ဤရက်များအတွင်း စုရီသည် ခြံဝင်းအတွင်း၌ဝိုင်သောက်ပြီး နှင်းများကျဆင်း နေသည်ကို အေးအေးလူလူ စောင့်ကြည့်နေ၏။
ပြင်ပတွင် မုန်းတိုင်းလာနေသည် မသိသည့်အလား တည်ငြိမ်ပြီးပေါ့ပါးချေပြီ။ ဝေရှန်းသည် မနီးမဝေးတွင် ကြက်တစ်ကောင် ကင်လျက်ဖြင့် စုရီအသွင်ကို နားမလည်နိုင်စွာ ခိုးခိုးကြည့်နေ၏။
“ စီနီယာ ဘာလို့ထွက်လာပြီး စကားမပြောရတာလဲ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ လီပေ့ရှန်ကိုခေါ်ထုတ်ကာ စကားစမြည်ပြောပြီး အချိန်ဖြုန်းနေတော့သည်။
ထိုစဉ် နှင်းမိုးများကြား အနက်ရောင် ဦးထုပ်အဝိုင်းဆောင်းထားသော အဘိုးအိုတစ်ဦး ဘုံကျောင်းဆီသို့ လျှောက်လှမ်းလာနေ၏။
ခြေတစ်လှမ်းသည် ပေတစ်ရာကျယ်ချေပြီ။ နှင်းပွင့်များသည် ကောင်းကင်မှ ကျဆင်းနေပြီး လေပြင်းများမှာ အရိုးထိအောင် အေးစက်၏။
သို့သော် ထိုအဘိုးအိုသည် အအေးဒဏ်ကိုအမှုမထားဘဲ နွေးဦးရာသီတွင် လမ်းလျှောက်ထွက်သည့်အလား ဘုံကျောင်းရှေ့ ရောက်ရှိလာခဲ့သည်။
“ လောကသခင် ... မင်းရဲ့ မိတ်ဆွေဟောင်းက အလည်လာပါတယ် မင်းနဲ့တွေ့ခွင့်ရနိုင်မလား။ ”
ရုတ်တရက် အဘိုးအို၏အသံသည် တိုးညှင်းသော်လည်း နှင်းများကိုဖြတ်ကျော်ကာ ဘုံကျောင်းအတွင်းသို့ ကြည်လင်စွာ ပဲ့တင်ထပ်လာချေပြီ။
ဝေရှန်းမှ ခေါင်းမော့ကြည့်၏။ စုရီတစ်ယောက် မျက်ခုံးပင့်လျက် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။
“ မင်းကိုယ်တိုင်ဖွင့်ပြီး ဝင်နိုင်တယ်။ ”
“ ကျွီ ... ။ ”
စုရီစကားကြောင့် အဖိုးအိုသည် ကူကယ်ရာမဲ့စွာဖြင့် ဘုံကျောင်းတံခါးကို ဖွင့်ချလိုက်တော့သည်။
တံခါးဝတွင် မြင့်မားပြီး ပိန်သွယ်သော အနက်ရောင်ဦးထုပ်အဝိုင်း ဆောင်းထားသည့် အဘိုးအိုတစ်ဦး ရပ်နေချေ၏။
“ အပ်ချုပ်သမား။ ”
ဝေရှန်းမှ အံ့အားသင့်သွားသည်။ အဖိုးအိုကဝေရှန်းထံ တစ်ချက်လှည့်ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြ၏။
“ ငါက ကိုယ်ပွားတစ်ယောက်ပါ။ ”
ထို့နောက် ပြုံးလျက် ဝေရှန်းနှင့် လီပေ့ရှန်ကိုလျစ်လျူရှုကာ စုရီထံလျှောက်လှမ်း သွားတော့၏။
နှင်းများဖုံးနေသော ခြံဝင်းအတွင်းရှိ ရှေးဟောင်းသစ်ပင်ကြီးအောက်တွင် စုရီသည် ဝါးကုလားထိုင်ပေါ်၌ အေးအေးလူလူ လှဲလျောင်းနေချေပြီ။
“ ဝိုင်ကောင်းပဲ ... ။ ”
အပ်ချုပ်သမားက လေထဲမှ ဝိုင်ရနံ့ကိုရှူရှိုက်ကာ မှတ်ချက်ပေးလိုက်၏။ သို့သော် စုရီမှ စိတ်မဝင်စားချေ။ ယင်းအစား၊
“ စိတ်မကောင်းစရာပဲ ... မင်းက ငါနဲ့အတူသောက်ဖို့အတွက် ဒီမှာအရည်အချင်း မပြည့်မီဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
