“ တာအိုမိတ်ဆွေ ဘာကိစ္စရှိလို့လဲ။ ”
ဝေရှန်းက ဘုံကျောင်းတံခါးဝသို့ ထလျှောက်သွားကာ တံခါးဖွင့်ပြီးမေးမြန်းခဲ့၏။ တံခါးနှင့် မလှမ်းမကမ်းတွင် ရပ်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအဘိုးအိုသည် တာအိုဆံထုံးကို ထုံးထားပြီး လေနှင့်မီးကိုယ်စားပြုသင်္ကေတများ ပါရှိသော ဝတ်ရုံကိုလွှမ်းခြုံထားကာ နတ်ဘုရား တစ်ပါးကဲ့သို့ ခန့်ညား ထည်ဝါလှ၏။
“ ငါလာရတဲ့ အကြောင်းရင်းက တာအိုစုကိုဂါဝရပြုဖို့ပါ။ ”
အဘိုးအိုက ပြုံးလျက်ဆိုသည်။ ဝေရှန်းမှ မျက်မှောင်ကြုတ်လျက်ဖြင့် တစ်ဖက်လူသည် သာမန်မဟုတ်ကြောင်း သိရှိလာ၏။
အဘယ့်ကြောင့်ဆိုသော် ၎င်းထံမှလာသော ရောင်ဝါဖိအားသည် နယ်ပယ်ဘုရင်များထက် သာလွန်နေ၏။ သိုသော် စုရီရှိနေသဖြင့် ဝေရှန်းမှ မကြောက်ချေ။
“ ငါမင်းကို မေးနေတာ ဒီမှာဘာကိစ္စရှိလို့လဲ။ ”
ထိုမေးခွန်းကြောင့် အဘိုးကြီးသည် သိသိသာသာ အံ့အားသင့်သွားပြီး အဆုံးတွင် ပြုံးရယ်ပြကာ၊
“ မင်းရဲ့ အသက်အရွယ်နဲ့ လူငယ်တစ်ယောက်လို ဘာလို့ပြုမူနေရတာလဲ။ ”
-ဟု မှတ်ချက်ပေလိုက်၏။
“ ဝုန်း ... ။ ”
ဝေရှန်းမှ စကားမဆိုတော့ဘဲ ဘုံကျောင်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
“ ဟမ့် ... ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက ဒီမှာဧည့်သည် မဟုတ်လား ဘာလို့ ငါ့ကိုဝေဖန်ရဲတာလဲ။ ”
ဝေရှန်းမှ စုရီကို ခိုးကြည့်ကာ ရေရွတ်လိုက်သည်။ စုရီမှ မည်သည့်တုန့်ပြန်မှုမှ မပြသဖြင့် စိတ်မဝင်စားကြောင်း မြင်သာ၏။
( ဒီအဘိုးကြီးက ရှေးခေတ်တုန်းက နာမည်ကြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘီလူး တစ်ကောင်ပဲ သူ့ကိုစော်ကားတဲ့သူ မှန်သမျှ ခန္ဓာကိုယ်ကို မီးအိမ်အဖြစ်သန့်စင်ပြီး ...
