုးသားတစ်ဦး ခန်းမထဲ လှမ်းဝင်လာခဲ့သည်။
သူ့မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်နေပြီး မေးစေ့အောက်တွင် မှုတ်ဆိတ် ပါးပါးလေးရှိနေ၏။
“ ဘိုးဘေး ... ။ ”
မျိုးနွယ်စုခေါင်းဆောင် ကျိုးဟွာကျိ အပါအဝင် လူတိုင်းမတ်တတ်ရပ်ကာ ချက်ချင်း အရိုအသေ ပေးလိုက်ကြသည်။
ဤသည်မှာ ကျိုးမျိုးနွယ်၏ ဘိုးဘေး ကျိုးဟန်ရှန်းဖြစ်၏။ သူသည် မျိုးနွယ်စုအတွင်း ကျောက်ဖြစ်ရုပ်ကြွင်းကြီးလည်း ဖြစ်ချေပြီ။
လွန်ခဲ့သော ဆယ်နှစ်ခန့်က အင်မော်တယ်တားမြစ်မြေတွင် ကောင်းကင်ဘုံ လမ်းကိုရှာဖွေနေရာမှ အောင်မြင်စွာ ပြန်လာနိုင်သူဖြစ်၏။
ဤကိစ္စသည် ကျိုးမိသားစုအတွင်း လျှို့ဝှက်ချက်ဖြစ်ပြီး ပြင်ပအင်အားစုများသည် ကျိုးဟန်ရှန်း ပြန်ရောက်နေသည်ကို မည်သူမျှ မသိကြချေ။
“ မျိုးနွယ်စုခေါင်းဆောင်... မင်း ဘယ်လိုထင်သလဲ။ ”
ကျိုးဟန်ရှန်းက သိမ်မွေ့သောအသံဖြင့် မေး၏။ မျိုးနွယ်စုခေါင်းဆောင် ကျိုးဟွာကျိမှ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်ဖြေသည်။
“ ဒီလောက်အထိ အရှုံးကြီးရှုံးခဲ့ရတာ မျိုးနွယ်စုအတွက် တကယ်ပဲ အရှက်ရစရာပါ ဒါပေမဲ့ လောကကြီးရဲ့ အခြေအနေအရ ...
... အခုချိန်မှာ အဲဒီဝင်စားသူကို အင်အားအကုန်သုံးပြီး တိုက်မယ်ဆိုရင် ဒါဟာ ဉာဏ်မရှိရာ ရောက်ပါလိမ့်မယ်။ ”
“ ဘာကြောင့်လဲ ... ။ ”
ကျိုးဟန်ရှန်းမှ ပြန်မေးသည်။ ကျိုးဟွာကျိသည် တည်ငြိမ်သောအသွင်ဖြင့် အမြန်ပင် ရှင်းပြလိုက်၏။
“ လောကကြီးက အကြီးအကျယ် ပြောင်းလဲနေတယ် ရှေးဟောင်းဂိုဏ်းတွေရော၊ လက်ရှိခေတ်ရဲ့ ထိပ်တန်းအင်အားစုတွေရော အားလုံးက ကိုယ့်ကိုယ်ကို တည်ဆောက် နေကြတယ် ...
... အခုအချိန်အထိ ဘယ်အင်အားစုကမှ ဝင်စားသူကို အတိအလင်း စစ်ကြေညာတာမျိုး မလုပ်သေးပါဘူး ... ကျိုးမိသားစုသာ အရင်ဆုံး ထွက်တိုက်မယ်ဆိုရင် နိုင်သည်ဖြစ်စေ ...
... ရှုံးသည်ဖြစ်စေ အဲဒီစောင့်ကြည့်နေတဲ့ အင်အားစုတွေပဲ အမြတ်ထွက်သွားပါလိမ့်မယ် ကျိုးမိသားစုအတွက်တော့ အရှုံးပါပဲ ...
... ကျားနှစ်ကောင်ကိုက်တာကို တောင်ပေါ်ကနေထိုင်ကြည့်ရင် အမြတ်ထွက်မြဲ မဟုတ်လား ဒါကြောင့် ငါတို့ဘက်က ခဏလောက် သည်းခံထားမယ်ဆိုရင် ...
... ခေတ်ပြောင်းချိန်မှာ ကိုယ့်အင်အားကို အလျင်အမြန် တည်ဆောက်နိုင်မယ် နောက်ပြီး တခြားအင်အားစုတွေက ...