အပ်ချုပ်သမားခမျာ မျက်နှာ ပျက်ယွင်းသွားသော်လည်း ဟိုဟိုသည်သည် ဝေ့ဝဲကြည့်ကာ အဆုံးတွင် ကျောက်တုံးကြီး တစ်တုံးပေါ် ထိုင်ချလိုက်ပြီး၊
“ ငါ အရက်ဖြတ်ထားတာ ကြာပါပြီ။ ”
-ဟု ပြောကြားလိုက်၏။
“ မင်းလာရင်းကိစ္စကိုပြောပါ။ ”
စုရီက တိုက်ရိုက်မေးသည်။
“ နောက်ခုနစ်ရက်အကြာမှာ ခရမ်းရောင်တိမ်တောင်မှာ မင်းရဲ့မိတ်ဆွေတွေ မင်းကိုစိန်ခေါ်လိမ့်မယ် ဒါက သေရှင် တိုက်ပွဲတစ်ခုဖြစ်နိုင်တယ် ... ။ ”
အပ်ချုပ်သမားက ပွင့်ပွင့်လင်းလင်း ပြောကြားလာသည်။ စုရီမှ မျက်ခုံးပင့်သွား၏။ ထိုနေရာသည် အပ်ချုပ်သမားကို ပထမဦးစွာ အနိုင်ယူခဲ့သော အရပ်ပေပင်။
“ ဘယ်သူတွေပါသေးလဲ ... ။ ”
“ မင်းရောက်ရင် သိမှာပါ။ ”
အပ်ချုပ်သမားက ပြုံးပြီးဖြေ၏။ စုရီမှ ဆက်လက်မေးမြန်းရန် ပျင်းရိသွားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ မင်းစီစဉ်ထားတာဆိုတော့ ငါလာမယ်ဆိုတာ သေချာအောင် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရလိမ့်မယ်။ ”
အပ်ချုပ်သမားက အင်္ကျီလက်ထဲမှ အနက်ရောင်ကြိုးဖြင့် တုပ်နှောင်ထားသော ကြေးနီဒင်္ဂါးတစ်ပြား ထုတ်ပေးလာ၏။
“ ဒါဘာလဲ ... ။ ”
“ ဒီဒင်္ဂါးထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ဒီအထဲမှာ ပုန်းနေတယ် ငါတံဆိပ်ကို မချိုးနိုင်ဘူး မင်းစမ်းကြည့်လို့ရတယ်။ ”
စုရီမှ မျက်ဝန်းများ မှေးစင်းသွားလေသည်။
“ ဒါဆို လင်းလန်လျှို့ဝှက်နယ်မြေကို ဖျက်ဆီးခဲ့တဲ့တရားခံထဲ မင်းလည်းပါတာပေါ့။ ”
“ မဟုတ်ဘူး ... ငါသာဆိုရင် ဝေရှန်းနဲ့သူ့သမီး အသက်ရှင်မှာမဟုတ်ဘူး အဲဒီ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက မင်းလိုပဲ ငါ့ကိုတရားခံထင်ပြီးလာခဲ့တာ ...
... ငါ့လက်ချက်နဲ့ သေလုမတတ်ဖြစ်ပြီး ဒီကြေးနီဒင်္ဂါးပြားထဲကို သူ ဝင်ပြေးသွားခဲ့တယ် သူ့အသက်နဲ့ မင်းကို မခြိမ်းခြောက်ချင်လို့ ဒီအတိုင်းလာပေးတာ။ ”
သို့မှသာ စုရီက ကြေးနီဒင်္ဂါးပြားကို ယူလိုက်ပြီး၊
“ ငါ့စရိုက်ကို မင်းသိနေတာပဲ ဒီလိုခြိမ်းခြောက်မှုမျိုးကို ငါဘယ်တော့မှ ဂရုစိုက်မှာ မဟုတ်ဘူး။ ”
-ဟု ထပ်လောင်းပြောကြားလိုက်၏။ အပ်ချုပ်သမားမှ ဂရုမစိုက်ဘဲဆက်၍၊
“ လင်းလန်နယ်မြေကို ဖျက်ဆီးခဲ့တဲ့ တရားခံတွေ ဘယ်သူလဲဆိုတာငါသိတယ် မင်း ခရမ်းရောင်တိမ်တောင်မှာအနိုင်ရရင် အဖြေကို မင်းရမယ် ... ပြီးတော့ အဖိုးကြီးဝေရဲ့ နေရပ်ကိုလည်း သိခွင့်ရမယ်။ ”
-ဟု ပြောကြားလိုက်သည်။ စုရီမှ အပ်ချုပ်သမားထံ ပြန်ကြည့်၏။ တစ်ဖက်လူမှ တိုက်ပွဲကိုလက်ခံစေရန် ကမ်းလှမ်းမှုများဖြင့် ဆွဲဆောင်နေချေပြီ။