... ဝိညာဉ်ကိုတော့ မီးစာထဲမှာ ပိတ်လှောင်တတ်တယ် ... အသက်ရှင်လို့လည်း မရ၊ သေလို့လည်းမရဘဲ ထာဝရ ဒုက္ခမျိုး ပေးစွမ်းကြတယ် ... ဘယ်လိုလဲ မင်း ... စမ်းကြည့်ချင်လား။ )
ကျောက်စိမ်းဆွဲသီးထဲမှ လီပေ့ရှန်က ဝေရှန်းကိုသတိပေးလိုက်သည်။ ဝေရှန်ခမျာ ပြုံးလျက် ဂရုမစိုက်ဘဲ၊
( စီနီယာ ရှိနေတာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ။ )
-ဟု တုန့်ပြန်လိုက်၏။
( ဟမ့် ... ငါက မင်းကိုခဏလောက်ပဲ ကာကွယ်ပေးနိုင်မှာ ထာဝရကာကွယ်ပေးမယ် ထင်နေလား ... သူ့ကိုဝင်ခွင့်ပေးလိုက် နောက်ထပ် မောက်မာမနေနဲ့။ )
“ အဟွတ် ... အဟွတ် ... ။ ”
ထိုစကားကြောင့် ဝေရှန်းတစ်ယောက် တံတွေးနင်သွားပြီး ဘုံကျောင်းတံခါးပြန်ဖွင့်ကာ ခန္ဓာကိုယ်ကို ဆုတ်ခွာလျက်၊
“ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။
အဖိုးအိုမှ ပြုံးလျက်ဝင်ရောက်လာသည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် သက်တောင့် သက်သာ လဲလျောင်းနေသောစုရီကိုမြင်ပြီး မျက်ခုံးပင့်လိုက်တော့၏။
ရှေးခေတ်တွင် မိစ္ဆာဘုရင်ကိုးပါးရှိပြီး တစ်ပါးချင်းစီ၌ ကောင်းကင်ကိုကျော်လွန်သည့် ခွန်အားများရှိသည်။ သူ လီကျုံးသည်လည်း ထိုကိုးပါးထဲမှ တစ်ဦးဖြစ်ပြီး တောင်ဖြိုမိစ္ဆာ ဘုရင်အဖြစ် လူသိများ၏။
သို့သော် သူ့သက်တမ်းတလျှောက် ဤမျှယဉ်ကျေးမှုမရှိ မောက်မာသောလူငယ်မျိုး မမြင်ဖူးချေ။
“ ဘာကိစ္စလဲ ... ။ ”
စုရီက ကုလားထိုင်ပေါ်မှ မထဘဲ မေးလိုက်သည်။ သို့မှသာ လီကျုံးတစ်ယောက် သတိဝင်လာပြီးပြုံးလျက်၊
“ ငါတို့မိန်းကလေးရဲ့အမိန့်နဲ့ တာအိုစုကိုမိတ်ဆွေဖွဲ့ဖို့ လာတာပါ။ ”
-ဟု ပြန်ဖြေ၏။
“ မိတ်ဆွေဖွဲ့ဖို့လား။ ”
စုရီမှ ပျင်းရိသွားကာ မျက်ဝန်းများ ပြန်မှိတ်လျက်၊
“ မင်းရဲ့မိန်းကလေးက ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်၏။
လီပေ့ရှန်သည်လည်း ထိုမေးခွန်းကို သိချင်နေသည်။ လီကျုံးကဲ့သို့ နတ်ဆိုးဘုရင် အနေဖြင့် အခြားသူတစ်ဦးထံ အစေခံသည်မှာ အံ့ဩစရာပေပင်။ လီကျုံးက လေးနက်သော အမူအရာဖြင့်၊
“ မိန်းကလေးနာမည်က မိုချင်းချောင်ပါ မူလဇာတိက အင်မော်တယ်နယ်မြေကနေ ဆင်းသက်လာတာပါ။ ”
-ဟု ပြန်ဖြေသည်။
မိုချင်းချောင်ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် လီပေ့ရှန်တစ်ယောက် တိတ်ဆိတ်သွား၏။
“ သူမ ဘာဖြစ်ချင်တာလဲ။ ”
စုရီမှ မေးသည်။ ထိုသို့လျစ်လျူရှုသော အမူအရာများကြောင့် လီကျုံးခမျာ မကျေမနပ် ဖြစ်သွားသော်လည်း အပြုံးမပျက်ခဲ့ချေ။
“ မိန်းကလေးရဲ့ဆန္ဒက လောကကြီးတစ်ခုလုံးတာအိုစုကို ဘုံရန်သူ အဖြစ် သတ်မှတ်နေကြတာ ...