... သူ့ကိုစိန်ခေါ်တဲ့အခါမှာ ငါတို့က ဝင်တိုက်ပေးမယ်ဆိုရင် ဒါအန္တရာယ်အကင်းဆုံး မဟုတ်လား။ ”
သူ့စကားကို ကြားပြီးနောက် ခန်းမအတွင်းရှိအကြီးအကဲများမှာ တိတ်ဆိတ် ကုန်တော့၏။ အများစုမှာ ထိုသဘောထားကို ထောက်ခံကုန်ကြသည်။ ကျိုးဟန်ရှန်းမှ ချီးကျူးဟန် ခေါင်းညိတ်ပြလာ၏။
“ မှန်တယ် ငါဒီမလာခင်မှာပဲ တောင်ပိုင်းမီးလျှံမြေက အကြီးအကဲတစ်ပါးနဲ့ ဆွေးနွေးကြည့်ခဲ့တယ် သူ့အဆိုအရ ...
... နောက်လာမယ့် ခြောက်လအတွင်းမှာ ဒီလောကကြီးမှာ ထူးခြားတဲ့ အပြောင်းအလဲ နှစ်ခု ဖြစ်လာလိမ့်မယ် အဲဒါတွေက ယနေ့ခေတ် ထိပ်တန်းအင်အားစုတွေကနေ ကောင်းကင်ဘုံ အပေါ် တက်လှမ်းနိုင်တဲ့ ကျွမ်းကျင်သူတွေ ...
... တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်၊ နောက်တစ်ခုကတော့ လက်ရှိအင်အားစုတွေထဲက တံဆိပ်ခတ်ထားတဲ့ ဝိညာဉ်တွေ ပြန်လည်နိုးထလာလိမ့်မယ်။ ”
... ဒီလိုအခြေအနေမျိုးတွေမှာ ကြယ်လွင်ပြင်ရဲ့ထိပ်ဆုံးမှာ ရပ်နေသူဟာ ပိုပြီးတော့ အန္တရာယ်များလိမ့်မယ် ...
... ဒါကြောင့် လှိုင်းထိပ်မှာ ရပ်နေတဲ့ကွမ်ကျိုးဝင်စားသူကို သတ်ဖြတ်မယ့် အင်အားစုတွေ ပေါ်လာပါလိမ့်မယ်။ ”
ကျိုးဟန်ရှန်းစကားကြောင့် အကြီးအကဲများအားလုံး စိတ်ဓာတ်များ ပြန်၍ တက်ကြွလာတော့သည်။
“ အနှစ်ချုပ်ရရင် အချိန်က ငါတို့ဘက်မှာ ရှိနေပါတယ် အပြောင်းအလဲမြန်လေ ... ငါတို့လို ထိပ်တန်းအင်အားစုတွေအတွက် အကျိုးအမြတ် ပိုများနိုင်လေပဲ ...
... ဝင်စားသူဟာ ဘယ်လောက်ပဲ သန်မာပါစေ နယ်ပယ်ဘုရင်အဆင့်မှာ ရုန်းကန် နေရတုန်းပဲ ... အချိန်ကြာလာတာနဲ့အမျှ သူ့အတွက် ဆိုးကျိုးပိုများလာနိုင်တယ် ...
... ဒါတင်မကသေးဘူး ဒီလောကမှာ လူတစ်ယောက်က တစ်လောကလုံးနဲ့ ရန်သူ ဖြစ်လာပြီဆိုရင် ခေတ်ကြီးတစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်နေရသလိုပဲ ...
... အဆုံးမှာတော့ အရိုးပါမကျန် ကြေမွသွားရနိုင်တယ် ဒါဟာ လောကနိယာမပဲ ခေတ်ရေစီးကြောင်းအတိုင်း လိုက်နိုင်တဲ့သူက တိုးတက်ကြီးပွားပြီး ဆန့်ကျင်တဲ့သူကတော့ ပျက်စီးရမှာသဘာဝပါပဲ။ ”
ဤနေရာအရောက်တွင် ကျိုးဟန်ရှန်းသည် ပြုံးလိုက်ပြီး၊
“ ငါက ဒီကွမ်ကျိုးဝင်စားသူကို အထင်သေးနေတာတော့ မဟုတ်ပါဘူး သူက တကယ်ကို ကြောက်စရာကောင်းသလို လူတိုင်းအမြင်ကို ဆန့်ကျင်နိုင်တဲ့သူပါ ...
