ဝမ်ဘန်ဒါ၏ မျက်နှာထက်မှ အပြုံးရိပ်တို့သည် ချက်ချင်းဆိုသလိုပင် အေးခဲတောင့်တင်းသွားရတော့သည်။
ဝမ်ချန်၏ သဘောထားမှာ အတော့်ကိုပင် ခက်ထန်လှပေသည်။
ဝမ်ဘန်ဒါအနေဖြင့် စောစောပိုင်းက အလွန်အမင်း ရိုသေကိုင်းညွတ်ဟန် ပြခဲ့သည်မှာ အပေါ်ယံမျှသာ ဖြစ်ချေသည်။ ယင်းသည် အင်ပါယာ၏ ထိပ်တန်းအုပ်စုကြီး ဆယ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ဝမ်မျိုးနွယ်စု၏ ဝမ်ဟိုင်းစူပါကော်ပိုရေးရှင်းကြီးကို ကိုယ်စားပြုလာသူဖြစ်ကြောင်း သတိပြုသင့်ပေသည်။
အင်ပါယာ၏ ဗိုလ်မှူးငယ်အဆင့် သို့မဟုတ် သူရဲကောင်းတစ်ဦး မဆိုထားနှင့်ဦး၊ အင်ပါယာစစ်သူကြီးများနှင့် မှူးမတ်မျိုးနွယ်ကြီးများပင်လျှင် ဝမ်ဟိုင်းဂရုကို အလေးထားဆက်ဆံကြရမြဲ ဖြစ်သည်။
ကမ်းလှမ်းသည့် လက်ဖက်ရည်ကို မသောက်ဘဲ အတင်းတိုက်သည့် အရက်ကိုမှ သောက်ချင်နေသည်လား။
ဝမ်ဘန်ဒါသည် ပင်ကိုယ်ဗီဇအတိုင်း ကျောကို မတ်လိုက်ပြီး မျက်နှာထားမှာလည်း အေးစက်ခက်ထန်သွားကာ- “ဆရာ ဝမ်... ကျွန်တော်မျိုးက အုပ်စုကြီးကို ကိုယ်စားပြုပြီး လူကြီးမင်းနဲ့ သဘောတူညီမှုတစ်ခု ရယူဖို့ လာရောက်တာပါ” ဟု ဆိုလေသည်။
စကားပြောရင်းနှင့်ပင် သူ၏ လက်ဆွဲအိတ်ကို ဖွင့်ကာ ချက်လက်မှတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ချန်၏ ရှေ့မှောက်သို့ ချပေးလိုက်၏။
ထို့နောက် ဝမ်ချန်ကို ယုံကြည်မှုအပြည့်နှင့် စိုက်ကြည့်နေတော့သည်။
ဝမ်ချန်က တစ်ချက်မျှ ငဲ့ကြည့်လိုက်ရာ ထိုချက်လက်မှတ်သည် အင်ပါယာဘဏ်မှ ထုတ်ပေးထားခြင်းဖြစ်ပြီး ကြယ်တာရာသုံးငွေ (၁၀) သန်း တန်ဖိုးရှိသော လက်ဝယ်ရှိသူ အကျိုးခံစားခွင့်ရှိသည့် ငွေလွှဲလက်မှတ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အင်ပါယာဘဏ်သည် ဟိုလီလိုက်အင်ပါယာ၏ အကြီးဆုံးဘဏ်ဖြစ်ပြီး တော်ဝင်ရှယ်ယာ (၅၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ တစ်လောကလုံး၌ အသုံးပြုနေသည့် ကြယ်တာရာသုံးငွေများကို ထုတ်ဝေပေးသည့် ဘဏ်လည်း ဖြစ်ပေသည်။
၎င်း၏ အင်အား၊ စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုတို့မှာ အမှန်တကယ်ပင် အမြင့်မားဆုံးဖြစ်သည်ဟု ဆိုရမည်။
အင်ပါယာဘဏ်၏ ချက်လက်မှတ်များသည် ငွေသားနှင့် အလားသဏ္ဌာန်တူပြီး မြေအောက်မှောင်ခိုဈေးကွက်များတွင်မူ ငွေသားထက်ပင် ပို၍ အရာရောက်သေး၏။
ဝမ်ချန်က ပြုံးလိုက်ပြီး- “ဒါက ဘာသဘောလဲ” ဟု မေးလိုက်သည်။