“ ဟမ့် ... မင်းတကယ်ပဲ စိတ်မရှည်ဖြစ်နေတာပဲ မင်းလိုမြေခွေးအိုကြီးက ဘာလို့ဒီလောက် လူရှေ့မှာ အတင်းအကျပ် စိန်ခေါ်ချင်နေရတာလဲ။ ”
ထိုမေးခွန်းကြောင့် အပ်ချုပ်သမားက သက်ပြင်းချကာ၊
“ နောက်နှစ်နှစ်အတွင်းမှာ ဒိုမိန်းတိုက်ပွဲကွင်းပွင့်လိမ့်မယ် အဲဒီမတိုင်ခင် မင်းကို တခြားသူတွေလက်ထဲမှာ သေတာမျိုး မမြင်ချင်ဘူး ... အဲဒါကြောင့် ငါ့လက်နဲ့ပဲ မင်းကိုအဆုံးသတ်ပေးချင်တယ်။ ”
-ဟု ဖြေကြားလိုက်သည်။
စုရီတစ်ယောက် အပ်ချုပ်သမားကို စိတ်မဝင်စားတော့ဘဲ ပျင်းရိကာ မျက်လုံးများ ပြန်မှိတ်လျက်ဖြင့်၊
“ ငါ့ဓားညွှန်ရာအရပ်ကို သွားဖို့ ငါဘယ်တုန်းကမှ မကြောက်ဖူးဘူး ဒီတိုက်ပွဲက ငါ့ကိုပျော်ရွှင်မှုပေးနိုင်ပါစေလို့ မျှော်လင့်တယ်။”
-ဟု ပြောကြားလိုက်တော့၏။
***
ထိုနေ့မှာပင် ကောင်းကင်ကိုးပါး နန်းတော်သခင် ရန်ထောင်လင်း၊ နှလုံးသားပြခန်းမှပန်းချီဆရာ၊ ကြယ်မြစ်ဂိုဏ်းချုပ်နှင့် ထိုက်ရီဂိုဏ်းမှဘိုးဘေးသည် စုရီကို စိန်ခေါ်ကြောင်း သတင်းများ ပျံ့လွင့်လာချေပြီ။
ကြယ်လွင်ပြင်တစ်ခုလုံး အကြီးအကျယ်ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့၏။ နေရာအနှံ့အပြားတွင် ထိုသတင်းသည်သာ စကားဝိုင်းဖွဲ့စရာဖြစ်နေသည်။
“ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ ခေါင်းဆောင်တွေက လောကသခင်ကွမ်ကျူးကို စိန်ခေါ်နေတာ အရမ်းထူးဆန်းမနေဘူးလား။ ”
“ ဟမ့် ... ဘာများထူးဆန်းလို့လဲ သေလွန်ဝိညာဉ်တွေက ဝင်စားခြင်းစွမ်းအားကို ကြောက်ရွံ့ကြတယ် မဟုတ်လား ...
... ဒါဆို လောကသခင်ကို တိုက်ရိုက်စိန်ခေါ်ဝံ့တာ လက်ရှိခေတ်ကြီးရဲ့ ကောင်းကင်ဘုံကို တက်လှမ်းလာနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲရှိတော့တယ် ... သူတို့ဟာ ဝင်စားခြင်းဥပဒေကို မကြောက်ဘူး ...
... အခုစိန်ခေါ်နေတဲ့ အဖိုးကြီးတွေက ကောင်းကင်ဘုံလမ်းပေါ် ပထမဆုံးရောက်ရှိပြီး သူတို့ရင်ထဲမှာ လောကသခင်ကိုသတ်ဖို့ ရည်ရွယ်နေတာ ထင်ရှားပါတယ်။ ”
“ ဒါပေမယ့် လောကသခင်က ဒီစိန်ခေါ်မှုကို လက်ခံပါ့မလား။ ”
ထိုမေးခွန်းသည် လူတိုင်းအတွက် အဖြေမရှိချေ။ မည်သူသည် သေမည့်တိုက်ပွဲကို တိုက်လိုသနည်း။ စုရီသည် အစွမ်းထက်သော်မှ နယ်ပယ်ဘုရင်သာဖြစ်နေသေးသည်။
စစ်မှန်သော နတ်ဝိညာဉ်အဆင့်ကို ရင်ဆိုင်ရန် အားနည်းနေသေး၏။ ဤသတင်းမှာ ရှေးဟောင်း ကာကွယ်သူမျိုးနွယ်များ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
“ ခရမ်းရောင်တိမ်တောင်က ဘယ်မှာလဲ ငါတို့တွေကြိုတင်ပြင်ဆင်မှုလုပ်ထားပါ ဒီပွဲကို သွားကြည့်ရအောင်။ ”