... အရမ်းအန္တရာယ်များပါတယ် ဒါကို ဒီအတိုင်းဆက်ထားရင် သွေးချောင်းစီးတဲ့အထိ ဖြစ်လာနိုင်ပါတယ် ဒါကြောင့် တာအိုစုကို ဒီအကျပ်အတည်းကနေ ကူညီချင်တာပါ။ ”
ထိုစကားကြားသောအခါ ဝေရှန်းသည် တစ်ဖက်လူ၏ လာရင်းကိစ္စကိုနားလည်သွား၏။ သို့သော် စုရီမှ စိတ်မဝင်စားချေ။ ယင်းအစား အနည်းငယ်ပင် အံ့ဩနေခဲ့၏။
ဆိုလိုသည်မှာ တစ်ဖက်လူသည် ကူညီနိုင်သည်ဟု ကမ်းလှမ်းနေခြင်းသည် သူမ၌ မည်မျှယုံကြည်မှု မြင့်မားကြောင်းပြသနေ၏။ လီကျုံးက၊
“ ငါ့မိန်းကလေးက တာအိုစုလို ပါရမီရှင် တစ်ယောက်ကိုတန်ဖိုးထားတယ် သူမအမြင်မှာ တာအိုစုဟာ သေဆုံးသွားဖို့ မသင့်ပါဘူး ...
... အဲဒါကြောင့် သူမနဲ့အတူ ကျင့်ကြံမယ်ဆိုရင် ဒီဘေးဒုက္ခကိုကျော်လွှားပြီး ကောင်းကင်ဘုံအဆင့်ကို အလွဘ်တကူ တက်လှမ်းနိုင်ဖို့ အာမခံပါလိမ့်မယ်။ ”
-ဟု ရှင်းပြလာခဲ့သည်။
ထိုစကားကြောင့် ဝေရှန်း၏ မျက်လုံးများတွင် တောင့်တမှုများ ထွက်ပေါ် လာတော့၏။ အင်မော်တယ်ဘဝသို့ တက်လှမ်းခြင်းသည် ယနေ့ခတ် ကျင့်ကြံသူတိုင်း၏ အိပ်မက်ပေပင်။
သို့သော် ဤသည်မှာ သူ့အမြင်ဖြစ်၏။ စုရီအတွက်မူ စိတ်မဝင်စားချေ။ မျက်လုံးပင် ဖွင့်မကြည့်ဘဲ၊
“ မင်းရဲ့မိန်းကလေးက အင်မော်တယ် နယ်မြေကနေလာပေမယ့် ဝိညာဉ်တစ်ကောင်ပဲ ရှိပါသေးတယ် ...
... ငါက သူ့ရဲ့အကူအညီကို မလိုဘူး ... တကယ်ဆိုသူကသာ ငါ့အကူအညီကို လိုနေတာ မဟုတ်လား ဒါကြောင့် ငါစိတ်မဝင်စားဘူး။ ”
-ဟု ငြင်းဆန်လိုက်၏။
လီကျုံးခမျာ အံ့အားသင့်သွားသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လွယ်လွယ် ငြင်းပယ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အဆုံး၌ သက်ပြင်းချကာ၊
“ အနာဂါတ်မှာ ဒုတိယမျိုးဆက်တွေ တစ်ယောက်ပြီးတစ်ယောက် နိုးထလာလိမ့်မယ် လူတိုင်းက ကောင်းကင်ဘုံနယ်ပယ် ဒုတိယ အဆင့်မှာ ရှိနေမှာမို့ သူတို့က ဝင်စားခြင်း ဥပဒေကို ခုခံနိုင်ပါတယ် ...
... အခုချိန်တည်းက ငါတို့မိန်းကလေးနဲ့ ပူးပေါင်းတာက တာအိုစုကိုအန္တရာယ်ထဲကနေ ဘေးကင်းရာကို ရောက်နိုင်ပါလိမ့်မယ်။ ”
-ဟု ထပ်မံပြောကြားလိုက်၏။
“ ဟားဟားဟား ... ဒုတိယမျိုးဆက် သေလွန်ဝိညာဉ်တစ်စုလား ငါမျှော်လင့်ပါတယ် ကောင်းပြီ မင်းရဲ့စေတနာကို ငါနားလည်တယ် ဝေရှန်း ... ဧည့်သည်ကို ပြန်လိုက်ပို့လိုက်။ ”
လီကျုံးမှ မိမိစကားကို ရှင်းအောင်ပြောပြပြီးပါလျက် ငြင်းပယ်ခံလိုက်ရ သဖြင့် အနည်းငယ်မှင်သပ်သွားသည်။
“ မင်း ထွက်သွားသင့်ပြီ။ ”
ဝေရှန်းမှ အေးစက်စွာ ဆိုလိုက်၏။ သို့သော်လီကျုံးသည် သူ့အပေါ်လျစ်လျူရှုလျက် စုရီထံစိုက်ကြည့်ကာ စကားအချို့ဆိုပြန်သည်။
“ တချို့လူတွေက ရှင်သန်ဖို့အတွက် ... ဒူးထောက်ကြတယ် တချို့ကကိုယ့်လမ်းကိုယ် ဖောက်ကြတယ် ရှုံးနိမ့်သွားရင်တောင် ...