ဝမ်ဘန်ဒါက ဟန်ဆောင်အပြုံးဖြင့်ပင်- “ဆရာဝမ်... ဟန်ဆောင်နေဖို့ မလိုပါဘူး။ ဆရာဟာ တန်ပါစ်ဂြိုဟ်ပေါ်မှာ ရှုမျိုးနွယ်စုရဲ့ အမွေဆက်ခံသူ ရှုချန်ကျစ်ကို ကယ်တင်ခဲ့ပြီး ဒဲလ်ရေးမြို့က မုဟိုင်ထောင်းနဲ့လည်း ရင်းနှီးတယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးကလည်း တော်တော်လေး ကောင်းမွန်တယ်လို့ ကြားမိပါတယ်”
“ဒါပေမဲ့ ရှုချန်ကျစ်နဲ့ မုဟိုင်ထောင်းတို့က ကျွန်တော်တို့ ဝမ်ဟိုင်းဂရုအပေါ် အထင်အမြင်လွဲမှားနေကြလို့ လူတိုင်း စိတ်မချမ်းမြေ့စရာတွေ ဖြစ်နေရတာပါ”
ဝမ်ချန်က တည်ငြိမ်စွာဖြင့်ပင်- “ဒါဆို ခင်ဗျားက ကျွန်တော့်ကို သူတို့ကို ဖျောင်းဖျပေးစေချင်တာလား”
“အဲဒီလောက်အထိ မလိုပါဘူး”
ဝမ်ဘန်ဒါက မေးကိုအနည်းငယ် ပင့်လိုက်ကာ- “လူကြီးမင်းအနေနဲ့ ဒီကိစ္စထဲမှာ ဝင်မပါဘဲ နေပေးရင် ရပါပြီ။ တကယ်လို့ အင်ပါယာစစ်ဘက်ဆိုင်ရာဌာနက တန်ပါစ်ဂြိုဟ်မှာ ဘာတွေဖြစ်ခဲ့လဲလို့ လာမေးရင် ဝမ်ဟိုင်းဂရုအပေါ် ထိခိုက်စေမယ့် စကားမျိုးကို မပြောဖို့ပဲ မျှော်လင့်ပါတယ်။ ဒါပါပဲ...
ဘယ်လိုသဘောရလဲ”
ဝမ်ချန်က သဘောပေါက်သွားဟန်ဖြင့်- “ဒါဆို ဒီချက်လက်မှတ်က ကျွန်တော့်ရဲ့ နှုတ်ကို ပိတ်ဖို့ပေါ့”
ဝမ်ဘန်ဒါက ဧည့်ခန်းစားပွဲပေါ်ရှိ ချက်လက်မှတ်ကို သူ၏လက်ဖြင့် ရှေ့သို့ အသာအယာ တိုးပေးလိုက်ရင်း- “ဆရာ ပြောတာ မှန်ပါတယ်”
“ဟက်...”
ဝမ်ချန်က အသာအယာ မှုတ်ထုတ်လိုက်ရာ ချက်လက်မှတ်သည် လေထဲသို့ ပျံတက်သွားပြီး ဝမ်ဘန်ဒါ၏ နဖူးပေါ်သို့ ‘ဖြန်း’ ခနဲ အသံမြည်အောင် သွားကပ်တော့သည်။
ဝမ်ဘန်ဒါမှာ ခဏမျှ ကြောင်အသွားပြီးမှ ထိုချက်လက်မှတ်ကို အလောတကြီး ပြန်ဆွဲခွာလိုက်ရ၏။
သူ့မျက်နှာမှာ အတော်လေး အရှက်ရနေဟန် ရှိပေသည်။
ဝမ်ချန်က အေးအေးဆေးဆေးပင်- “မန်နေဂျာဝမ်... ထွက်သွားတဲ့အခါ တံခါးကို တစ်ခါတည်း ပိတ်သွားပေးပါဦး။ ကျေးဇူးတင်ပါတယ်”
ဝမ်ဘန်ဒါ၏ မျက်ဝန်းအိမ်တို့မှာ တုန်လှုပ်သွားပြီး ခက်ထန်ကြမ်းတမ်းသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ “ဆရာဝမ်..လည်း ကျွန်တော်တို့ ဝမ်ဟိုင်းဂရုအပေါ် အထင်လွဲမှုတွေ တော်တော်ကြီးနေပုံရတယ်။ တကယ်ပဲ ဒီလိုလုပ်ဖို့ သေချာပြီလား”
ဝမ်ချန်က ပြန်လည်ဖြေကြားရန် ပျင်းရိနေသဖြင့် ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ဟန်ခြေဟန် ပြလိုက်လေသည်။
“ကောင်းပြီလေ”