“ မှန်တယ် ... သူတို့လိုဂိုဏ်းကြီးတွေက လှုပ်ရှားဖို့ စိတ်အားထက်သန်နေကြပြီ ... ဒီလို အခွင့်အရေးကို လက်လွှတ်ခံလို့မရဘူး ... ။ ”
“ ကောင်းပြီ အဲဒီလူတွေကို လောကသခင်နဲ့ တိုက်ဖို့အတွက် ဘယ်သူညွှန်ကြားနေလဲဆိုတာ စုံစမ်းကြည့်ပါဦး။ ”
သေလွန်ဝိညာဉ်များကြားတွင်လည်း ဆွေးနွေးမှုများ ပြည့်လျှံနေ၏။ ဤသတင်းသည် သူတို့အတွက် အကျိုးရှိချေပြီ။
အကန့်အသတ်မဲ့ ကျယ်ပြောသော နတ်ဆိုးပင်လယ်ကြီးထဲတွင် ခွေးဝါကြီးသည် ထိုကောလဟာလကြောင့် ရွှင်မြူးသွားသည်။ စုရီသည် လူထု၏ဘုံရန်သူဖြစ်ချေ၏။
ရှေးဟောင်းမျိုးနွယ်များနှင့် အင်မော်တယ် သားစဉ်မြေးဆက်များသည် သားကောင်အဖြစ် ရှုမြင်လာကြပြီဖြစ်သည်။
ထို့ကြောင့် ခရမ်းရောင်တိမ်တောင်တိုက်ပွဲ၌ သေလွန်ဝိညာဉ်များနှင့် နိုးထလာသော သားစဉ် မြေးဆက်များသည် မလွဲမသွေ ဝင်ရောက် စွက်ဖက်လာပေလိမ့်မည်။
“ ဟမ့် ... အခြေအနေက ဖရိုဖရဲဖြစ်လေ အခွင့်ကောင်းယူဖို့ ပိုကောင်းလေပဲ သေချာတာ တစ်ခုကတော့ ...
... အဲဒီစုမျိုးရိုးနာမည်နဲ့ လူက ဒီစိန်ခေါ်မှုကိုလက်ခံဝံ့ရင် သေချာပေါက် ကံဆိုးရလိမ့်မယ် ဟားဟားဟား။ ”
ခွေးဝါကြီးက ဝမ်းသာအားရဆိုသည်။ သူသည် တစ်ဖက်လူ၏ မောက်မာမှုအပေါ် လုံးဝကြည့်မရချေ။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် မိန်းကလေးဟုန်ယွင်ထံ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သူမသည် ဟောင်းနွမ်းနေသော ပန်းခြင်းတောင်းကို ပြန်လည်ပြင်ဆင်နေရာမှ စိတ်ဝင်စားမှုမပြချေ။
“ သခင် ... ဘယ်လိုထင်လဲ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ မိန်းကလေးဟုန်ယွင်မှာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ ထို့ကြောင့် ခွေးဝါကြီးမှ ဆက်မမေးတော့ချေ။
ခဏအကြာတွင် မိန်းကလေးသည် ပြုပြင်ပြီးဖြစ်သော သူမ၏ပန်းခြင်းတောင်းကို စစ်ဆေးကြည့်ကာ ကျေနပ်သွားခဲ့၏။
“ လှလား ... ။ ”
“ အရမ်းလှတယ်။ ”
မိန်းကလေးက ခွေးဝါကြီးကို မေးမြန်းလိုက်သည်။ ခွေးဝါကြီးမှ ခေါင်းညိတ် ပြတော့၏။ မိန်းကလေးက ပန်းခြင်းတောင်းကို ပြန်ချလိုက်ကာ၊
“ မင်းက တာအိုစုကို ဂရုစိုက်နေတာ ထင်ရှားပါတယ်။ ”
-ဟု မှတ်ချက်ပေးသည်။ ခွေးဝါကြီးမှ အံ့အားသင့်သွားပြီး ချက်ချင်းငြင်းဆန်တော့၏။
“ ဟမ့် ... သူ့ ကံဆိုးမိုးမှောင်ကျမှုကို သဘာဝအတိုင်း ငါဝမ်းသာတယ် ဒီလူအပေါ် ဘယ်လိုများ ဂရုစိုက်ရမှာလဲ။ ”
“ ဒါဆို သွားကြည့်ကြမလား။ ”
မိန်းကလေးမှ ပြုံးကာ ထရပ်လိုက်၏။ ခွေးဝါကြီးခမျာ မျက်ခုံးပင့်လျက် အံ့အားသင့် သွားတော့သည်။ အဆုံးတွင် သူ့သခင်သည် သေမျိုးကမ္ဘာသို့ လမ်းလျှောက်ထွက်ရန် စိတ်ဝင်စားလာပြီဖြစ်၏။