... ဒါကြောင့်လည်း တစ်လောကလုံးရဲ့ ဘုံရန်သူ ဖြစ်နေတာပေါ့ ဒါပေယ်ဘယ်လောက် ခုန်ပေါက်နေပါစေ နောက်ဆုံးမှာ ဘယ်သူ အောင်ပွဲခံနိုင်မလဲ မသိသေးပါဘူး။ ”
“ ဘိုးဘေး ... လက်ရှိ ဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အဲဒီကွမ်ကျိုးဝင်စား သူကို အနိုင်ယူဖို့ အခွင့်အရေး ရှိပါသလား။ ”
ကျိုးဟွာကျိက မနေနိုင်ဘဲ မေးမြန်း လိုက်တော့၏။ ချက်ချင်း လူတိုင်း၏အကြည့်မှာ ကျိုးဟန်ရှန်းထံ ရောက်ရှိသွားကြသည်။ ကျိုးဟန်ရှန်းသည် ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလာ၏။
“ မမျှော်လင့်ထားတဲ့အချိန်မှာ ရုတ်တရက် တိုက်ခိုက်မယ်ဆိုရင် နိုင်နိုင်ခြေ (၇၀) ရာခိုင်နှုန်း ရှိတယ် အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရမယ် ဆိုရင်တော့ (၅၀/၅၀)ပဲ။ ”
လူတိုင်း အံ့အားသင့်ကာ မျက်လုံးများ အရောင်လက်သွားကြ၏။ နတ်ဘုရားပန်းပဲရုံ တိုက်ပွဲကြောင့် စုရီမည်မျှကြောက်စရာ ကောင်းသည်ကို သိထားသည်။
ယခုမူ ဘိုးဘေး၏စကားသည် သူတို့ရင်ထဲရှိအမှောင်ထုကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်သည်။
“ လက်ရှိခေတ်မှာ ငါ့လိုမျိုး ပထမဆုံး နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်သူတွေဟာ နောက်ခံအင်အား အလွန်တောင့်တင်းတဲ့ မြေခွေးအိုကြီးတွေချည်းပါပဲ။ ”
... ဓမ္မအဆုံးခေတ် မတိုင်ခင်ကဆိုရင် ငါတို့လိုလူမျိုးတွေဟာ နတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ဆိုတာ အရမ်းလွယ်ကြတယ် ...
... ငါက တောင်ပိုင်းမီးလျှံနယ်မြေက လူကြီးတစ်ယောက်နဲ့ စမ်းသပ်ကြည့်ဖူးတယ် သူ့ အမြင်အရတော့ ငါ့ဟာရှေးခေတ်တုန်းက အထွတ်အထိပ် ပါရမီရှင်တွေနဲ့ ...
... ရင်ပေါင်တန်းနိုင်တယ်လို့ မှတ်ချက်ပေးတယ် ဒီလိုအစွမ်းထက်တဲ့သူတွေ အခုလောကထဲကို တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေကြပြီ ...
... နောင်တစ်ချိန်မှာ ... တာအို ပေါင်းစည်းခြင်းအဆင့်နဲ့ ချိပ်ပိတ်ခံထားရတဲ့ ဝိညာဉ်တွေသာ နိုးထလာရင် ...
... အဲဒီဝင်စားသူဟာ ဝင်စားခြင်းဥပဒေ စွမ်းအားကို ပိုင်ဆိုင်ထားရင်တောင် အသုံးဝင်မှာ မဟုတ်တော့ပါဘူး။ ”
ဤသို့သော ဆွေးနွေးမှုများသည် အခြားသော တာအိုရှေးဟောင်းကာကွယ်သူ မျိုးနွယ်စုများတွင်လည်း ဖြစ်ပွားနေ၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးသည် တဖြည်းဖြည်း တိတ်ဆိတ် သွားခဲ့သည်။
လူတိုင်းသည် ကျိုးမျိုးနွယ်စုအနေဖြင့် ကလဲ့စားချေလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ကျိုးမိသားစုသည် ငြိမ်သက်နေခဲ့၏။
ထို့အတူ ရှေးဟောင်းဂိုဏ်းကြီးများနှင့် လက်ရှိခေတ်၏ အင်အားစုကြီးများသည်လည်း စုရီကို စိန်ခေါ်ခြင်းမရှိကြတော့ချေ။
ဤအရာသည် မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းသာဖြစ်ကြောင်း သိရှိခဲ့ကြသည်။ ဆောင်းဦးလေသည် တဖြူးဖြူး တိုက်ခတ်နေပြီး အေးစက်ခြောက်သွေ့နေ၏။