ဝမ်ဘန်ဒါက ရုတ်တရက် ထရပ်လိုက်ပြီး- “ဝမ်ချန်... စောင့်ကြည့်နေလိုက်စမ်း”
ဝမ်ချန်၏ သဘောထားမှာ အတိအလင်း ဖြစ်နေချေပြီ။
ဆက်လက်ပြောဆိုနေပါက မိမိကိုယ်မိမိ အရှက်ကွဲရုံသာ ရှိမည်ကို သိနားလည်သဖြင့် ဒေါသအဟုန်တို့မှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး ယုတ်မာကောက်ကျစ်သော အကြံအစည်မျိုးစုံကလည်း သူ၏ ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ပြေးလွှားနေတော့သည်။
ဝမ်ဟိုင်းဂရုမှ ဤမန်နေဂျာသည် မိမိကိုယ်ကို နှိမ့်ချကာ လာရောက်ခဲ့သော်လည်း ရလဒ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ရလိမ့်မည်ဟု ကြိုတင်မတွေးဆခဲ့မိပေ။
သူ၏ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို အရေးမထားသော်ငြား ဝမ်ဟိုင်းဂရု၏ ဂုဏ်သိက္ခာကိုမူ အနင်းခံမည်မဟုတ်ပေ။
သူသည် လှည့်ထွက်သွားစဉ် ဝမ်ချန်အား သူ၏ စိတ်ထဲ၌ သေဒဏ်ပေးပြီးသား ဖြစ်နေချေပြီ။
ဝမ်ချန်သည် ထွက်ခွာသွားသော ဝမ်ဘန်ဒါကို ကြည့်နေမိ၏။
တစ်ဖက်လူ၏ ရန်ငြိုးရန်စနှင့် သတ်ဖြတ်လိုသော အငွေ့အသက်တို့ကို သူ အပြည့်အဝ ခံစားသိရှိနိုင်ပြီး ဝမ်ဟိုင်းဂရုကို ပြစ်မှားမိပါက မည်သို့သော ဒုက္ခများ ရောက်လာနိုင်သည်ကိုလည်း ကောင်းစွာ နားလည်ထားသည်။
သို့သော် ယင်းက ဘာဖြစ်သနည်း။
ဝမ်ချန်သည် ဝမ်ဟိုင်းဂရုအပေါ် စိုးစဉ်းမျှ မကြည်ဖြူသည့်အပြင် လွန်စွာပင် စက်ဆုပ်မိပေသည်။
အကျိုးအမြတ်ကို ရှေးရှုသော အရင်းရှင်စနစ်မှာ သဘာဝဖြစ်သော်လည်း အနည်းဆုံးတော့ အခြေခံ စည်းမျဉ်းနှင့် ကိုယ်ကျင့်တရား ရှိသင့်ပေသည်။
ဝမ်ဟိုင်းဂရု၏ လောဘဇောမှာမူ အဆုံးအစ မရှိတော့ချေ။
သူတို့သည် တန်ပါစ်ဂြိုဟ်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိတော့မည်မဟုတ်ဟု ယူဆကာ ထောက်ပံ့ရေးပစ္စည်းများကို တမင်တကာ ဖျက်ဆီးခဲ့ကြပြီး ကျန်ရှိနေသော ဒုက္ခသည်များကို အသူရာချောက်ထဲသို့ တွန်းပို့ခဲ့ကြသည်။
ဤကိစ္စရပ်များ၏ နောက်ကွယ်တွင် မည်မျှပင် နက်နဲလှသော အပေးအယူများ ရှိနေပါစေ၊ ဝမ်ချန်နှင့် မသက်ဆိုင်သကဲ့သို့ သူသည်လည်း ပါဝင်ပတ်သက်လိုစိတ် မရှိပေ။
အမှန်စင်စစ် ဝမ်ချန်သည် တန်ပါစ်ဂြိုဟ်မှ ပြန်ရောက်လာပြီးနောက် အင်ပါယာစစ်ဘက်ဆိုင်ရာဌာနသို့ အစီရင်ခံစာ တင်သွင်းခဲ့စဉ်က အထက်မှ မည်သည့်စုံစမ်းမေးမြန်းမှုမျှ မရှိခဲ့ပေ။