... ဘယ်တော့မှ ဒူးမထောက်တတ်ကြဘူး တာအိုစု ... မင်းကဒုတိယလူစားမျိုးပဲ ကောင်းပြီ မိန်းကလေးကို သေချာပြောပြလိုက်ပါ့မယ်။ ”
စုရီမှ ရေငတ်သွားဟန်ဖြင့် ဝိုင်အိုးကို ထုတ်ယူကာ တစ်ငုံမော့သောက်လိုက်သည်။ သည့်နောက် ကောင်းကင်ပေါ် မော့ကြည့်ပြီး၊
“ ကောင်းကင်နဲ့ မြေကြီးက ရက်စက်လွန်းတယ် အရာအားလုံးအပေါ် ကောက်ရိုး ခွေးတွေလိုပဲ သဘောထားတယ် ...
... အဲဒီလိုပဲ ငါလည်း ... ငါ့ရဲ့ရန်သူတွေအားလုံးကို သင်္ချိုင်းမှာစုပုံနေတဲ့ အရိုးတောင်အဖြစ်ပဲ မြင်တယ်။ ”
-ဟု ရေရွတ်လိုက်သည်။ လီကျုံးခမျာ မျက်ခုံးပင့်လျက် တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင် စုရီထံပြန်ကြည့်ကာ၊
“ တာအိုစု ... မင်း ငြင်းရင်လည်း ကိစ္စမရှိဘူးလို့ မိန်းကလေးကမှာလိုက်ပါတယ် မင်းအတွက် စဉ်းစားဖို့ သူမ အချိန်ပေးပြီး စောင့်နေပါ့လိမ့်မယ်။ ”
-ဟု ဆိုလိုက်သည်။
စုရီမှ စကားမဆိုတော့ဘဲ လက်ပြကာ နှင်ထုတ်လိုက်၏။ တစ်ဖက်လူ၏ အမြင်တွင် သူသည် ဒုက္ခရောက်နေပြီ ဖြစ်သောကြောင့် ဒူးထောက်လိမ့်မည်ဟု ယူဆနေပုံပေပင်။
ဤသည်မှာ စစ်မှန်သော စေတနာ မဟုတ်သောကြောင့် ယဉ်ကျေးခြင်းမရှိသည်မှာ သာမန်ဖြစ်ချေ၏။ သူ့အတွက် ထိုသို့သော အပေးအယူမျိုးကို မုန်းတီးချေပြီ။
လီကျုံးတစ်ယောက် စကားမဆိုတော့ဘဲ ထွက်ခွာသွားတော့၏။ ပတ်ဝန်းကျင်တစ်ခုလုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
“ အင်မော်တယ်ဖြစ်ဖို့ဆိုတာ ကျင့်ကြံသူတိုင်းအတွက် တစ်သက်လုံး မက်ရတဲ့ အိမ်မက်ပဲ ... ဒါပေမဲ့ သခင်စုက အလွယ်တကူပဲ ပယ်ချလိုက်တယ် ဒီလိုစိတ်ဓာတ်မျိုးက တကယ်ကို လေးစားဖို့ကောင်းပါတယ် ...
... တစ်ခါက မဟာယနဗုဒ္ဓကမိန့်ဖူးတယ် ... ငါသည်လောကကိုကျော်လွန်ရန် ရည်မှန်းပြီး အမြင့်မြတ်ဆုံး လမ်းစဉ်ကိုလျှောက်နေတယ် ...