ရွှေဝါရောင် သစ်ရွက်ခြောက်များမှာ ဆည်းဆာအလင်းတွင် ဘုံကျောင်းဝင်းအတွင်း တဖြုတ်ဖြုတ် ကြွေကျစုပုံနေသည်။
စုရီသည် ဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် သစ်ရွက်ခြောက်များအပေါ် ငေးကြည့်ကာ ငြိမ်သက်အေးချမ်းမှုကို ခံစားနေခဲ့သည်။
သူသည် ဤဘုံကျောင်းတွင် တည်ခိုနေခဲ့သည်မှာ လဝက်တိုင်နေပြီဖြစ်၏။ ထိုကာလအတွင်း အေးချမ်းပြီး တိတ်ဆိတ် လွန်းချေပြီ။
ဝေရှန်းက သူ့အတွက် ဝိုင်နှင့်တွဲဖက်စားသောက်ရန် အသားကင်အချို့ ပြင်ဆင်လာပေးနေသည်။
ရှေးဟောင်းခေတ်ကို ဓမ္မအဆုံးခေတ်ဟု ခေါ်ဆိုကာ ထိုစဉ်ကဖြစ်ပွားခဲ့သောကပ်ဘေးမှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ပစ်ခဲ့သည်။
ယခုအခါတွင် ခေတ်ပြောင်းနေပြီး ကာလကြာရှည်စွာ ကွယ်ပျောက်နေခဲ့သော ထိုကောင်းကင်ဘုံလမ်းသည် ပြန်လည် ပေါ်ပေါက်လာပြီဖြစ်၏။
ထို့ကြောင့် ရှေးဟောင်းဝိညာဉ်များမှာ တစ်ယောက်ပြီးတစ်ယောက် နိုးထလာချေပြီ။ ၎င်းတို့ထဲတွင် ဂိုဏ်းကြီးများ၏ ဘိုးဘေးများ၊ ခေတ်တစ်ခေတ်ကိုလွှမ်းမိုးခဲ့သော ပါရမီရှင်များ၊ အခြားသော သေလွန်ဝိညာဉ်များပေပင်။
စုရီ၏ ခန့်မှန်းချက်အရ သုံးလနှင့် ခြောက်လအတွင်း တာအိုပေါင်းစည်းခြင်းအဆင့် သေလွန်ဝိညာဉ်များ လောကထဲလွတ်လပ်စွာ သွားလာနိုင်ကြတော့မည် ဖြစ်သည်။
တာအိုပေါင်းစည်းခြင်း အဆင့်ရှိသော သေလွန်ဝိညာဉ်များသည် ရှေးခေတ်တည်းမှပင် ထိပ်တန်းအဆင့်ရှိ အကြီးအကဲများဖြစ်၏။
အရေးကြီးဆုံးမှာ ဤအဆင့်ရှိသော ပြိုင်ဘက်များသည် ဝင်စားခြင်းဥပဒေစည်းမျဉ်း အပေါ် ခုခံနိုင်စွမ်းရှိကြခြင်းပေပင်။
တစ်နည်းအားဖြင့်ဆိုသော် တိုက်ပွဲတွင် ဝင်စားခြင်းစွမ်းအားသည် ပြိုက်ဘက်များအပေါ် အသားစီးရယူနိုင်ရုံသာရှိပေမည်။ ကျင့်ကြံမှု လုံလောက်ခြင်း မရှိပါက ရှုံးနိမ့်သွားနိုင်၏။
“ အချိန်က တကယ်ပဲ နည်းလာပြီ။ ”
စုရီမှ မျက်ခုံးတစ်စုံကို အသာအယာ နှိပ်နှယ်လျက် ညည်းတွားတော့၏။ ဝေရှန်းက မော့ကြည့်ကာ၊
“ သခင်လေး ပြဿနာတွေ ရောက်လာမှာကို စိုးရိမ်နေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
သူက တောဝက်ပေါင်တစ်ဖက်ကို ကိုက်ဝါးလျက် စုရီအဖြေထံ စောင့်ဆိုင်းနေ၏။ စုရီမှ ခေါင်းယမ်းကာ၊
“ ငါက ဘာကိုကြောက်နေရမှာလဲ ဒုက္ခကိုမလိုချင်တာပါ ... ကြောက်တယ်လို့ မလိုဆိုပါဘူး။ ”
“ ဒါဆိုဒီရက်တွေမှာ ဘာလို့ တစ်ချိန်လုံးထိုင်နေတာလဲ။ ”
“ အဲဒါ စိတ်ဝိညာဉ်ကို ကျင့်ကြံနေတာ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ လှုပ်ရှားချိန်တွင် ဓားတစ်လက်ကဲ့သို့ ထက်ရှပြီး တိတ်ဆိတ်နေချိန်တွင် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ရပေမည်။
“ လီကျုံး ... သခင်မရဲ့ အမိန့်အရ တာအိုစုနဲ့တွေ့ဖို့ ရောက်လာပါတယ်။ ”
ထိုစဉ်မှာပင် ဘုံကျောင်းအပြင်ဘက်မှ အိုမင်းနေသောအသံတစ်သံ ထွက်ပေါ်လာ၏။ ဝေရှန်းမှ ဝက်ပေါင်ကို ကိုင်ဝါးနေရာမှ ခေါင်းမော့ကြည့်လိုက်တော့သည်။
***