သွေးပူနေသည့် လူငယ်လေး ရှုချန်ကျစ်က ဤကိစ္စများကို ဖော်ထုတ်ခဲ့မည်မှာ သေချာသော်လည်း ဝမ်ချန်အနေဖြင့် မည်သည့်သတင်းမျှ မကြားရခြင်းက ဝမ်ဟိုင်းဂရု၏ ကြီးမားလှသော အာဏာစက်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
ရှုမျိုးနွယ်စုသည်လည်း အင်ပါယာ၏ မှူးမတ်မျိုးနွယ်ကြီး တစ်ခုဖြစ်ကြောင်းကိုလည်း သတိမူသင့်ပေသည်။
ဝမ်ချန်သည် ဤညစ်ပတ်သော အပေးအယူများတွင် မပါဝင်လိုသော်လည်း ဝမ်ဟိုင်းဂရုမှ လူများက သူ့ကို လာရောက်ဖိအားပေးကာ မြှူဆွယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
သူတို့၏ သတင်းကွန်ရက်မှာ အမှန်တကယ်ပင် တိကျလှပေသည်။ မနေ့က သူ မုဟိုင်ထောင်းနှင့် တွေ့ဆုံခဲ့သည်ကိုပင် သိရှိနေကြချေပြီ။
မုဟိုင်ထောင်း၏ ဘေးနားတွင် ဝမ်ဟိုင်းဂရုမှ လွှတ်ထားသော သူလျှိုများ ရှိနေသည်မှာ ဧကန်မလွဲပင်။
မဟုတ်ပါက ဤမျှ တိုက်ဆိုင်မှုမျိုး ရှိနိုင်မည်မဟုတ်ပေ။
ကြယ်တာရာသုံးငွေ (၁၀) သန်းမျှနှင့် သူ့ကို သိမ်းသွင်းရန် ကြိုးစားနေခြင်းမှာ ရယ်စရာပင် ကောင်းလှသေးတော့သည်။
ကျားတစ်ကောင်ကသာ ၎င်း၏ စွမ်းရည်ကို မပြသပါက ကြောင်အိုကြီးဟု အထင်ခံရပေလိမ့်မည်...။
ဝမ်ချန်သည် မိမိကိုယ်မိမိ တွေးတောရင်း သူ၏ မျက်ဝန်းတို့မှာ နက်မှောင်သွားတော့သည်။
ဝမ်ဘန်ဒါသည် ဟိုတယ်ထဲမှ ထွက်လာပြီးနောက် အာကာသခံတပ်အတွင်းရှိ အဆောက်အအုံကြီးကို ပြန်လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းတို့မှာ ကြမ်းတမ်းရက်စက်မှုတို့ဖြင့် ပြည့်နှက်နေ၏။
သူသည် ကိုယ်ပိုင်အချက်အလက်စက်ကို ဖွင့်ကာ ထိပ်ဆုံးတွင်ရှိသော အမည်ကို ခေါ်ဆိုလိုက်လေသည်။
ခေါ်ဆိုမှုမှာ ချက်ချင်းပင် တစ်ဖက်မှ လက်ခံလိုက်ပြီး- “ဘာထူးလဲ”
ဝမ်ဘန်ဒါက အသံကို နှိမ့်ကာ- “ပစ်မှတ်နံပါတ် (၃) က ကျွန်တော်တို့အပေါ် အငြိုးအတေးတွေ အတော်ကြီးနေတယ်။ နှုတ်ပိတ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အခြေအနေကို ထိန်းမနိုင်သိမ်းမရ မဖြစ်ခင်မှာ ပြတ်ပြတ်သားသား အရေးယူဖို့ ကျွန်တော် အကြံပြုပါတယ်”
တစ်ဖက်လူမှာ ခဏမျှ တိတ်ဆိတ်သွားပြီး- “ပစ်မှတ်နံပါတ် (၃) ရဲ့ အဆင့်အတန်းက အရေးကြီးသလို သူကလည်း အရမ်းစွမ်းအားကြီးတယ်။ မင်း တကယ်ပဲ သူ့ကို ရှင်းနိုင်မယ်လို့ သေချာရဲ့လား”
ဝမ်ဘန်ဒါက ခဏမျှ တုံ့ဆိုင်းသွားပြီး- “ဒီနေရာတင် သူ့ကို ရှင်းပစ်ဖို့အတွက် အရိပ်စစ်သည်တော် တွေရဲ့ အကူအညီကို တောင်းခံချင်ပါတယ်” ဟု ဆိုလေသည်။