... အဲဒီလမ်းကို မရောက်မချင်း ဉာဏ်အလင်းကို မယူဘူးတဲ့ ... အခု သခင်စုမှာ ဒီလိုမျိုး အမြင့်မြတ်ဆုံး ဓားလမ်းစဉ်ကိုရှာဖွေဖို့ ရည်မှန်းချက်မျိုးရှိနေတာပဲ။ ”
အဆုံး၌ လီပေ့ရှန်အသံသည် သက်ပြင်းချလျက် ကျောက်စိမ်းပြားအတွင်းမှ ထွက်ပေါ်လာတော့၏။ ဝေရှန်းမှပြုံးလျက်၊
“ ဟားဟားဟား ခေါင်းငုံ့ပြီးမှရမယ့် အင်မော်တယ်လမ်းစဉ်ဆိုရင်တော့ အဲဒါက လေးစားစရာ မကောင်းတော့ပါဘူး။ ”
-ဟု ထောက်ခံလိုက်သည်။
“ တခြားသူတွေရဲ့ အမြင်မှာတော့ ဒီအခြေအနေက ငါ့အတွက်ငရဲတစ်ခုပဲ ဒါပေမဲ့ ငါ့အတွက်တော့ ဒါဟာစမ်းသပ်မှုတစ်ခုထက် မပိုနိုင်ပါဘူး။ ”
စုရီက ကုလားထိုင်ပေါ်တွင် လဲလျောင်းနေရာမှ သူတို့၏စကားဝိုင်းအပေါ် ဝင်ရောက် ပြောကြားလာ၏။
အင်မော်တယ် တားမြစ်နယ်မြေရှိ မြူခိုးများဖုံးလွှမ်းနေသော ကျွန်းငယ်တစ်ကျွန်း ပေါ်တွင် မိုချင်းချောင်သည် ခရမ်းရောင် ဝတ်ရုံဖြင့် ငြိမ်သက်စွာရပ်နေသည်။
သူမသည် အမျိုးသားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ဆွဲဆောင်မှုရှိသော ကောက်ကြောင်းကို ဖုံးကွယ်၍ မရနိုင်ချေ။
“ မိန်းကလေးမို ... စုရီက မိန်းကလေးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပါတယ်။ ”
လီကျုံးက ခေါင်းငုံ့ကာ သတင်းပို့သည်။ မိုချင်းချောင်မှ အနည်းငယ် အံ့အားသင့်သွားပြီး၊
“ သူက ဒီလောက်တောင် မာနကြီးလား။ ”
-ဟု ညည်းတွားလိုက်၏။
“ ဒါက မာနကြီးတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပါ မိန်းကလေးမို။ ”
လီကျုံးမှ မကျေမနပ် ပြန်ဖြေသည်။ မိုချင်းချောင်တစ်ယောက် သက်ပြင်းချကာ ပြုံးပြီး၊
“ သူက ထူးခြားတဲ့လူပဲ ... ဒါပေမဲ့ မနက်ဖြန်အင်မော်တယ် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးကြလိမ့်မယ် ...
... ဘယ်သူမဆို သူတို့ခေါင်းပေါ်မှာ ပျံဝဲနေတဲ့ ... ဓားတစ်လက်ကို မထိန်းချုပ်နိုင်ရင် ဖျက်ဆီးပစ်ဖို့ ရွေးချယ်ကြမှာ သဘာဝပပါပဲ။”
-ဟု ဆိုလိုက်တော့သည်။
ထိုအင်မော်တယ် အစည်းအဝေးသည် ယနေ့ခတ် အကြောင်းအရာနှစ်ရပ်ကြောင့် စုဝေးလိုခြင်းပေပင်။
ယနေ့တွင် ရှေးခေတ် ရှေးဟောင်း မျိုးနွယ်စုများမှကျန်ရစ်ခဲ့သော သေလွန်ဝိညာဉ် များနှင့် လက်ရှိခေတ် ထိပ်တန်းအင်အားစုများ ပူးပေါင်းကာ ခေတ်သစ်ကို အုပ်စိုးရန်ဖြစ်၏။
ကျန်အကြောင်းအရာသည် စုရီကို (၆)အတွင်းတစ်စုံတစ်ဦးမှ အနိုင်ယူနိုင်ခြင်း မရှိပါက သတ်ရန်ဖြစ်သည်။
ဤသတင်းသည် ကြယ်တာရာ လွင်ပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာသည်။ လက်ရှိအချိန်၌ ထိုစုရီသည် မုန်တိုင်း၏ဗဟိုချက်ပေပင်။
***