အရိပ်စစ်သည်တော်များမှာ ဝမ်ဟိုင်းဂရုမှ လျှို့ဝှက်စွာ မွေးမြူထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး လျှို့ဝှက်မစ်ရှင်များကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသူများ ဖြစ်ကြသည်။
ဝမ်ဘန်ဒါအနေဖြင့် သူသည် ဝမ်မျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသည့်အပြင် အထက်လူကြီးများနှင့်လည်း အဆက်အသွယ် ရှိနေသောကြောင့်သာ ဤတပ်ဖွဲ့အကြောင်းကို သိရှိနေခြင်း ဖြစ်ပေသည်။
“သူ့ကို ဒီမှာ ခဏလောက် ထိန်းထားနိုင်အောင် ကျွန်တော် နည်းလမ်းရှာပါ့မယ်။ မဟုတ်လို့ကတော့ သူ့ကို ဟိုလီလိုက်ကြယ်ဂြိုဟ်ဆီ ပြန်ခွင့်ပေးလိုက်ရင် ကိုင်တွယ်ရ ခက်သွားပါလိမ့်မယ်”
ဤစကားများက တစ်ဖက်လူကို ဆွဲဆောင်နိုင်သွားဟန် တူပေသည်။ “မင်းရဲ့ အကြံပြုချက်ကို အထက်ကို တင်ပြပေးပါ့မယ်။ ပစ်မှတ်နံပါတ် (၃) ကို အာကာသခံတပ်ထဲမှာ အနည်းဆုံး သုံးရက်လောက် ကြာအောင် ထိန်းထားနိုင်မယ့် နည်းလမ်းကို ရှာထားလိုက်ပါ”
ဝမ်ဘန်ဒါ၏ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာပြီး- “စိတ်ချပါ”
ဖုန်းချလိုက်ပြီးနောက် ဝမ်ဘန်ဒါသည် နောက်ကွယ်မှ ဟိုတယ်ကို ရက်စက်သော အကြည့်ဖြင့် ပြန်လှည့်ကြည့်လိုက်၏။
ထိုစဉ် သူသည် ကျောရိုးထဲအထိ စိမ့်တက်သွားသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ပင်ကိုယ်သိစိတ်အရ ခေါင်းကို ညာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိန်းချုပ်မှု လွတ်ကင်းသွားပြီး မြေပြင်ပေါ်သို့ စိုက်ဆင်းလာသော အလိုအလျောက်မောင်းနှင်သည့် လေဟုန်စီးယာဉ် တစ်စီးကို သူ မြင်လိုက်ရ၏။
ဝမ်ဘန်ဒါ၏ အမြင်အာရုံထဲတွင် ထိုယာဉ်ကြီးကသာ အပြည့်အနှက် နေရာယူသွားပြီး သူ ရှောင်တိမ်းရန် မပြင်နိုင်ခင်မှာပင် ၎င်းသည် သူ့အပေါ်သို့ အရှိန်အဟုန်ဖြင့် ပြိုဆင်းလာတော့သည်။
ဘုန်း
ပြင်းထန်လှသော ထိတိုက်မှုကြောင့် မြေပြင်ပင် တုန်ခါသွားပြီး ထိုလေဟုန်စီးယာဉ်မှာလည်း လွင့်ထွက်ကာ မီတာ ရာဂဏန်းအကွာသို့ ရောက်ရှိသွားတော့သည်။
ကျန်ရစ်ခဲ့သည်မှာကား မြေပြင်ထက်မှ လွင့်စင်နေသော သွေးစသွေးနများနှင့် အသားစများသာ ဖြစ်ချေသည်။
ထိုအချိန်၌ ဟိုတယ်၏ အထက်ပိုင်းတွင်မူ ဝမ်ချန်သည် နံရံကပ်မှန်ပြတင်းကြီး၏ အနားတွင် ရပ်နေရင်း လမ်းမထက်မှ သွေးပျက်ဖွယ် မြင်ကွင်းကို အေးစက်စွာဖြင့် ငုံ့ကြည့်နေလေတော့သည်။
***